ဝမ်မိသားစု စံအိမ်ကြီး၏ စာကြည့်ခန်းအတွင်း၌ ဝမ်ရွှမ်ချဲ့နှင့် သူ၏သား ဝမ်ရှင်းယဲ့တို့ နှစ်ဦးတည်း ထိုင်နေကြသည်။
"ယန်မိသားစုရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မင်း ဘယ်လို မြင်လဲ" ဟု ဝမ်ရွှမ်ချဲ့က မေးလိုက်၏။
ဝမ်ရှင်းယဲ့က ကြောက်ရွံ့ ထိတ်လန့်နေဆဲ အမူအရာဖြင့် "ကြောက်စရာကောင်းတယ်။ တကယ်ကို ကြောက်ခမန်းလိလိပါပဲ" ဟု ပြန်ဖြေလေသည်။
တစ်ညတည်းနှင့် ယန်မိသားစု၏ အဓိက အမာခံလူ ခုနစ်ဦးစလုံးကို ရှင်းလင်းသုတ်သင်ပစ်ခဲ့သည်။ ထို့အပြင် သေဆုံးမှုတိုင်းကို မတော်တဆမှုများအဖြစ် ဖန်တီးထားသေး၏။ ဤလုပ်ရပ်ကား အလွန်တရာမှ ရက်စက်ပြီး ထိတ်လန့်ဖွယ် ကောင်းလှပေသည်။
ဝမ်ရွှမ်ချဲ့က "သူ့လုပ်ရပ်တွေက ပြတ်သားပြီး ရက်စက်လွန်းတယ်။ နောင်လာမယ့် ပြဿနာတွေ အတွက် ဘာအစအနမှ ချန်မထားခဲ့သလို သဲလွန်စဆိုလို့ တစ်စက်ကလေးမှကို မကျန်ခဲ့တာ။ တကယ်ကို ထူးချွန်လွန်းတဲ့ ကောင်လေးပဲ" ဟု ဆိုလေသည်။
ရွှယ်နင်လေး စေ့စပ်ထားပြီးသား ဖြစ်နေတာတော့ နှမြောစရာပင်။ ထိုသို့သာ မဟုတ်လျှင် သူမအား ယဲ့ပုဖန်နှင့် သဘောတူလိုက်၍လည်း ဘာမျှ မှားယွင်းမည် မဟုတ်ပေ။
ဝမ်ရှင်းယဲ့က "အဖေကရော... ဒီကိစ္စကို ယဲ့ပုဖန် လုပ်တာလို့ ထင်နေတာလား" ဟု မေးလိုက်သည်။
"ဒါ မေးနေစရာ လိုသေးလို့လား"
ဝမ်ရွှမ်ချဲ့က မျက်မှောင်ကြုတ်လျက် "ကျန်းပေ့မြို့ရဲ့ ထိပ်သီး မိသားစုကြီး လေးခုထဲက တစ်ခုအနေနဲ့ ယန်မိသားစုရဲ့ အင်အားက ဘယ်လောက် ကြီးမားသလဲ။ နှစ်ပေါင်းများစွာတိုင်အောင် ဘယ်သူမှ သူတို့ကို မထိရဲခဲ့ကြဘူးလေ"
"ဒါပေမဲ့ ယန်ရွှယ်မင်က သူ့ညီမကို ဖမ်းဆီးသွားပြီး သိပ်မကြာခင်မှာပဲ ယန်မိသားစုတစ်ခုလုံး သေပွဲဝင်သွားရတယ်။ ဒီကိစ္စကို ဘယ်သူလုပ်သလဲ ဆိုတာ လူမိုက်တောင် သိနိုင်တယ်"
ဝမ်ရှင်းယဲ့က "ဒါပေမဲ့ ယန်မိသားစုက နှစ်တွေတစ်လျှောက် ရန်သူတွေ အများကြီး မွေးထားခဲ့တာလေ။ အထူးသဖြင့် ယန်ရွှယ်မင် ဆိုရင် မောက်မာပြီး သောင်းကျန်းလွန်းလို့ လူတော်တော်များများကို စော်ကားခဲ့ဖူးတယ်။ တခြားတစ်ယောက်ယောက်ကများ ဝင်လုပ်သွားတာ ဖြစ်နိုင်မလား"
