လုမိသားစု နေအိမ်အတွင်း၌ လုထျန်းချီသည် ကုဖုန်းအား "ဆရာကြီးကု... ကျွန်တော် အခုလေးတင် သတင်းရတယ်။ ချန်ဆွန်းရှမ်းက မနေ့ညက ယဲ့ပုဖန်ကို တိုက်ခိုက်ခဲ့တယ်တဲ့" ဟု ပြောလိုက်၏။
ကုဖုန်းသည် ခေါင်းမော့မကြည့်ဘဲ သူ၏ လက်ဖက်ရည်ကိုသာ အေးအေးလူလူ သောက်နေရင်း "ရလဒ်ကရော..." ဟု ခပ်တိုးတိုး မေးလိုက်သည်။
လုထျန်းချီက အံကိုကြိတ်ကာ "ရလဒ်ကတော့ ဘာမှ မထူးခြားလာတာပဲ။ အဲဒီ ယဲ့ပုဖန် ဆိုတဲ့ကောင်က အခုထိ ဘာမှမဖြစ်ဘဲ နေကောင်းကျန်းမာနေတုန်းပဲဗျ" ဟု ဖြေလေသည်။
ကုဖုန်းသည် သူ၏ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး "ယဲ့ပုဖန်ဆီမှာ ဒီလောက်အထိ စွမ်းရည် ရှိလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ လူတွေ အများကြီး သူ့ကို နှိမ်နင်းဖို့ ကြိုးစားခဲ့ကြပေမဲ့ ဘယ်သူမှ ဘာမှ မလုပ်နိုင်ကြဘူးပဲ" ဟု ဆို၏။
လုထျန်းချီက "ကြည့်ရတာ ဆရာကြီးကိုယ်တိုင် ပါမှပဲ ဖြစ်တော့မယ် ထင်တယ်" ဟု အကြံပြုလေသည်။
ကုဖုန်းက "သခင်ကြီးလု... စိတ်ချပါ။ ငါက စကားတည်တဲ့သူပါ။ မင်းကို ကူညီမယ်လို့ ကတိ ပေးထားပြီးမှတော့ ငါ့ကတိကို ဘယ်တော့မှ ဖျက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါတို့ သင့်တော်တဲ့ အခွင့်အရေး တစ်ခုကိုတော့ ရှာရမယ်"
"ယဲ့ပုဖန်က အရမ်းကို အစွမ်းထက်လွန်းတယ်။ သူ့ရဲ့ အစွမ်းက ဘယ်အဆင့်မှာ ရှိနေလဲဆိုတာကို အခုထိ ဘယ်သူမှ မသိကြသေးဘူး။ ငါကိုယ်တိုင်တောင်မှ သူ့ကို ထိပ်တိုက်တွေ့ရင် အနိုင်ရမယ်လို့ အပြည့်အဝ အာမမခံနိုင်ဘူးလေ"
"အဲဒါကြောင့် သူ့ကို သတ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ လုပ်ကြံသတ်ဖြတ်တာပဲ"
ထိုအခိုက်မှာပင် လုမိသားစု၏ ကိုယ်ရံတော် ခေါင်းဆောင်သည် အပြင်ဘက်မှ ပြေးဝင်လာပြီး လုထျန်းချီအား "သခင်ကြီး... နောက်ဆုံးရ သတင်းတွေအရ ချန်ဆွန်းမိသားစုရဲ့ သခင်လေး ချန်ဆွန်းရှမ်းက ယွမ်ရှန်ကလပ်ရဲ့ နံပါတ် ၁ စားသောက်ဆိုင်မှာ ယဲ့ပုဖန်ကို ထမင်းဖိတ်ကျွေးဖို့ ဆုံးဖြတ်လိုက်ပြီတဲ့ဗျ" ဟု သတင်းပို့လေသည်။
