စင်အောက်ရှိ တပည့်များမှာ ဝူယွမ် စင်ပေါ်သို့ ရောက်ရှိသွားသည်ကို မြင်သောအခါမှသာ သက်ပြင်းချနိုင်ကြတော့သည်။ ဝူယွမ်၏ နောက်တွင် ရှိနေသော ယင်းဟွမ်ဟွမ်မှာမူ သူ၏ ခန့်ညားထည်ဝါသော ကျောပြင်ကို ကြည့်ရင်း သူမ၏ ဖခင်ကို သတိရသွားမိသည်။ သူမ၏ ဖခင်မှာလည်း ဤကဲ့သို့ပင် ဖြစ်သည်၊ သူ ပေါ်လာသည်နှင့် သူမ၏ ရင်ထဲတွင် လုံခြုံမှုအပြည့် ခံစားရလေ့ရှိသည်။
“အစ်ကိုကြီးဝူယွမ်... အဲဒီလူကို ပညာပေးလိုက်ပါ၊ ညီမလေးဟွမ်ဟွမ်ကို ချောင်းမြောင်းတိုက်ခိုက်ရဲတယ်ပေါ့...”
“ညီမလေးဟွမ်ဟွမ်က ဒီလောက်ချစ်ဖို့ကောင်းတာကို... သူက လက်ပါရဲတယ်လား...”
“အစ်ကိုကြီးဝူယွမ်... ဒါက သူမရဲ့ နှလုံးသားကို သိမ်းပိုက်ဖို့ အခွင့်အရေးပဲနော်...”
တပည့်များအားလုံးမှာ ယင်းဟွမ်ဟွမ်ကို ကာကွယ်ပြောဆိုနေပြီး ဟိုကျန်းကို အပြစ်တင်ကာ ဝူယွမ်ကို ထောက်ခံအားပေးနေကြသည်။
“မင်းက တပည့်တစ်ယောက်သက်သက်ပဲ၊ ငါ့ရှေ့မှာ ဘာမို့လို့ ဆရာကြီးလုပ်နေတာလဲ... မင်းရဲ့ မပြောပလောက်တဲ့ အစွမ်းနဲ့ဆို ငါနဲ့စကားပြောဖို့တောင် အရည်အချင်းမရှိဘူး၊ မင်းတို့ရဲ့ စီနီယာတပည့်ခေါင်းဆောင်ကိုပဲ ထွက်လာခိုင်းလိုက်စမ်းပါ...” ဟိုကျန်းက မျက်နှာပျက်သွားသော်လည်း လှောင်ပြောင်လိုက်သည်။
တောင်ဂိုဏ်း၏ အစွမ်းထက်သော တပည့်အများစုမှာ လက်ရှိတွင် ကျင့်ကြံနေကြဆဲဖြစ်ကြောင်း သူသိရှိထားရာ၊ ယင်းရှောင်ရှောင်သာ ထွက်မလာပါက ကျန်ရှိသူများကို သူအနိုင်ယူနိုင်သည်ဟု ယုံကြည်ချက်ရှိနေသည်။
“သူက ငါတို့လေပြင်းခန်းမရဲ့ တိုက်ရိုက်အဓိကတပညည့်ပဲ၊ မင်းကို စိန်ခေါ်ဖို့ သူတစ်ယောက်တည်းနဲ့တင် လုံလောက်တယ်...”
ထိုစဉ်မှာပင် တောင်ဂိုဏ်းဘက်မှ ဝူတောင်က ရုတ်တရက် စကားထပြောလိုက်သည်။ သူက ဟိုကျန်းကို မကျေမနပ်ဖြစ်နေသည်မှာ ကြာပြီဖြစ်သော်လည်း၊ အကြီးအကဲတစ်ဦးအနေဖြင့် လွယ်လွယ်ကူကူ လက်ပါ၍ မရပေ။
“ဝူယွမ်... သူ့ကို သင်ခန်းစာပေးလိုက်စမ်းပါ၊ အတော်လေး နက်နက်ရှိုင်းရှိုင်းဖြစ်ပါစေ...” ဝူတောင်က ဝူယွမ်ထံသို့ စိတ်ချင်းဆက်သွယ်ကာ မှာကြားလိုက်သည်။
ဒုတိယခန်းမသခင် ဝူတောင်ကိုယ်တိုင် ပြောလာပြီဖြစ်ရာ ဟုန်ယာတုန်ဘက်မှလည်း ငြင်းဆန်စရာ မရှိတော့ပေ။ သူတို့ကို ဦးဆောင်လာသောအကြီးအကဲမှာလည်း ဟိုကျန်းနှင့် ဝူယွမ်တို့၏ တိုက်ပွဲကို သဘောတူလိုက်လေသည်။
“အစ်ကိုကြီးကိုပဲ အားကိုးရတော့မှာပေါ့...”