ဝမ်ရွှမ်ချဲ့က "မင်းပြောတာ မှန်ပါတယ်။ ယန်မိသားစုကို ကလဲ့စားချေချင်တဲ့သူတွေ အများကြီး ရှိတယ်။ ဒါပေမဲ့ ရည်ရွယ်ချက် ရှိတာက ဒုတိယအချက်ပဲ။ အရေးအကြီးဆုံးက အဲဒီလို လုပ်နိုင်တဲ့ စွမ်းရည် ရှိဖို့ပဲ" ဟု ခပ်လေးလေး ဆိုလေသည်။
ရှဟိုအောက်၊ ယန်မိသားစုနှင့် ရှီမိသားစုတို့ကို သူတို့၏ အသက်ကယ်ကြေးများ အဆက်မပြတ် ထုတ်ပေးလာအောင် လုပ်နိုင်သူ၊ အသက်မငဲ့ဘဲ တိုက်ခိုက်တတ်သော လူမိုက်တစ်ယောက်ကိုပင် သေမတတ် ကြောက်လန့်သွားအောင် လုပ်နိုင်သူ... ဤစွမ်းရည်မျိုးကား ယဲ့ပုဖန်လို လူမျိုးထံ၌သာ ရှိနိုင်လောက်ပေသည်။
ဝမ်ရှင်းယဲ့က "အဖေက ယဲ့ပုဖန်ကို တော်တော်လေး အထင်ကြီးနေပုံရတယ်" ဟု ဆို၏။
ဝမ်ရွှမ်ချဲ့က ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်။ သူက တကယ်ကို ရှားပါးလှတဲ့ လူငယ်လေး တစ်ယောက်ပဲ။ သူ တကယ်ကို ထူးချွန်လွန်းတယ်" ဟု ဝန်ခံလိုက်သည်။
သူ တစ်သက်နှင့်တစ်ကိုယ် ဤမျှ ထူးချွန်သော ပါရမီရှင်မျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင် ဖြစ်သည်။
ဝမ်ရှင်းယဲ့က "ဒါဖြင့် အဖေက ညီမလေးနဲ့ သူ့ကို သဘောတူလိုက်တော့မလို့လား" ဟု စိုးရိမ်တကြီး မေးလိုက်သည်။
"ဘယ်ဟုတ်ပါ့မလဲ"
ဝမ်ရွှမ်ချဲ့က ခေါင်းခါယမ်းလိုက်ရင်း "ယဲ့ပုဖန်က ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ သူက လူတစ်ယောက်တည်းလေ။ နောက်ထပ် ဆယ်နှစ်၊ အနှစ် နှစ်ဆယ်လောက် နေရင်တော့ သူ သေချာပေါက် ကြီးကျယ်တဲ့ အောင်မြင်မှုတွေ ရလာမှာပါ။ နှမြောစရာ ကောင်းတာက ငါတို့ ဝမ်မိသားစုမှာ အဲဒီလောက်အထိ စောင့်ဆိုင်းဖို့ အချိန်မရှိတာပဲ"
ဝမ်မိသားစုသာ အောင်မြင်ချင်လျှင် အင်အားကြီးမားသော ကျောထောက်နောက်ခံ တစ်ခုကို ရှာရမည်။ ဤအတွက် ချန်ဆွန်းမိသားစုက အသင့်တော်ဆုံး ဖြစ်သည်။
ယှဉ်ကြည့်လိုက်မည်ဆိုလျှင် ယဲ့ပုဖန် တစ်ယောက်တည်း၏ အင်အားက ချန်ဆွန်းမိသားစု တစ်ခုလုံးနှင့် ဘယ်လိုမျှ မယှဉ်နိုင်ချေ။ အများကြီး ကွာခြားလွန်းလှသည်။
လူတစ်ယောက်က မည်မျှပင် ထူးချွန်နေပါစေ… ရာစုနှစ်ချီ သမိုင်းကြောင်းရှိသော မိသားစုကြီး တစ်ခုနှင့်တော့ ဘယ်လိုမျှ မနှိုင်းယှဉ်နိုင်ပေ။ ထို့ကြောင့် ဤစေ့စပ်ပွဲ ကိစ္စကို သူတို့ ဆက်လက် အကောင်အထည် ဖော်ရပေမည်။
