ကြီးမားကျယ်ပြန့်သော စွမ်းအင်လှိုင်းများက ဝူယွမ်၏ ထိန်းချုပ်မှုအောက်တွင် လုံးဝဥဿုံ ရောက်ရှိနေလေသည်။
ထိုအခိုက်အတန့်၌ မဟာရှေးဟောင်းကျမ်းက အဘယ်ကြောင့် တောင်ဂိုဏ်း၏ အစွမ်းအထက်ဆုံး သိုင်းပညာရပ် ဖြစ်လာရသနည်းဆိုသည်ကို ဝူယွမ် ကောင်းစွာ နားလည်သဘောပေါက်သွားတော့သည်။
၎င်းသည် ကမ္ဘာမြေကြီးထံမှ စွမ်းအင်များကို အတင်းအဓမ္မ ချေးယူပြီး ကိုယ်ပိုင်စွမ်းအင်အဖြသ် ပြောင်းလဲပစ်သည့် အာဏာရှင်ဆန်သော နည်းလမ်းတစ်ခု ဖြစ်ပေသည်။
ရှုထောင့်တစ်ခုမှ ကြည့်လျှင် ဤအရာက ဝါးမျိုခြင်းဘိုးဘေးအဆောင် ၏ ဝါးမျိုခြင်းစွမ်းအားနှင့် အနည်းငယ် ဆင်သယောင် ရှိသည်။
သို့ပေမဲ့ ကွာခြားချက်မှာ မဟာရှေးဟောင်းကျမ်းမှ ချေးယူထားသော စွမ်းအားက အလွန်တိုတောင်းသော အချိန်အတွင်း ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုအဖြစ် ပေါက်ကွဲထွက်လာတတ်ပြီး၊ ဝါးမျိုခြင်းဘိုးဘေးအဆောင်ကမူ စွမ်းအားများကို ဝါးမျိုချေဖျက်ကာ ပိုင်ရှင်၏ ကိုယ်ပိုင်စွမ်းအားအဖြစ် ဖြည်းညှင်းစွာ ပြောင်းလဲပေးခြင်း ဖြစ်သည်။
ပစ္စုပ္ပန်အတွက် တစ်ခုနှင့် အနာဂတ်အတွက် တစ်ခု၊ ဤအရာနှစ်ခု၏ သဘောသဘာဝမှာ လုံးဝ ကွဲပြားခြားနားလှပေသည်။
“မဟာရှေးဟောင်းကျမ်းရဲ့ စွမ်းအားနဲ့ ဖော်ထုတ်ထားတဲ့ ကန္တာရဓားကို ခင်ဗျားအပေါ်မှာ စမ်းသပ်ကြည့်ပါရစေ၊”
ဝူယွမ်က မျက်နှာချင်းဆိုင်ရှိ မီးခိုးရောင်ဝတ်ရုံနှင့် အကြီးအကဲကို စူးစိုက်ကြည့်လိုက်သည်။
သူက တောင်ဂိုဏ်း၏ သိုင်းပညာရပ်ဖြင့်သာ အဆုံးထိ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။
ဧရာမဓားကြီးနှင့် ဧရာမတောင်ထိပ်တို့၏ ထိပ်တိုက်တွေ့ဆုံမှု တစ်ဖန် ဖြစ်ပေါ်လာပြန်သည်။
ယခုတစ်ကြိမ်တွင်မူ ကန္တာရဓားသည် ယခင်ကကဲ့သို့ ကြီးမားကျယ်ပြန့်လာခြင်း မရှိဘဲ ပိုသိပ်သည်းခိုင်မာလာကာ စွမ်းအင်များဖြင့် ဖွဲ့စည်းထားသည်ဟုပင် မထင်မှတ်ရတော့ဘဲ စစ်မှန်သော ကန္တာရဓားတစ်လက်အသွင် ဆောင်နေတော့သည်။
“ချလွင်၊”
