အချိန်မှာ ညနေစောင်းနေပြီ ဖြစ်သော်လည်း ဝမ်ရွှယ်နင်၏ စိတ်အားထက်သန်မှုမှာ အနည်းငယ်မျှ လျော့ကျသွားခြင်း မရှိသေးပေ။ သူတို့နှစ်ဦး ခြေလှမ်း အနည်းငယ်မျှသာ လှမ်းရသေးချိန်တွင် မှုခင်းတပ်ဖွဲ့မှ ယူနီဖောင်းဝတ် လူခုနစ်ယောက်၊ ရှစ်ယောက်ခန့်သည် သူတို့ထံသို့ လျှောက်လာပြီး လမ်းပိတ်ရပ်လိုက်ကြလေသည်။
ဝမ်ရွှယ်နင်က "ကျွန်မ ဘာများ ကူညီပေးရမလဲရှင်" ဟု မေးလိုက်၏။
"အမှုတစ်ခု စုံစမ်းဖို့ပါ"
အဖွဲ့ကို ဦးဆောင်လာသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် ယဉ်ကျေးမှု မရှိဟန်ဖြင့် ဖြေကြားလိုက်ပြီးနောက် ယဲ့ပုဖန်ကို တစ်ချက် အကဲခတ်လိုက်ကာ "မင်းက ယဲ့ပုဖန်လား" ဟု မေးလိုက်သည်။
"ဟုတ်တယ်... ကျုပ်ပဲ"
ယဲ့ပုဖန်သည် စီမာဝေထံမှ သတိပေးချက်ကို ယခုလေးတင် ရရှိထားခဲ့ခြင်း ဖြစ်သော်လည်း တစ်ဖက်လူက ဤမျှ မြန်ဆန်စွာ ရောက်လာလိမ့်မည်ဟုတော့ အနည်းငယ် အံ့အားသင့်သွားမိ၏။
ထိုလူလတ်ပိုင်း အမျိုးသားသည် သက်သေခံ ကတ်ပြားတစ်ခုကို ထုတ်ပြလိုက်ပြီး "ငါက ကျန်းပေ့မြို့ မှုခင်းတပ်ဖွဲ့က ကော်ကျင်းပဲ။ အမျိုးသားနေ့ အားလပ်ရက်အတွင်း ဖြစ်ပွားခဲ့တဲ့ အမှုတစ်ခုနဲ့ ပတ်သက်ပြီး မင်းဘက်က ပူးပေါင်းပါဝင် စုံစမ်းခံဖို့ လိုအပ်နေတယ်။ အခု ငါတို့နဲ့ လိုက်ခဲ့ပါ" ဟု အမိန့်ပေးလိုက်သည်။
ယဲ့ပုဖန်မှာ တည်ငြိမ်နေဆဲ ဖြစ်သော်လည်း ဝမ်ရွှယ်နင်ကမူ စိုးရိမ်တကြီးဖြင့် "ဘာတွေ ဖြစ်ခဲ့တာလဲ ဆိုတာကို ပြောပြလို့ ရမလားရှင်" ဟု မေးလိုက်၏။
"တောင်းပန်ပါတယ်။ စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်တွေအရ လျှို့ဝှက်ထားဖို့ လိုအပ်ပါတယ်"
ကော်ကျင်းသည် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် လက်ကို ဝှေ့ယမ်းလိုက်ရာ လူနှစ်ယောက် ချက်ချင်း ထွက်လာပြီး ယဲ့ပုဖန်အား ဖမ်းဆီး ခေါ်ဆောင်သွားတော့သည်။
"ခဏလေး နေပါဦး..."
ဝမ်ရွှယ်နင် တစ်ယောက် စိတ်ပူသွားပြီး ဒေါသပေါက်ကွဲတော့မည့် ဆဲဆဲတွင် ယဲ့ပုဖန်က သူမကို တားမြစ်လိုက်လေသည်။
"မစိုးရိမ်ပါနဲ့... ငါ ဘာမှမဖြစ်ပါဘူး။ သူတို့က ငါ့ကို နည်းနည်းပါးပါး စစ်ဆေးဖို့ပဲ လိုတာပါ။ ငါ ခဏနေရင် ပြန်လာခဲ့မယ်"
"ဒါက..."
