ဝူယွမ် လွှဲယမ်းလိုက်သော ပေ ၁၃၀ ကျော် ရှည်လျားသည့် လေပြင်းဓားကြီးမှာ ကောင်းကင်ယံမှ ဝုန်းခနဲ ကျဆင်းလာရာ ဟိုကျန်းအနေဖြင့် ရှောင်တိမ်းရန် မဖြစ်နိုင်တော့ဘဲ ထိပ်တိုက်ရင်ဆိုင်ရန်သာ ရှိတော့၏။
ကြောက်မက်ဖွယ်ကောင်းသော ထိုဓားကြီး အောက်တွင် ဟိုကျန်း၏ မျက်လုံးများမှာ ဒေါသနှင့် ရက်စက်မှုများကြောင့် အေးစက်နေပြီး သွေးစွန်းနေသော လက်များဖြင့် ဆန်းကြယ်သည့် လက်ကွက်များကို မြန်ဆန်စွာ ဖော်ဆောင်လိုက်သည်။
ထိုခဏ၌ပင် သူ၏ ခန္ဓာကိုယ်မှ အလင်းတန်းများ ထိုးထွက်လာကာ ပေတစ်ထောင်ခန့် မြင့်မားသော တောင်ကြီးတစ်လုံးအဖြစ်သို့ ပြောင်းလဲသွားလေသည်။ ထိုတောင်ကြီးပေါ်ရှိ လှိုင်ဂူများမှာ ဆန်းကြယ်သော အစီအရင်တစ်ခုကဲ့သို့ တည်ရှိနေပြီး ထူးခြားသော အရှိန်အဝါများ ထွက်ပေါ်နေခဲ့၏။
အဆင့်မြင့်ဂိုဏ်းကြီးတစ်ခု၏ ထိပ်သီးတပည့်တစ်ဦးဖြစ်သည့်အလျောက် သူ၏ စွမ်းအားမှာ သံသယဖြစ်ဖွယ်မရှိဘဲ လွယ်လွယ်နှင့် အရှုံးပေးမည့်သူ မဟုတ်ပေ။
အကယ်၍ ဝူယွမ်သာ သူ၏ စွမ်းအားအစစ်အမှန်ကို အသုံးမပြုပါက ဤတိုက်ပွဲမှာ ခက်ခဲနိုင်ဖွယ်ရှိ၏။ သို့သော် ဂိုဏ်းသို့လာရောက် စိန်ခေါ်သည့် ဟိုကျန်းကဲ့သို့သော တပည့်တစ်ဦးကို ကိုင်တွယ်ရခြင်းမှာ ယောင်လင်ကဲ့သို့ ရက်စက်သော လူသတ်သမားကို ကိုင်တွယ်ခြင်းနှင့် မတူပေ။ ထို့ကြောင့် ဝူယွမ်အနေဖြင့် သူ၏ နောက်ဆုံးလက်နက်ကို အသုံးမပြုဘဲ ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။
ဟိုကျန်း ဖန်တီးလိုက်သော တောင်ကြီး ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကမ္ဘာမြေကြီးအတွင်းရှိ ယွမ်စွမ်းအင်များမှာ ပြင်းထန်စွာ တုန်လှုပ်သွားတော့၏။
ဟုန်ယာတုန်မှ အကြီးအကဲများနှင့် တပည့်များမှာလည်း စိတ်ဓာတ်ကျနေရာမှ ပြန်လည် နိုးကြားလာကြပြီး မျက်နှာများမှာ စိတ်အားထက်သန်မှုများဖြင့် နီမြန်းနေကြသည်။
အကြောင်းမှာ ဟိုကျန်းက ဟုန်ယာတုန်၏ အစွမ်းထက်ဆုံး သိုင်းပညာရပ်ဖြစ်သည့် ‘ဟုန်ယာတုန်သိုင်းကျမ်း’ ကို ထုတ်ဖော်လိုက်ခြင်းကြောင့် ဖြစ်၏။
