စောင်းသံစဥ်နှင့် ပုလွေသံစဥ်တို့ ငြိမ့်ညောင်းစွာ ပေါင်းစပ်စီးဆင်းသွားမှုနှင့်အတူ ဝူယွမ်နှင့် ယင်းဟွမ်ဟွမ်တို့ နှစ်ဦးကြားရှိ အကွာအဝေးသည်လည်း များစွာနီးကပ်သွားခဲ့လေသည်။
အခြားတစ်ဖက်တွင်မူ သမီးဖြစ်သူနှင့် ဝူယွမ်တို့၏ စကားပြောသံများကို နားထောင်နေခဲ့သော ယင်းရွှမ်းဇီသည် ရုတ်တရက် အသံများ တိတ်ဆိတ်သွားသည်ကို သတိပြုမိလိုက်၏။
ယခုလေးတင် ခံစားလိုက်ရသည့် လေထုအခြေအနေအရ သူ့အတွက် စိတ်အဆင်မပြေစေသည့် အရာကြီးတစ်ခု ဖြစ်ပေါ်လာတော့မည့်အလား သူ၏ဗီဇစိတ်က သတိပေးနေခဲ့သည်။
သူ၏ အဖိုးတန် ရွှေမင်းသမီးလေးအား ဝက်တစ်ကောင်က လာရောက်စားသုံးသွားတော့မည့်အလား စိုးရိမ်ပူပန်မှုများက ရင်ထဲ၌ ကိန်းအောင်းလာခဲ့လေသည်။
ယင်းရွှမ်းဇီသည် အခြေအနေကို စုံစမ်းရန် သူ၏ဝိညာဉ်စွမ်းအင်ကို ချက်ချင်းပင် ဖြန့်ကျက်လွှတ်ထုတ်လိုက်၏။
ဝူယွမ်နှင့် ယင်းဟွမ်ဟွမ်တို့ရှိရာ တောင်ထွတ်ဆီသို့ သူ၏ ဝိညာဉ်စွမ်းအင်များ ရောက်ရှိသွားသောအခါ နတ်သူသက်ထား စုံတွဲတစ်တွဲအလား အလွန်လှပတင့်တယ်လှသော မြင်ကွင်းတစ်ခုကို ယင်းရွှမ်းဇီ မြင်တွေ့လိုက်ရလေသည်။
ထိုတောင်ထွတ်ထက်တွင် တစ်ဦးကိုတစ်ဦး ကြင်နာစွာ ငေးမောကြည့်နေကြသော ပါရမီရှင် လူငယ်လေးနှင့် မိန်းမလှလေးတို့ နှစ်ဦးကို သူမြင်တွေ့နေရ၏။
အမျိုးသားက စောင်းတီးခတ်ပြီး အမျိုးသမီးက ပုလွေမှုတ်နေသည့် မြင်ကွင်းမှာ အပြစ်ဆိုဖွယ်ရာမရှိအောင် ပြီးပြည့်စုံလွန်းနေခဲ့သည်။
သို့သော်ငြားလည်း သူကိုယ်တိုင် ယင်းဟွမ်ဟွမ်အတွက် ချန်ထားရစ်ခဲ့သော အသံပို့ ကျောက်စိမ်းလက်ဖွဲ့မှာမူ တောင်ခြေတွင် အထီးကျန်စွာ စွန့်ပစ်ခံထားရလေသည်။
တိတ်တဆိတ် စောင့်ကြည့်နေခဲ့သော ယင်းရွှမ်းဇီမှာ သက်ပြင်းရှည်ကြီးကိုသာ ခပ်လေးလေး ချလိုက်မိတော့၏။ သူ၏ သမီးလေးကို ဆက်လက်ထိန်းသိမ်းထားရန် မဖြစ်နိုင်တော့သည့်အလားပင်။