လုထျန်းချီက "မင်း မှားနေတာ မဟုတ်လား။ ချန်ဆွန်းတုန်းကျွီးက အဲဒီကောင်ကို ဖိတ်ပြီးသား မဟုတ်ဘူးလား" ဟု မေးလိုက်၏။
ကိုယ်ရံတော် ခေါင်းဆောင်က "သခင်ကြီး... ကျွန်တော် အကြိမ်ကြိမ် စစ်ဆေးပြီးပါပြီ။ လုံးဝ အတည်ပါပဲ။ ချန်ဆွန်းရှမ်းက ယွမ်ရှန်ကလပ်ကို ရောက်နေပါပြီ။ ယဲ့ပုဖန်လည်း မကြာခင် ရောက်လာလိမ့်မယ်" ဟု ပြန်ဖြေသည်။
"ကောင်းပြီ... ငါ သိပြီ"
လုထျန်းချီက လက်ကို ဝှေ့ယမ်းကာ ကိုယ်ရံတော် ခေါင်းဆောင်ကို ထွက်သွားခိုင်းလိုက်ပြီးနောက် ကုဖုန်းဘက်သို့ လှည့်ကာ "ချန်ဆွန်းမိသားစုက ဒီသားအမိနှစ်ယောက် ဘာတွေ လုပ်နေကြတာလဲ။ တစ်ယောက်ပြီး တစ်ယောက် ဖိတ်နေကြတာပဲ" ဟု မေးလိုက်၏။
ကုဖုန်းက "အခု ကြည့်ရတာတော့ ချန်ဆွန်းတုန်းကျွီးရဲ့ ဖိတ်ကြားမှုက တကယ် စိတ်ရင်းနဲ့ ဖိတ်တာဖြစ်ပြီး ချန်ဆွန်းရှမ်းရဲ့ ဖိတ်ကြားမှုကတော့ ထောင်ချောက်ပဲ ဖြစ်လိမ့်မယ်"
"သူက အမြဲတမ်း မိန်းမရှုပ်ပြီး စိတ်သဘောထား ကျဉ်းမြောင်းတဲ့သူလေ။ ဝမ်ရွှယ်နင်ကို ယဲ့ပုဖန် လုသွားတာကို သူ လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး။ ဒါကြောင့် ဒီနေ့ ညစာစားပွဲမှာ သူ သေချာပေါက် တစ်ခုခု လုပ်လိမ့်မယ်"
လုထျန်းချီက "ဒါဆို ဆရာကြီးရဲ့ အလိုအရ... ကျွန်တော်တို့ စောင့်ကြည့်နေရမှာလား" ဟု မေးလိုက်သည်။
"စောင့်နေစရာ မလိုတော့ဘူး။ ဒါက လက်ဦးမှုယူဖို့ အခွင့်အရေးကောင်းပဲ"
ကုဖုန်းက ဆိုလေသည်။ "ငါ အခုပဲ ယွမ်ရှန်ကလပ်ကို သွားပြီး တိုက်ခိုက်ဖို့ သင့်တော်တဲ့ အခွင့်အရေးကို ရှာလိုက်မယ်"
"ငါတို့သာ အဲဒီ ယဲ့ပုဖန် ဆိုတဲ့ကောင်ကို သတ်နိုင်ခဲ့ရင် အပြစ်အားလုံးက ချန်ဆွန်းမိသားစုပေါ် ပုံကျသွားမှာပဲ။ ဘယ်သူမှ ငါတို့ လုမိသားစုကို သံသယဝင်မှာ မဟုတ်တော့ဘူး"
လုထျန်းချီက ဝမ်းသာအားရဖြင့် "ဆရာကြီးက တကယ်ကို ပါးနပ်တဲ့ အစီအစဉ်ကို ချမှတ်လိုက်တာပဲ" ဟု ချီးကျူးလိုက်၏။
"ကောင်းပြီ... ငါ အခုပဲ သွားတော့မယ်"
ကုဖုန်းသည် လက်ဖက်ရည်ကို တစ်ကျိုက်တည်း မော့ချလိုက်ပြီးနောက် မတ်တပ်ရပ်ကာ ထွက်ခွာသွားတော့သည်။