ဝမ်ရှင်းယဲ့က "ဒါဆို အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ ပြီးခဲ့တဲ့ နှစ်ရက်လောက်က ပြင်ဆင်ထားတဲ့ အစီအစဉ်အတိုင်းပဲ ရှေ့ဆက်ကြမလား" ဟု မေးလိုက်၏။
ဝမ်မိသားစု တစ်နေ့လုံး တိတ်ဆိတ်နေခဲ့ခြင်း၏ အကြောင်းရင်းမှာ ယဲ့ပုဖန်ကို နှိမ်နင်းရန် အလုပ်များနေသောကြောင့် ဖြစ်ပေသည်။
ဝမ်ရွှမ်ချဲ့၏ အစီအစဉ်အရ သူသည် အင်အားမသုံးမီ ယဲ့ပုဖန်ကို ယဉ်ကျေးပျူငှာစွာ ဦးစွာ ဖျောင်းဖျမည် ဖြစ်သည်။ အကယ်၍ စကားပြောဆိုမှု အဆင်ပြေပါက ယဲ့ပုဖန်အား ဝမ်ရွှယ်နင်အနားမှ ထွက်သွားရန် သဘောတူစေနိုင်ပြီး အားလုံးအတွက် အကျိုးရှိသော အခြေအနေတစ်ရပ် ဖြစ်လာပေလိမ့်မည်။
အကယ်၍ စေ့စပ်ညှိနှိုင်းမှုသာ ကျရှုံးသွားပါက ကြိုတင်ပြင်ဆင်ထားသော သေနတ်သမားများကို အသုံးပြု၍ ရန်သူအား ကျည်ဆန်မိုးများအောက်တွင် အသေသတ်ရန် ဖြစ်လေသည်။
"မလုပ်နဲ့... အခု ငါတို့ရဲ့ အစီအစဉ်က အရမ်း အန္တရာယ်များလွန်းတယ်။ အင်အားသုံးပြီး ဖြေရှင်းလို့ မရနိုင်ဘူး။ ဉာဏ်သုံးမှသာ အနိုင်ရနိုင်လိမ့်မယ်"
ဝမ်ရွှမ်ချဲ့က ပြတ်သားစွာဖြင့် "အဲဒီ သေနတ်သမားတွေကို ပြန်လွှတ်လိုက်တော့။ လောလောဆယ် သူတို့ကို ငါတို့ မလိုအပ်တော့ဘူး" ဟု အမိန့်ပေးလိုက်သည်။
ယန်မိသားစု၏ ကိစ္စသည် သူ၏ မျက်စိရှေ့တွင် ပြင်းထန်သော သတိပေးချက် တစ်ခု အဖြစ် တည်ရှိနေ၏။ ယဲ့ပုဖန်လို လူမျိုးကို လွယ်လွယ်ကူကူ မစော်ကားသင့်ပေ။ ထိုသို့မဟုတ်လျှင် နောက်ဆက်တွဲ ဆိုးကျိုးများကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။
"နားလည်ပါပြီ"
ဝမ်ရှင်းယဲ့က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ဆက်ပြောသည်။ "ဒါပေမဲ့ သူတို့က လက်မခံဘူး ဆိုရင်ရော ဘယ်လိုလုပ်မလဲ။ ချန်ဆွန်းမိသားစုက မကြာခင် ကျွန်တော်တို့ဆီ ရောက်လာတော့မယ်။ ဒီကိစ္စကို ဒီအတိုင်း အချိန်ဆွဲထားလို့တော့ မရတော့ဘူး"
ဝမ်ရွှမ်ချဲ့က သက်ပြင်း တစ်ချက် ချလိုက်ပြီး "မစိုးရိမ်ပါနဲ့... သူတို့ သဘောတူလာအောင် ဖြေရှင်းရမယ့် နည်းလမ်းကို ငါ စဉ်းစားပါ့မယ်" ဟု ဆိုလေသည်။
