နေမင်းငယ်လေး၏ တောက်ပမှုမှာ အထွတ်အထိပ်သို့ ဆိုက်ရောက်သွားသည်။
မျက်စိကျိန်းမတတ် ရွှေရောင်အလင်းတန်းများက တစ်နယ်မြေလုံးကို လွှမ်းခြုံကာ ညဉ့်ယံ၏ မှောင်မိုက်ခြင်းကို အပြီးအပိုင် မောင်းထုတ်လိုက်လေသည်။ နတ်ကျောင်းတော်၏ ပတ်လည် မိုင်ငါးရာခန့်အတွင်းမှာ နေ့ခင်းတည့်တည့်ကဲ့သို့ လင်းထိန်သွားသည်။
လူအများမှာ ဤမြင်ကွင်းကို ကြည့်ကာ အံ့ဩတုန်လှုပ်နေကြစဉ် နေမင်းငယ်လေးမှာ မည်သည့် အရိပ်အယောင်မျှမပြဘဲ ရုတ်တရက် ပေါက်ကွဲထွက်သွားလေသည်။ မိုးသက်မုန်တိုင်းကဲ့သို့ ထူထပ်လှသော မီးတန်းများမှာ အမြီးရှည်ကြီးများကို ဆွဲငင်ကာ ကောင်းကင်ယံမှ အောက်သို့ ပစ်ဆင်းလာကြသည်။
နေမင်းနတ်ကျောင်းတော် တစ်ခုလုံးသည် ဤမီးမိုးရေစက်များအောက်တွင် နစ်မြုပ်သွားလေသည်။
လူအုပ်ကြီးမှာ အလန့်တကြား အော်ဟစ်လိုက်မိသည်မှလွဲ၍ မည်သို့မျှ မတုံ့ပြန်နိုင်ကြတော့ချေ။
မီးတန်းများ၏ စွမ်းအားမှာ အံ့မခန်း ဖြစ်ပေသည်။ အဝေးမှ လှမ်းကြည့်နေသူတို့ပင် ၎င်းတို့၏ ဖျက်ဆီးနိုင်စွမ်းနှင့် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ခံစားမိသည်။ အကယ်၍သာ ဤမီးတောက်များနှင့် ထိတွေ့မိပါက ပြာမှုန့်အဖြစ်ပင် ကျန်ရစ်တော့မည် မဟုတ်ချေ။
ဘုန်း... ဘုန်း... ဘုန်း...
ပေါက်ကွဲသံများမှာ စည်ဗုံတီးသံများပမာ လျင်မြန်စွာ ဆက်တိုက်ထွက်ပေါ်လာပြီး မြေပြင်ကြီးမှာ ပြင်းထန်စွာ တုန်ခါသွားသည်။ မြေပြင်ပေါ်ရှိ ကျင့်ကြံသူများမှာ ကောင်းကင်ယံသို့ အလုအယက် ထွက်ပြေးကြသော်လည်း လေလှိုင်းများက လာရောက် ရိုက်ခတ်နေသည်။ တစ်စုံတစ်ယောက်က အားကုန်တွန်းလိုက်သကဲ့သို့ ခန္ဓာကိုယ်များ တင်းကျပ်သွားကာ လေထဲတွင် အရွက်ခြောက်များပမာ လွင့်စင်သွားကြသည်။
လူတိုင်းမှာ နတ်ကျောင်းတော်ကို ထိတ်လန့်တကြား ငေးကြည့်နေကြပြီး အသက်ရှူပင် မှားသွားကြသည်။ ယခင်က တောက်ပနေခဲ့သော နတ်ကျောင်းတော်မှာ ယခုမူ ဖုန်မှုန့်များအောက်တွင် လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ အတွင်းပိုင်းမှ ပေါက်ကွဲသံများ မရပ်တန့်သေးဘဲ ဖုန်မှုန့်များမှာလည်း အုံ့ဆိုင်းနေဆဲပင်။
"ဘာ... ဘာတွေ ဖြစ်ကုန်တာလဲ..."
လူအများမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ကြောင်အမ်းအမ်း ဖြစ်နေကြသည်။
———
ဇိုမို သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။
သူ့ ခန္ဓာကိုယ်မှာ ပျော့ခွေပြီး နာကျင်ကိုက်ခဲနေသည်။ နတ်ကျောင်းတော်၏ စွမ်းအားကို ခဏတာ ထိန်းချုပ်လိုက်ရုံမျှဖြင့် သူ့ ခန္ဓာကိုယ်ထဲရှိ ရှန်စွမ်းအားများ ကုန်ခမ်းလုနီးပါး ဖြစ်သွားခဲ့သည်။
သို့သော် လူတိုင်း ထိတ်လန့်နေပြီး မီးတောက်များကြားတွင် အချည်းနှီး လှုပ်ရှားနေကြသည်ကို မြင်လိုက်ရသောအခါ သူ စိတ်ကျေနပ်သွားသည်။ အထူးသဖြင့် ရှေးဟောင်းရွှေ လျှို့ဝှက်နယ်မြေအတွင်း ရောက်နေသော မျက်နှာဖုံးစွပ် လူသတ်သမားမှာ ရွှေရောင်ပုံရိပ်တစ်ခု၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံနေရပြီး ဖရိုဖရဲ ဖြစ်နေသည်ကို မြင်ရသည်မှာ အလွန်ပင် ကျေနပ်ဖွယ် ကောင်းလှသည်။
"မျက်နှာဖုံးကောင်လေး... ခံစားကြည့်လိုက်ဦး..."
ဇိုမိုက မဲမှောင်စွာ ရယ်မောလိုက်ပြီး ဒုန်းစိုင်း ပြေးထွက်သွားလေသည်။
နတ်ကျောင်းတော်၏ စွမ်းအားများမှာ နှစ်သောင်းကျော်ကြာ အသုံးပြုခံထားရပြီး ပြန်လည်ဖြည့်တင်းခြင်း မရှိသဖြင့် ကုန်ခမ်းလုနီးပါး ဖြစ်နေလေတော့သည်။ ဇိုမိုအနေဖြင့် နောက်ဆုံးကျန်ရှိနေသော စွမ်းအားကို အသက်သွင်းလိုက်ရုံသာ ရှိသေးသည်။ ဤလူများအား အချိန်ကြာမြင့်စွာ ပိတ်လှောင်ထားနိုင်မည်ဟု သူ အာမမခံရဲပေ။ အထူးသဖြင့် ဝိညာဉ်သန္ဓေအဆင့် ကျင့်ကြံသူ သုံးဦးမှာ အလွန်ပင် အစွမ်းထက်လှသည်။
၎င်းတို့အထဲမှ အစွမ်းအထက်ဆုံးမှာ မြေလျှံနယ်မြေထဲရှိ အဘိုးကြီးပင် ဖြစ်သည်။
သူသည် မြေလျှံနယ်မြေတစ်ခုလုံးအား ဆွဲဖြဲပစ်လုနီးပါး ဖြစ်နေပြီး နယ်မြေကို စောင့်ကြပ်သူ ကျူးဂွီကိုပင် အပြတ်အသတ် ဖိနှိပ်ထားနိုင်သည်။ ဤအဘိုးကြီးမှာ လျှို့ဝှက်နယ်မြေ၏ ကာကွယ်ရေးစနစ်ကို အလွန်ရှင်းလင်းစွာ သိရှိနေပုံရပြီး တိုက်ခိုက်မှုတိုင်းမှာ အလွန်တိကျလှသည်။
ဤအချက်က ဇိုမိုအား ပြင်းထန်သော အန္တရာယ် အငွေ့အသက်ကို ခံစားမိစေသည်။
သူ ဤလူများ၏ ဖမ်းဆီးခြင်း မခံရမီ နတ်ကျောင်းတော် အတွင်း၌ တံဆိပ်ခတ်ထားသော ရတနာများကို ရှာဖွေပြီး လျှို့ဝှက်စွာ ထွက်ပြေးရပေမည်။ ထိုသို့မဟုတ်လျှင် ရတနာရ မဆိုထားနှင့် ထွက်ပြေးရန်ပင် အခက်အခဲရှိလာနိုင်သည်။
သို့သော် သူ့တွင် အားသာချက်များ ရှိနေသည်။ နတ်ကျောင်းတော်၏ အသိအမှတ်ပြုမှုကို ရရှိပြီးနောက် နတ်ကျောင်းတော် အတွင်းရှိ အရာအားလုံးမှာ သူ့ စိတ်ထဲတွင် စွဲထင်နေလေပြီ။ ရတနာများမား မည်သည့်နေရာတွင် ဝှက်ထားသည်ကို သူ အတိအကျ သိရှိနေသည်။
ဇိုမိုမှာ တုံ့ဆိုင်းခြင်းမရှိဘဲ မိမိ၏ အရှိန်အဟုန်ကို အဆုံးစွန်အထိ မြှင့်တင်ကာ တရကြမ်း ပြေးလွှားလိုက်သည်။