***
ယဲ့ပုဖန်သည် ယွမ်ရှန်ကလပ်သို့ ရောက်ရှိလာခဲ့ရာ ယခုတစ်ကြိမ်တွင်မူ နေ့လယ်ကထက် ပိုမို သတိထားနေခဲ့သည်။
တစ်ဖက်လူက မည်သည့် လှည့်ကွက်များ သုံးမည်ကို သိရှိနိုင်ရန်အတွက် သူသည် အခန်းထဲသို့ မဝင်မီ သူ၏ စိတ်ဝိညာဉ်အာရုံကို အစွမ်းကုန် ဖြန့်ကြက်လိုက်ရာ မီတာ ၅၀ ပတ်လည်အတွင်းရှိ အသေးစိတ် အချက်အလက် အားလုံးကို ရှင်းလင်းစွာ မြင်တွေ့နေရ၏။
စားပွဲထိုး၏ ဦးဆောင်မှုဖြင့် နံပါတ် ၁ စားသောက်ဆိုင်သို့ ဝင်လာစဉ် အဆောက်အအုံ၏ အမိုးပေါ်တွင် တစ်စုံတစ်ယောက် ပုန်းအောင်းနေကြောင်း သူ ချက်ချင်းပင် သိမြင်လိုက်လေသည်။
ပုန်းအောင်းနေသူ၏ ကိုယ်ယောင်ဖျောက်အတတ်မှာ အလွန်ပင် ကောင်းမွန်လှပြီး သူ၏ ခန္ဓာကိုယ်ကို ညအမှောင်ထုနှင့် တစ်သားတည်း ဖြစ်အောင် လုံးဝ ရောနှောထားနိုင်ကြောင်း ပြောရပေမည်။
အကယ်၍ ယဲ့ပုဖန်တွင်သာ စိတ်ဝိညာဉ်အာရုံ မရှိခဲ့ပါက သာမန်လူ တစ်ယောက်အနေဖြင့် ထိုနေရာတွင် လူရှိနေကြောင်းကို မည်သို့မျှ သတိထားမိလိမ့်မည် မဟုတ်ချေ။ ထို့အပြင် ဤသူ၏ ကျင့်ကြံမှုမှာလည်း အလွန် မြင့်မားလှပြီး ကောင်းကင်အဆင့် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိနေပြီ ဖြစ်လေသည်။
အမိုးပေါ်တွင် ပုန်းအောင်းနေသော လုပ်ကြံသတ်ဖြတ်သူကို တွေ့လိုက်ရချိန်တွင် ယဲ့ပုဖန်မှာ လှောင်ပြုံး တစ်ချက် ပြုံးလိုက်မိ၏။ ချန်ဆွန်းရှမ်းသည် တကယ်ပင် မကောင်းသော အကြံအစည်များ ရှိနေပုံရပေသည်။
ခင်ဗျားက ကိုယ့်သေတွင်း ကိုယ်တူးချင်နေမှတော့လည်း ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကို စောင့်ကြည့်ကြတာပေါ့။
ထိုအခိုက်မှာပင် ချန်ဆွန်းရှမ်းသည် လုဆုန်းနှင့် ကိုယ်ရံတော် ဆယ်ယောက်ခန့်ကို ဦးဆောင်၍ ဆီးကြိုရန် ထွက်လာလေသည်။
"ညီအစ်ကိုယဲ့... ရောက်လာပြီကိုး"
ဤလူမှာ တကယ်ကို ပရိယာယ် ကြွယ်ဝလှပေသည်။ သူ၏ မျက်နှာပေါ်တွင် ပြုံးရွှင်သော အမူအရာများ ပြည့်နှက်နေပြီး အလွန်ပင် စိတ်အားထက်သန်စွာ ဆီးကြိုနေပုံမှာ မိတ်ဆွေဟောင်း တစ်ဦးနှင့် တွေ့ဆုံရသကဲ့သို့ပင်။ မနေ့ညကမှ ယဲ့ပုဖန်အား သတ်ရန် လုပ်ကြံသတ်ဖြတ်သူများကို အကြိမ်ကြိမ် စေလွှတ်ခဲ့သူ ဟုပင် မထင်ရချေ။
