ယဲ့ပုဖန်၏ ပြတ်သားသော သဘောထားကို မြင်သောအခါ ဝမ်ရွှမ်ချဲ့မှာ ရွေးချယ်စရာ မရှိတော့ဘဲ သူ၏ သမီးဘက်သို့ အာရုံလှည့်လိုက်ရတော့သည်။
ဝမ်ရွှယ်နင်က "အဖေ... ဘာပဲဖြစ်ဖြစ် ချန်ဆွန်းမိသားစုနဲ့ လက်ထပ်ရမယ့်ကိစ္စကို သမီး လုံးဝ သဘောမတူနိုင်ဘူး။ အဲဒီ ချန်ဆွန်းရှမ်း ဆိုတာကို သမီး သိလည်း မသိဘူး။ သူ့ကိုလည်း မယူချင်ဘူး" ဟု ထပ်မံ ပြောဆိုလိုက်၏။
"ပြီးတော့ သမီးမှာ ချစ်ရတဲ့သူ ရှိနေပြီမို့လို့ သမီးကို အတင်းအကျပ် ဖိအားမပေးဖို့ မျှော်လင့်ပါတယ်"
ဝမ်ရွှမ်ချဲ့သည် သူ၏ ပုံမှန် မောက်မာသော အသွင်အပြင်ကို မပြသတော့ပေ။ ထိုအစား သူက သက်ပြင်း ချလိုက်ပြီး စိတ်ပျက်လက်ပျက် အမူအရာဖြင့် "သမီးရယ်... ဒီကိစ္စအတွက် အဖေ့ကိုပဲ အပြစ်တင်ပါတော့။ အဲဒီတုန်းက အဖေက သမီးရဲ့ ခံစားချက်ကို ထည့်မတွေးဘဲ စိတ်လိုက်မာန်ပါနဲ့ ဒီစေ့စပ်ပွဲကို စီစဉ်ခဲ့မိတာပါ။ အဖေ့ အမှားပါ" ဟု ဆိုလေသည်။
"ဒါပေမဲ့ အခု လက်ထပ်ပွဲကို စီစဉ်ပြီးသွားပြီမို့လို့ ဒါကို ပြောင်းလဲလိုက်မယ် ဆိုရင် ဝမ်မိသားစုရဲ့ အနာဂတ် ဆုံးရှုံးသွားရုံတင် မကဘူး။ မိသားစုတစ်ခုလုံး ပျက်စီးသွားတဲ့အထိ အန္တရာယ်ရှိလာနိုင်တယ်"
"ဝမ်မိသားစုအတွက် အဖေ တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး... ဒီလက်ထပ်ပွဲကို သဘောတူပေးပါကွယ်"
"ဒါက..."
ဝမ်ရွှမ်ချဲ့၏ အလေးအနက် တောင်းပန်နေသော အမူအရာကို ရင်ဆိုင်လိုက်ရသောအခါ ဝမ်ရွှယ်နင်မှာ ဘာပြောရမှန်း မသိအောင် အပြောရခက်သွားသည်။
ဝမ်မိသားစု၏ အရှင်သခင် တစ်ဦးအနေဖြင့် ဝမ်ရွှမ်ချဲ့သည် အမြဲတမ်း ပြတ်သားပြီး အလွန်တရာ ခေါင်းမာသူ ဖြစ်သည်။ ဤမျှ နှိမ့်ချသော သဘောထားမျိုးကို ယခင်က တစ်ကြိမ်တစ်ခါမျှ မပြသဖူးခဲ့ရာ ဘေးတွင် ရပ်နေသော ဝမ်ရှင်းယဲ့ပင်လျှင် အံ့အားသင့်သွားရပေသည်။
ဝမ်ရွှယ်နင်က စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်၏။ အကယ်၍ သူမဖခင်သာ သူ၏ ခေါင်းမာသော ရပ်တည်ချက်ကို ဆက်လက် ဆုပ်ကိုင်ထားမည် ဆိုပါက သူမသည် နောက်ဆုံး အဆုံးအဖြတ်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး လုံးဝ အလျှော့ပေးမည် မဟုတ်ပေ။
