ဝူယွမ်က ယခုအခါ တောင်ဂိုဏ်း၏ ပါရမီရှင်တစ်ဦး၊ တပည့်များကြားတွင် ထိပ်သီးခေါင်းဆောင်တစ်ဦး ဖြစ်နေပြီ ဖြစ်သော်လည်း ယင်းရွှမ်းဇီကို လစ်လျူရှုနိုင်သည့် အဆင့်သို့ မရောက်သေးပေ။
ထိုပုဂ္ဂိုလ်က အရှေ့ဖက်ရွှမ်ဒေသ၏ ထိပ်တန်းအာဏာရှင်တစ်ဦး၊ သံသရာအဆင့် ရှိ ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်သည့်အပြင် သမီးဖြစ်သူကို အလွန်အလိုလိုက်သော ဖခင်တစ်ဦးလည်း ဖြစ်သည်။ (ရှေ့တစ်ပိုင်းတုန်းက ပြန်လည်၀င်စားချင်းလို့ပြန်ထားမိခဲ့ပါတယ်၊ တစ်ကယ် အစစ်အမှန်က သံသရာအဆင့်ပါဗျ၊ အခုမှ အဆင့်သတ်မှတ်ချက် သေချာပါလာလို့ပါ)
အကယ်၍ ဝူယွမ်သာ သူ့မျက်စိရှေ့တွင် သမီးဖြစ်သူကို ပရောပရည်လုပ်မိပါက ယင်းရွှမ်းဇီက သူ့ကို ကောင်းကောင်းကြီး ဆုံးမပေလိမ့်မည်။
ဝူယွမ် ခေါင်းခါရင်း ထွက်ခွာရန် ပြင်လိုက်စဉ် သင်းပျံ့သော ရနံ့တစ်ခု ရုတ်တရက် တိုးဝင်လာခဲ့သည်။
သူ လှည့်ကြည့်လိုက်သောအခါ ယင်းဟွမ်ဟွမ်က အဆောင်ကျောက်စိမ်းကို သိမ်းဆည်းလိုက်ပြီး ဖြည်းညှင်းစွာ ဆင်းသက်လာကာ သူ့အနားသို့ တိုးကပ်လာသည်ကို တွေ့လိုက်ရသည်။
သူမ၏ ကျောက်စိမ်းလက်ကလေးကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ မြစိမ်းရောင် ဂူကျန်းစောင်းတစ်လက် ပေါ်လာခဲ့လေသည်။
“ရော့၊ ကျွန်မ ကတိဖျက်တယ်လို့ ရှင် မပြောအောင်၊ ရှင့်အတွက် သီချင်းတစ်ပုဒ် တီးပြမယ်၊”
“ဒီတောင်ဂိုဏ်းထဲမှာ အဖေနဲ့ အစ်မကလွဲရင် ဘယ်သူမှ ဒီအခွင့်အရေး မရဘူးဆိုတာ ရှင်သိလား၊” ယင်းဟွမ်ဟွမ်က ဝူယွမ်ကို ကြည့်ပြီး ပြုံးလိုက်သည်။
“ရှင်က အမြဲတမ်း သီးသန့်ကျင့်ကြံနေတာဆိုတော့ စိတ်ပြေလက်ပျောက်ဖြစ်အောင် သီချင်းတစ်ပုဒ် တီးပြမလို့ပါ၊”
“ဒီမှာ သီချင်းနားထောင်ရမှာလား၊ ပျင်းစရာကြီး၊”
ဝူယွမ်က သူမကို မျက်နှာသာမပေးဘဲ ပြောချလိုက်သည်။
“ဘယ်လိုလုပ် ပျင်းစရာကောင်းရမှာလဲ၊ တောင်တန်းတွေက ရှင်းလင်းနေတယ်၊ ရေပြင်က လှပတယ်၊”
“ငှက်ကလေးတွေ တေးဆိုနေကြတယ်၊ ပန်းတွေ မွှေးပျံ့နေတယ်၊ ရှုခင်းက သိပ်လှတာလေ၊”
“အဲဒါကို စောင်းသံစဉ်နဲ့ ပေါင်းစပ်လိုက်ရင် ရင်သပ်ရှုမောစရာ ဖြစ်သွားမှာပေါ့၊ ရှင် နားမလည်ဘူးလား၊”