ယင်းဟွမ်ဟွမ်က ဝူယွမ်၏ ပခုံးကို အသာအယာ ပုတ်လိုက်ပြီး သူမ၏ တောက်ပသော မျက်ဝန်းလေးများက လဆန်းကဲ့သို့ ကွေးညွှတ်သွားကာ ချိုမြိန်စွာ ရယ်မောလိုက်သည်။
“ကောင်းပြီ... အောက်ကို ဆင်းလိုက်တော့၊ ဒီလူက မျက်နှာပြောင်လွန်းလို့ ငါမျက်နှာချောင်သွားအောင် လုပ်ပေးလိုက်မယ်... သူ့သွေးတွေ မင်းဆီ လာမစင်စေနဲ့ဦး...” ဝူယွမ်က သူမကို ခေါင်းညိတ်ပြလိုက်ပြှး သူ၏ အသံမှာ တည်ငြိမ်နေကာ အရှိန်အဝါ ကြီးမားလွန်းလှလေသည်။
“ရှင် ဒီလိုပုံစံနဲ့နေတာကို ကျွန်မ သဘောကျတယ်...” ယင်းဟွမ်ဟွမ်၏ နုနယ်သော မျက်နှာလေးမှာ ရှက်သွေးဖြန်းသွားလေသည်။
ထိုသို့ပြောပြီးနောက် သူမသည် ဝူယွမ်ကို ဆက်မကြည့်ရဲတော့ဘဲ တပည့်များကြားထဲသို့ အမြန်ဆင်းပြေးသွားတော့သည်။
“တောင်ဂိုဏ်းရဲ့ လေပြင်းခန်းမက တကယ်ပဲ ဆုတ်ယုတ်သွားပြီပဲ၊ တိုက်ရိုက်အဓိကတပည့်ဆိုတဲ့သူက နိဗ္ဗာန်အဆင့်ခုနှစ်ပဲ ရှိတော့တာလား... ငါမှတ်မိသလောက်ဆိုရင် ဖန်ထုံ ဖြစ်ရမှာလေ၊ ဘာလို့ လူပြောင်းသွားတာလဲ...” ဟိုကျန်းက ဝူယွမ်ကို အကဲခတ်ကြည့်ရင်း မရင်းနှီးသလို ခံစားနေရသည်။ သူက တောင်ဂိုဏ်း၏ တပည့်ရင်း အားလုံးနီးပါးကို သိသော်လည်း ဤလူကိုမူ တစ်ခါမျှ မမြင်ဖူးချေ။
ဝူယွမ်က “ဟဲဟဲ... မင်းက ငါတို့တောင်ဂိုဏ်းအကြောင်း အတော်လေး သိထားတာပဲ၊ ဒါပေမဲ့ မင်းရဲ့ သတင်းအချက်အလက်တွေက ခေတ်နောက်ကျနေပြီ... မင်းရဲ့ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်စမ်းပါ၊ သူများဂိုဏ်းအရေး လိုက်စပ်စုမနေနဲ့၊ မင်းက ငါတို့တောင်ဂိုဏ်းသားမှ မဟုတ်တာ... ငါတို့ လူပြောင်းတာ မပြောင်းတာ မင်းနဲ့ ဘာဆိုင်လို့လဲ...”
“မင်း...”
