ကြောက်မက်ဖွယ် အန္တရာယ် အငွေ့အသက်မှာ အလွန်ပင် ပြင်းထန်လှသဖြင့် ယဲ့ပုဖန်၏ တစ်ကိုယ်လုံးရှိ အမွေးအမှင်များ ထောင်ထလာကာ ဦးရေပြားများပင် ထုံကျဉ်သွားရ၏။ သူ၏ အသက်အန္တရာယ်မှာ အချိန်မရွေး ကျရောက်လာတော့မည့်အလား ခံစားနေရပေသည်။
သူ၏ စိတ်ဝိညာဉ်အာရုံကို လျင်မြန်စွာ ဖြန့်ကြက်လိုက်သော်လည်း မီတာ ၅၀ ပတ်လည်အတွင်း ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ရချေ။
"ဒါ စနိုက်ပါသမားပဲ..."
ပတ်ဝန်းကျင် တစ်ခုလုံးမှာ မှောင်အတိ ကျနေပေသည်။ ဝေးကွာသော အကွာအဝေးမှ သူ့ကို ခြိမ်းခြောက်နိုင်သည့် အရာမှာ စနိုက်ပါသမားမှလွဲ၍ အခြားမရှိနိုင်ပေ။
ချန်ဆွန်းရှမ်းသည် စီမာဝေ ပြောခဲ့သည့်အတိုင်း တကယ်ပင် ရက်စက်ရုံသာမက ကောက်ကျစ်လှသည်။ သူသည် လုပ်ကြံမှု သုံးခုကို တစ်ခုပြီးတစ်ခု စီစဉ်ခဲ့ပြီး နျူကျိုကန်း ကျရှုံးသွားသည်နှင့် စနိုက်ပါသမားကို ချက်ချင်း အသုံးပြုကာ လုပ်ကြံခိုင်းလိုက်ခြင်း ဖြစ်၏။
သူ သဘောပေါက်လိုက်ချိန်မှာပင် ဝှစ်ခနဲ မြည်သံနှင့်အတူ ကျည်ဆန်တစ်တောင့်မှာ သူ၏ စိတ်ဝိညာဉ်အာရုံ နယ်ပယ်အတွင်းသို့ တိုးဝင်လာလေသည်။
သူ ရှောင်တိမ်းရန် ပြင်လိုက်သော်လည်း သူ၏နောက်တွင် ဝမ်ရွှယ်နင် ရှိနေသည်ကို သတိရကာ ချက်ချင်း ရပ်တန့်လိုက်၏။ သူသာ ရှောင်လိုက်လျှင် ဝမ်ရွှယ်နင်မှာ သေချာပေါက် အသက်ဆုံးရှုံးပေလိမ့်မည်။
"ဝပ်လိုက်..."
နောက်ဆုံးတွင် ယဲ့ပုဖန်သည် ကျည်ဆန်ကို ထိပ်တိုက်ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်ပြီး ဝမ်ရွှယ်နင်ကို မြေပြင်ပေါ်သို့ တွန်းချလိုက်၏။ ထိုအချိန်မှာပင် ရွှေရောင်ကျည်ဆန်တစ်တောင့်က သူ၏ ဘယ်ဘက်ရင်အုံကို ပြင်းထန်စွာ ထိမှန်သွားတော့သည်။
ကျည်ဆန်ထိမှန်သွားသည်နှင့် ယဲ့ပုဖန်မှာ ဒုတ်ခနဲ မြည်အောင် မြေပြင်ပေါ်သို့ လဲကျသွားကာ ကျည်ဆန် ထိမှန်သည့် နေရာကို ညာလက်ဖြင့် အုပ်ထားလေသည်။ သွေးများမှာ သူ၏ လက်ချောင်းများကြားမှ ချက်ချင်းပင် စီးထွက်လာ၏။
မီတာ ၅၀၀ အကွာရှိ တောင်ကုန်းငယ်လေးပေါ်တွင်မူ အနက်ရောင် ဝတ်စုံဝတ် လူနှစ်ဦးက တစ္ဆေများ အလား ပုန်းအောင်းနေကြသည်။
သူတို့အနက် တစ်ဦးမှာ မြေပြင်ပေါ်တွင် ဝပ်နေပြီး သူ၏ ရှေ့တွင် ကြီးမားသော နံရံဖျက် စနိုက်ပါရိုင်ဖယ် တစ်လက် ရှိနေပေသည်။