ဝူယွမ်က စုပ်ယူထားသော လှိုင်းထန်နေသည့် စွမ်းအားများကို သယ်ဆောင်လျက် ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်သည်။
မီးခိုးရောင်ဝတ်ရုံနှင့် အကြီးအကဲ၏ ဧရာမတောင်ကြီးမှာလည်း ဟိုကျန်းနည်းတူ နှစ်ခြမ်းကွဲသွားရပြန်သည်။
မဟာရှေးဟောင်းကျမ်းမှ ထုတ်လွှတ်လိုက်သော စွမ်းအားကြောင့် ဝူယွမ်၏ အင်အားက ခဏတာအတွင်း ထိုအကြီးအကဲထက် မနည်းသော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
ကန္တာရဓား ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ကြောက်မက်ဖွယ်ကောင်းသော လေပြင်းစွမ်းအားများက အကြီးအကဲ၏ ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်ပြီး အသားများကို ပြင်းထန်စွာ စားသုံးတိုက်ခိုက်လေတော့သည်။
အကြီးအကဲခမျာ ဆန်းကြယ်ရှင်သန်ခြင်းအဆင့် စွမ်းအားများကို မပြတ်တမ်း ထုတ်ဖော်နေသော်လည်း သူ၏ ခန္ဓာကိုယ်က မျက်စိဖြင့်ပင် မြင်နိုင်လောက်သည့်အမြန်နှုန်းဖြင့် အိုမင်းရင့်ရော်လာခဲ့သည်။
သို့သော် ဟိုကျန်းလောက်တော့ အခြေအနေ မဆိုးရွားသေးပေ။
“တော်လောက်ပြီ၊”
ထိုအချိန်တွင် ဟုန်ယာတုန် ဘက်မှ အခြားအကြီးအကဲတစ်ဦး စင်မြင့်ပေါ်သို့ တက်လာပြီး အစွမ်းထက် စွမ်းအားများကို ထုတ်လွှတ်ကာ မီးခိုးရောင်ဝတ်ရုံနှင့် အကြီးအကဲ၏ ကိုယ်တွင်းမှ လေပြင်းစွမ်းအားများကို ဖယ်ရှားရန် ကူညီပေးလိုက်သည်။
“ဘာလဲ၊ ခင်ဗျားတို့က စည်းမျဉ်းတွေကို လစ်လျူရှုပြီး တိုက်ပွဲထဲ ဝင်စွက်ဖက်ချင်တာလား၊”
ဝူယွမ်က ထိုလူကို မျက်နှာသာမပေးဘဲ အေးစက်စက် စိုက်ကြည့်လျက် မေးလိုက်လေသည်။
ယခုတစ်ကြိမ်တွင်တော့ ချန်ကျန်းနှင့် ဝူတောင်တို့လည်း ငြိမ်မနေနိုင်တော့ဘဲ စင်မြင့်ပေါ်သို့ ပျံသန်းရောက်ရှိလာကြသည်။
ထိုအကြီးအကဲ၏ မျက်နှာက အနည်းငယ် တွန့်သွားပြီး မတက်သာသည့်အဆုံး ပြောလိုက်ရလေသည်၊ “ငါတို့ အရှုံးပေးပါတယ်၊”
“အစောကြီးကတည်းက စည်းမျဉ်းအတိုင်း လုပ်ခဲ့ရင် ပိုမကောင်းဘူးလား၊ ဒါက တောင်တက်စိန်ခေါ်ပွဲ သက်သက်ပဲလေ၊ မနိုင်ရင် အရှုံးပေးလိုက်ပေါ့၊ ဘာလို့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တဲ့ နည်းလမ်းတွေကို သုံးရတာလဲ၊”