ယင်းဟွမ်ဟွမ်က ဝူယွမ်၏အလှတရားအပေါ် နားမလည်မှုကြောင့် နှုတ်ခမ်းစူလိုက်လေသည်။
ဂိုဏ်းထဲမှ လူများစွာက သူမ စောင်းတီးသည်ကို နားထောင်ချင်ကြသော်လည်း လူတိုင်း ကံမကောင်းကြပေ။
ဝူယွမ် - “ကျွန်တော်က စောင်းသံကို စိတ်မဝင်စားဘူး၊ မင်းပလွေမှုတ်တတ်လား၊”
“ပလွေလား၊ တခါမှ မသင်ဖူးဘူး၊” ယင်းဟွမ်ဟွမ် ခေါင်းခါလိုက်သည်။
“ဒီလောက်လှတဲ့ ပါးစပ်လေး ပိုင်ဆိုင်ထားပြီးတော့ အဲဒါလေးတောင် မလုပ်တတ်ဘူးလား၊ လာ၊ ကျွန်တော် သင်ပေးမယ်၊”
“ရှင်က ပလွေဆောင်ထားလို့လား၊”
ယင်းဟွမ်ဟွမ်သည် ဝူယွမ်ကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်၊ ဒီလူ ဂီတအကြောင်း နားလည်လိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။
“ဒါပေါ့၊”
ဝူယွမ် ဂုဏ်ယူစွာ ပြောလိုက်ပြီး သူ၏ ဒန်တျန်အတွင်းမှ မိုးကြိုးဝိညာဉ်ကောင်းကင်ဓားကို ဆင့်ခေါ်ကာ စိတ်ချင်းဆက်သွယ်လိုက်သည်။
“လင်းယွမ်၊ ပလွေပုံစံ ပြောင်းလိုက်”
မိုးကြိုးဝိညာဉ်ကောင်းကင်ဓားက ဝူယွမ်၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားသည်။
သူက ဝူယွမ်၏ ပုံသဏ္ဌာန်ကို ယူဆောင်ထားပြီးဖြစ်ရာ ဝူယွမ် လိုချင်သည့် ပုံစံမှန်သမျှကို ပြောင်းလဲပေးနိုင်စွမ်း ရှိသည်။
ဓားဝိညာဉ်က ချက်ချင်းပင် ဒေါင်လိုက်ပလွေတစ်ချောင်းအသွင် ပြောင်းလဲသွားလေသည်။
ဝူယွမ်သည် ယခင်ဘဝကတည်းက ပလွေမှုတ် လေ့ကျင့်ဖူးသူ ဖြစ်သည်။
သိုင်းကားများစွာကို ကြည့်ဖူးပြီး ထိုကားများထဲမှ တည်ကြည်ခန့်ညားသော ဇာတ်လိုက်ကျော် အများစုက ပလွေမှုတ် ကျွမ်းကျင်ကြသည်။
သူတို့လက်ထဲတွင် ပလွေသည် ဂီတတူရိယာတစ်ခု ဖြစ်သလို လက်နက်တစ်ခုလည်း ဖြစ်ပေသည်။
အတိကြဆိုပလွေဖြစ်သလို ဓားလည်း ဖြစ်သည်။
“ဝူး၊”
သာယာနာပျော်ဖွယ်ကောင်းသော ပလွေသံစဉ်တစ်ခု ဝူယွမ်၏ နှုတ်ခမ်းဖျားမှ ထွက်ပေါ်လာခဲ့သည်။
လင်းယွမ်ပလွေ၏ ထူးခြားသော အသံနေအသံထား၊ သဲ့သဲ့ကြားရသော ဓားမြည်သံနှင့် မိုးကြိုးသံတို့ပါ ပေါင်းစပ်လိုက်သောအခါ လှပသော တေးသွားတစ်ခု ဖြစ်ပေါ်လာဲ့လေသည်။
ဝူယွမ်က “ဖီးနစ်စင်မြင့်ပေါ်မှ ပလွေသံလွမ်းချင်း” ကို တီးမှုတ်နေခြင်း ဖြစ်သည်။