"မင်္ဂလာပါ သခင်လေး ချန်ဆွန်း"
ယဲ့ပုဖန်ကလည်း အလွန် ယဉ်ကျေးစွာပင် ပြန်လည် တုံ့ပြန်လိုက်၏။ တစ်ဖက်လူက သရုပ်ဆောင်ချင်နေမှတော့ သူကလည်း အလိုက်သင့် ကစားပေးရုံသာ ရှိပေသည်။
"ညီအစ်ကိုယဲ့... မြန်မြန် အထဲကြွပါဦး"
ချန်ဆွန်းရှမ်းက သူ၏ လက်ကို ကိုင်ကာ သီးသန့်ခန်းအတွင်းသို့ တိုက်ရိုက် ခေါ်ဆောင်သွားလေသည်။
"မင်းတို့ အားလုံး အပြင်မှာပဲ စောင့်နေကြ"
လုဆုန်းနှင့် အခြားသူများကို ထွက်ခွာသွားခိုင်းပြီးနောက် သူက "မစ္စတာယဲ့... ထိုင်ပါဦး" ဟု နေရာပေးလေသည်။
ယဲ့ပုဖန်က "သခင်လေး ချန်ဆွန်း... မလောပါနဲ့ဦး။ ကျုပ် အရင်ဆုံး အိမ်သာ ခဏ သွားလိုက်ဦးမယ်" ဟု ဆို၏။
ချန်ဆွန်းရှမ်းက "ရပါတယ် ညီအစ်ကိုယဲ့... သဘောရှိသာ လုပ်ပါ" ဟု ပြန်ပြောလေသည်။
ဤသည်မှာ အဆင့်မြင့် သီးသန့်ခန်း ဖြစ်သဖြင့် အထဲတွင် အိမ်သာ ပါရှိပေသည်။ ယဲ့ပုဖန် အထဲဝင်၍ လက်ဆေးပြီးနောက် ပြန်ထွက်လာခဲ့၏။
အခန်းတွင်းရှိ မီးခလုတ်ကို ဖြတ်ကျော်စဉ် သူ၏ ပခုံးနှင့် မတော်တဆ တိုက်မိသွားသယောင် ပြုမူလိုက်ရာ ဖျတ်ခနဲ မြည်သံနှင့်အတူ အခန်းတစ်ခုလုံး မှောင်အတိ ကျသွားတော့သည်။
"အိုး... တောင်းပန်ပါတယ်။ ကျုပ် မတော်တဆ ခလုတ်ကို ထိမိသွားလို့ပါ"
ယဲ့ပုဖန်က ပြောရင်း ခလုတ်ကို ပြန်နှိပ်လိုက်ရာ အခန်းအတွင်း မီးပြန်လင်းလာလေသည်။
"သခင်လေး ချန်ဆွန်း... အားနာလိုက်တာဗျာ"
ချန်ဆွန်းရှမ်းက သိပ်ပြီး ဂရုမစိုက်ဟန်ဖြင့် "ရပါတယ်... ဒါက မတော်တဆ ဖြစ်တာပဲလေ" ဟု ပြုံးလျက် ဆို၏။
သူသည် ဤကိစ္စကို သာမန် မတော်တဆမှု တစ်ခုအဖြစ်သာ မှတ်ယူလိုက်ပြီး လုံးဝ စိတ်ထဲ မထားခဲ့ချေ။
"မစ္စတာယဲ့... ထိုင်ပါဦး"
ချန်ဆွန်းရှမ်းက ယဲ့ပုဖန်အား အဓိက နေရာတွင် ထိုင်ရန် ယဉ်ကျေးစွာ ဖိတ်ခေါ်လိုက်ပြီးနောက် "မနေ့ညက ဖြစ်ခဲ့တာတွေအတွက် ကျုပ် တကယ်ပဲ စိတ်မကောင်း ဖြစ်ရပါတယ်။ ကျုပ် ခေတ္တခဏ စိတ်အမှောင် ဖုံးသွားမိလို့ပါ။ ဒီနေရာကနေ ညီအစ်ကိုယဲ့ကို ကျုပ် တရားဝင် တောင်းပန်ပါတယ်" ဟု ဆိုလေသည်။