ဤမျှ တိုးတက်လာသော အခြေအနေများအရ နောက်ပိုင်းရက်များတွင် ဝူယွမ်သည် ကျင့်ကြံရသည်ကို ငြီးငွေ့လာသည့်အခါတိုင်း လူသူကင်းမဲ့သော တောင်ထွတ်များပေါ်၌ ယင်းဟွမ်ဟွမ်နှင့်အတူ ဂီတပညာရပ်များကို ဖလှယ်ရင်း အချိန်ဖြုန်းလေ့ရှိလာခဲ့သည်။
တစ်ခါတစ်ရံတွင် မဟာရှေးဟောင်းကျောက်တိုင် နယ်မြေအတွင်းရှိ ရွှမ်းစု၊ ပိုင်ယွမ်တို့နှင့်လည်း အချိန်ကုန်လွန်ခဲ့လေသည်။
တစ်လဟူသော အချိန်ကာလသည် မျက်တောင်တစ်ခတ်အတွင်း ကုန်လွန်သွားခဲ့၏။ ထိုကာလအတွင်း ဝူယွမ်သည် ‘ချီတစ်ခုမှ လောကမူလနတ်ဘုရားသုံးပါးပွင့်ခြင်း’ ကျင့်စဉ်ကိုသာ အာရုံစိုက် ကျင့်ကြံနေခဲ့သည်။
နောက်ဆုံးတွင်တော့ ကမ္ဘာ့သစ်ပင်၏ မူလစွမ်းအင်များကို အသုံးပြု၍ သူ၏ ပထမဆုံးသော ကိုယ်ပွားတစ်ခုကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့လေသည်။
ထို့ကြောင့် ကမ္ဘာ့သစ်ပင်ကိုယ်ပွားသည် မဟာရှေးဟောင်းကျောက်တိုင် နယ်မြေအတွင်း ဝိညာဉ်စွမ်းအင် ကျင့်ကြံခြင်းကို အဓိကထား လုပ်ဆောင်ခဲ့ပြီး ရွှမ်းစု၊ ပိုင်ယွမ်တို့နှင့်အတူ မဟာရှေးဟောင်းဂိုဏ်းကို အင်တိုက်အားတိုက် တိုးတက်စေရန် ကြိုးပမ်းခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် မသေမျိုးအနှစ်သာရ ဝိညာဉ်သစ်သီးများ၏ များပြားလှသော ထောက်ပံ့မှုဖြင့် ဝူယွမ်သည် နိဗ္ဗာန်အဆင့် ၈ သို့ အောင်မြင်စွာ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သလို သူ၏ ဝိညာဉ်စွမ်းအင်သည်လည်း ရှစ်ခုမြောက်တံဆိပ် ဖြစ်ပေါ်လာကာ တံဆိပ် ၈ ခု ကောင်းကင်အဆောင်သခင် အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်လေသည်။
သူ၏ ရည်မှန်းချက်ဖြစ်သော ပြိုင်ဘက်ကင်း စွမ်းအားရှင် တစ်ဦးဖြစ်လာရန် လမ်းတွင် ဤသည်မှာ ကြီးမားသော ခြေလှမ်းတစ်ရပ်ပင် ဖြစ်ပေသည်။
နေ့ရက်များ ကုန်လွန်လာသည်နှင့်အမျှ နှစ်ကုန်ပိုင်းသို့ နီးကပ်လာခဲ့ပြီဖြစ်သည်။
တောင်ဂိုဏ်း၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော နှစ်သစ်ကူးပြိုင်ပွဲကြီးဖြစ်သည့် ခန်းမလေးခု အဆင့်သတ်မှတ်ချက်အတွက် ယှဉ်ပြိုင်ရမည့် ကြီးကျယ်ခမ်းနားသော ပြိုင်ပွဲကြီးကို မကြာမီ ကျင်းပတော့မည်ဖြစ်၏။