မှုခင်းတပ်ဖွဲ့၏ တာဝန်ထမ်းဆောင်နေခြင်းကို တားဆီးခြင်းမှာ ပြဿနာ ဖြေရှင်းရာ မရောက်ကြောင်း ဝမ်ရွှယ်နင် သဘောပေါက်သွားသဖြင့် ချက်ချင်းပင် "စိတ်မပူနဲ့နော်... ကူညီပေးနိုင်မယ့် သူတစ်ယောက်ယောက်ကို ငါ အခုပဲ ရှာလိုက်မယ်" ဟု အလျင်စလို ပြောလိုက်၏။
ယဲ့ပုဖန်က ခပ်ဟဟ ပြုံးလိုက်ပြီး "မလိုပါဘူး။ ငါ ဥပဒေနဲ့ မလွတ်ကင်းတာ ဘာမှ မလုပ်ထားပါဘူး။ ငါ့ကို ယုံပါ... ခဏနေရင် ပြန်လာခဲ့ပါ့မယ်" ဟု နှစ်သိမ့်လိုက်သည်။
ထိုသို့ ပြောပြီးနောက် သူသည် ကော်ကျင်းနှင့်အတူ ကုန်တိုက်ကြီးထဲမှ ထွက်ခွာလာခဲ့ပြီး နာရီဝက်ခန့် အကြာတွင် ကျန်းပေ့မြို့ မှုခင်းတပ်ဖွဲ့ ရုံးသို့ ရောက်ရှိလာကြလေသည်။
ကော်ကျင်းသည် ချဉ်းကပ်၍ မရနိုင်သော အငွေ့အသက်များကို ထုတ်လွှတ်လျက် မျက်နှာကို တင်းမာစွာ ထားရှိပြီး ယဲ့ပုဖန်ကို စစ်ကြောရေး အခန်းထဲသို့ တိုက်ရိုက် ခေါ်ဆောင်သွားလေသည်။
သံခုံပေါ်တွင် လက်ထိပ်ခတ်ခံထားရလျက် ထိုင်နေသော ယဲ့ပုဖန်ကို သူက တင်းမာသော မျက်နှာထားဖြင့် "မင်းဆီကို ငါတို့ ဘာလို့ လာရတာလဲ ဆိုတာ မင်း သိလား" ဟု မေးလိုက်၏။
ယဲ့ပုဖန်က ပြုံးလျက် "သိတာပေါ့" ဟု ပြန်ဖြေလိုက်သည်။
ကော်ကျင်း အနည်းငယ် မှင်တက်သွား၏။ ဤသည်မှာ ပုံမှန် မေးနေကျ မေးခွန်းတစ်ခုသာ ဖြစ်သော်ငြား တစ်ဖက်လူက ဤကဲ့သို့ တိုက်ရိုက် အဖြေပေးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
"ဒါဆို ပြောစမ်းပါဦး... မင်းဆီက ငါတို့ ဘာလိုချင်လို့လဲ"
ယဲ့ပုဖန်က "ဒါ မေးနေစရာ လိုသေးလို့လား။ သေချာပေါက် ပြဿနာ လာရှာတာပေါ့" ဟု ဖြေလေသည်။
ကော်ကျင်းက မျက်နှာထားကို ပိုမို တင်းမာလိုက်ပြီး "ဘာစကား ပြောတာလဲ။ ငါတို့က ဥပဒေနဲ့အညီ လုပ်ဆောင်နေတာကွ" ဟု ဟိန်းဟောက်လိုက်၏။
ယဲ့ပုဖန်က ရယ်မောလိုက်ရင်း "ကောင်းပြီလေ... ဒါဆို ကျုပ် ဘယ်ဥပဒေကို ချိုးဖောက်ထားလဲ ဆိုတာ ပြောပြပါလား" ဟု မေးလိုက်သည်။
"ယန်မိသားစုက လူခုနစ်ယောက် တစ်ညတည်းနဲ့ သေဆုံးသွားတယ်။ ပြီးတော့ ယန်ရွှယ်မင်ကလည်း ရုတ်တရက်ကြီး ပျောက်ဆုံးသွားတယ်။ ဒီကိစ္စတွေက မင်းနဲ့ ဘာမှ မပတ်သက်ဘူးလို့ ထင်နေတာလား"
ယဲ့ပုဖန်က "ခင်ဗျားပဲ ကျုပ်ကိုယ်စား ပြောပြီးသွားပြီလေ။ ဒီကိစ္စတွေက ကျုပ်နဲ့ တကယ်ကို ဘာမှ မပတ်သက်ပါဘူး" ဟု ပေါ့ပေါ့ပါးပါးပင် တုံ့ပြန်လိုက်၏။