သို့သော် ယခုအခါ ဖခင်ဖြစ်သူက "တောင်းပန်ပါတယ်" ဟူသော စကားလုံးကို သုံးစွဲလာသောအခါ သူမသည် ရုတ်တရက် အထိတ်တလန့် ဖြစ်သွားပြီး အကူအညီတောင်းသည့် အကြည့်ဖြင့် ယဲ့ပုဖန်ကို လှမ်းကြည့်လိုက်သည်။
ယဲ့ပုဖန်၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာပြီး သူက လက်လှမ်း၍ သူ၏ ဗိုက်ကို ပုတ်ပြလိုက်၏။
ထိုအခါမှ ဝမ်ရွှယ်နင်သည် ရုတ်တရက် သတိဝင်လာပြီး သူတို့နှစ်ဦး ကြိုတင်ပြင်ဆင်ထားသော တန်ပြန် မဟာဗျူဟာကို အလောတကြီးဖြင့် မေ့လျော့နေခဲ့ကြောင်း သဘောပေါက်သွားလေသည်။
ဤသည်မှာ သူမ၏ အပြစ်တော့ မဟုတ်ပေ။ ကျန်းမာရေး ကောင်းမွန်လွန်းလှသော မိန်းမပျိုလေး တစ်ဦးက သူမတွင် ကိုယ်ဝန်ရှိနေပြီဟု ရုတ်တရက် ကြေညာရမည်မှာ လွယ်ကူသော ကိစ္စမျိုးတော့ မဟုတ်ချေ။
စိတ်ပိုင်းဖြတ်ပြီးနောက် သူမသည် အတော်လေး တည်ငြိမ်သွားပြီး "သမီးမှာ ရွေးချယ်စရာ မရှိတော့ဘူး အဖေ။ အရင်ကဆိုရင်တော့ အဖေ ပြောတာကို သမီး သေချာပေါက် သဘောတူမိမှာပဲ။ ဒါပေမဲ့ အခု သမီးမှာ ရှောင်ဖန်ရဲ့ ကလေး ရှိနေပြီလေ။ ကလေးကိုတော့ သမီး ကိုယ်ဝန်ဖျက်ချလိုက်လို့ မရဘူးလေ" ဟု ဆိုလိုက်သည်။
"ငါ..."
ဝမ်ရွှမ်ချဲ့မှာ ချက်ချင်း ကြက်သေသေသွားပြီး သူ၏ တံတွေးနင်ကာ သီးမတတ်ပင် ဖြစ်သွားရ၏။
သမီးဖြစ်သူထံမှ ထွက်ပေါ်လာမည့် တုံ့ပြန်မှု အမျိုးမျိုးကို သူ စိတ်ကူးယဉ်ကြည့်ခဲ့ပြီး ဖြေရှင်းရန် နည်းလမ်းများကိုလည်း ပြင်ဆင်ထားခဲ့သော်လည်း သူမတွင် ကိုယ်ဝန်ရှိနေမည်ဟုတော့ ဘယ်တုန်းကမှ မတွေးထားခဲ့မိပေ။ အရာအားလုံးက ရုတ်တရက် ဆန်လွန်းလှသည်။
ဝမ်ရှင်းယဲ့မှာလည်း ထိုနည်းတူပင် ဖြစ်၏။ ရလဒ်က ဤသို့ဖြစ်လာမည်ဟု သူ အိပ်မက်ပင် မမက်ဖူးချေ။
သူ၏ ညီမလေးတွင် ကိုယ်ဝန်ရှိနေပြီတဲ့လား။ ဒါ တကယ်ပဲ ဖြစ်နိုင်ပါ့မလား။
"သမီး... သမီး အဖေ့ကို လိမ်နေတာများလား"
တစ်မိနစ်ခန့်မျှ မှင်တက် တိတ်ဆိတ်သွားပြီးနောက် ဝမ်ရွှမ်ချဲ့သည် နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး မေးလိုက်သည်။ "အဖေ သိသလောက်ဆိုရင် မင်းတို့ နှစ်ယောက် တွဲလာတာ ရက်ပိုင်းပဲ ရှိသေးတယ်လေ။ ဘယ်လိုလုပ် ဒီလောက် မြန်မြန် ကိုယ်ဝန်ရနိုင်မှာလဲ"