"အခု မင်း ညီမလေးကို အိမ်ပြန်လာဖို့ သွားခေါ်ချေ။ ငါ ကိုယ်တိုင် သူတို့နဲ့ စကားပြောချင်တယ်"
"ဟုတ်ကဲ့ပါ အဖေ။ ကျွန်တော် အခုပဲ သွားလိုက်ပါ့မယ်"
ဝမ်ရွှမ်ချဲ့က "အဲဒီကို ရောက်ရင် သတိထားနော်။ ယဲ့ပုဖန်နဲ့ ဘာပြဿနာမှ မဖြစ်စေနဲ့" ဟု ထပ်မံ သတိပေးလိုက်သေး၏။
ဝမ်ရှင်းယဲ့သည် ခေါင်းညိတ်ပြလိုက်ပြီးနောက် စာကြည့်ခန်းထဲမှ ထွက်ခွာသွားလေသည်။
သူက စိတ်ထဲမှ ကြိတ်တွေးလိုက်သည်။ "ဒီလောက် ရက်စက်တဲ့ လူကို ငါက ဘယ်လိုလုပ် သွားစစရာ အကြောင်းရှိမှာလဲ။ သွားစမိရင် ငါ ဘယ်လိုသေမှန်းတောင် သိလိုက်ရမှာ မဟုတ်ဘူး"
***
ယဲ့ပုဖန်နှင့် ဝမ်ရွှယ်နင်တို့သည် ထမင်းစားစားပွဲတွင် အတူတကွ ထိုင်ကာ နံနက်စာ စားသုံးနေကြသည်။ သူတို့၏ အသွင်အပြင်မှာ အလွန်ပင် ရင်းနှီးနွေးထွေးလှပေသည်။
ဝမ်ရွှယ်နင်က "ရှောင်ဖန်... မနေ့ညက ကိစ္စ ငါ နင့်ကို မမေးရသေးဘူးနော်။ ရှောင်ကျင်းကို ဘယ်လို ကယ်လာခဲ့တာလဲ" ဟု မေးလိုက်၏။
ယဲ့ပုဖန်က "ငါ လက်တစ်ချောင်းတောင် အားစိုက်ထုတ်စရာ မလိုခဲ့ပါဘူး။ သူမကို ငါ ရှာတွေ့တဲ့ အချိန်မှာ ရှောင်ကျင်းက တစ်ယောက်တည်း ဖြစ်နေတာဆိုတော့ ဒီအတိုင်းပဲ ခေါ်လာခဲ့လိုက်တာ" ဟု ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
ဝမ်ရွှယ်နင်က အံ့ဩတကြီးဖြင့် "ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူမကို ဖမ်းသွားတဲ့ လူတွေကရော ဘယ်ရောက်သွားလို့လဲ" ဟု မေးလေသည်။
ယဲ့ပုဖန်က ရယ်မောလိုက်ရင်း "ငါလည်း မသိဘူးလေ။ အိမ်သာများ သွားနေကြသလားပဲ။ ဘာပဲဖြစ်ဖြစ် အဲဒီလူတွေကို ငါ မတွေ့ခဲ့ရဘူး" ဟု ဖြေ၏။
ဝမ်ရွှယ်နင်က သူမ၏ မျက်စောင်းလှလှလေးဖြင့် သူ့ကို တစ်ချက် ကြည့်လိုက်ပြီး "ကောင်းပြီလေ။ မပြောချင်လည်း နေပေါ့။ နင်က သိပ်လူလည်ကျတာပဲ" ဟု နှုတ်ခမ်းဆူကာ ပြောလိုက်သည်။
ထိုအချိန်တွင်ပင် အောက်ထပ်မှ လူခေါ်ခေါင်းလောင်းသံ မြည်လာလေသည်။
"ဒီလောက်စောစောစီးစီး ဘယ်သူ ရောက်လာပါလိမ့်"
ဝမ်ရွှယ်နင်က တံခါးဖွင့်ရန် မတ်တပ်ရပ်လိုက်သည်။
ယဲ့ပုဖန်က "ဘယ်သူ ရှိရဦးမှာလဲ။ နင့်အစ်ကိုပဲ နေမှာပေါ့" ဟု မှတ်ချက်ချလိုက်၏။
"မဖြစ်နိုင်ပါဘူး။ ငါ့အစ်ကိုဆီမှာ ဒီအိမ်သော့ ရှိတယ်လေ"