ယနေ့တွင်လည်း ဝူယွမ်နှင့် ယင်းဟွမ်ဟွမ်တို့ နှစ်ဦးသည် တောင်ထွတ်တစ်ခုပေါ်တွင် အတွေးအမြင်များကို ဖလှယ်နေကြလေသည်။
ရုတ်တရက်ဆိုသလို အောက်ဘက်ရှိ ကျောက်တုံးရင်ပြင်ထက်မှ ဆူညံပွက်လောရိုက်သံများ ထွက်ပေါ်လာခဲ့ရာ၊ ဝူယွမ်နှင့် ယင်းဟွမ်ဟွမ်တို့ နှစ်ဦးစလုံး၏ အာရုံကို ဖမ်းစားသွားခဲ့သည်။
ယင်းဟွမ်ဟွမ်သည် တစ်စုံတစ်ယောက်ကို မြင်တွေ့လိုက်ရဟန်ဖြင့် သူမ၏ သွယ်လျသော မျက်ခုံးတန်းလေးများ အနည်းငယ် တွန့်ချိုးသွားပြီး မျက်နှာထားမှာ အလွန်တည်ကြည်သွားကာ မသက်မသာဖြစ်နေသည့် အရိပ်အယောင်များ ပေါ်လွင်လာခဲ့၏။
ဝူယွမ်ကလည်း ဆူညံသံများ ထွက်ပေါ်ရာဆီသို့ လိုက်လံရှာဖွေကြည့်လိုက်သည်။
ဧရာမ ကျောက်တုံးရင်ပြင်ကြီးပေါ်တွင်.....
ထောင်ပေါင်းများစွာသော တပည့်များသည် နေရာတစ်နေရာတည်းသို့သာ အံ့သြမှင်တက်စွာဖြင့် စိုက်ကြည့်နေကြလေသည်။
ရင်ပြင်ဆီသို့ ဦးတည်နေသော ကျောက်လှေကားထစ်များပေါ်တွင် လူတစ်ယောက်သည် ခြေတစ်လှမ်းချင်းစီဖြင့် ဖြည်းညင်းတည်ငြိမ်စွာ လျှောက်လှမ်းလာနေ၏။
တပည့်များသည် ထိုလူရိပ်ကို ကြည့်ရင်း တီးတိုးရေရွတ်ပြောဆိုလာကြသည်။
ထိုသူသည် ရိုးရှင်း၍ ဟောင်းနွမ်းနေသော မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရှည်လျားကာ ဖရိုဖရဲဖြစ်နေသော ဆံပင်များက ကျောပြင်ထက်တွင် ပြန့်ကျဲနေ၏။
အထင်ရှားဆုံးအရာမှာ သူ၏ ကျောပြင်ထက်တွင် လွယ်ထားသော ဆယ်ပေခန့် ရှည်လျားသည့် အနက်ရောင် ဓားမကြီးပင် ဖြစ်သည်။
ထိုဓားမကြီး၏ ကိုယ်ထည်မှနေ၍ အံ့မခန်း ထက်ရှလှသော လှိုင်းဂယက်များက ခပ်ရေးရေး ထွက်ပေါ်နေလေသည်။
သူ၏ မျက်လုံးများက အေးစက်ညို့မှိုင်းနေပြီး ခံစားချက်ကင်းမဲ့နေသည့် ထုံထိုင်းမှုများက မြင်သူတိုင်းကို ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေလောက်အောင် ကြောက်မက်ဖွယ်ကောင်းလှ၏။
ထိုတပည့်များသည် သူ့အနီးသို့ ချဉ်းကပ်ရန်ပင် မဝံ့မရဲ ဖြစ်နေကြသည်။