ဝမ်ရွှယ်နင်သည် စိတ်ထဲတွင် ကျေနပ်သွားသော်လည်း အတတ်နိုင်ဆုံး တည်တည်ငြိမ်ငြိမ် ရှိစေရန် ဟန်ဆောင်ထားလိုက်၏။
"တကယ်တော့ သမီးတို့ တွဲလာတာ တစ်နှစ်နီးပါးလောက် ရှိနေပါပြီ။ ဒါပေမဲ့ သမီးတို့က လျှို့ဝှက်ထားခဲ့တာမို့ အခုမှပဲ လူသိရှင်ကြား ဖွင့်ပြောဖြစ်တာပါ။ အခု သမီးမှာ ကိုယ်ဝန်ရှိနေပြီ ဆိုတာကို ရုတ်တရက် သိလိုက်ရတော့ ကလေးလေးကို ဒုက္ခမရောက်စေချင်တာနဲ့ သမီးတို့ရဲ့ ဆက်ဆံရေးကို လူသိရှင်ကြား ချပြလိုက်တာပါ"
စကားပြောပြီးနောက် သူမသည် ပြားကပ်နေသော သူမ၏ ဝမ်းဗိုက်လေးကို သနားစဖွယ် ပွတ်သပ်လိုက်လေသည်။
ယဲ့ပုဖန်မှာ ဘေးမှ ကြည့်နေရင်း လျှို့ဝှက် ရယ်မောနေမိ၏။ မိန်းမများမှာ မွေးရာပါ သရုပ်ဆောင်များ ဖြစ်သည် ဟူသော စကားမှာ မှန်ကန်ကြောင်း ယခု သက်သေပြနေပြီ ဖြစ်သည်။ ဤအမျိုးသမီး၏ သရုပ်ဆောင်မှုက အလွန် ပီပြင်လွန်းလှသဖြင့် သူမ၏ ဗိုက်ထဲတွင် တကယ်ပဲ ကလေးတစ်ယောက် ရှိနေသယောင် ထင်မှတ်ရပေသည်။
သေချာရေရာသော အဖြေတစ်ခုကို ရရှိလိုက်ပြီးနောက် ဝမ်ရွှမ်ချဲ့မှာ လုံးဝကို ကြောင်တောင်တောင် ဖြစ်သွားတော့သည်။ သူတို့က သမီးဖြစ်သူကို ကလေးဖျက်ချရန် အတင်းအကျပ် ဖိအားပေးရတော့မည်လော။
သူ ရက်စက်နိုင်၊ မရက်စက်နိုင် ဆိုသည်ကို ဘေးဖယ်ထားလိုက်လျှင်ပင် ဤအတွေးမျိုး ရှိနေသည့်တိုင် ထုတ်ပြောရဲမည် မဟုတ်ပေ။ အကြောင်းမှာ ထိုကလေးငယ်၌ အလွန် ကြောက်မက်ဖွယ် ကောင်းသည့် ဖခင်တစ်ဦး ရှိနေသောကြောင့်ပင်။
သူ ဘာဆက်လုပ်ရမှန်း မသိအောင် ဖြစ်သွား၏။ ဝမ်မိသားစု၏ ပြတ်သားပြီး ရက်စက်သော အရှင်သခင် တစ်ဦးအနေဖြင့် သူသည် ဤကဲ့သို့သော အခြေအနေမျိုးကို ယခင်က တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ။
အထိတ်တလန့် ဖြစ်သွားသည့် အခိုက်အတန့်တွင် သူသည် ဘေးရှိ သူ၏သားကို လှမ်းကြည့်လိုက်သော်လည်း ဝမ်ရှင်းယဲ့မှာ သူ့ထက်ပင် ပို၍ ဇဝေဇဝါ ဖြစ်နေပြီး မည်သို့ ဖြေရှင်းရမည်ကို လုံးဝ မသိရှိပေ။
လေထုမှာ အလွန်တရာ အနေရခက်ဖွယ် ကောင်းနေစဉ်မှာပင် အိမ်တော်ထိန်းကြီးက အပြင်ဘက်မှ ပြာယာခတ်လျက် ပြေးဝင်လာလေသည်။
"သခင်ကြီး... ဟုန်မန်လုပ်ငန်းစုရဲ့ သခင်မကြီးနဲ့ သခင်လေး ချန်ဆွန်းရှမ်းတို့ ရောက်လာပါပြီ"
"ဘာ... သူတို့ ဒီလောက်စောစော ရောက်လာပြီလား"