ယဲ့ပုဖန်က "သခင်လေး ချန်ဆွန်းကလည်း အားနာစရာကြီးဗျာ။ အန်တီချန်ဆွန်းက ဒီနေ့ပဲ ကျုပ်ကို ပြောပြီးသားပဲ။ ဒီကိစ္စတွေက ပြီးသွားပါပြီ။ ဘယ်သူမှ စိတ်ထဲ ထားနေမှာ မဟုတ်တော့ဘူး" ဟု ပြန်ပြောလိုက်၏။
"ညီအစ်ကိုယဲ့က တကယ်ကို စိတ်ထားကြီးတဲ့သူပဲ။ ဒါပေမဲ့ ကျုပ်ကတော့ အပြစ်ရှိသလို ခံစားနေရလို့ ဒီနေ့ ခင်ဗျားကို လူချင်းတွေ့ပြီး တောင်းပန်ဖို့ ဒီစားပွဲလေးကို ပြင်ဆင်လိုက်တာပါ"
ယဲ့ပုဖန်က စိတ်ထဲမှ ကြိတ်၍ လှောင်ပြုံး ပြုံးလိုက်မိသည်။ ဤလူ၏ သရုပ်ဆောင်မှုက အလွန် အဆင့်မြင့်လှသော်လည်း သူ၏ ရင်ထဲမှ သတ်ဖြတ်လိုသော အငွေ့အသက်များကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။ သူ နောက်ထပ် ဘာတွေ ဆက်လုပ်မည်ကို သိချင်လှပေသည်။
"ညီအစ်ကိုယဲ့... ကျုပ် နှစ်ပေါင်းများစွာ သိမ်းထားခဲ့တဲ့ အကောင်းစား ဝိုင်တချို့ ယူလာခဲ့တယ်။ တစ်ချက်လောက် မြည်းကြည့်ပါဦး။ ဒါက ပြင်သစ်က ဝိုင်စက်ရုံတစ်ခုက ရလာတဲ့ ရှားပါး ဝိုင်ပဲ"
စကားပြောနေစဉ်မှာပင် သူသည် အနုစိတ်ပြီး ရှေးဟောင်း လက်ရာမြောက်သော ဝိုင်စည်ငယ်လေး တစ်ခုကို ထုတ်ယူလိုက်သည်။ အဖုံးကို ဖွင့်လိုက်သည်နှင့် ပြင်းရှမွှေးပျံ့သော ဝိုင်နံ့က ချက်ချင်း ထွက်ပေါ်လာ၏။
"ညီအစ်ကိုယဲ့... ဒီဝိုင်ရဲ့ ရိုးရှင်းတဲ့ ထုပ်ပိုးမှုကို ကြည့်ပြီး အထင်မသေးနဲ့ဦးနော်။ သူက တခြား အဆင့်မြင့် ဝိုင်နီတွေလို အပြင်ပန်း မလှပပေမဲ့ လုံးဝ အနည်မပါတဲ့ အဆင့်မြင့် ဝိုင်ပဲဗျ"
စကားပြောပြီးနောက် သူသည် ယဲ့ပုဖန်၏ အရှေ့ရှိ ဝိုင်ခွက်ကို ယူကာ ဝိုင်များကို ငှဲ့ပေးလိုက်လေသည်။
ယဲ့ပုဖန်၏ နှုတ်ခမ်းထက်တွင် အေးစက်သော အပြုံးတစ်ခု ထပ်မံ ပေါ်လာပြန်၏။ ချန်ဆွန်းရှမ်း ပြောတာ မှန်ပေသည်။ ဤဝိုင်မှာ တကယ်ကို ကောင်းမွန်လှပြီး အဆိပ်လည်း မပါရှိချေ။
ဤလူက ဝိုင်စည်ဖြင့် ဧည့်ခံရခြင်း၏ အကြောင်းရင်းမှာ လူအများ၏ အာရုံကို လွှဲရန် ဖြစ်သည်။ တကယ်တမ်းတွင်မူ သူသည် ယဲ့ပုဖန်၏ ဖန်ခွက်အတွင်း၌သာ အဆိပ်ကို ထည့်ထားခြင်း ဖြစ်ပေသည်။