သို့သော် ဝူယွမ်၏ အစွမ်းကို သိထားကြသော တောင်ဂိုဏ်းတပည့်များကမူ သူတို့၏ စီနီယာအတွက် စိုးရိမ်ပူပန်ခြင်းမရှိဘဲ တည်ငြိမ်စွာပင် စောင့်ကြည့်နေကြသည်။
သွေးကျောက်မြေရိုင်းမှ ယောင်လင်ကဲ့သို့ လူယုတ်မာကိုပင် ဝူယွမ် သတ်ဖြတ်နိုင်ခဲ့သည်ဖြစ်ရာ ဤဟိုကျန်းမှာ သူ၏ ရှေ့တွင် ကလေးသာသာပဲဖြစ်၏။
ထို့အပြင် ဝူယွမ်က တောင်ဂိုဏ်း၏ အစွမ်းထက်ဆုံးဖြစ်သော မဟာရှေးဟောင်းကျမ်းကိုပါ တတ်မြောက်ထားသူဖြစ်ကြောင်း သူတို့ သိထားကြသည်။
ဝူယွမ်မှာ ထိုကျမ်းကို ထုတ်ပင်မသုံးရသေးသလို ဟိုကျန်းအနေဖြင့် ဝူယွမ်ကို ထိုအဆင့်အထိ တွန်းပို့နိုင်လိမ့်မည် မဟုတ်ဟုလည်း သူတို့ယုံကြည်နေကြသည်။
ကောင်းကင်ယံမှ လေပြင်းဓားကြီး ကျဆင်းလာသောအခါ လေပြင်းစွမ်းအားများ သိသိသာသာ ထွက်ပေါ်လာပြီး တိုက်ပွဲစင်မြင့်တစ်ခုလုံးကို ဝါကျင့်ကျင့် အရောင်များ လွှမ်းမိုးသွားခဲ့သည်။
တောင်ကြီးပေါ်ရှိ လှိုင်ဂူများမှလည်း အလင်းတန်းများ ပစ်လွှတ်လိုက်ရာ ခဏချင်းအတွင်းမှာပင် တောင်ခြေ၌ ကြီးမားသော အလင်းအစီအရင်တစ်ခု ဖြစ်ပေါ်လာခဲ့၏။
ဝူယွမ်က ရှေးဟောင်းကျောက်တိုင်၏ ဝိညာဉ်ကို ကမ္ဘာသစ်ပင်၏ အဆီအနှစ်အချို့ တိုက်ကျွေးပြီး၊ လေပြင်းစွမ်းအားများကို အစွမ်းကုန်စုပ်ယူထားခဲ့သဖြင့် သူ၏ လေပြင်းစွမ်းအားမှာ လေပြင်းခန်းမရှိ ‘နိဗ္ဗာန်အဆင့်ကိုး’ အကြီးအကဲများထက် မနိမ့်ကျတော့ဘဲ ဝူတောင်နှင့်ပင် ယှဉ်နိုင်သည့်အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် သူ၏ လေပြင်းစွမ်းအားမှာ နိဗ္ဗာန်အဆင့်ကိုး ကျငိ့ကြံသူများကိုပင် ခြိမ်းခြောက်နိုင်စွမ်း ရှိနေ၏။
“ချလွမ်း...”
လေပြင်းဓားကြီးက တောင်ကြီးပေါ်သို့ ကျရောက်သွားပြီးနောက် လေပြင်းစွမ်းအားများ ပေါက်ကွဲထွက်လာကာ ဟိုကျန်း၏ တောင်ကြီးကို နှစ်ပိုင်းပြတ်တောက်ပစ်လိုက်သည်။
တောင်ကြီးတစ်လုံးမှ တောင်ထိပ်နှစ်ခုအဖြစ် ပြောင်းလဲသွားပြီး အလယ်တွင် နက်ရှိုင်းသော ချောက်ကြီးတစ်ခု ဖြစ်ပေါ်သွားတော့၏။
ဓားကြီး၏ အရှိန်မှာ မရပ်တန့်သေးပဲ ဟိုကျန်း၏ ခန္ဓာကိုယ်ဆီသို့ ဆက်လက် ဦးတည်သွားသည်။
“ဟုန်ယာ မိစ္ဆာတောင် ခန္ဓာကိုယ်...”