ကျင်းရှီကျောက်တုံးများ ကုန်ဆုံးသွားသည်ကိုပင် ဂရုမစိုက်တော့ဘဲ လင်းဆေးလုံးများကို လက်တစ်ဆုပ်စာ ပါးစပ်ထဲသို့ အတင်းအကျပ် ထိုးထည့်ကာ လင်းစွမ်းအင်များကို အသည်းအသန် ဖြည့်တင်းနေသည်။
ခြောက်သွေ့ရာသီအပြီး ရေငတ်နေသော သဲကန္တာရပမာ သူ၏ ခန္ဓာကိုယ်မှာ စွမ်းအင်များကို တောင့်တနေသည်။ လင်းဆေးလုံးများ၏ ဆေးစွမ်းအားမှာ လည်ချောင်းထဲသို့ ဝင်ရောက်လာသည်နှင့် လင်းစွမ်းအင်စီးကြောင်းများအဖြစ် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းသို့ လျင်မြန်စွာ စိမ့်ဝင်သွားသည်။
ထိုလင်းစွမ်းအင်များမှာ ခန္ဓာကိုယ်အတွင်းရှိ မိုခန္ဓာကိုယ်နှင့် အသိစိတ်ဝိညာဉ်တို့အဖြစ် လျင်မြန်စွာ ပြောင်းလဲသွားပြီး သူ၏ စွမ်းအားများမှာလည်း အံ့ဩဖွယ်ကောင်းလောက်အောင် ပြန်လည်ပြည့်ဝလာသည်။
သူ၏ ပြေးနှုန်းမှာ သိသိသာသာ မြင့်တက်လာသည်။ ခဏအကြာတွင် မိုခန္ဓာကိုယ် ပြန်လည်ပြည့်ဝလာသည့် ဇိုမိုမှာ လေဟာနယ်အလင်းတောင်ပံများကို ဆင့်ခေါ်လိုက်သည်။ သူ၏ အမြန်နှုန်းမှာ ရုတ်တရက် အဆမတန် မြင့်တက်သွားကာ ရွှေရောင်လျှပ်စီးတန်းတစ်ခုအလား လျှင်မြန်စွာ ရွေ့လျားသွားသည်။
နတ်ကျောင်းတော်၏ အတွင်းပိုင်းမှာ အပြင်ဘက်မှ ကြည့်သည်ထက် ပိုမိုကြီးမား ကျယ်ပြန့်နေသည်။ ဇိုမိုမှာ မိမိဦးတည်ရာသို့ ရောက်ရှိရန်အတွက် တစ်နာရီလုံးလုံး အပြင်းအထန် ပြေးလွှားခဲ့ရသည်။
သူ၏ ရှေ့တွင် ကိုးကျန်မြင့်သော တံခါးကြီးတစ်ခု ရှိနေသည်။
ကြေးနီဖြင့် သွန်းလုပ်ထားသော ထိုတံခါးမှာ အံ့ဩဖွယ်ကောင်းလောက်အောင် ထူထဲလှသည်။ တံခါး၏ အလယ်ဗဟိုတွင် တောက်ပနေသည့် နေမင်းတစ်စင်းရှိပြီး ၎င်း၏ ပတ်လည်တွင် တောင်ပံဖြန့်ကာ ပျံသန်းနေသော ရွှေရောင်ငှက်ဆယ်ကောင်၏ ရုပ်လုံးများမှာ ထင်ရှားစွာ ရှိနေသည်။
ဇိုမို၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်နေတော့သည်။
အကြီးအကဲရှန်မှာမူ အလွန်တရာ အလျင်လိုနေလေပြီ။
ကောင်းကင်ယံရှိ နေမင်းပေါက်ကွဲသွားသောအခါ သူ၏ နှလုံးသားမှာ ဒိတ်ခနဲ ဖြစ်သွားခဲ့သည်။ အဆိုးရွားဆုံး အခြေအနေတစ်ခု ဖြစ်ပေါ်လာခဲ့ပြီဖြစ်သည်။
"နေမင်းမျိုးနွယ်စုရဲ့ မျိုးဆက်တွေ... နေမင်းမျိုးနွယ်စုရဲ့ မျိုးဆက်တွေ ဒီလောကကြီးထဲမှာ အသက်ရှင် ကျန်ရစ်နေသေးတာပဲ..." ဟု သူ တွေးလိုက်မိသည်။
ယခင်က ထင်ကြေးသက်သက်မျှသာ ဖြစ်ခဲ့သော်လည်း ယခု ဖြစ်ပျက်နေသည့် အရာများက ထိုအရာအား အတည်ပြုနေသလို ဖြစ်နေသည်။
အကယ်၍သာ နေမင်းမျိုးနွယ်စု၏ မျိုးဆက် မဟုတ်ပါက နေမင်းနတ်ကျောင်းတော်ကို မည်သူမျှ ထိန်းချုပ်နိုင်မည် မဟုတ်ချေ။ ထို့အပြင် တစ်ဖက်လူမှာ နေမင်းမျိုးနွယ်စု၏ တိုက်ရိုက်သွေးသားတော်စပ်သူ ဖြစ်နိုင်ခြေ အလွန်များပြားနေသည်။
"ဒီသတင်းသာ ပေါက်ကြားသွားရင် ကြီးမားတဲ့ လှုပ်ခတ်မှုကြီး ဖြစ်ပေါ်လာလိမ့်မယ်..."