"ယဲ့ပုဖန်... ဖြောင့်ဖြောင့်တန်းတန်း ထွက်ဆိုရင် သက်ညှာခွင့် ရမယ်ဆိုတာ မင်း သိလား"
"သိပါတယ်... ကျုပ် အခု အရမ်းကို ရိုးသားစွာ ဖြေနေတာပဲလေ"
ကော်ကျင်းက "ယန်ရွှယ်မင်က မင်းရဲ့ ညီမ အိုရန်ကျင်းကို ဖမ်းဆီးသွားခဲ့တယ်။ အဲဒီနောက် ယန်မိသားစုမှာ ဒီလောက်ကြီးမားတဲ့ ပြဿနာကြီး ဖြစ်သွားတယ်။ မင်းက သံသယ တရားခံ မဟုတ်ဘူး ဆိုတာကို ငါ ယုံမယ်လို့ ထင်နေတာလား" ဟု မေးလိုက်သည်။
"ယုံတာ၊ မယုံတာက ခင်ဗျား အပိုင်းလေ။ ကျုပ်ကို ဖမ်းချင်တယ် ဆိုရင် သက်သေ အထောက်အထား ထုတ်ပြ"
"ငါတို့ သက်သေ အထောက်အထားကို စောစောဖြစ်ဖြစ်၊ နောက်ကျမှဖြစ်ဖြစ် ရအောင် ယူမယ်"
ကော်ကျင်းက "အခု ပြောစမ်း... အဲဒီညက မင်း အတိအကျ ဘာတွေ လုပ်ခဲ့လဲ" ဟု မေးခွန်း ထုတ်လိုက်၏။
ယဲ့ပုဖန်က "ကျုပ် ညီမလေး အဖမ်းခံရတယ် ဆိုတာ ကြားကြားချင်း ကျုပ် အရမ်း ဒေါသထွက်သွားပြီး သူမကို နေရာအနှံ့ လိုက်ရှာခဲ့တယ်။ နောက်ဆုံးတော့ မြို့ပြင်က စွန့်ပစ်ထားတဲ့ စက်ရုံဟောင်း တစ်ခုမှာ ကျုပ် ညီမကို ဖမ်းသွားတဲ့ ကားကို တွေ့လိုက်ရတယ်"
"အဲဒီနောက် ကျုပ် စက်ရုံထဲ ဝင်ရှာတော့ ကျုပ် ညီမကို တိုင်တစ်တိုင်မှာ ကြိုးတုပ်ထားတာ တွေ့တာနဲ့ သူမကို ဖြည်ပေးပြီး ခေါ်လာခဲ့တာပဲ"
"ပြီးတော့ရော..."
"ပြီးတော့ ကျုပ်တို့ အိမ်ပြန်လာကြတာပေါ့။ အဲဒီမှာ တစ်ညလုံး အိပ်နေခဲ့ရမှာလား"
"ယဲ့ပုဖန်... မင်းရဲ့ ပြောဆိုပုံ အမူအရာကို သတိထားနော်"
"ကျုပ် အမူအရာ အရမ်း ကောင်းနေပါပြီ။ ခင်ဗျား မေးသမျှကို ဖြေပေးနေတာပဲလေ"
ကော်ကျင်း၏ မျက်နှာမှာ ပြာနှမ်းသွားပြီး "အထဲက ပြန်ပေးဆွဲတဲ့ ကောင်တွေရော ဘယ်ရောက်သွားလဲ" ဟု ထပ်မံ မေးလိုက်၏။
"မသိဘူးလေ... ကျုပ် အဲဒီကို ရောက်သွားတဲ့ အချိန်မှာ အထဲမှာ ဘယ်သူမှ မရှိတော့ဘူး။ ကျုပ် ညီမကတော့ အဲဒီလူတွေက သူမကို ကြိုးတုပ်ထားပြီး ထွက်သွားကြတယ်လို့ ပြောတာပဲ။ တိကျတဲ့ အကြောင်းရင်းကိုတော့ ကျုပ်လည်း မသိဘူး။ ခင်ဗျားတို့ပဲ အဲဒီ ပြန်ပေးသမားတွေကို မိအောင် ဖမ်းသင့်တာပေါ့"
သူ၏ ဒေါသကို မြိုသိပ်ထားရင်း ကော်ကျင်းက "အဲဒီနောက် ဘာဆက်ဖြစ်လဲ။ အဲဒီညက မင်း ဘယ်မှာ ရှိနေခဲ့လဲ" ဟု ဆက်မေးလေသည်။