ဟိုကျန်းက ဘာပြန်ပြောရမှန်း မသိတော့သဖြင့် ဒေါသများ ပေါက်ကွဲထွက်လာတော့သည်။
“မင်းရဲ့ ပါးစပ်က တော်တော်လေး ထက်တာပဲ၊ ဒါပေမဲ့ မင်းရဲ့ ခန္ဓာကိုယ်ကရော အဲဒီလောက် မာပါ့မလားလို့ ငါ သိချင်မိတယ်...”
“ဝုန်း...” ဟိုကျန်း ရုတ်တရက် ရှေ့တစ်လှမ်း တိုးလိုက်သည်နှင့် သူ၏ ကိုယ်အတွင်းမှ အလွန်အမင်း အားကောင်းသော ယွမ်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ဖိအားတစ်ခုအဖြစ် ပြောင်းလဲသွားကာ ဝူယွမ်ကိုလွှမ်းမိုးထားလိုက်သည်။
သို့သော်လည်း ထိုအရှိန်အဝါမှာ ဝူယွမ်၏ ရှေ့သို့ မရောက်မီမှာပင် ပျက်ပြယ်သွားတော့သည်။
ဟိုကျန်း၏ မျက်ဝန်းထဲတွင် ယုတ်မာသော အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။ ဝူယွမ်မှာ ရိုးရှင်းသူမဟုတ်ကြောင်း သိသွားသဖြင့် သူက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြန်သည်။ ကြမ်းတမ်းသော ယွမ်စွမ်းအင်များမှာ လှိုင်းတံပိုးများကဲ့သို့ ဟိန်းဟောက်ထွက်ပေါ်လာပြီး၊ သူ၏ ကိုယ်ဟန်မှာလည်း အမည်းရောင်အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ဝူယွမ်၏ ရှေ့မှောက်သို့ လျှပ်တပြက် ရောက်ရှိသွားသည်။
“ဂူတောင် လက်သီး...”
သို့သော်လည်း ဝူယွမ်က လက်ဖဝါးကို ဆန့်ထုတ်လိုက်ရုံမျှဖြင့် ထိတ်လန့်ဖွယ်ရာ ယွမ်စွမ်းအင်များမှာ ကြီးမားသော လက်ဝါးကြီးတစ်ခုအဖြစ် ရုပ်လုံးပေါ်လာပြီး ဟိုကျန်း၏ လက်မောင်းကို ဖမ်းဆုပ်လိုက်သည်။
ဟိုကျန်းက ရုန်းကန်ရန် ကြိုးစားနေသော်လည်း ဝူယွမ်၏ ဖမ်းဆုပ်ထားမှုမှ မည်သို့မျှ မလွတ်မြောက်နိုင်ချေ။ ဝူယွမ်၏ လက်ထဲတွင် ဟိုကျန်းမှာ ခွေးငယ်လေးတစ်ကောင်ကို ဖမ်းထားသကဲ့သို့ ဖြစ်နေသည်။
“မဖြစ်နိုင်တာ...!”
ဟိုကျန်း၏ မျက်နှာပျက်သွားသော်လည်း သူ၏ ကိုယ်ခန္ဓာမှာ ထိန်းချုပ်မှု ကင်းမဲ့သွားပြီဖြစ်သည်။
ဝူယွမ်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။ ကြီးမားသော ယွမ်စွမ်းအင်လက်ဝါးကြီးဖြင့် သူက ဟိုကျန်းကို ဖမ်းကိုင်လျက် ပစ္စည်းတစ်ခုကို ဝေ့ယမ်းနေသကဲ့သို့ စင်ပေါ်တွင် ဘယ်ပြန်ညာပြန် ရိုက်နှက်တော့သည်။ ဤသည်မှာ မည်သည့်သိုင်းပညာရပ်မျှ မပါဝင်ဘဲ စစ်မှန်သော ခွန်အားသက်သက်သာ ဖြစ်သည်။
ဤလူက သူ၏ ချစ်စဖွယ်ကောင်းသော ဟွမ်ဟွမ်လေးကို ချောင်းမြောင်းတိုက်ခိုက်ရဲသဖြင့် ဝူယွမ်က သူ့ကို အလွယ်တကူ လွှတ်ပေးတော့မည် မဟုတ်ပေ။