ဤအဆိပ်က မည်သည့်နေရာမှ ရလာသနည်း ဆိုသည်ကို မသိရသော်လည်း ၎င်းမှာ အရောင်အဆင်း၊ အနံ့အရသာ ကင်းမဲ့လှပေသည်။ သို့သော် ထူးချွန်သော သမားတော် တစ်ဦးအနေဖြင့် ၎င်းမှာ ပြင်းထန်သော အဆိပ်တစ်မျိုး ဖြစ်ကြောင်း ယဲ့ပုဖန် အာရုံခံနိုင်ပေသည်။
မနေ့ညက ကျရှုံးခဲ့မှုကြောင့် တစ်ဖက်လူမှာ ယခုတစ်ကြိမ်တွင် ပိုမို သတိထားလာပုံ ရလေသည်။ သူသည် နှစ်ဖက်ညှပ် တိုက်စစ်ကို အသုံးပြုနေခြင်း ဖြစ်၏။ ပထမဦးစွာ လုပ်ကြံသတ်ဖြတ်သူကို အဆောက်အအုံပေါ်တွင် နေရာချထားပြီး ဒုတိယ အနေဖြင့် သူ့ကို အဆိပ်ခတ်ကာ အဆိပ်တက်ချိန်တွင် လုပ်ကြံရန် ကြံစည်ထားခြင်း ဖြစ်ပေသည်။
သို့သော် ယဲ့ပုဖန်က ထိုအမှန်တရားကို ထုတ်မပြောခဲ့ပေ။ အကြောင်းမှာ ထိုအဆိပ်မှာ အလွန် ပြင်းထန်သော်လည်း သူ့အတွက်မူ မည်သည့် ခြိမ်းခြောက်မှုမျှ မဖြစ်စေနိုင်သောကြောင့်ပင်။
"ညီအစ်ကိုယဲ့... ဒီဝိုင်ကို မြည်းကြည့်ပါဦး။ အရသာက တကယ်ကို ထိပ်တန်းပဲဗျ"
ထိုအချိန်တွင် ချန်ဆွန်းရှမ်းသည် ဝိုင်များကို ငှဲ့ပြီးနောက် ပြန်လည် ချပေးလိုက်လေသည်။
ယဲ့ပုဖန်က ဝိုင်ခွက်ကို ယူကာ အသာအယာ အနံ့ခံလိုက်ပြီးနောက် ခပ်ဟဟ ရယ်မောလျက် "ဒီဝိုင်က ဘာလို့ အဆိပ်နံ့ ရနေရတာလဲ" ဟု မေးလိုက်တော့သည်။
ချန်ဆွန်းရှမ်း၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီးနောက် "ညီအစ်ကိုယဲ့ကလည်း နောက်နေပြန်ပြီ။ ဒါက ပြင်သစ်က အကောင်းစား ဝိုင်ပါဗျာ။ ဘယ်လိုလုပ် အဆိပ် ပါမှာလဲ" ဟု ဆိုလေသည်။
"ပြီးတော့ ကျုပ်တို့က စည်တစ်ခုတည်းကနေ အတူတူ သောက်နေကြတာပဲလေ။ တကယ်လို့ အဆိပ် ပါတယ်ဆိုရင် ကျုပ်လည်း အဆိပ်မိမှာပေါ့"
စကားပြောပြီးနောက် သူ၏ အမှန်တရားကို သက်သေပြသည့် အနေဖြင့် သူသည် သူ၏ရှေ့ရှိ ဝိုင်ခွက်ကို ကောက်ကိုင်ကာ တစ်ကျိုက်တည်း မော့ချလိုက်သည်။ ထို့နောက် ဖန်ခွက်ကို မြှောက်ပြကာ "ညီအစ်ကိုယဲ့... ကျုပ်က ဒီနေ့ စိတ်ရင်းနဲ့ လာပြီး တောင်းပန်တာပါ။ ကျုပ်က ခင်ဗျားကို ဘယ်လိုလုပ် အဆိပ်ခတ်မှာလဲ" ဟု ဆိုလေတော့သည်။