ဝမ်ရွှမ်ချဲ့၏ နဖူးတွင် ချွေးစေးများ ပျံကျလာ၏။ ဤမျှ မြန်ဆန်စွာ ရောက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
ဤပြဿနာကို ဖြေရှင်း၍ မပြီးသေးမီမှာပင် နောက်ထပ် ပြဿနာ တစ်ခုက တံခါးလာခေါက်နေပြီ ဖြစ်ကာ ယခုတစ်ကြိမ်တွင်မူ ယဲ့ပုဖန်နှင့် တိုက်ရိုက် ထိပ်တိုက်တွေ့ဆုံမှု ဖြစ်လာတော့မည် ဖြစ်သည်။ ဤသည်မှာ အင်္ဂါဂြိုဟ်နှင့် ကမ္ဘာဂြိုဟ်တို့ ဝင်တိုက်မိသကဲ့သို့ မဟုတ်ပါလား…။
သို့သော် အခုတော့ အခြားနည်းလမ်း မရှိတော့ပေ။ သူတို့က တံခါးဝသို့ ရောက်နေပြီဖြစ်ရာ ပြန်လွှတ်လိုက်၍လည်း မရနိုင်ချေ။
"သူတို့ကို မြန်မြန် ခေါ်လာခဲ့လိုက်ပါ"
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် လူခုနစ်ယောက်၊ ရှစ်ယောက်ခန့်သည် စံအိမ်ကြီး၏ ပင်မခန်းမဆောင် တံခါးဝမှ ဝင်ရောက်လာကြသည်။
အဖွဲ့ကို ဦးဆောင်လာသူမှာ ဟုန်မန်လုပ်ငန်းစုကို တည်ထောင်သူ ချန်ဆွန်းတုန်းကျွီး ဖြစ်သည်။ သူမသည် အသက် လေးဆယ်၊ ငါးဆယ် ဝန်းကျင်တွင် ရှိနေသည်မှာ ထင်ရှားသော်လည်း အပြင်ပန်းကြည့်လျှင် အသက် ၃၀ ခန့်သာ ရှိသေးသယောင် ထင်ရပေသည်။
သူမသည် အရပ်မြင့်မြင့်နှင့် လှပချောမောပြီး အသက်အရွယ် အနည်းငယ် ရလာသော်ငြား သူမ၏ အလှတရားများကား အနည်းငယ်မျှ လျော့ပါးသွားခြင်း မရှိပေ။ ထို့အပြင် ချန်ဆွန်းမိသားစု၏ သမီးကြီးနှင့် ဟုန်မန်လုပ်ငန်းစု၏ အကြီးအကဲ တစ်ဦးအနေဖြင့် သူမထံမှ မောက်မာပြီး အင်အား ကြီးမားသော အငွေ့အသက်များ သဘာဝကျကျပင် ထွက်ပေါ်နေ၏။
ယဲ့ပုဖန်သည် ချန်ဆွန်းတုန်းကျွီးကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွားသည်။ ဤအမျိုးသမီးကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ကြောင်း အသေအချာ သိသော်လည်း အကြောင်းရင်း တစ်စုံတစ်ရာကြောင့် သူမနှင့် ထူးဆန်းသော ရင်းနှီးကျွမ်းဝင်မှုနှင့် နီးကပ်မှု တစ်ခုကို ခံစားနေရ၏။
မကြာမီမှာပင် သူ၏ အာရုံသည် ချန်ဆွန်းတုန်းကျွီး၏ အနောက်တွင် ပါလာသော အဘွားအိုတစ်ဦးထံသို့ ရောက်ရှိသွားသည်။ အဘွားအိုမှာ ခါးကိုင်းကိုင်းနှင့် ကြိုးကြာငှက်တစ်ကောင်ကဲ့သို့ ကိုယ်နေဟန်ထား ရှိပြီး အလွန်တရာ အိုမင်းနေပုံ ရပေသည်။