ဝူယွမ်၏ လက်ထဲတွင် ဟိုကျန်းမှာ လူသားတူကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး စင်မြင့်ပေါ်တွင် တရစပ် ရိုက်နှက်ခြင်း ခံနေရသဖြင့် စင်ပေါ်တွင် ကျင်းများစွာ ဖြစ်ပေါ်သွားတော့သည်။
အကြိမ်ပေါင်းများစွာ ရိုက်နှက်ပြီးနောက်မှ ဝူယွမ်က သူ့ကို လွှင့်ပစ်လိုက်သည်။ ဟိုကျန်း၏ မျက်နှာမှာ မြေပြင်နှင့် ပွတ်တိုက်ကာ မီတာအတော်ကြာသွားပြီးမှ ရပ်တန့်သွားတော့သည်။ သူ၏ ပုံစံမှာ အလွန်ပင် ကြည့်ရဆိုးလွန်းနေခဲ့သည်။
ဟိုကျန်းက ယိုင်နဲ့နဲ့ဖြင့် ထရပ်လာခဲ့သည်။ ယခုအခါ သူ၏ ဝတ်စုံမှာ စုတ်ပြတ်သတ်နေပြီး ကိုယ်ပေါ်တွင် သွေးစွန်းရာများ ထင်ကျန်နေသည်။ သူ၏ နား၊ မျက်စိ၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ စီးကျနေပြီး ယွမ်စွမ်းအင် စီးဆင်းမှုမှာလည်း ကမောက်ကမ ဖြစ်နေခဲ့သည်။ ဝူယွမ်၏ ကြမ်းတမ်းသော ရိုက်နှက်မှုကြောင့် သူ အတော်လေး ဒဏ်ရာရသွားလေသည်။
သူ၏ ဆံပင်များမှာ ဖရိုဖရဲ ဖြစ်နေပြီး မျက်နှာမှာလည်း အလွန်အမင်း ညိုမဲမှောင်မိုက်နေကာ၊ သူ၏ မျက်ဝန်းထဲမှ ဒေါသများမှာ ဝူယွမ်ကို ပြာဖြစ်သွားအောင် လောင်မြိုက်ပစ်တော့မည့်အလား ရှိနေသည်။
စောစောက ဝူယွမ်၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရသည်မှာ ပြင်းထန်သော ဒဏ်ရာရခြင်းထက် ပို၍အရှက်ရစရာ ကောင်းလှသည်။ ထိုတိုက်ခိုက်မှုမျိုးမှာ စော်ကားမှုသက်သက်သာ ဖြစ်သည်။
ယင်းဟွမ်ဟွမ်၊ မိုလင်းနှင့် အခြား တောင်ဂိုဏ်းတပည့်များမှာမူ ကျေနပ်အားရစွာ ကြည့်နေကြသည်။ ဟုန်ယာတုန်မှ လူများမှာမူ မျက်နှာများ အလွန်အမင်း ပျက်ယွင်းနေကြသည်။
“မင်းက ငါ့ရဲ့ဒေါသကို အောင်မြင်အောင် ဆွလိုက်တာပဲ...!”
ဟိုကျန်းက အေးစက်စက် အော်ဟစ်လိုက်ပြီး သူ၏ နိဗ္ဗာန်အဆင့်ရှစ် အထွတ်အထိပ် ခွန်အားများကို အပြည့်အဝ ထုတ်ဖော်လိုက်သည်။ ပြင်းထန်သော ယွမ်စွမ်းအင်လှိုင်းများမှာ သူ၏ ကိုယ်အတွင်းမှ တရစပ် ထွက်ပေါ်လာတော့လေသည်။
“ဟုန်ယာ မိစ္ဆာတောင် ကိုယ်ခန္ဓာ...”
သူ၏ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းနေပြီး လက်ဟန်များမှာ လျှပ်စီးကဲ့သို့ အလျှင်အမြန် ပြောင်းလဲနေသည်။ များပြားလှသော ယွမ်စွမ်းအင်များမှာ အရေပြားအတွင်းသို့ စီးဝင်သွားပြီး၊ မူလအရေပြားအရောင်မှ ညို၀ါရောင်သို့ တဖြည်းဖြည်း ပြောင်းလဲသွားကာ ခြောက်သွေ့သော တောင်ကုန်းတစ်ခု၏ အရောင်ကဲ့သို့ ဖြစ်ပေါ်လာနေသည်။
“ဝုန်း...”