“ကျွန်တော်တို့ တောင်ဂိုဏ်းက အမြဲတမ်း ဖော်ရွေပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ခေါင်းပေါ် လာတက်နင်းတာတော့ ဘယ်သူ့ကိုမှ ခွင့်မပြုနိုင်ဘူး၊”
ဝူယွမ်က လှောင်ပြောင်လိုက်သည်။
“မင်းနာမည်ကို ငါသိချင်တယ်၊” မီးခိုးရောင်ဝတ်ရုံနှင့် အကြီးအကဲက ဝူယွမ်ကို မော့ကြည့်ရင်း မေးလိုက်သည်။
“သူက ငါတို့ လေပြင်းခန်းမရဲ့ တိုက်ရိုက်အဓိကတပည့် ဝူယွမ်ပဲ၊ ခင်ဗျားတို့အားလုံး သူ့သတင်းကို ကြားဖူးကြမှာပါ၊”
ဝူတောင်က ရင်ကိုကော့၍ ဂုဏ်ယူစွာ ပြောလိုက်လေသည်။
“ဝူယွမ်တဲ့လား၊”
“သူက ဝူယွမ် ဖြစ်နေတာကိုး၊”
“သွေးကျောက်မြေရိုင်းက ကြေကွဲစရာ ဖြစ်ရပ်ဆိုးကို ဖြစ်စေခဲ့တာ သူပဲပေါ့၊”
“သူက ယောင်လင်နဲ့ လော့ရိကို သတ်ခဲ့တယ်၊ ရှောင်ထျန်းကို ဖမ်းဆီးပြီး နတ်ဆိုးအမှတ်အသားအဖွဲ့ကို ချေမှုန်းခဲ့တယ်၊ မြို့ကြီးသုံးမြို့ကိုလည်း သိမ်းပိုက်ခဲ့သေးတယ်၊”
“သူ ဒီလောက် အစွမ်းထက်နေတာ အံ့ဩစရာ မဟုတ်တော့ပါဘူး၊”
ဟုန်ယာတုန်မှ လူများသည်လည်း ဝူယွမ်ကိုမှတ်မိသွားကြကြာ အံ့သြတကြီး ရေရွတ်မိလိုက်ကြသည်။
ဤလူငယ်သည် နာမည်ကျော် ဝူယွမ် ဖြစ်နေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ပေ။
သူက ဝူယွမ် ဖြစ်ကြောင်း သိလိုက်ရသောအခါ အရာအားလုံးသည် ဆီလျော်သွားတော့သည်။
သို့မဟုတ်လျှင် သာမန်တပည့်တစ်ဦးက သူတို့၏ အကြီးအကဲကို မည်သို့ အနိုင်ယူနိုင်ပါမည်နည်း။
“ငါ သိပ်တုံးတာပဲ၊”
ဟိုကျန်းကလည်း ကြောင်ငေးစွာ ပြောလိုက်မိသည်။
“သူသာ ဝူယွမ်မှန်း သိခဲ့ရင် အရမ်းသေချင်နေရင်တောင် သူ့ကို စင်ပေါ်မှာချဖို့ စိန်ခေါ်ခဲ့မှာ မဟုတ်ဘူး၊”
တိုက်ပွဲမစမီက ဝူယွမ်၏ နာမည်ကို မမေးမိခဲ့သည့်အတွက် ဟိုကျန်း၏ ရင်ထဲတွင် နောင်တများ ပြည့်နှက်နေလေတော့သည်။
သူ ပေါ့ဆမိခဲ့ခြင်း ဖြစ်သည်။