ရှေးဟောင်းမျိုးနွယ်စုများ၏ မျိုးဆက်များသည် ဂိုဏ်းကြီးများ အလွန်သတိထားရသော ပစ်မှတ်များ ဖြစ်ကြသည်။ အကယ်၍ တွေ့ရှိပါက ချက်ချင်းသုတ်သင်ရှင်းလင်းပစ်လေ့ရှိသည်။ ဤအချက်နှင့် ပတ်သက်၍ ခွန်းလွန်နှင့် ဘုံလေးပါးကောင်းကင်ရှိ အခြားဂိုဏ်းများက သဘောတူညီမှု ရယူထားကြသည်။ ထောင်စုနှစ်များစွာ ကြာအောင် လိုက်လံသတ်ဖြတ်မှုများကြောင့် ရှေးဟောင်းလူသားများ၏ သွေးသားမျိုးဆက်များမှာ ပျောက်ကွယ်သွားခဲ့သည်မှာ ကြာလှပြီဖြစ်သည်။
ယခင်က အစွမ်းအထက်ဆုံးဖြစ်ခဲ့သော နေမင်းမျိုးနွယ်စုမှာ အလိုက်လံခံရဆုံးသော မျိုးနွယ်စုများထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။ ပိုက်ကွန်ထဲသို့ ရောက်ရှိနေသည့် ငါးတစ်ကောင်မှာ မည်သို့လျှင် လွတ်မြောက်နိုင်ပါမည်နည်း။
သဲရုပ်သေးရုပ်ကြီး ပြန်လည်ဖွဲ့စည်းလာသည်ကို မြင်လိုက်ရသောအခါ အကြီးအကဲရှန်၏ မျက်နှာထားမှာ တင်းမာသွားသည်။ ဤအကြိမ်နှင့်ဆိုလျှင် သူသည် ထိုသဲရုပ်သေး၏ ခန္ဓာကိုယ်ကို ဖြိုခွဲခဲ့သည်မှာ ခြောက်ကြိမ်မြောက် ရှိပြီဖြစ်သည်။
မြေလျှံလျှို့ဝှက်နယ်မြေ၏ အစောင့်ဖြစ်သော ကျူးဂွီသည် မြေမျိုးနွယ်စု ကိုးခုထဲမှ သဲမြေမျိုးနွယ်စုမှ ဆင်းသက်လာသူဖြစ်သည်။ ဂိုဏ်းချုပ်နှင့် အခြားပုဂ္ဂိုလ်များက သူ့အား ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းများ ပေးအပ်ထားခဲ့သော်လည်း တစ်ဖက်လူကို လုံးဝဖျက်ဆီးပစ်ရန်မှာ လွယ်ကူသည့်ကိစ္စ မဟုတ်ပေ။
ရှေးခေတ်ကာလက ကျူးဂွီမှာ ထူးချွန်သော ပုဂ္ဂိုလ်တစ်ဦး မဟုတ်ခဲ့သော်လည်း ယခုအချိန်တွင်မူ သူသည် ထိပ်တန်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ထို့အပြင် ဤနေရာမှာ မြေလျှံလျှို့ဝှက်နယ်မြေဖြစ်နေသဖြင့် ကျူးဂွီ၏ စွမ်းအားကို အပြည့်အဝ အသုံးပြုနိုင်နေသည်။
ကျူးဂွီနှင့် ထိပ်တိုက်ရင်ဆိုင်ပါက ၎င်း၏ခန္ဓာကိုယ်ကို ၁၃ ကြိမ်တိုင်တိုင် ဖြိုခွဲပစ်မှသာ သေစေနိုင်သော တိုက်ခိုက်မှုပြုလုပ်နိုင်မည့် အခွင့်အရေး ပေါ်ပေါက်လာလိမ့်မည်ဟု ဂိုဏ်းချုပ်က သူ့အား ပြောကြားထားခဲ့သည်။
၁၃ ကြိမ်တိုင်တိုင် ဆိုသည်မှာ များလွန်းလှသည်။ သူအချိန်မီ ဆောင်ရွက်နိုင်ပါ့မလားဟု အကြီးအကဲရှန်၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ လွှမ်းမိုးလာသည်။