ဝမ်ရွှယ်နင် စကားပြောနေစဉ်မှာပင် တံခါးကို ဖွင့်လိုက်ရာ တံခါးဝ၌ ရပ်နေသူမှာ အခြားသူမဟုတ်ဘဲ ဝမ်ရှင်းယဲ့ ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။
ထိုအရာက သူမကို အတော်လေး အံ့အားသင့်သွားစေသည်။
"အစ်ကို... အစ်ကို့ဆီမှာ သော့ မရှိဘူးလား။ ဘာလို့ ခေါင်းလောင်း နှိပ်နေရတာလဲ" ဟု သူမက မေးလိုက်၏။
"အာ... အင်း... အစ်ကို သော့ကျန်ခဲ့လို့ပါ"
ဝမ်ရှင်းယဲ့ကမူ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ "ငါ့ဆီမှာ သော့ရှိတာပေါ့။ ဒါပေမဲ့ မင်းတို့ ယောက်ျားလေးနဲ့ မိန်းကလေး နှစ်ယောက်တည်း အိမ်ထဲမှာ ဘာတွေလုပ်နေကြမလဲ ဆိုတာ ဘယ်သူက သိနိုင်မှာလဲ"
အကယ်၍ ယဲ့ပုဖန် အလုပ်များနေချိန် သွားနှောင့်ယှက်မိ၍ ဒေါသထွက်သွားလျှင်ကော။ သူကတော့ ရုတ်တရက် နှလုံးရပ်ပြီး သေချင်သည့် ဆန္ဒ မရှိပေ။
ဝမ်ရွှယ်နင်က သိပ်မစဉ်းစားတော့ဘဲ ဝမ်ရှင်းယဲ့ကို အပေါ်ထပ်သို့ တိုက်ရိုက် ခေါ်ဆောင်သွားလေသည်။
ဝမ်ရွှယ်နင်သည် သူမအစ်ကို၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိပြီး ဖြစ်သော်လည်း "အစ်ကို... ဘာကိစ္စရှိလို့လဲ" ဟု မေးလိုက်သေး၏။
ဝမ်ရှင်းယဲ့က "အဖေ လွှတ်လိုက်လို့ပါ။ ညီမလေးကို အိမ်ခဏပြန်လာဖို့ သူက ခေါ်ခိုင်းလိုက်တယ်" ဟု ပြန်ဖြေသည်။
ဝမ်ရွှယ်နင်က ခေါင်းခါယမ်းလျက် "ညီမ မပြန်ဘူး" ဟု ပြတ်သားစွာ ငြင်းဆိုလိုက်သည်။
ဝမ်မိသားစုထံသို့ ပြန်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ပြန်လည်ထွက်ခွာလာရန် အလွန် ခက်ခဲသွားမည်ကို သူမ ကောင်းကောင်း သိထားပေသည်။
ဝမ်ရှင်းယဲ့က "မစိုးရိမ်ပါနဲ့။ အဖေက ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ ညီမလေးနဲ့ မစ္စတာယဲ့ကို အိမ်ပြန်လာပြီး စကားပြောချင်ရုံ သက်သက်ပါ" ဟု ရှင်းပြလေသည်။
ဝမ်ရွှယ်နင်က သံသယဖြင့် "တကယ်ပဲ အဲဒီလောက် ရိုးရှင်းလို့လား" ဟု မေးလိုက်သည်။
ကံကြမ္မာဆိုးက ယန်မိသားစုအပေါ် မည်သို့မည်ပုံ ကျရောက်သွားသည်ကို သူမ မသိရိုး အမှန်ပင်။ ထို့ပြင် သူမ၏ မိသားစုသည်လည်း ယဲ့ပုဖန်ကြောင့် အကြောက်တရားဖြင့် ဖိစီးနေရကြောင်း သူမ လုံးဝ မရိပ်မိပေ။