"ညီမလေးကို အိမ်ပြန်ပို့ပြီးတော့ ကျုပ်လည်း အိမ်ပြန်သွားတာပေါ့။ ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်က စပြီး ကျုပ် ဝမ်သခင်မလေးနဲ့ အတူတူ နေနေတာလေ"
"ခင်ဗျား အခုလေးတင် တွေ့ခဲ့တဲ့ အတိုင်းပဲ... သူမက ကျုပ်ရဲ့ ချစ်သူကောင်မလေးလေ။ ပြီးတော့ ကျုပ်တို့က မကြာခင် လက်ထပ်တော့မှာ”
"မင်းတို့ တစ်ညလုံး အတူတူ ရှိနေခဲ့ကြတာလား။ ဘာတွေ လုပ်ခဲ့ကြလဲ"
"အဲဒါကတော့ တော်တော်လေး ပုဂ္ဂိုလ်ရေးဆန်တဲ့ မေးခွန်းပဲ။ ဒါပေမဲ့ ခင်ဗျားကို ပြောပြဖို့ ကျုပ် ဝန်မလေးပါဘူး"
ယဲ့ပုဖန်သည် အလွန် ပူးပေါင်း ဆောင်ရွက်လိုသော အမူအရာကို ဖန်တီးလိုက်ပြီး "ယောကျာ်းလေး တစ်ယောက်နဲ့ မိန်းကလေး တစ်ယောက် နှစ်ယောက်တည်း အတူတူ ရှိနေရင် ဘာတွေ လုပ်ကြမလဲ။ သေချာပေါက် လူကြီးတွေ လုပ်လေ့လုပ်ထရှိတဲ့ ကိစ္စတချို့ကို လုပ်ခဲ့ကြတာပေါ့"
"ဒါပေမဲ့ အဲဒီလောက်ပဲ ကျုပ် ပြောပြလို့ ရမယ်။ ဒီထက် ပိုပြီး အသေးစိတ် ပြောပြနေရင် ဆင်ဆာ ညိသွားလိမ့်မယ်"
"မင်း..."
ကော်ကျင်းမှာ သူ၏ ဒေါသကို ဆက်လက် မထိန်းချုပ်နိုင်တော့ဘဲ စားပွဲကို ရိုက်ချလိုက်ကာ "ယဲ့ပုဖန်... မင်း ဒီလို အမူအရာမျိုး လုပ်နေရုံနဲ့ ငါက မင်းကို ဘာမှ လုပ်လို့ မရဘူးလို့ မထင်နဲ့နော်" ဟု ဟိန်းဟောက်လိုက်၏။
"ဘာပဲဖြစ်ဖြစ်... မင်းက ဒီအမှုရဲ့ အဓိက သံသယ တရားခံပဲ။ ငါ မင်းကို အချုပ်ထဲ အရင် ထည့်ထားပြီးမှ ဆက်စစ်လို့ ရတယ်"
ယဲ့ပုဖန်က "ကျုပ် သိပါတယ်။ ဘာပဲဖြစ်ဖြစ် ခင်ဗျားရဲ့ နောက်ကွယ်မှာ ချန်ဆွန်းမိသားစု ရှိနေတာကိုး" ဟု အေးအေးဆေးဆေးပင် တုံ့ပြန်လိုက်သည်။
"မင်း ဘာပြောလိုက်တယ်"
ကော်ကျင်း၏ မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွား၏။ ယဲ့ပုဖန်သည် ဤအမှု၏ သံသယ တရားခံ ဖြစ်သော်လည်း မည်သည့် သက်သေ အထောက်အထားမှ မရှိပေ။ သူ့ကို ဖမ်းဆီးလာရခြင်း၏ အဓိက အကြောင်းရင်းမှာ ချန်ဆွန်းရှမ်းက သူ၏ အဆက်အသွယ်များနှင့် လွှမ်းမိုးမှုများကို အသုံးပြုခဲ့သောကြောင့်သာ ဖြစ်လေသည်။
"ကျုပ် ပြောတဲ့စကားကို ခင်ဗျား နားမလည်ဘူးလား"
ယဲ့ပုဖန်က "ကျုပ် ခင်ဗျားကို လုံလောက်တဲ့အထိ ပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီးပြီ။ အခု လုံလောက်ပြီ... မြန်မြန် လွှတ်ပေးလိုက်တော့။ မဟုတ်ရင် နောက်ဆက်တွဲ အကျိုးဆက်တွေကို ခင်ဗျား ခံနိုင်မှာ မဟုတ်ဘူး" ဟု ပြတ်သားစွာ သတိပေးလိုက်၏။