"ဘယ်လိုလဲ... အောင်မြင်လား"
မောင်းဖြုတ်ပြီးနောက် အနက်ရောင်ဝတ်စုံဝတ် လက်ထောက်ဖြစ်သူက မေးလိုက်၏။
စနိုက်ပါသမားက သူ၏ အနီအောက်ရောင်ခြည် မှန်ပြောင်းကို ကြည့်ရင်း "ငါက ညဖန်တီးရှင်ပဲ။ ငါ့ပစ်မှတ်က ဘယ်တော့မှ မလွဲဘူး။ အဲဒီကောင်ကတော့ နှလုံးတည့်တည့် ထိသွားပြီ။ သေချာပေါက် သေပြီပဲ" ဟု မောက်မာစွာ ဆိုလေသည်။
လက်ထောက်က "သေချာရဲ့လား။ နောက်တစ်တောင့် ထပ်ပစ်လိုက်ရမလား" ဟု ထပ်မေး၏။
စနိုက်ပါသမားက "မလိုပါဘူး။ ငါ ညဖန်တီးရှင်ရဲ့ အဘိဓာန်မှာ ဒုတိယတစ်တောင့် ထပ်ပစ်တယ်ဆိုတဲ့ အလေ့အထ မရှိဘူး" ဟု အပြည့်အဝ ယုံကြည်မှုဖြင့် ပြောလိုက်သည်။
သူသည် မှန်ပြောင်းထဲမှ ယဲ့ပုဖန်၏ နှလုံးတည့်တည့်ကို ကျည်ဆန်ထိမှန်သွားပြီး သွေးများ စီးကျလာသည်ကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ရခြင်း ဖြစ်၏။
ဤမျှ ပြင်းထန်သော ဒဏ်ရာမျိုးဖြင့်ဆိုလျှင် သူ၏ နှလုံးက တခြားနေရာသို့ ရွှေ့နေလျှင်တောင်မှ အသက်ရှင်ရန် လမ်းမရှိပေ။
"ကဲ... သဲလွန်စမကျန်အောင် မြန်မြန်ထွက်ကြစို့"
ထိုလူနှစ်ဦးမှာ မတ်တပ်ရပ်လိုက်ပြီး စနိုက်ပါရိုင်ဖယ်ကို ဘေးရှိ သေတ္တာထဲသို့ ထည့်ကာ အစအနများကို ဖျောက်ဖျက်၍ တိတ်ဆိတ်စွာ ထွက်ခွာသွားကြတော့သည်။
***
"ရှောင်ဖန်... နင် ဘယ်လိုနေသေးလဲ"
ဝမ်ရွှယ်နင်မှာ ရုတ်တရက် တွန်းချခံလိုက်ရသဖြင့် ဘာဖြစ်သွားမှန်းပင် မသိလိုက်ချေ။ သူမ သတိဝင်လာချိန်တွင် ယဲ့ပုဖန်မှာ သွေးအိုင်ထဲတွင် လဲကျနေပြီ ဖြစ်ရာ သူမ စိုးရိမ် ထိတ်လန့်သွားတော့သည်။
"ရှောင်ဖန်... နင် ဘာဖြစ်သွားတာလဲ။ ငါ့ကို ကြောက်အောင် မလုပ်နဲ့နော်"
ဝမ်ရွှယ်နင်၏ ရင်ထဲတွင် စူးရှစွာ နာကျင်သွားပြီး ယဲ့ပုဖန်၏ အနားသို့ ချက်ချင်း ပြေးသွားကာ သူ၏ နှာခေါင်းနားသို့ လက်လှမ်း၍ အသက်ရှူခြင်း ရှိ၊ မရှိ စမ်းသပ်လိုက်သည်။ သူ၏ အသက်ရှူသံမှာ အလွန်ပင် အားနည်းနေချေပြီ။
နောက်ဆုံးတွင် သူမသည် လရောင်အောက်၌ သူ ဒဏ်ရာရထားသော နေရာကို ကြည့်လိုက်ရာ သွေးများဖြင့် ရဲရဲနီနေသည်ကို တွေ့လိုက်ရ၏။
ယခုလေးတင် ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးကြည့်လိုက်မှ ယဲ့ပုဖန်သည် တစ်စုံတစ်ဦးက လုပ်ကြံတော့မည်ကို ကြိုတင် သိရှိခဲ့ပြီး သူမအတွက်ကြောင့် ဒဏ်ရာရသွားခြင်း ဖြစ်ကြောင်း သူမ သဘောပေါက်လိုက်လေသည်။