ယောင်လင်ပင်လျှင် သူ့လက်ချက်ဖြင့် သေဆုံးခဲ့ရသည် ဆိုပါက နိဗ္ဗာန်အဆင့်ရှစ် ပဲရှိသေးသည့် သူက ဝူယွမ်ကို မည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း။
တောင်ဂိုဏ်းမှ တပည့်များအားလုံးကတော့ ဝူယွမ်ကို လေးစားအားကျသော အကြည့်များဖြင့် ကြည့်နေကြလေသည်။
သူတို့စီနီယာအစ်ကိုကြီးက အလွန်တရာ ထူးကဲလွန်းလှသည်။
ဆန်းကြယ်ရှင်သန်ခြင်းအဆင့်ရှိ အကြီးအကဲတစ်ဦးကိုပင် ဖိနှိပ်ပြီး အနိုင်ယူနိုင်ခဲ့လေသည်။
ဝူယွမ်က နိဗ္ဗာန်အဆင့်ခုနှစ်သာ ရှိသေးလေသည်။
တစ်ချိန်တည်းမှာပင် သူတို့အားလုံးက မိမိထက် အဆင့်မြင့်သူကို အဆင့်ကျော်စိန်ခေါ်နိုင်သော လေပြင်းခန်းမ၏ အစွမ်းအထက်ဆုံး သိုင်းပညာရပ် မဟာရှေးဟောင်းကျမ်း၏ စွမ်းအားကိုလည အံ့သြတကြီး ချီးကျူးနေမိကြသည်။
ဝူယွမ်၏ ဂုဏ်သတင်းမှာ ကျယ်ပြန့်စွာ ပျံ့နှံ့နေပြီ ဖြစ်သည်။
အရှေ့ဖက်ရွှမ်းဒေသတွင် ယောင်လင်နှင့် ရှောင်ထျန်းတို့ နာမည်ကြီးသကဲ့သို့ ယခုအခါ ဝူယွမ်၏ ကျော်ကြားမှုသည်လည်း ထိုနည်းတူပင် ဖြစ်လေသည်။
“တောင်ဂိုဏ်းက မဟာဂိုဏ်းကြီးရှစ်ခုထဲက တစ်ခုဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ပဲ ထိုက်တန်ပါပေတယ်၊”
“ဒီသိုင်းဖလှယ်ပွဲမှာ ငါတို့ ဟုန်ယာတုန်က နိမ့်ကျကြောင်း ဝန်ခံပါတယ်၊ နောက်နောင် အခွင့်အရေးရှိရင် တောင်တက်စိန်ခေါ်ပွဲကို ထပ်လာခဲ့ပါဦးမယ်၊”
မီးခိုးရောင်ဝတ်ရုံနှင့် အကြီးအကဲက အရိုအသေပြုကာ ဟုန်ယာတုန်မှ တပည့်များကို ဦးဆောင်လျက် စိတ်ပျက်လက်ပျက်ဖြင့် တောင်ဂိုဏ်းမှ ထွက်ခွာသွားလေတော့သည်။
“ဟားဟား၊ ကောင်းတယ်ကွာ၊ ဒီတစ်ခါတော့ မင်းက ငါတို့ တောင်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို တကယ် မြှင့်တင်ပေးလိုက်တာပဲ၊”
“နောက်ဆို ငါတို့ကို လာစိန်ခေါ်ချင်တဲ့ ကောင်တွေ သူတို့အင်အား သူတို့ အရင် ချင့်ချိန်ရတော့မှာ”
ဝူတောင်က ဟုန်ယာတုန်မှလူများ ပြန်သွားသည်နှင့် ဝူယွမ်ကို ချီးကျူးလိုက်လေတော့သည်။
“စီနီယာအစ်ကို ဝူယွမ်က သိပ်တော်တာပဲ၊”
တောင်ဂိုဏ်းသား အများအပြားကလည်း စစ်မှန်သော လေးစားမှုကို ပြသနေကြသည်။