ဝမ်ရှင်းယဲ့က "ဟုတ်တယ်။ အဖေက ဘာပဲဖြစ်ဖြစ် ဒါဟာ ညီမလေးရဲ့ ဘဝအတွက် အရေးကြီးတဲ့ ကိစ္စဖြစ်လို့ မစ္စတာယဲ့နဲ့ သေချာ စကားပြောချင်တယ်လို့ ပြောတယ်"
ထိုသို့ ပြောလာသော်လည်း ဝမ်ရွှယ်နင်မှာ လုံးလုံးလျားလျား မယုံကြည်နိုင်သေးချေ။
ထိုအခိုက် ယဲ့ပုဖန်က ဝင်ပြောလိုက်သည်။ "ဒီလိုလုပ်ပါ သခင်လေးဝမ်... ခင်ဗျား အရင်ပြန်နှင့်လိုက်ပါ။ ကျွန်တော်တို့ နောက်မှ အတူတူ လိုက်ခဲ့ပါ့မယ်"
တစ်ဖက်လူ၏ စကားမှာ အမှန်လော၊ အမှားလော ဆိုသည်ကို မသိသော်လည်း ဝမ်ရှင်းယဲ့မှာ အတင်းအကျပ် ဆက်မပြောရဲတော့ပေ။ ထို့ကြောင့် ခေါင်းညိတ်လိုက်ပြီး "ဒါဆိုလည်း ကောင်းပါပြီလေ... ကျွန်တော် အရင် ပြန်နှင့်မယ်" ဟု ဆိုလေသည်။
ထိုသို့ ပြောပြီးနောက် သူသည် ကမန်းကတန်း ထွက်ခွာသွားတော့သည်။
ထွက်သွားသော သူ၏ ကျောပြင်ကို ကြည့်ရင်း ဝမ်ရွှယ်နင်က နားမလည်နိုင်သော အမူအရာဖြင့် "ဘာတွေ ဖြစ်နေတာလဲ။ ဒီနေ့ ငါ့အစ်ကို့ရဲ့ အမူအရာက နည်းနည်း တစ်မျိုးကြီး ဖြစ်နေသလိုပဲ" ဟု ရေရွတ်လိုက်၏။
ယဲ့ပုဖန်က "ဘာတွေက တစ်မျိုးကြီး ဖြစ်နေလို့လဲ" ဟု မေးလိုက်သည်။
"သေချာတော့ မပြောတတ်ဘူး။ ဒါပေမဲ့ ထူးဆန်းတယ်။ သူ နင့်ကို ကြောက်နေသလိုပဲ"
ဝမ်ရွှယ်နင်သည် သူမအစ်ကို၏ စိတ်နေသဘောထားကို ကောင်းကောင်း သိပေသည်။ ယန်မိသားစုဝင် ယန်ရွှယ်မင်လောက် မောက်မာပြီး သောင်းကျန်းမှု မရှိသော်ငြား သူသည် အလွန် မာနကြီးသော လူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ယနေ့ သူ၏ အပြုအမူကို သူမ အတော်လေး အံ့အားသင့်နေမိခြင်း ဖြစ်၏။
ယဲ့ပုဖန်က ခပ်ဟဟ ပြုံးလိုက်သည်။ သူက ဘာတွေ ဖြစ်နေသလဲဆိုသည်ကို သဘာဝကျကျပင် သိထားပြီးသား ဖြစ်၏။ သို့သော်လည်း သူက "နင် စိတ်ထင်နေတာ နေမှာပါ" ဟုသာ တုံ့ပြန်လိုက်သည်။
"ဖြစ်နိုင်ပါတယ်"
ဝမ်ရွှယ်နင်က ခေါင်းခါလိုက်ပြီး ထိုကိစ္စကို ဆက်မစဉ်းစားလိုတော့ပေ။ ထို့နောက် သူမက စိုးရိမ်တကြီးဖြင့် "အဖေက ငါတို့ကို ပြန်လာစေချင်နေတယ်။ အခု ငါတို့ ဘာလုပ်ကြမလဲ" ဟု မေးလိုက်သည်။
ယဲ့ပုဖန်က "ငါက နင့်နောက်ကို လိုက်ပေးရုံသက်သက်ပဲလေ။ အဆုံးအဖြတ်ကတော့ နင်ပေးရမှာပေါ့" ဟု ဖြေကြားလိုက်လေသည်။