ကော်ကျင်းက အလျင်အမြန် တည်ငြိမ်အောင် ပြန်ထိန်းလိုက်ပြီး "ယဲ့ပုဖန်... မင်းက ဒီကနေ အပြင်ထွက်ဖို့ စဉ်းစားရဲသေးတယ်ပေါ့လေ။ ငါ မင်းကို ပြောလိုက်မယ်... ဒီနေ့ မင်း အချုပ်ထဲ ဝင်ရဖို့ ကံပါလာပြီးသားပဲ" ဟု ရိသဲ့သဲ့ ဆိုလေသည်။
"ခင်ဗျား လွန်လွန်ကျွံကျွံတွေ တွေးနေပြီ။ ကျုပ်ကို ဖမ်းဆီးဖို့ ခင်ဗျားမှာ လုံးဝ အခွင့်အရေး မရှိဘူး"
ယဲ့ပုဖန်သည် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ၏ လက်ကို တစ်ချက် ခါလိုက်ရာ လက်ထိပ် အတွင်းမှ လက်နှစ်ဖက်စလုံး ကျွတ်ထွက်သွားပြီး သံခုံပေါ်မှ မတ်တပ်ရပ်လိုက်လေသည်။
"မင်း ဘာလုပ်မလို့လဲ"
တစ်ဖက်လူတွင် ဤမျှလောက် စွမ်းရည်မျိုး ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သော ကော်ကျင်းမှာ လန့်ဖြန့်သွားပြီး သူ၏ ခါးရှိ လက်နက်ဆီသို့ အလျင်အမြန် လက်လှမ်းလိုက်၏။
ထိုအခိုက်မှာပင် သူ၏ မျက်စိရှေ့သို့ အနက်ရောင် မှတ်စုစာအုပ်ငယ်လေး တစ်အုပ် ရောက်ရှိလာပြီး ထိုစာအုပ်ပေါ်တွင် "ရွှမ်ယွမ်စံအိမ်" ဟူသော စာလုံး သုံးလုံးကို ရေးသားထားလေသည်။
ကော်ကျင်းမှာ မှင်တက်သွား၏။ မှုခင်းတပ်ဖွဲ့၏ ခေါင်းဆောင် တစ်ဦးအနေဖြင့် ဤကဲ့သို့ အထူး သက်သေခံ လက်မှတ်ကို သူ သိရှိထားပေသည်။ သူသည် သေနတ်ဆွဲထုတ်မည့် အလုပ်ကို ချက်ချင်း ရပ်တန့်လိုက်ပြီး ထိုမှတ်စုစာအုပ်လေးကို သတိထားကာ လှမ်းယူလိုက်လေသည်။
စာအုပ်ကို ဖွင့်ကြည့်လိုက်သောအခါ ယဲ့ပုဖန်၏ ဓာတ်ပုံကို ကပ်ထားသည်ကို တွေ့လိုက်ရပြီး ၎င်း၏ ဘေးတွင် သေးငယ်သော စာလုံးလေးများဖြင့် ရေးသားထားသည်မှာ- "ရွှမ်ယွမ်စံအိမ်၏ စတုတ္ထမြောက် အကြီးအကဲ - ယဲ့ပုဖန်"
ထိုစာကြောင်းကို ရှင်းလင်းစွာ မြင်လိုက်ရသည်နှင့် သူသည် အလွန်အမင်း ထိတ်လန့်သွားပြီး လက်များ တုန်ယင်လာကာ လက်မှတ်ကို မြေပြင်ပေါ်သို့ ပစ်ချမိမတတ်ပင် ဖြစ်သွားရ၏။ ရွှမ်ယွမ်စံအိမ်မှ လူများမှာ အလွန် ကြောက်စရာ ကောင်းနေပြီ ဖြစ်ကာ ယခု သူ့ရှေ့ရှိလူမှာ မြင့်မားသော ရာထူးနှင့် ကြီးမားသော အာဏာကို ကိုင်စွဲထားသည့် စတုတ္ထမြောက် အကြီးအကဲပင် ဖြစ်နေလေသည်။