၎င်းသက“မက်မွန်ပွင့် ပုံရိပ်သုံးလွှာ”၊ “မြင့်မားသော တောင်တန်းများနှင့် စီးဆင်းနေသော ရေတံခွန်”၊ “နွေဦးပန်းပွင့်” တို့နှင့် တန်းတူ လူကြိုက်များသော ရှေးဟောင်းတရုတ် ပလွေသီချင်းတစ်ပုဒ် ဖြစ်သည်။
ဖီးနစ်စင်မြင့်တွင် သမိုင်းဝင် ပုံပြင်တစ်ပုဒ် ရှိလေသည်၊ ဖီးနစ်ငှက်ကို ဆွဲဆောင်ရန် ပလွေမှုတ်ခြင်း၊ နဂါးစီး၍ နေ့ခင်းကြောင်တောင် ကောင်းကင်ဘုံသို့ တက်ရောက်ခြင်း စသည်ဖြင့် နတ်ဖက်တဲ့ စုံတွဲများအတွက် လူတို့၏ လွမ်းဆွတ်မှုနှင့် ကောင်းချီးပေးမှုများကို ဖော်ပြနေခြင်း ဖြစ်သည်။
ပလွေသံက သာယာနာပျော်ဖွယ်ကောင်းလွန်းလှသည်။
ဂီတအရာတွင် ပါရမီပါသော ယင်းဟွမ်ဟွမ်က တေးဂီတထဲတွင် ပါဝင်နေသော နတ်ဖက်သည့် စုံတွဲများအပေါ် လွမ်းဆွတ်တမ်းတမှုကို လျင်မြန်စွာ ခံစားမိလိုက်ပြီး မသိလိုက်ဘာသာ သံစဉ်နှငိ့ စီးမျောလိုက်ပါသွားလေသည်။
အခြားတစ်ဖက်တွင် ယင်းဟွမ်ဟွမ်၏ အဆောင်မှတစ်ဆင့် ပလွေသံကို ကြားနေရသော ယင်းရွှမ်းဇီသည်လည်း အတိတ်ကို လွမ်းဆွတ်မိသွားကာ ယင်းဟွမ်ဟွမ်၏ မိခင်ကို သတိရသွားလေသည်။
သီချင်းဆုံးသွားသောအခါ ယင်းဟွမ်ဟွမ်က ဈာန်ဝင်စားရာမှ မနိုးထနိုင်သေးဘဲ သံစဉ်ကို အချိန်ကြာမြင့်စွာ အရသာခံနေမိသည်။
“သိပ်လှတဲ့ သီချင်းလေးပဲ၊” သူမ ရေရွတ်လိုက်မိသည်။
ယခု ဝူယွမ်ကို ကြည့်နေသော ယင်းဟွမ်ဟွမ်၏ မျက်ဝန်းထဲတွင် အစောကနှင့်မတူပဲ တိမ်းညွတ်သာယာသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။
ချောမောခန့်ညားပြီး ဉာဏ်ရည်ထက်မြက်ကာ တိုက်ခိုက်ရေး မှာလည်းကျွမ်းကျင်သလို ပလွေလည်း မှုတ်တတ်သေးသည်။
ဤကဲ့သို့သော ယောက်ျားမျိုးက အလွန်အမင်း ဆွဲဆောင်မှုရှိလွန်းရာ မည်သည့်အမျိုးသမီးကမျှ ခုခံနိုင်မည် မဟုတ်ပေ။
ယင်းဟွမ်ဟွမ်၏ လှပသော မျက်ဝန်းများမှာ အရောင်များတောက်ပလာခဲ့သည်။
ဆန်းကြယ်သော ပလွေသံစဉ်သည် သူမ၏ နားထဲတွင် ပဲ့တင်ထပ်နေဆဲဖြစ်ပြီး သူမကိုယ်တိုင်လည်း တစ်သက်လုံး အတူရှိနေမည့် လက်တွဲဖော်တစ်ဦးကို ရှာဖွေချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာခဲ့သည်။