ဟိုကျန်း၏ မျက်နှာအမူရာမှာ ကြောက်ရွံ့နေဟန် ပြောင်းလဲသွားပြီး လက်ကွက်များကို လျှပ်စီးကဲ့သို့ အလျင်မန်ြ ပြောင်းလဲလိုက်ရာ သူ၏ အရေပြားမှာ တောင်ကြီးတစ်ခုကဲ့သို့ ညိုဝါရောင်အဖြစ် ပြောင်းလဲသွားသည်။
သူက ဝူယွမ်၏ ဓားကို ခုခံနိုင်ရန် ကိုယ်ခန္ဓာ သန့်စင်ခြင်း သိုင်းပညာကို အသုံးပြုလိုက်ခြင်း ဖြစ်၏။
သို့သော်သို့သော် ထိုမျှကြီးမားသော လေပြင်းဓားကို သူ မည်သို့ တားဆီးနိုင်ပါမည်နည်း။ လေပြင်းဓားကြီးက ဟိုကျန်း၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသော်လည်း သူ၏ ခန္ဓာကိုယ်မှာ ပြတ်တောက်မသွားဘဲ ဓားကြီးကသာ အလင်းတန်းများအဖြစ် ပြောင်းလဲပျောက်ကွယ်သွားလေသည်။
အားလုံးက တိုက်ပွဲပြီးဆုံးပြီဟု ထင်မှတ်လိုက်ကြသော်လည်း ဟိုကျန်းမှာမူ နာကျင်စွာ အော်ဟစ်လိုက်တော့၏။ သူ၏ ခန္ဓာကိုယ်မှာ အလျင်အမြန် အိုမင်းရင့်ရော်လာပြီး အရေပြားများ တွန့်လိပ်ကာ ဆံပင်များမှာလည်း ဝါဖျော့သွားတော့သည်။
သူ၏ ခန္ဓာကိုယ်အတွင်း၌ လေပြင်းစွမ်းအားများက သောင်းကျန်းနေပြီး သူ၏ ဇီဝစွမ်းအားများကို တရစပ် ဝါးမျိုဖျက်ဆီးပစ်နေကြ၏။
“အရှုံးပေးပီလား...” ဝူယွမ်က ကောင်းကင်ယံတွင် ရပ်တန့်ကာ အေးအေးဆေးဆေး မေးလိုက်သည်။
“ရှုံး... ရှုံးတယ် ဟုတ်လား၊ မင်းကသာ အရှုံးပေးရမှာ...” ဟိုကျန်း၏ မျက်နှာမှာ ချက်ချင်းပင် ရက်စက် ယုတ်မာတော့မည့်ဟန် ပြောင်းလဲသွားပြီး ဝူယွမ်၏ လည်ပင်းကို ဦးတည်ကာ အဆိပ်အပ်တစ်စင်းကို လျှို့ဝှက် ပစ်လွှတ်လိုက်သည်။
နောက်ထပ် လျှို့၀က် တိုက်ခိုက်မှုပဲဖြစ်သည်။ ဝူယွမ်၏ မျက်နှာထားမှာ အနည်းငယ် ပြောင်းလဲသွားသော်လည်း လျင်မြန်စွာပင် ထိုအပ်ကို ဖမ်းယူလိုက်သည်။
အပ်ဖျားမှ ထွက်ပေါ်နေသော အေးစက်စက် အလင်းရောင်မှာ ထိုအပ်က အဆိပ်ရှိကြောင်း သက်သေပြနေသည်။ သို့သော် ထိုအပ်မှာ ဝူယွမ်၏ လက်ဖဝါးကို ထိုးဖောက်နိုင်ခြင်း မရှိဘဲ ခရမ်းရောင်အလင်းတန်းတစ်ခုက အပ်၏ စွမ်းအားကို တားဆီးထားလိုက်သည်။