"နင်က လူအပဲ။ ငါ့ကို ဘာလို့ တွန်းချခဲ့တာလဲ။ နင်ပဲ ဘာလို့ ရှောင်မသွားတာလဲ"
အကြောင်းစုံကို နားလည်သွားသောအခါ သူမ၏ ပါးပြင်ပေါ်သို့ မျက်ရည်များ တစိမ့်စိမ့် စီးကျလာလေတော့သည်။
သူမကသာ ယဲ့ပုဖန်အပေါ် စိတ်ဝင်စားနေခြင်း ဖြစ်ပြီး သူကတော့ ကစားစရာအဖြစ်သာ သဘောထားသည်ဟု အစက သူမ ထင်ထားခဲ့ခြင်း ဖြစ်၏။ သို့သော် ယဲ့ပုဖန်မှာ သူမအတွက် အသက်စွန့်ရန် အထိ နက်ရှိုင်းစွာ ချစ်မြတ်နိုးနေလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ချေ။
"ရှောင်ဖန်... မြန်မြန် စကားပြောပါဦး။ နင့်ကို မသေစေချင်ဘူး။ နင့်ကို ငါ့ရဲ့ ချစ်သူအစစ်အဖြစ် ရှိနေစေချင်သေးတယ်"
ဝမ်ရွှယ်နင်သည် ငိုကြွေးနေရင်းမှ အရေးပေါ် ဆေးကုသမှုအတွက် ၁၂၀ ကို ဖုန်းဆက်ရန် ရုတ်တရက် သတိရသွားသည်။
သူမက ဖုန်းကို ပြာယာခတ်လျက် ထုတ်ယူလိုက်ချိန်မှာပင် ယဲ့ပုဖန်၏ အားနည်းလှသော အသံကို ကြားလိုက်ရ၏။ "ဖုန်းမဆက်နဲ့တော့... နောက်ကျသွားပြီ"
"အချိန်ရှိပါသေးတယ် ရှောင်ဖန်ရဲ့... မစိုးရိမ်နဲ့နော်။ သေချာပေါက် အချိန်ရှိပါသေးတယ်..."
"မထူးတော့ပါဘူး။ ဒီကျည်ဆန်က ငါ့ရဲ့ နှလုံးကို ထိသွားတာ။ ဆရာဝန်လာလည်း အပိုပဲ။ ဒီနောက်ဆုံး အချိန်လေးမှာ ငါ့ကို စကားအနည်းငယ်လောက် ပြောခွင့်ပေးပါ"
"ဟင့်အင်း... နင့်ကို မသေစေချင်ဘူး။ နင် သေသွားရင် ငါလည်း အသက်ရှင်မှာ မဟုတ်တော့ဘူး..."
ဝမ်ရွှယ်နင်သည် ယူကျုံးမရ ငိုကြွေးနေတော့သည်။ သူမ၏ရှေ့မှ အမျိုးသားသာ တကယ် သေဆုံးသွားခဲ့လျှင် သူမ ဆက်လက် အသက်ရှင်နေရန် အဓိပ္ပာယ် မရှိတော့ဟု သူမ အမှန်တကယ် ယုံကြည်ထားပေသည်။
"လျှောက်မပြောပါနဲ့။ ငါ့အတွက် မင်း လုပ်ပေးရမယ့် အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိသေးတယ်။ ဒါက ငါ့ရဲ့ နောက်ဆုံးဆန္ဒပဲ။ အဲဒါကို မဖြည့်ဆည်းပေးနိုင်ရင် ငါ သေရတာ မျက်စိမှိတ်မှာ မဟုတ်ဘူး"
ဝမ်ရွှယ်နင်သည် စိတ်ကို အတတ်နိုင်ဆုံး ထိန်းလိုက်ပြီး ရှိုက်ကြီးတငင်ဖြင့် "ပြောပါ... နင့်အတွက် ဘာပဲလုပ်ပေးရ လုပ်ပေးရ ငါ အစွမ်းကုန် ကြိုးစားပေးပါ့မယ်" ဟု ကတိပေးလိုက်၏။
"မင်း ပြောတာနော်... မင်းရဲ့ စကားကို မင်း ပြန်မရုတ်ရဘူးနော်..."