“ကျွန်မကို သင်ပေးနိုင်မလား၊ ဒီသီချင်းကို သင်ချင်တယ်၊”
“မင်း၊ ကျွန်တော့်ကို အကြွေးတစ်ခု တင်နေသေးတယ်လေ၊ သင်ချင်တယ်ဆိုရင် နောက်ထပ် အခြေအနေတစ်ခုကို သဘောတူရလိမ့်မယ်၊ ဒါပေမဲ့ အရင်အကြွေးကို အရင်ဆပ်ရမယ်၊”
ဝူယွမ်သည် သူမကို လုံးဝ လက်ခုပ်ထဲထည့်ထားနိုင်သည့် အခြေအနေဖြင့် ပြုံး၍ ကြည့်လိုက်သည်။
ယင်းဟွမ်ဟွမ် အံကြိတ်လိုက်ပြီး ဖခင်ဖြစ်သူပေးထားသော အဆောင်ကျောက်စိမ်းကို ထုတ်ကာ ဘေးသို့ ဒေါသတကြီး လွှင့်ပစ်လိုက်သည်။
“ပြော၊ ရှင် ဘာလိုချင်တာလဲ၊”
“အရမ်းခက်ခဲမယ်ဆိုရင်လည်း ထားလိုက်ပါတော့၊ ကျွန်တော်က လူတွေကို အတင်းအကျပ် မခိုင်းချင်ပါဘူး၊”
သူမ၏ ပြတ်သားသော မျက်နှာထားကို ကြည့်ရင်း ဝူယွမ်က အကြံပေးလိုက်သည်။
“ပြောလိုက်စမ်းပါ၊ ကျွန်မ မလုပ်နိုင်ရင် ယင်းဟွမ်ဟွမ်ဆိုတာ လူလိမ်မလေးပဲ၊”
ဝူယွမ်က ပြုံးလိုက်ရာ ပါးချိုင့်နှစ်ဖက် ပေါ်လာခဲ့သည်။
ထို့နောက် သူ၏ ဘယ်ဘက်ပါးပြင်ကို လက်ညှိုးထိုးပြပြီး ညာဘက်ပါးပြင်ကိုပါ ထပ်ညွှန်ပြလိုက်လေသည်။
ထို့ေနာက်သူ၏ မျက်လုံးများက ယင်းဟွမ်ဟွမ်၏ နီရဲနေသော နှုတ်ခမ်းများကို ကပ်သီးကပ်ဖဲ့ ကြည့်လိုက်သည်။
“အရမ်းလောဘမကြီးနဲ့ ဝူယွမ်၊ တစ်ဖက်၊ တစ်ဖက်ပဲ ရွေး၊”
ယင်းဟွမ်ဟွမ်က ဝူယွမ်ပြောချင်သည့်အဓိပ္ပါယ်ကို နားလည်သွားသောကြောင့် ခြေဆောင့်လိုက်လေသည်။
ဝူယွမ် - “ကောင်းပြီလေ၊ မင်းပဲ ရွေးလိုက်၊”
ခဏတာ တုံ့ဆိုင်းနေပြီးနောက် မျက်နှာတစ်ခုလုံး နီမြန်းနေသော ယင်းဟွမ်ဟွမ်က ဝူယွမ်အနားသို့ တိုးကပ်လာခဲ့သည်။
နီးကပ်လာသည်နှင့်အမျှ သူမ၏ ကိုယ်သင်းနံ့ကို ဝူယွမ် ရလိုက်လေသည်။
ယင်းဟွမ်ဟွမ်က အနားရောက်သောအခါ ဝူယွမ်၏ အင်္ကျီစကို ဆုပ်ကိုင်ရင်း ခြေဖျားလေး အနည်းငယ် ထောက်လိုက်သည်။
သူတို့၏ လက်ရှိအနေအထားက ဝင်သက်ထွက်သက်များကိုပင် ကြားရလောက်အောင် နီးကပ်လွန်းနေခဲ့သည်။
အနည်းငယ် မြန်ဆန်နေသော အသက်ရှူသံများနှင့်အတူ သူမ အလွန် စိတ်လှုပ်ရှားနေခဲ့သည်။
နမ်းဖို့ရာနေရာကို ချိန်ဆပြီးနောက် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်ကာ၊ သေးငယ်သော နှုတ်ခမ်းလေးကို အနည်းငယ် ဆူထားပြီး ဝူယွမ်၏ မျက်နှာဆီသို့ ကိုင်းညွှတ်လာခဲ့သည်။