“မင်းတို့ ငါတို့ဂိုဏ်းကို လာရောက်စိန်ခေါ်တာက မိတ်ဆွေအချင်းချင်း အရည်အချင်းချင်း နှီးနှောဖလှယ်တာလို့ပဲ ငါထင်ခဲ့တာ၊ ဒါပေမဲ့ မင်းက တခြားသူတွေရဲ့ တိုက်ပွဲမှာ ဝင်နှောက်ယှက်ရုံတင်မကဘဲ ငါ့ရဲ့ ညီမလေး ယင်းဟွမ်ဟွမ်ကိုပါ ရက်ရက်စက်စက် တိုက်ခိုက်ခဲ့တယ်၊ အခုလည်း ရှုံးတော့မယ့်အခြေအနေရောက်မှ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ပြန်ပြီ၊ ငါတို့ တောင်ဂိုဏ်းက မင်းတို့ကို အလျော့ပေးလွန်းနေပြီ ထင်တယ်...” ဝူယွမ်၏ အသံမှာ အေးစက်တုန်လှုပ်ဖွယ် ကောင်းလှသဖြင့် ဟိုကျန်းမှာ ကြောက်လန့်တကြား နောက်ဆုတ်သွားတော့၏။
ဝူယွမ်က ထိုအဆိပ်အပ်ကို ဟိုကျန်းဆီသို့ ပြန်လည် ပစ်လွှတ်လိုက်ရာ ဟုန်ယာတုန်မှ မီးခိုးရောင်ဝတ်စုံဝတ် အကြီးအကဲတစ်ဦးက ချက်ချင်း ကြားဖြတ်နှောက်ယှက်လိုက်ရသည်။
ထိုအကြီးအကဲက ဟိုကျန်း၏ ရှေ့သို့ ရောက်လာပြီး အဆိပ်အပ်ကို ဖယ်ရှားကာ ဝူယွမ်ထံသို့ လေပြင်းတစ်ချက်ဖြင့် တိုက်ခိုက်လိုက်၏။
“အပေါ်ကယိုင်တော့ အောက်ကကိုင်းတာ မဆန်းပါဘူး၊ အကြီးအကဲတစ်ဦးအနေနဲ့ ဒါကို ကြားဖြတ် မနှောက်ယှက်သင့်ဘူး...” ဝူယွမ်၏ ခန္ဓာကိုယ် တုန်ခါသွားပြီး ထိုလေပြင်းမှာ သူ့အနားသို့ပင် မရောက်ဘဲ ပျောက်ကွယ်သွားသည်။
“ဒါကတော့...” ချန်ကျန်းက ဝူယွမ်ကို ကူညီရန် ပြင်လိုက်သော်လည်း ဝူတောင်က သူ့ကို တားဆီးလိုက်ကာ “အရင် စောင့်ကြည့်ရအောင်...” ဟုပြုံးလျက် ဆိုလိုက်၏။
“ဒါက လက်ရည်စမ်းပွဲကို မင်းရဲ့ လက်က အရမ်း ရက်စက်လွန်းနေတာ မဟုတ်ဘူးလား...” မီးခိုးရောင်ဝတ်စုံဝတ် အဘိုးကြီးက ဝူယွမ်ကို အေးစက်စွာ ကြည့်ရင်း ဆိုလိုက်သည်။
“သူခိုးက လူဟစ်တယ်ဆိုတာ ဒါမျိုးပေါ့၊ သူ အဆိပ်အပ်နဲ့ ခိုးတိုက်ခိုက်တာကိုကြ ခဗျား မမြင်ဘူးလား...” ဝူယွမ်က ချက်ချင်းပဲ ပြန်တုံ့ပြန်လိုက်သည်။
“မင်းက တားဆီးနိုင်ခဲ့တာပဲ၊ မင်းရဲ့ တန်ပြန်တိုက်ခိုက်မှကတော့ ဟိုကျန်း သေသွားနိုင်တယ်လေ...” ထိုအကြီးအကဲက စူးရှသောအရှိန်အဝါဖြင့် ပြန်ပြောလေသည်။