သူ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်အရောင်မှာ ပြောင်းလဲသွားခဲ့သည်။ လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ ညို၀ါရောင် ယွမ်စွမ်းအင်များမှာ လက်ထဲတွင် စုစည်းသွားပြီး ညိုဝါရောင်လှံရှည်တစ်စင်းအဖြစ် ရုပ်လုံးပေါ်လာလေသည်။ ထိုလှံရှည်ထံမှ ထိတ်လန့်ဖွယ်ရာ စွမ်းအင်များ ထွက်ပေါ်နေလေသည်။
“ဟုန်ယာ မိစ္ဆာလှံ...”
ဟိုကျန်း၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ ဖြတ်ပြေးသွားသည်။ သူက ဝူယွမ်ကို အလွန်အမင်း ဒေါသထွက်နေသဖြင့် အစွမ်းထက်ဆုံး တိုက်ကွက်ကိုထုတ်သုံးကာ ဝူယွမ်ထံသို့ အစွမ်းကုန် အရှိန်ပြင်းပြင်း ထိုးစိုက်လိုက်တော့သည်။
သို့သော်လည်း ထိုမျှ အားကောင်းလှသော လှံတိုက်ချက်ရှေ့တွင်တောင် ဝူယွမ်မှာ လှုပ်ရှားခြင်းမရှိ ရပ်မြဲရပ်နေဆဲပင်။
လှိထိပ်ဖြားင သူ၏ ရင်ဘတ်ကို ထိုးဖောက်တော့မည့်ဆဲဆဲတွင် ဝူယွမ်က လက် ဆန့်ထုတ်ကာ လှံထိပ်ဖျားကို တိုက်ရိုက် ဖမ်းဆုပ်လိုက်သည်။ ထိုခဏ၌ သူ၏လက်မှာ ခရမ်းရွှေရောင်သို့ ပြောင်းလဲသွားပြီး၊ အနည်းငယ် ညှစ်လိုက်ရုံမျှဖြင့် ပြိုင်ဘက်၏ လှံထိပ်ဖျားမှာ ကြေမွသွားလေတော့သည်။
ဟိုကျန်းက ထိတ်လန့်အံ့ဩသွားသော်လည်း ဒေါသကြောင့် ဆင်ခြင်တုံတရား ကင်းမဲ့နေပြီဖြစ်သည်။ သူ၏ မျက်ဝန်းထဲတွင် ရက်စက်သော အရိပ်အယောင်များ ပေါ်လာပြီး ယွမ်စွမ်းအင်များကို ထပ်မံ ထုတ်ဖော်ကာ လှံဖျားကို ပြန်လည် စုစည်းလိုက်ပြန်သည်။
“ကောင်းကင်ခွင်းလှံ...”
လှံကိုယ်ထည်မှာ တုန်ခါသွားပြီး သူ၏ လက်ထဲရှိ လှံမှာ အရွယ်အစား ထပ်မံကြီးမားလာခဲ့သည်။ လှံထပ်ဖျားတွင် စူးရှသော အလင်းတန်းများ စုစည်းနေပြီး ကြည့်ရသည်မှာ မျက်စိကျိန်းမတတ်ပင်။
“ကြီးလာတာလား... ဒါပေမဲ့ အသုံးမဝင်ပါဘူး...”