အရာအားလုံးက သူ့တွက်ချက်မှုအတိုင်းပင်။
ဝူယွမ်က အခွင့်ကောင်းကို လက်လွတ်မခံဘဲ သူ၏ ခေါင်းကို ရုတ်တရက် လှည့်လိုက်လေသည်။
အောင်မြင်သွားပြီ၊
“အာ၊”
ယင်းဟွမ်ဟွမ်တစ်ေယာက် ထိတွေ့မှုတစ်ခုနှင့်အတူ လျှပ်စစ်ဓာတ်လိုက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ယင်းဟွမ်ဟွမ်က လန့်ဖျပ်သွားသော သမင်ပျိုလေးတစ်ကောင်နှယ် အလျင်အမြန် နောက်သို့ ဆုတ်လိုက်ကာ __
“ရှင်၊ ရှင် လူလည်ကျတယ်၊” သူမက သူမနှုတ်ခမ်းကို သူမလက်ဖြင့် သုတ်ရင်း ပြောလိုက်လေသည်။
“ဘယ်သူက ခင်ဗျားကို မျက်လုံးမှိတ်ပြီး သေချာမကြည့်ခိုင်းလို့လဲ၊”
ဝူယွမ်က ထိုသို့ပြောပြီးနောက် နှုတ်ခမ်းစူပြလိုက်သည်၊ ငါ တမင်လုပ်လိုက်တာလေ၊ ဘာလုပ်ချင်လဲ၊ ဆိုသည့်ဟန်အပြည့်ပင်။
ယင်းဟွမ်ဟွမ်၏ အတွေးလေးများကို သူ အကဲခတ်မိပြီးသား ဖြစ်သည်။
ဝူယွမ်၏ ဤကဲ့သို့သော အခြေအနေကို လက်ခံလိုက်ကတည်းက သူမက သူ့အပေါ် ခံစားချက်ရှိနေပြီ ဖြစ်သည်။
ဝူယွမ်ကလည်း ရိုးရိုးအအ ကစားနေရလောက်အောင် မတုံးအပေ။
သူမ၏ စည်းမျဉ်းများအတိုင်း လိုက်လျောလွန်းနေလျှင် အံ့ဩစရာ မကျန်တော့ဘဲ သူတို့၏ ဆက်ဆံရေးသည်လည်း ထူးခြားလာမည် မဟုတ်ပေ။
တစ်ခါတစ်ရံ တစ်ဖက်လူ မမျှော်လင့်ထားသည့်အရာကို လုပ်ဆောင်မှသာ သူတို့၏ ရင်ထဲတွင် နက်ရှိုင်းသော အမှတ်တရတစ်ခု ကျန်ရစ်မည် ဖြစ်သည်။
တကယ်တော့ မမျှော်လင့်ထားဘူး ဆိုတာလည်း မဟုတ်ပြန်ပေ။
အဘယ်ကြောင့်ဆိုသော် အမျိုးသမီးများက သူတို့၏ အတွေးများကို ဖုံးကွယ်ရာတွင် အလွန်တော်ကြသည်။
အပေါ်ယံတွင် ငြင်းဆန်နေသော်လည်း ဖြစ်လာနိုင်ခြေရှိသမျှ အရာအားလုံးကို သူတို့ရင်ထဲတွင် ကြိုတွေးပြီးသား ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
ယင်းဟွမ်ဟွမ်က ဒေါသတကြီးဖြင့် တစ်ဖက်သို့ လှည့်သွားပြီး နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။ သူမ၏ ရင်ခုန်သံများ မြန်ဆန်နေဆဲပင်။
“ကဲပါ ကဲပါ၊ ပလွေမှုတ်နည်း သင်ပေးမယ်၊”
ဝူယွမ်က ဟန်ဆောင်ဒေါသထွက်နေသော ယင်းဟွမ်ဟွမ်ကို ဆွဲကာ တောင်ထိပ်တွင် ထိုင်စေလိုက်ပြီးနောက် သူ ခုနက တီးမှုတ်ခဲ့သော သီချင်းကို သင်ပေးလိုက်သည်။