ဝူယွမ်၏ စိတ်အစဉ်မှာ အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ ဤလူ၏ အသက်အရွယ်မှာ သိပ်မကြီးသေးသော်ငြား လောကဓံကို အလူးအလဲ ခံစားထားရသူတစ်ဦးသဖွယ် ရင့်ကျက်တည်ငြိမ်သည့် ခံစားချက်မျိုးကို ပေးစွမ်းနေ၏။
အရေးအကြီးဆုံးမှာ သူ၏ စွမ်းအင်အရှိန်အဝါက မနိမ့်ကျလှပေ။ သူသည် နိဗ္ဗာန်အဆင့် ၉ တွင်သာ ရှိနေသော်ငြား ယခင်က ဝူယွမ် သတ်ဖြတ်ခဲ့ဖူးသော ၀ရမ်းစာရင်းဝင် အဆင့်လေး နေရာမှ ယောင်းလင်းထက်ပင် ပိုမိုအားကောင်းနေသေးသည်။
“ဟွမ်ဟွမ်၊ သူက ငါတို့ တောင်ဂိုဏ်းက တပည့်တစ်ယောက်ပဲလား၊” ဝူယွမ်က သူ၏ဘေးရှိ ယင်းဟွမ်ဟွမ်ကို မေးလိုက်လေသည်။
“အဲ့ဒါက ငါတို့ ကောင်းကင်ခန်းမက ဂိုဏ်းတူအစ်ကိုကြီး ဝမ်ယန်လေ၊” ယင်းဟွမ်ဟွမ်က နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်လိုက်ရင်း သူမ၏ ပုံမှန်အားဖြင့် ကြည်လင်သာယာသော အသံလေးမှာ ယခုအခါတွင် အနည်းငယ် တိုးဝင်နေခဲ့သည်။
“ဝမ်ယန်၊” ဝူယွမ်က တိုးတိုးလေး ရေရွတ်လိုက်၏။ တစ်ဖက်လူထံမှ ထွက်ပေါ်နေသော အရှိန်အဝါများအရ ဤသူသည် သာမန်လူတစ်ယောက် မဟုတ်ကြောင်း ဝူယွမ် သိမြင်နိုင်ပေသည်။
ဤသူကား ဝမ်ယန်ပင် ဖြစ်နေတော့၏။
၀မ်ယန်၏ အတိတ်ကဇာတ်လမ်းကို မသိသူများပင်လျှင် သူ၏ ပုံပန်းသဏ္ဍာန်ကို ကြည့်ရုံဖြင့် ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေသော အတိတ်သမိုင်းများ ရှိနေကြောင်း ခန့်မှန်းသိရှိနိုင်ပေသည်။
“သူက နည်းနည်းတော့ ထူးခြားပုံရတယ်၊ ယောင်းလင်းဆီကထက် ပိုပြီးပြင်းထန်တဲ့ သတ်ဖြတ်လိုတဲ့ အရှိန်အဝါတွေကို သူ့ဆီကနေ ငါခံစားနေရတယ်၊” ဝူယွမ်က ပြောလိုက်သည်။
ယင်းဟွမ်ဟွမ်သည် သက်ပြင်းတစ်ချက်ကို နက်နက်ရှိုင်းရှိုင်း ရှူသွင်းလိုက်ပြီး တီးတိုးပြောပြလိုက်လေသည်။
“ဘာဖြစ်လို့လဲဆိုတော့ ဂိုဏ်းတူအစ်ကိုကြီး ဝမ်ယန်ကလည်း ဂိုဏ်းရဲ့ ၀ရမ်းစာရင်းထဲမှာ ပါဝင်နေလို့ပဲ၊ သူ့ရဲ့ အဆင့်က ယောင်းလင်းထက်တောင် မြင့်သေးတယ်၊ ၀ရမ်းစာရင်းရဲ့ အဆင့်နှစ်နေရာမှာ ရှိတယ်၊”