သူမ၏ အသားအရေမှာ ကြက်သီးဖုများ ထနေပြီး လမ်းလျှောက်ရာတွင်လည်း အနည်းငယ် ယိမ်းယိုင်နေသဖြင့် တစ်စုံတစ်ယောက်က တွဲကူပေးချင်စိတ်ပင် ပေါက်သွားစေနိုင်သည်။
သို့သော် အဘွားအိုမှာ သိုင်းပညာရှင် တစ်ဦးဖြစ်ကြောင်း ယဲ့ပုဖန် ချက်ချင်း သိလိုက်သည်။ သူမ၏ ကျင့်ကြံမှုမှာ ကျန်းပေ့မြို့၏ နံပါတ်တစ် သိုင်းဆရာကြီး ရှဟိုအောက်ထက်ပင် တစ်ဆင့် ပိုမို မြင့်မားနေပြီး မြေကမ္ဘာအဆင့် အစောပိုင်းအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်လေသည်။
ချန်ဆွန်းတုန်းကျွီး၏ ဘေးတွင် အသက် နှစ်ဆယ်ကျော် အရွယ် လူငယ်တစ်ဦး ရှိနေပြီး မောက်မာသော မျက်နှာထားဖြင့် ခေါင်းအစ ခြေအဆုံး နာမည်ကြီး အဝတ်အစားများကို ဝတ်ဆင်ထားကာ မြင့်မြတ်သော အငွေ့အသက်များကို ထုတ်လွှတ်နေ၏။
သူကား ဝမ်ရွှယ်နင်နှင့် စေ့စပ်ထားသူ၊ ချန်ဆွန်းတုန်းကျွီး၏သား ချန်ဆွန်းရှမ်းပင်တည်း။ ဤလူငယ်မှာ အတော်လေး ရုပ်ရည်ချောမောသော်လည်း ကောက်ကျစ်သော အသွင်အပြင် ရှိပြီး ရန်စရန် မကောင်းသော လူတစ်ယောက် ဖြစ်ပေသည်။
အခြား လူအနည်းငယ်မှာမူ အနက်ရောင် ဝတ်စုံများ ဝတ်ဆင်ထားပြီး အင်အားကြီးမားသော အငွေ့အသက်များ ထွက်ပေါ်နေသည့် ကိုယ်ရံတော်များ ဖြစ်ကြသည်။ သူတို့သည် ကျန်းပေ့မြို့ ထိပ်သီး မိသားစုကြီး လေးခုမှ ကိုယ်ရံတော်များထက် များစွာ ပိုမို အဆင့်မြင့် ကြလေသည်။
အထူးသဖြင့် ချန်ဆွန်းရှမ်း၏ အနောက်မှ ကပ်၍ လိုက်ပါလာသော ကိုယ်ရံတော် ခေါင်းဆောင်မှာ သိုင်းပညာရှင် တစ်ဦးဖြစ်ကြောင်း သိသာပြီး သူ၏ ကျင့်ကြံမှုသည် ကောင်းကင်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
"ညီမ တုန်းကျွီး... ရောက်လာပြီကိုး။ ဘာလို့ ကြိုမဖုန်းဆက်တာလဲ။ လေဆိပ်ကို ကြိုဖို့ လူလွှတ်ပေးလိုက်မှာပေါ့"
ဝမ်ရွှမ်ချဲ့က ချက်ချင်းပင် နွေးထွေးစွာ ဆီးကြို နှုတ်ဆက်လိုက်ပြီးနောက် ချန်ဆွန်းရှမ်းအား ကြင်နာစွာဖြင့် "လူငယ်လေး... မင်းကို မတွေ့ရတာ နှစ်တွေတောင် ကြာခဲ့ပြီပဲ။ အရပ်တွေရှည်ပြီး ချောမောလာလိုက်တာ။ တကယ့်ကို ထူးချွန်တဲ့ ယောက်ျားကောင်း တစ်ယောက်ပါပဲလား" ဟု ဆိုလေသည်။
"ရွှမ်ချဲ့... ငါတို့က မိသားစုတွေပဲလေ။ ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး"