သူတို့နှစ်ဦးက ကျောက်ပြားပြာကြီးပေါ်တွင် ထိုင်လျက် ပလွေမှုတ်နည်းပညာများကို ဆွေးနွေးနေကြပုံမှာ အစစ်အမှန် နတ်ဖက်သည့် စုံတွဲတစ်တွဲအလားပင်။
တစ်ခါတစ်ရံ သူမက သူ့ကို ကြည့်လိုက်၊ နောက်တစ်ခါ သူက သူမကို ကြည့်လိုက်၊ ထို့နောက် မျက်လုံးချင်းဆုံသွားကြပြီး၊ နှစ်ဦးစလုံး ရှက်သွေးဖြာကာ အကြည့်လွှဲသွားကြလိုက်နှင့် သာယာနေကြသည်။
ယင်းဟွမ်ဟွမ်က ဂီတတွင် ပါရမီထူးချွန်လှသည်။
ဝူယွမ်က တီးတတ်မှုတ်တတ်သော်လည်း သီအိုရီများကို ရှင်းမပြတတ်ပေ။
သို့သော် ယင်းဟွမ်ဟွမ်က အနည်းငယ် နားထောင်ရုံဖြင့် ကျွမ်းကျင်သွားပြီး ဝူယွမ်ထက်ပင် ပို၍ ကောင်းမွန်စွာ တီးမှုတ်နိုင်လာသည်။
“မင်းက တကယ့် ပါရမီရှင်ပဲ၊ ပလွေမှုတ်တာ သိပ်တော်တာပဲ၊” ဝူယွမ် ချီးကျူးလိုက်သည်။
“ဒါပေါ့၊ ငယ်ငယ်ကတည်းက ဂီတဖက်မှာ ထူးချွန်ခဲ့တာလေ၊”
ယင်းဟွမ်ဟွမ်က ဂုဏ်ယူနေသော မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။
စောင်းနှင့် ပလွေအရာတွင်တော့ သူမက တကယ့်ဆရာကြီးပင်။
“တို့နှစ်ယောက် ပေါင်းပြီး တီးကြရအောင်၊ ရှင်က ‘ဖီးနစ်စင်မြင့်ပေါ်မှ ပလွေသံလွမ်းချင်း’ ကို မှုတ်၊ ကျွန်မက စောင်းနဲ့ လိုက်တီးပေးမယ်၊” ယင်းဟွမ်ဟွမ် ရုတ်တရက် အကြံပေးလာခဲ့သည်။
“အင်း၊ ကောင်းသားပဲ၊”
ဝူယွမ်လည်း သူမ၏အကြံကို စိတ်ဝင်စားသွားလေသည်။
မူလက ယင်းဟွမ်ဟွမ်ကို စနောက်ချင်ရုံသာ ဖြစ်သော်လည်း မမျှော်လင့်ဘဲ ဂီတသံစဉ်ထဲတွင် သူပါ စီးမျောသွားခဲ့မိသည်။
အမှန်စင်စစ် ဂီတက ဝိညာဉ်ကို သန့်စင်စေသည်။
သူ၏ စိတ်နှလုံးသည်လည်း တည်ငြိမ်အေးချမ်းသွားခဲ့သည်။
ထို့နောက် ပလွေသံနှင့် စောင်းသံတို့က သဟဇာတဖြစ်စွာ ပေါင်းစပ်သွားပြီး တောင်ထိပ်မှတစ်ဆင့် ပဲ့တင်ထပ်ပျံ့လွင့်သွားလေတော့သည်။
လှပသော တေးသွားသံစဉ်ကြောင့် ငှက်ကလေးများ ပျံဝဲရောက်ရှိလာကြပြီး ငှက်များ ဝိုင်းရံနေသော အလယ်တွင်တော့ နတ်ဖက်သည့် စုံတွဲတစ်တွဲ ရှိနေခဲ့သည်။
ဤအခိုက်အတန့်တွင် ဝူယွမ်နှင့် ယင်းဟွမ်ဟွမ်တို့က အလွန်တရာ လိုက်ဖက်ညီနေကြလေတော့သည်။
***