ဝမ်ရွှယ်နင်က "ငါ ကတိတည်ပါတယ်။ ပြောပါ... နင် ဘာကို ဖြစ်စေချင်တာလဲ"
ယဲ့ပုဖန်က "ငါ့ဘဝမှာ အကြီးမားဆုံး နောင်တက ကလေးမရှိတာပဲ။ ငါ့အတွက် ကလေး တစ်ယောက်လောက် မွေးပေးပါလား" ဟု ဆိုလေသည်။
ဝမ်ရွှယ်နင်မှာ ခေတ္တမျှ မှင်တက်သွားပြီး ငိုနေသည်မှာလည်း ရပ်သွားတော့သည်။ ထို့နောက် သူမက "နင်ကတော့လေ... ဘယ်လိုအချိန်ကြီးမှာတောင် နောက်ပြောင်နေရတာလဲ" ဟု ရေရွတ်လိုက်၏။
သူမသည် ယဲ့ပုဖန်နှင့် ကလေးယူရန် ဆန္ဒရှိသော်လည်း ယခုကဲ့သို့ ပြင်းထန်သော ဒဏ်ရာများ ရနေချိန်တွင်မူ သူမ ဆန္ဒရှိလျှင်ပင် မည်သို့မျှ မဖြစ်နိုင်ချေ။
"ဒါဆိုရင်တော့ ငါ မကျေမနပ်နဲ့ပဲ မျက်စိမမှိတ်ဘဲ သေရတော့မှာပေါ့..."
ယဲ့ပုဖန်သည် စကားပြောပြီးသည်နှင့် သူ၏ မျက်လုံးများမှာ လန်တက်သွားပြီး အသက်ရှူသံမှာလည်း ချက်ချင်း ရပ်တန့်သွားလေသည်။
ထိုမြင်ကွင်းကို ကြည့်ကာ ဝမ်ရွှယ်နင်မှာ နောက်တစ်ကြိမ် ငိုပွဲဆင်ပြန်သည်။ "ရှောင်ဖန်... သတိထားပါဦး။ နင်သာ အသက်ပြန်ရှင်လာမယ် ဆိုရင် နင် လိုချင်သလောက် ကလေးတွေ ငါ မွေးပေးပါ့မယ်"
"ငါ နင့်ရဲ့ ချစ်သူအစစ် ဖြစ်ပေးမယ်။ နင်သာ အသက်ရှင်မယ်ဆိုရင် နင့်မှာ ရည်းစား ဘယ်နှစ်ယောက်ပဲ ရှိရှိ ငါ ဂရုမစိုက်တော့ဘူး..."
"မင်း ပြောတာနော်... ပြီးမှ စကားကို ပြန်မရုတ်သိမ်းရဘူး”
စကားပြောနေရင်းဖြင့် ယဲ့ပုဖန်သည် မြေပြင်ပေါ်မှ ရုတ်တရက် ထထိုင်လိုက်သည်။ သူ၏ ပုံစံမှာ အင်အားအပြည့်နှင့် ဖြစ်နေပြီး ဒဏ်ရာရထားသည့် လက္ခဏာ တစ်စက်ကလေးမျှ မရှိချေ။
"အား..."