ဤစကားကြောင့် တောင်ဂိုဏ်းတပည့်များမှာ အလွန် ဒေါသထွက်သွားကြ၏။ သူတို့၏ အမြင်အရ ဝူယွမ်က အတိုက်ခံရလျှင် သေသင့်သော်လည်း ဟုန်ယာတုန်မှ လူများကိုမူ ထိခိုက်၍ မရဟူသော သဘော ဖြစ်နေသည်။
“အဘိုးကြီး... ခင်ဗျားက ကျွန်တော် စိတ်ကောင်း၀င်နေတာကို အခွင့်ကောင်း ယူနေတာလား...” ဝူယွမ်က မျက်မှောင်ကြုတ်လိုက်သည်။
“အဘိုးကြီး ဟုတ်လား၊ တောင်ဂိုဏ်းက တပည့်တွေက ဒီလောက်တောင် ရိုင်းစိုင်းကြတာလား၊ လူကြီးသူမနဲ့ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေကို ဘယ်လို ရိုသေရမလဲဆိုတာ သင်ပေးဖို့ လိုနေပြီပဲ၊ ဒီတော့လည်း ဒီအဖိုးကြီးကပဲ မင်းကို ပညာပေးရတော့မှာပေါ့...” ဟုဆိုကာ ထိုအကြီးအကဲက သူ၏ ဆန်းကြယ်ရှင်သန်ခြင်းအဆင့် စွမ်းအားများဖြင့် ဝူယွမ်ကို တိုက်ခိုက်လိုက်တော့၏။
“ဦးလေးချန်ကျန်း... ကျွန်တော် ကိုင်တွယ်နိုင်ပါတယ်...” ဝူယွမ်က ချန်ကျန်းကို လှမ်း၍ ပြောလိုက်သည်။ သူက အဆိပ်အပ်များဖြင့် ကစားရသည်ကို နှစ်သက်သဖြင့် သူ၏ သိုလှောင်အိတ်အတွင်းရှိ နဂါးချည်မျှင်သလင်းအပ်များကို ထုတ်ယူလိုက်၏။
ဝူယွမ်က စွမ်းအားအပြည့်ဖြင့် နဂါးချည်မျှင်အပ် သောင်းဂဏန်းကို ကောင်းကင်ယံတွင် ပျံနှံ့နေစေပြီး ‘ကစဉ်ကလျှားထိန်းချုပ်ခြင်း’ သိုင်းပညာကို အသုံးပြုကာ ထိုအကြီးအကဲနှင့် ဟိုကျန်းကို တိုက်ခိုက်လိုက်သည်။
ဆန်းကြယ်ရှင်သန်ခြင်းအဆင့် ပညာရှင်တစ်ဦး၏ စွမ်းအားမှာ ကြီးမားလှသော်လည်း ဝူယွမ့် အပ်များမှာ ထိုအကြီးအကဲ၏ ယွမ်စွမ်းအင် အကာအကွယ်ကို ထိုးဖောက်ကာ ဟိုကျန်း၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားတော့၏။
ဟိုကျန်းမှာ နာကျင်စွာ အော်ဟစ်နေရပြီး သူ၏ ခန္ဓာကိုယ်မှာလည်း အပ်များကြောင့် ပုံပျက်ပန်းပျက် ဖြစ်သွားလေသည်။ ထိုအခါမှ အကြီးအကဲမှာ ဒေါသတကြီးဖြင့် ဝူယွမ်ကို ‘ဟုန်ယာလက်သီး’ ဖြင့် တိုက်ခိုက်တော့သည်။ ဝူယွမ်သည်လည်း ‘ပါ့ကျိလက်သီး’ ဖြင့် ပြန်လည် တုံ့ပြန်လိုက်ကာ နှစ်ဦးသား အရှိန်အဝါချင်း မျှနေပြီး စင်မြင့်မှာ အက်ကွဲသွားတော့သည်။