ဤကဲ့သို့သော နောက်ခံမျိုး ရှိသူများကို သူ့အနေဖြင့် မဆိုထားနှင့်။ မှုခင်းတပ်ဖွဲ့၏ အမြင့်ဆုံး အကြီးအကဲများပင်လျှင် စုံစမ်းစစ်ဆေးရန် မရဲဝံ့ကြချေ။
"တ... တောင်းပန်ပါတယ် မစ္စတာယဲ့... ခင်ဗျားမှန်း ကျွန်တော်တို့ တကယ် မသိခဲ့လို့ပါ"
သူက အထစ်ထစ် အငေါ့ငေါ့ဖြင့် တောင်းပန်ရင်း လက်မှတ်ကို လက်နှစ်ဖက်ဖြင့် သေချာစွာ ကိုင်၍ ပြန်လည် ပေးအပ်လိုက်လေသည်။ အကယ်၍ ယဲ့ပုဖန်သာ ဤကိစ္စအတွက် တကယ် ဒေါသထွက်သွားပါက သူ အလုပ်ပြုတ်သွားနိုင်ပေသည်။
"ထားလိုက်ပါတော့... ဒီကိစ္စရဲ့ နောက်ကွယ်မှာ ဘယ်သူ ရှိနေလဲ ဆိုတာကို ကျုပ် သိပါတယ်"
ယဲ့ပုဖန်သည် ဤကဲ့သို့သော သာမန်လူ တစ်ယောက်နှင့် အငြင်းပွားနေရန် ပျင်းရိနေပြီဖြစ်ရာ "ကျုပ် အခု သွားလို့ ရပြီလား" ဟုသာ မေးလိုက်၏။
"ရ... ရပါတယ်ဗျာ။ သေချာပေါက် ရပါတယ်"
ကော်ကျင်းက ကမန်းကတန်း ဖြေလိုက်သည်။ တစ်ဖက်လူက ထွက်သွားရန် ဆန္ဒရှိနေခြင်းမှာ သူ့အနေဖြင့် နောက်ထပ် တာဝန်ခံရန် မလိုတော့ကြောင်း ဆိုလိုခြင်းဖြစ်ရာ ၎င်းမှာ အလွန် ကောင်းမွန်သော ကိစ္စပင် ဖြစ်လေသည်။
ယဲ့ပုဖန် ခြေနှစ်လှမ်းခန့် လှမ်းပြီးနောက် နောက်သို့ ပြန်လှည့်ကြည့်ကာ "စကားမစပ်... ကျုပ်ရဲ့ သရုပ်မှန်ကို လျှို့ဝှက်ထားရမယ်နော်။ ခင်ဗျား ဘာပြောရမလဲ ဆိုတာကို သိမှာပါ။ အကယ်၍ ပေါက်ကြားသွားခဲ့ရင် နောက်ဆက်တွဲ အကျိုးဆက်တွေကို ခင်ဗျားပဲ တာဝန်ယူရလိမ့်မယ်" ဟု သတိပေးလိုက်၏။
ကော်ကျင်းက ချက်ချင်းပင် ရင်ဘတ်ကိုပုတ်ကာ "မပူပါနဲ့... ဒီကိစ္စကို ကျွန်တော့် ရင်ထဲမှာပဲ ထားပါ့မယ်။ သေတဲ့အထိ ဘယ်သူ့ကိုမှ မပြောပါဘူးဗျာ" ဟု အာမခံလိုက်လေသည်။
ယဲ့ပုဖန်သည် သူ့ကို ဆက်လက် ဂရုမစိုက်တော့ဘဲ စစ်ကြောရေး အခန်းထဲမှ ထွက်ခွာကာ မှုခင်းတပ်ဖွဲ့ ရုံးထဲမှ ခြေလှမ်းကျဲကျဲဖြင့် ထွက်လာခဲ့တော့သည်။
သူ၏ အနောက်တွင် ကော်ကျင်း တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး သူ၏ နဖူးမှ ချွေးများကို အဆက်မပြတ် သုတ်ရင်း လျှို့ဝှက်စွာဖြင့် ကြောက်ရွံ့တုန်လှုပ်နေမိ၏။
"ဒီကောင်လေးက အလွယ်တကူ အနိုင်ကျင့်လို့ ရတဲ့ သာမန်ကောင်လေး တစ်ယောက်လို့ ငါ အစက ထင်ထားခဲ့တာ။ တကယ်တော့ သူက နောက်ကွယ်က အကောင်ကြီးကြီး ဖြစ်နေတာပဲ"
***