“ပြီးခဲ့တဲ့ ဂိုဏ်းပြိုင်ပွဲတုန်းက ယွမ်ဂိုဏ်းရဲ့ သတ်ဖြတ်တာကို ခံလိုက်ရတဲ့ ငါတို့ရဲ့ ကောင်းကင်ခန်းမက ဂိုဏ်းတူအစ်မကြီးအကြောင်း ဟိုတစ်ခေါက်က ငါပြောပြဖူးတာကို နင်မှတ်မိသေးလား၊”
“အဲဒီ ဂိုဏ်းတူအစ်မကြီးက ဂိုဏ်းတူအစ်ကိုကြီး ဝမ်ယန်ရဲ့ အစ်မအရင်းလေ”
ယင်းဟွမ်ဟွမ်၏ မျက်နှာပေါ်တွင် ဝမ်းနည်းကြေကွဲမှု အရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။
ဤဂိုဏ်းတူအစ်ကိုကြီးကို မြင်တွေ့လိုက်ရခြင်းက သူမကို တောင်ဂိုဏ်း၏ အတိတ်က နာကျင်မှုများကို ပြန်လည်အမှတ်ရစေခဲ့၏။
ဂိုဏ်းတူအစ်မကြီး စတေးခံလိုက်ရမှုသည် တောင်ဂိုဏ်းတစ်ခုလုံးအတွက် အမြဲတစေ အနာရွတ်တစ်ခုအဖြစ် တည်ရှိနေခဲ့လေသည်။
ထိုဂိုဏ်းတူအစ်မကြီး သေဆုံးပြီးနောက် တောင်ဂိုဏ်းနှင့် ယွမ်ဂိုဏ်းတို့အကြား အမုန်းတရားများမှာ ပိုမိုပြင်းထန်လာခဲ့ပြီး တွေ့ဆုံသည်နှင့် သတ်ဖြတ်ကြမည့် အခြေအနေအထိ ဆိုးရွားလာခဲ့သည်။
“အဲ့ဒီအချိန်တုန်းက ဂိုဏ်းတူအစ်ကိုကြီး ဝမ်ယန်ကလည်း ငါတို့ ကောင်းကင်ခန်းမရဲ့ တပည့်တစ်ယောက်ပဲ၊ ဝါအရဆိုရင် သူက ငါ့အစ်မထက်တောင် ဝါစဉ်ပိုကြီးသေးတယ်”
“သေချာစဉ်းစားကြည့်မယ်ဆိုရင် အခုလက်ရှိ တောင်ဂိုဏ်းရဲ့ လူငယ်မျိုးဆက် တပည့်တွေထဲမှာ သူက ဝါအရင့်ဆုံးပဲ၊” ယင်းဟွမ်ဟွမ်က ဆက်ပြောလေသည်။
“ဂိုဏ်းတူအစ်မကြီး သေဆုံးပြီးတဲ့နောက်မှာ ဂိုဏ်းတူအစ်ကိုကြီး ဝမ်ယန်က အကြီးအကျယ် ထိခိုက်သွားခဲ့တယ်၊ သူ့ရဲ့ စရိုက်ကလည်း လုံးဝကို ပြောင်းလဲသွားပြီး တခြားလူတစ်ယောက်လို ဖြစ်သွားခဲ့တယ်”
“ဒါ့အပြင် အဲဒီအချိန်တုန်းက အဖေက အခြေအနေအရပ်ရပ်ကို ထည့်သွင်းစဉ်းစားပြီး ဂိုဏ်းတစ်ခုလုံးရဲ့ ဒေါသတွေနဲ့ လက်စားချေချင်တဲ့ ဆန္ဒတွေကို အတင်းအဓမ္မ ဖိနှိပ်ထားခဲ့ရတယ်၊”
“ဒါပေမယ့် အဲ့ဒီအချိန်က ဂိုဏ်းတူအစ်ကိုကြီး ဝမ်ယန်က အမုန်းတရားတွေ ဖုံးလွှမ်းနေပြီး အသိဉာဏ်ကင်းမဲ့နေပြီလေ၊ နောက်ပိုင်းကျတော့ သူက ကောင်စီခန်းမထဲကို ပြေးဝင်သွားပြီး အဖေ့ကိုတောင် ထိန်းမနိုင်သိမ်းမရ ဆဲဆိုကြိမ်းမောင်းခဲ့သေးတယ်၊”