ဝူယွမ်က အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ ယခုအကြိမ်တွင် သူသည် လက်ခလယ်ကိုသာ ဆန့်ထုတ်လိုက်ပြီး ပြိုင်ဘက်၏ လှံဖျားကို အသာအယာ တောက်လိုက်လေသည်။
“မင်းက လက်ချောင်းတစ်ချောင်းတည်းနဲ့ ငါ့ရဲ့ လှံကြီးကို တိုက်ခိုက်ရဲတယ်ပေါ့...” ဟိုကျန်းက ဝူယွမ်ကို ရူးနေသည်ဟု ထင်မှတ်လိုက်သည်။
“ကြီးနေရင်ရော ဘာထူးမှာလဲ... မင်းရဲ့လှံက မမာဘူးလေ...” ဝူယွမ်က ခေါင်းခါယမ်းလိုက်ပြီး သူ၏ လက်ချောင်းမှ ထိတ်လန့်ဖွယ်ရာ ခွန်အားများ ပေါက်ကွဲထွက်လာခဲ့သည်။ ဟိုကျန်း၏ လှံပေါ်တွင် အက်ကြောင်းများစွာ ထင်ကျန်သွားပြီး ခဏချင်းမှာပင် လုံးဝဥဿုံ ပျက်စီးသွားတော့သည်။
“ကဲ... ငါ့ရဲ့ ဓားကြီးကို မြည်းစမ်းကြည့်ဦး...”
ထို့နောက် ဝူယွမ်၏ ကိုယ်အတွင်းမှ လေပြင်းစွမ်းအားများ ပေါက်ကွဲထွက်လာခဲ့သည်။ အံ့ဩဖွယ်ကောင်းသော လေပြင်းစွမ်းအားများမှာ သူ၏ ကိုယ်အတွင်းမှ ဟိန်းဟောက်ထွက်ပေါ်လာပြီး၊ မီတာပေါင်းများစွာ ရှည်လျားသော ကြီးမားသည့် ကန္တာရဓားကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားတော့သည်။
ထိုကန္တာရဓားကြီးမှာ စင်မြင့်တစ်ခုလုံးနီးပါးကို ဖုံးလွှမ်းသွားခဲ့ပြီး ဓားသွားပေါ်တွင် အက်ကြောင်းအချို့ ရှိနေကာ ထူးဆန်းသော စွမ်းအင်လှိုင်းများ ပျံ့နှံ့နေခဲ့သည်။
“ဟာ... အကြီးကြီးပဲ...”
လေပြင်းခန်းမမှ တပည့်များမှာ ဝူယွမ် ထုတ်ဖော်လိုက်သော ကန္တာရဓားကြီးကို မြင်သောအခါ အံ့ဩလွန်းသဖြင့် အသက်ရှူမှားသွားကြလေသည်။
ဤသည်မှာ လေပြင်းခန်းမ၏ အဆင့်မြင့် သိုင်းပညာရပ်ဖြစ်ပြီး ကန္တာရဓား၏ အရွယ်အစားမှာ မိမိကိုယ်အတွင်းရှိ လေပြင်းစွမ်းအား မည်မျှပြင်းထန်သည်အပေါ် မူတည်သည်။ သို့သော်လည်း ဤမျှကြီးမားသော ကန္တာရဓားမျိုးကို မည်သည့်တပည့်ထံတွင်မှ သူတို့ မမြင်ဖူးထဲ့ကြချေ။ ထို့ပြင် ဝူယွမ်၏ ဓားထံမှ ထွက်ပေါ်နေသော လေပြင်းစွမ်းအားမှာ ပိုစူးရှပြီး စင်ကြယ်နေသည်ကို သူတို့ အတိုင်းသား ခံစားနေရသည်။
ယင်းဟွမ်ဟွမ်၏ လှပသော မျက်ဝန်းလေးများမှာလည်း ဝိုင်းစက်သွားသည်။ ဝူယွမ်က ဂိုဏ်းသို့ ဝင်ရောက်ပြီးကာစ ရှိသေးသော်လည်း ကန္တာရဓားကို ဤမျှအဆင့်အထိ လေ့ကျင့်နိုင်လိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။ ဝူယွမ်၏ဟာကြီးမှာ အမှန်တကယ်ပင် ကြီးမားလွန်းလှသည်။ (ဓားနော်ဓား၊လက်ထဲကဓား၊ အတွေးမမှားကြနဲ့၊ အဟင်းအဟင်း)
ဝူယွမ်က “ငါ့ဓားကြီးရဲ့ ငတ်မွတ်မှုကို မင်း ခံစားမိရဲ့လား...”
***