ချန်ဆွန်းတုန်းကျွီးက သဘောကျစွာ ပြုံးလိုက်ပြီးနောက် ချန်ဆွန်းရှမ်းအား "ဦးလေးဝမ်ကို နှုတ်ဆက်လိုက်ပါဦး" ဟု ပြောလိုက်သည်။
ချန်ဆွန်းရှမ်း ဝင်လာသည်နှင့် တစ်ပြိုင်နက် သူ၏ အကြည့်တို့သည် တောက်ပ လှပနေသော ဝမ်ရွှယ်နင်ထံသို့ ချက်ချင်း ကျရောက်သွားလေသည်။
သူသည် နှစ်များတစ်လျှောက် အမျိုးသမီးပေါင်း မရေမတွက်နိုင်အောင် မြင်တွေ့ခဲ့ဖူးသော်လည်း ဤမျှ အဆင့်မြင့်သော အလှတရားမျိုးကို မြင်ဖူးခဲလှသည်။ အထူးသဖြင့် ကျောက်ကျောကဲ့သို့ ချောမွတ်နေသော သူမ၏ အသားအရေမျိုးကို သူ ယခင်က တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးခဲ့ရာ သွားရည်ကျမတတ်ပင် ဖြစ်သွားရ၏။
အသိစိတ် ပြန်ဝင်လာသောအခါ သူက ချက်ချင်းပင် "ယောက္ခမကြီး... မင်္ဂလာပါဗျာ" ဟု နှုတ်ဆက်လိုက်လေသည်။
"အမ်..."
ဤအသုံးအနှုန်းကြောင့် ဝမ်ရွှမ်ချဲ့မှာ အနေရခက်သွားရသည်။ မိသားစု နှစ်ခုကြား စေ့စပ်ထားသည့် သဘောတူညီချက် ရှိသော်လည်း ယောက္ခမကြီးဟု ခေါ်ရမည့် အဆင့်အထိတော့ မရောက်သေးပေ။
အရေးအကြီးဆုံး ပြဿနာမှာ သူ၏ သမီးဖြစ်သူက အခြားသူတစ်ယောက်၏ ကလေးကို ကိုယ်ဝန် ဆောင်ထားပြီး ဖြစ်ရာ ထိုကိစ္စကို မည်သို့ ဖြေရှင်းရမည်နည်း ဆိုသည်ကို သူ မသိခြင်းပင် ဖြစ်သည်။
"မင်းက သိပ်အလောတကြီး နိုင်လွန်းတယ် ကလေးရာ"
ချန်ဆွန်းတုန်းကျွီးက ချန်ဆွန်းရှမ်းအား ဆူပူလိုက်သော်လည်း သူမ၏ မျက်လုံးများထဲတွင်မူ အလိုလိုက် အချစ်ပိုနေသည့် အရိပ်အယောင်များ အပြည့်ရှိနေပြီး အပြစ်တင်သည့် အရိပ်အယောင် လုံးဝ မရှိချေ။
ထို့နောက် သူမက "အစ်ကို ရွှမ်ချဲ့... ရှမ်းအာက အလောတကြီးနဲ့ ခေါ်လိုက်မိပေမဲ့လည်း ဘာမှတော့ မဖြစ်ပါဘူးလေ။ ဒီတစ်ခေါက် ကျန်းပေ့မြို့ကို ငါတို့ လာခဲ့တာ ကလေးနှစ်ယောက်ရဲ့ လက်ထပ်ပွဲ ကိစ္စကို အပြီးသတ် ဆွေးနွေးဖို့ပါပဲ" ဟု ဆက်ပြောလေသည်။
ယခင်ကဆိုလျှင် ဝမ်ရွှမ်ချဲ့မှာ ဝမ်းသာလုံးဆို့သွားမည် ဖြစ်သော်လည်း ယခုအခါတွင်မူ မည်သို့ အဖြေပေးရမည်ကို သူ မသိတော့ချေ။
ထိုအခိုက်မှာပင် လူတစ်ယောက်က "အန်တီ ချန်ဆွန်း... ဒီလက်ထပ်ပွဲကို သဘောမတူဘူး" ဟု ဝင်ပြောလိုက်လေသည်။
***