ဝမ်ရွှယ်နင်မှာ လန့်ဖြန့်သွားပြီး ပါးစပ်ကို လက်ဖြင့် အုပ်ကာ အော်ဟစ်လိုက်မိသည်။ အကယ်၍ သူမက သူ့ကို ဤမျှ နက်ရှိုင်းစွာ မချစ်ခဲ့လျှင် အမှန်တကယ်ပင် ထွက်ပြေးမိပေလိမ့်မည်။
"နင်... နင်... ဒါ... ဒါက ဘယ်လိုဖြစ်တာလဲ"
ယဲ့ပုဖန်က ပြုံးစစဖြင့် "မင်း ခုနက ပြောခဲ့တာတွေကို မှတ်ထားနော်။ ငါ့ရဲ့ ချစ်သူအစစ် ဖြစ်ပေးရမယ်။ ပြီးတော့ ကလေးတွေ အများကြီး မွေးပေးရမယ်ဆိုတာ"
"အဲဒါတွေကို ခဏထားဦး" ဝမ်ရွှယ်နင်က ထိတ်လန့်တုန်လှုပ်နေသော မျက်နှာဖြင့် "နင့်ရဲ့ ဒဏ်ရာကရော ဘယ်လိုနေလဲ" ဟု မေးလိုက်၏။
"ငါ လုံးဝ အဆင်ပြေပါတယ်။ ဒဏ်ရာ တစ်စက်တောင် မရပါဘူး"
ဝမ်ရွှယ်နင်က "ဒါပေမဲ့ စောစောက ကျည်ဆန်ထိသွားတာကို ငါ မြင်လိုက်တာပဲလေ။ ပြီးတော့ သွေးတွေလည်း အများကြီး ထွက်လာတာကို"
"မင်း ဆိုလိုတာက ဒါကိုလား... ဒီမှာလေ"
ယဲ့ပုဖန် စကားပြောရင်း သူ၏ ညာလက်ကို ဖြန့်ပြလိုက်ရာ လက်ဖဝါးထဲတွင် သွေးများ စွန်းထင်နေသော စနိုက်ပါ ကျည်ဆန်တစ်တောင့်ကို တွေ့လိုက်ရလေသည်။
"ငါ့ကို ကျည်ဆန် တကယ် ထိခဲ့တာပါ။ ဒါပေမဲ့ ငါက သံချပ်ကာ ဝတ်ရုံ ဝတ်ထားလို့ အရေးကြီးတဲ့ အချိန်မှာ ငါ့အသက်ကို ကယ်လိုက်နိုင်တာပေါ့"
"ဘယ်လို သံချပ်ကာ ဝတ်ရုံက ဒီလောက်အထိ စွမ်းအားကြီးတာလဲ"
ဝမ်ရွှယ်နင် တစ်ယောက် သူမ၏ ဦးနှောက်မှာ အလုပ်မလုပ်တော့သလို ခံစားလိုက်ရ၏။
"ဒါပါပဲ"
ယဲ့ပုဖန်သည် စကားပြောရင်း သူ၏ အင်္ကျီကို လှန်ပြလိုက်ရာ အနက်ရောင် ဝတ်ရုံ တစ်ထည်ကို တွေ့လိုက်ရသည်။
အာဖရိကမှ ပြန်လာပြီးနောက် သူသည် အားလပ်ချိန်ကို အသုံးပြုကာ မျက်လုံးသုံးလုံး မိုးကြိုးမြွေ၏ အရေခွံဖြင့် သူ့အတွက် ကိုယ်ကျပ် သံချပ်ကာ ဝတ်ရုံတစ်ခုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
မျက်လုံးသုံးလုံး မိုးကြိုးမြွေမှာ မိစ္ဆာသားရဲ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ နဂါးနှင့် ဖီးနစ် အမြွှာဓားပင်လျှင် ၎င်းကို မထိခိုက်နိုင်ချေ။ စနိုက်ပါ ကျည်ဆန်လောက်ကိုတော့ ပြောနေစရာပင် မလိုပေ။
ယဲ့ပုဖန်ထံ၌ နဂါးစွယ် ဟူသော နတ်ဘုရား လက်နက်သာ မရှိခဲ့လျှင် ထိုအရေခွံကို ဖြတ်တောက်နိုင်မည် မဟုတ်ချေ။ ဤဝတ်ရုံလေး တစ်ထည် ဖြစ်လာရန်ပင် သူ သုံးရက်ခန့် အချိန်ယူခဲ့ရသည်။
သို့သော် ဤသည်မှာ ယဲ့ပုဖန်တွင် လုံလောက်သော အတွင်းအား ရှိနေသောကြောင့်သာ ဖြစ်၏။ အကယ်၍ သာမန်လူသာ ဆိုပါက ဝတ်ရုံ ဝတ်ထားလျှင်ပင် စနိုက်ပါ ကျည်ဆန်၏ ကြီးမားလှသော ဖျက်ဆီးအားကြောင့် ရင်ညွန့်ရိုးများ ကျိုးကြေသွားပေလိမ့်မည်။
ဝမ်ရွှယ်နင်သည် သူ၏ ရင်ဘတ်ကို လက်လှမ်း၍ စမ်းကြည့်လိုက်ရာ မည်သည့် အမှတ်အသားမျှ မရှိချေ။ ထို့နောက် သူမက "ဒါပေမဲ့ နင် ဒဏ်ရာမရဘူး ဆိုရင် နင့်လက်ပေါ်က သွေးတွေက ဘယ်က ရောက်လာတာလဲ" ဟု မေးလိုက်လေတော့သည်။