ဤမြင်ကွင်းကို ကြည့်ရင်း ချန်ကျန်း၏ မျက်ဝန်းများ အနည်းငယ် စိုစွတ်လာသလို ခံစားလိုက်ရသည်။
တစ်ချိန်က စီနီယာအစ်ကို ကျိုးထုံသည်လည်း ဝူယွမ်ကဲ့သို့ပင် တောင်ဂိုဏ်းသား အားလုံးအတွက် စံပြပုဂ္ဂိုလ် ဖြစ်ခဲ့ဖူးသည်။
ယခု တပည့်များက ဝူယွမ်ကို ကြည့်နေကြသည့် ပုံစံသည် သူတို့ ကျိုးထုံကို ကြည့်ခဲ့ဖူးသည့် ပုံစံအတိုင်းပင် ဖြစ်လေသည်။
“ဒီတစ်ခါတော့ ငါတို့ လေပြင်းခန်းမရဲ့ အဆင့်သတ်မှတ်ချက်က သေချာပေါက် တက်လာတော့မှာပဲ”
ဝူတောင်သည်လည်း ဝမ်းသာပီတိ ဖြစ်နေမိသည်။
ဝူယွမ်ကဲ့သို့ တပည့်တစ်ဦးကို တောင်ဂိုဏ်းသို့ ပြန်လည်ခေါ်ဆောင်လာနိုင်ပြီး လေပြင်းခန်းမသို့ ဝင်ရောက်စေနိုင်ခဲ့သည့်အတွက် သူ့ကိုယ်သူလည်း အလွန် ဂုဏ်ယူနေမိသည်။
ဝူယွမ်က သူ့အတွက် စစ်မှန်သော လာဘ်ကောင်လေး၊ ဘုရားသခင်ကပေးသနားတဲ့ ကောင်းချီးတစ်ခုပင်။
ယခု ဝူယွမ် ပြသွားသော အင်အားနှင့်ဆိုလျှင် ခန်းမပြိုင်ပွဲတွင် သူ့အဆင့် တစ်နေရာကမြဲပြီ ဖြစ်သည်။
“သိပ်တော်တာပဲ၊”
ယင်းဟွမ်ဟွမ်က လျှောက်လာခဲ့ပြီး ဝူယွမ်ကို လက်မထောင်ပြလိုက်သည်။
“ချီးကျူးတဲ့အတွက် ကျေးဇူးပါပဲ၊ ကဲ၊ ဒီကကိစ္စတွေ ပြီးပြီဆိုတော့ ကျွန်တော် တခါးပိတ်ကျင့်ကြံခြင်းလုပ်ဖို့ ပြန်သွားတော့မယ်၊”
ဝူယွမ်သည် သူ၏ စီနီယာဦးလေးနှစ်ယောက်ကို နှုတ်ဆက်ပြီး တောင်ဂိုဏ်းထိပ်သို့ ပျံသန်းထွက်ခွာသွား တော့သည်။
ယင်းဟွမ်ဟွမ်လည်း သူ့နောက်သို့ လျင်မြန်စွာ လိုက်ပါသွားလေသည်။
လူသူကင်းမဲ့သော တောင်ထိပ်တစ်ခုသို့ ရောက်သောအခါ ဝူယွမ် ရုတ်တရက် ရပ်တန့်လိုက်ပြီး နောက်မှ လိုက်ပါလာသော ယင်းဟွမ်ဟွမ်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
“ဘာလို့ ကျွန်တော့်နောက် လိုက်နေတာလဲ၊ လောင်းကြေး ရှုံးကြွေးတွေကို ဖြည့်ဆည်းပေးဖို့ အဆင်သင့် ဖြစ်နေပြီလား၊”
“လောင်း၊ လောင်းကြေး ဟုတ်လား၊ ဘာလောင်းကြေးလဲ၊”
ယင်းဟွမ်ဟွမ်သည် လေထဲတွင် နှုတ်ခမ်းကို စူထားရင်း အနည်းငယ် အနေရခက်သော ပုံစံဖြင့် ပြောလိုက်သည်။