“အဲ့ဒီနောက်ပိုင်း ဂိုဏ်းတူအစ်ကိုကြီး ဝမ်ယန်က တောင်ဂိုဏ်းမှာ နာရီဝက်လောက်ပဲ နေပြီး ထွက်သွားခဲ့တယ်၊ ဒီနှစ်တွေထဲမှာ သူ့အကြောင်း သတင်းတချို့ကို ငါတို့ တစ်ခါတလေပဲ ကြားရတော့တယ်”
“သူက အပြင်ဘက်မှာ ယွမ်ဂိုဏ်းရဲ့ တပည့်တွေကို လိုက်လံသတ်ဖြတ်နေခဲ့လို့ ယွမ်ဂိုဏ်းက သူ့ကို ၀ရမ်းထုတ်ထားတာ”
“သတ်ဖြတ်မှုတွေ အရမ်းများလွန်းခဲ့တယ်၊ သူက သူ့ကိုယ်သူ ၀ရမ်းစာရင်းရဲ့ ဒုတိယနေရာကို ရောက်အောင် လုပ်ခဲ့တာပဲ”
“တကယ်တော့ ဒီနှစ်တွေထဲမှာ ဂိုဏ်းတူအစ်ကိုကြီး ဝမ်ယန် ယွမ်ဂိုဏ်းရဲ့ လိုက်လံသတ်ဖြတ်မှုတွေကနေ အသက်ရှင်နိုင်ခဲ့တာ အဖေက သူ့ကို လျှို့ဝှက်ကူညီပေးနေလို့ပဲ၊”
“ဒါပေမယ့် ဂိုဏ်းတူအစ်ကိုကြီး ဝမ်ယန်ကတော့ ဒီအကြောင်းကို လုံးဝ သိမှာမဟုတ်ဘူး၊”
“ဂိုဏ်းတူအစ်ကိုကြီး ဝမ်ယန်အတွက် အဖေက အပြစ်မကင်းသလို ခံစားနေရတယ်၊ ငါတို့ တောင်ဂိုဏ်းတစ်ခုလုံးကလည်း အပြစ်ရှိသလို ခံစားနေရတယ်၊"
“ဂိုဏ်းတူအစ်မကြီးအတွက် တရားမျှတမှုကို ရှာဖွေပေးဖို့ ငါတို့မှာ လုံလောက်တဲ့ အင်အားမရှိခဲ့ဘူး၊”
“လူသိန်းနဲ့ချီရှိတဲ့ ဂိုဏ်းကြီးတစ်ခုလုံးအတွက် အဖေက အခြေအနေအရပ်ရပ်ကို ထည့်သွင်းစဉ်းစားပြီး ဆုံးဖြတ်ခဲ့ရတာ”
“ဒါအတွက် အဖေ့ကို အပြစ်တင်လို့မရဘူး၊ သူကိုယ်တိုင်လည်း နာကျင်နေခဲ့ရတာပဲ”
ယင်းဟွမ်ဟွမ်၏ မျက်ဝန်းများထဲတွင် ဝမ်းနည်းမှုများ ပြည့်လျှံနေခဲ့သည်။ ဂိုဏ်းအပေါ်ထားရှိသော သူမ၏ ချစ်မြတ်နိုးမှုမှာ ဤအချိန်တွင် အထင်အရှား ပေါ်လွင်နေခဲ့၏။
သူမသည် ယွမ်ဂိုဏ်းကို အလွန်တရာ မုန်းတီးနေခဲ့လေသည်။ သူမ၏ ဖခင်မှာလည်း အလွန်ခက်ခဲသော အချိန်ကာလများကို ဖြတ်သန်းခဲ့ရသည်။
ကျိုးထုံကို ယွမ်ဂိုဏ်းက သတ်ဖြတ်ခဲ့စဉ်က ကျိုးထုံသည် ယင်းရွှမ်းဇီ၏ တိုက်ရိုက်အဓိကတပည့် တစ်ဦးဖြစ်ခဲ့၏။
ထိုအချိန်က ယင်းရွှမ်းဇီ၏ ဒေါသနှင့် ဝမ်းနည်းကြေကွဲမှုများကို တွေးကြည့်ရုံမျှဖြင့် သိနိုင်သော်လည်း ဂိုဏ်းတစ်ခုလုံးကို မထိခိုက်စေရန်အတွက် လက်စားချေလိုသည့် အတွေးများကို အတင်းအဓမ္မ ဖိနှိပ်ထားခဲ့ရလေသည်။