“ကောင်းပြီလေ... ဒါဆိုရင်လည်း မင်းကို ငါတို့ ဟုန်ယာတုန်ကျမ်းရဲ့ စွမ်းအားအစစ်အမှန်ကို ပြရတော့မှာပေါ့...” အကြီးအကဲမှာ ဝူယွမ်ကို အထင်မသေးရဲတော့ဘဲ ပေတစ်ထောင်ကျော် မြင့်မားသော တောင်ကြီးကို ဖန်တီးကာ အားကုန် တိုက်ခိုက်ရန် ပြင်လိုက်သည်။
“ဒါဆိုရင်လည်း ငါတို့ တောင်ဂိုဏ်းရဲ့ မဟာရှေးဟောင်းကျမ်းရဲ့ စွမ်းအားကို မြင်အောင်ကြည့်လိုက်စမ်း...” ဝူယွမ်၏ အသံမှာ အေးစက်နေခဲ့သည်။ သူ၏ လက်ဝါးထဲမှ သွေးများ ထွက်ပေါ်လာကာ ရှေးဟောင်းရူန်းစာလုံးတစ်ခုကို ပုံဖော်လိုက်ပြီး မြေပြင်ပေါ်သို့ အားကုန် ရိုက်ချလိုက်သည်။
ထိုအခါ ဝူယွမ်၏ ခန္ဓာကိုယ်ကို ဗဟိုပြု၍ ထူးခြားသော တုန်ခါမှုတစ်ခု မြေပြင်အနှံ့ ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်ရှိ အပင်များမှာ ချက်ချင်း ညှိုးနွမ်းသွားကာ မြေပြင်များမှာလည်း အက်ကွဲကုန်တော့သည်။ ဝူယွမ်က ကမ္ဘာမြေကြီးမှ အဆီအနှစ်နှင့် စွမ်းအားအားလုံးကို အတင်းအဓမ္မ ဆွဲယူလိုက်လေသည်။
မြေပြင်မှ ဟုန်းဟုန်းတောက်လောက်နေသော မီးလျှံများကဲ့သို့ ဝါညစ်ညစ်အရောင် စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ဝူယွမ်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားကာ တစ်လောကလုံးကို တုန်လှုပ်ချောက်ချားသွားစေတော့သည်။
“မဟာရှေးဟောင်းကျမ်း... ဒါဟာ တကယ်ပဲ မဟာရှေးဟောင်းကျမ်းပဲ...” တောင်ဂိုဏ်း တပည့်များမှာ ထိုမြင်ကွင်းကြောင့် စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်ကြလေတော့သည်။
မည်သူမဆို ဝူယွမ်ဆီမှ ထွက်ပေါ်နေသော ထိုကြောက်မက်ဖွယ် စွမ်းအားများကို ကြည့်ကာ ထိတ်လန့်တုန်လှုပ်နေကြရသည်။
မီးခိုးရောင်ဝတ်စုံဝတ် အကြီးအကဲမှာ သူ၏ ဆုံးဖြတ်ချက်အတွက် နောင်တရသလို ခံစားနေရသော်လည်း ယခုအခါတွင်မူ နောက်ဆုတ်ရန် လမ်းမရှိတော့ဘဲ တိုက်ပွဲကိုသာ အဆုံးထိ ရင်ဆိုင်ရတော့မည် ဖြစ်ပေသည်။
မည်သို့ပင်ဆိုစေ... ဝူယွမ်၏ မျက်လုံးများထဲတွင်တော့ မိမိကိုယ်ကိုယ် ယုံကြည်မှုနှင့် ပြိုင်ဘက်ကို အနိုင်ယူလိုသော ပြင်းထန်သည့် စိတ်ဆန္ဒများမှာ အရောင်တလက်လက် တောက်ပနေခဲ့၏။
***