ဝူယွမ် - “မသိချင်ယောင်ဆောင်ပြီး ကတိဖျက်ချင်တာလား၊ မင်းပုံစံနဲ့ မလိုက်ပါဘူးကွာ၊”
ယင်းဟွမ်ဟွမ်၏ ပါးပြင်များသည် ရဲခနဲ ဖြစ်သွားပြီးနောက် သူမ၏ ငွေသွားလေးများကဲ့သို့ သွားဖြူဖြူလေးများကို စေ့ကာ ပြောလိုက်သည်၊
“ဘယ်သူက ကတိဖျက်ချင်လို့လဲ၊ ဒီသခင်မလေးက ဒီနေ့ ရှင်နဲ့ စာရင်းရှင်းမယ်၊ ပြော၊ ရှင် ဘာလိုချင်တာလဲ၊”
လက်မြှောက်အရှုံးပေးလိုက်သည့် ယင်းဟွမ်ဟွမ်၏ အမူအရာကို ကြည့်ရင်း ဝူယွမ် ရယ်ချင်စိတ်ကို မနည်းထိန်းထားလိုက်ရသည်။
ဘေးပတ်ဝန်းကျင်တွင် အခြားမည်သူမျှ မရှိသဖြင့် သူ၏ အကြည့်များက မရည်ရွယ်ပဲ ယင်းဟွမ်ဟွမ်၏ ကောက်ကြောင်းအလှတရားများနှင့် ပြည့်စုံနေသော ကိုယ်ခန္ဓာပေါ်သို့ ဖြည်းညှင်းစွာ ရောက်ရှိသွားသည်။
ဝူယွမ်၏ ဟန်ဆောင်မှုကင်းမဲ့သော စူးစိုက်ကြည့်မှုအောက်တွင် ယင်းဟွမ်ဟွမ်၏ ချောမောလှပသော မျက်နှာလေးက ရှက်ရွံ့မှုနှင့် ဒေါသတို့ကြောင့် တဖြည်းဖြည်း နီမြန်းလာတော့သည်။
သို့သော် ယင်းဟွမ်ဟွမ်က အမြဲတမ်း သွက်လက်ချက်ချာပြီး ဉာဏ်များသူ တစ်ဦး ဖြစ်သည်။
ပါးပြင်များ ခေတ္တမျှ နီမြန်းသွားပြီးနောက် သူမ၏ မျက်လုံးဝိုင်းကြီးများက ကြောင်တစ်ကောင်ကဲ့သို့ ကျဉ်းမြောင်းသွားလေသည်။
ထို့နောက် သူမ၏ ကျောက်စိမ်းလက်ကလေးကို ဆန့်ထုတ်လိုက်ရာ နက်မှောင်သော ရွှေရောင် အဆောင်ကျောက်စိမ်းပြားတစ်ခု ပေါ်လာခဲ့သည်။
သူမသည် သွယ်လျသော လက်ချောင်းလေးများဖြင့် ထိုအဆောင်ကို ကစားရင်း ဝူယွမ်ကို ဆွဲဆောင်မှုရှိသော အပြုံးဖြင့် ပြုံးပြလိုက်ကာ
“ဒီပစ္စည်းလေးက ဒီနေရာမှာ ကျွန်မကြားရသမျှ အသံတွေကို အဖေဆီ ပို့ပေးနိုင်တယ်၊”
“ဒါကြောင့် စကားပြောတဲ့အခါ ရှင် သတိထားသင့်တယ်နော်၊ ဟုတ်ပြီလား၊”
သူမ၏ စကားကြောင့် ဝူယွမ်က နှုတ်ခမ်းကို စေ့ပြီး ယင်းဟွမ်ဟွမ်ကို စူးစိုက်ကြည့်လိုက်မိသည်။
“မင်း… မင်း မတရားဘူးနော်၊”
တောင်ဂိုဏ်းထိပ်တွင် နေထိုင်စဉ်က ယင်းရွှမ်းဇီနှင့် ယင်းဟွမ်ဟွမ်တို့၏ သားအဖတော်စပ်မှုကို ဝူယွမ် သိရှိပြီးသားဖြစ်သည်။
***