ယွမ်ဂိုဏ်းသည် အလွန်အမင်း အားကောင်းလွန်းလှသည်။ တောင်ဂိုဏ်းအနေဖြင့် ယွမ်ဂိုဏ်းကို တိုက်ခိုက်မည်ဆိုပါက ဂိုဏ်းတစ်ခုလုံး ပျက်စီးသွားရုံသာ အဖတ်တင်ပေလိမ့်မည်။
“ဒါဆို အခု သူက ဘာအတွက်ပြန်လာတာလဲ... ခန်းမစစ်ဆေးပွဲအတွက်လား၊ ဒါမှမဟုတ် ဂိုဏ်းပြိုင်ပွဲအတွက်လား၊” ဝူယွမ်က မေးလိုက်၏။
ယင်းဟွမ်ဟွမ်က ပြန်လည်ဖြေကြားလိုက်လေသည်။ “တောင်ဂိုဏ်းရဲ့ စည်းမျဉ်းတွေအရ ခန်းမစစ်ဆေးပွဲမှာ ပထမရတဲ့သူက ဂိုဏ်းပြိုင်ပွဲမှာ ပါဝင်မယ့် တပည့်တွေကို ဦးဆောင်ခွင့် ရလိမ့်မယ်၊”
“ဂိုဏ်းတူအစ်ကိုကြီး ဝမ်ယန် အခုပြန်လာတာက ဂိုဏ်းပြိုင်ပွဲမှာ တောင်ဂိုဏ်းရဲ့ အင်အားကိုသုံးပြီး ယွမ်ဂိုဏ်းကို လက်စားချေဖို့ ဖြစ်နိုင်တယ်၊”
ဝမ်ယန်သာ အဖွဲ့ကို ဦးဆောင်မည်ဆိုပါက မည်သို့ဖြစ်လာမည်ကို သူမ၏ မသိစိတ်မှ ပုံဖော်ကြည့်မိသွား၏။
“ဂိုဏ်းတူအစ်ကိုကြီး ဝမ်ယန်ရဲ့ စရိုက်က ခေါင်းမာပြီး အေးစက်လွန်းတယ်၊ သူသာ သူ့သဘောအတိုင်း လုပ်မယ်ဆိုရင် ယွမ်ဂိုဏ်းရဲ့ တပည့်တွေကို သတ်ဖြတ်ဖို့ကိုပဲ ဦးစားပေးလိမ့်မယ်၊”
“အဲဒီလိုသာဆိုရင် တောင်ဂိုဏ်းက တပည့်တွေအတွက် ပိုပြီး ကြီးမားတဲ့ သေကျေပျက်စီးမှုတွေကိုပဲ ဖြစ်စေလိမ့်မယ်”
“သူ အဲဒီလိုလုပ်တာကလည်း နားလည်ပေးလို့ ရနိုင်ပါတယ်...” ဝူယွမ် သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်လေသည်။
သူတစ်ပါး၏ ဆင်းရဲဒုက္ခကို ကိုယ်တိုင်မခံစားဖူးဘဲနှင့် အခြားသူများကို ကြင်နာတတ်ရန် မတိုက်တွန်းသင့်ပေ။ ဝမ်ယန်သည် သူ၏ အစ်မကို ဆုံးရှုံးခဲ့ရပြီး ထိုကဲ့သို့သော နာကျင်မှုကို သူတစ်ဦးတည်းသာ နားလည်နိုင်ပေလိမ့်မည်။
ထို့ကြောင့် သူ၏ မည်သည့် အစွန်းရောက် လုပ်ရပ်များကိုမဆို ဝူယွမ် နားလည်ပေးနိုင်ခဲ့သည်။ သူ၏ မျက်ဝန်းများထဲတွင် စာနာမှုနှင့်အတူ မိမိ၏ ပန်းတိုင်ဆီသို့ ခိုင်မာစွာ လျှောက်လှမ်းလိုသည့် စိတ်ဓာတ်များလည်း ထင်ဟပ်လာခဲ့၏။
***