မျက်နှာဖုံးစွပ် လူသတ်သမားမှာလည်း အခြေအနေ ဆိုးရွားနေသည်။ သူ့အရှေ့ရှိလူမှာ ဓားပျံများဖြင့် ထိခိုက်အောင် လုပ်ရန် အလွန်ပင် ခက်ခဲလှသည်။ သူသည် အပြင်းအထန် ကြိုးစားတိုက်ခိုက်ပြီး တစ်ဖက်လူ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတစ်ခု ရအောင် လုပ်နိုင်ခဲ့သော်လည်း မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုဒဏ်ရာမှာ အလိုလို ပြန်ကောင်းသွားသည်။
"သတိထား... ဒီကောင်က ငွေရောင်မြေ မျိုးနွယ်စုကပဲ..."
လူလတ်ပိုင်းက အနောက်ဘက်မှနေ၍ အလျင်လိုနေသော မျက်နှာဖြင့် အော်ဟစ်လိုက်သည်။
လေထဲရှိ ပုံရိပ်နှစ်ခုမှာ လျှပ်စီးတန်းနှစ်ခုအလား လျင်မြန်လှသည်။
"သေချင်စော်ကို နံလို့... ကံဆိုးလိုက်တာကွာ..."
လူလတ်ပိုင်းမှာ မကျိန်ဆဲဘဲ မနေနိုင်တော့ချေ။
"နေမင်းမျိုးနွယ်စုက တစ်ယောက်ယောက် လွတ်မြောက်လာနိုင်ခဲ့တာလား... အမှိုက်တွေ... သူတို့က အမှိုက်တွေပဲ... သူတို့က ထောင်စုနှစ်ပေါင်းများစွာ သန့်စင်ရေးတွေ လုပ်ခဲ့ပြီးတော့ အကုန်လုံး ကုန်စင်အောင် မလုပ်နိုင်ခဲ့ဘူး... တကယ့်ကို တုံးအတဲ့ ဂိုဏ်းပဲ... သူတို့ အကုန်လုံးက အပေါက်တွေချည်းပဲ..."
သူ ကျိန်ဆဲနေရင်း အလွန်တရာ ထိတ်လန့်နေမိသည်။
နေမင်းမျိုးနွယ်စု၏ မျိုးဆက် တကယ်ရှိနေလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။ အစပိုင်းတွင် လေရှည်တတ်သော ကောင်တစ်ယောက်က နေမင်းမျိုးနွယ်စု၏ မျိုးဆက် မရှိတော့ကြောင်း ရင်ဘတ်ကိုပုတ်ကာ ကတိပေးခဲ့သဖြင့် အမြတ်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် သူ ပြေးလာခဲ့ခြင်းဖြစ်သည်။
ထိုသူ၏ သမိုင်းကြောင်းကို ယုံကြည်ပြီး မျက်နှာဖုံးစွပ် လူသတ်သမားကို ငှားရမ်းကာ လာခဲ့မိသော်လည်း ယခုမူ နေမင်းမျိုးနွယ်စု၏ မျိုးဆက်တစ်ယောက်ကြောင့် ရှေးဟောင်းရွှေလျှို့ဝှက်နယ်မြေအတွင်း ပိတ်မိနေရပြီဖြစ်သည်။
“ကံဆိုးတယ် ဆိုတာ ဘာလဲ သိလား…”
“ဒါကို ခေါ်တာ…”
မျက်နှာဖုံးစွပ် လူသတ်သမား၏ စွမ်းအားမှာ ကြီးမားသော်လည်း ဤကဲ့သို့ မျက်နှာချင်းဆိုင် တိုက်ခိုက်ခြင်းမှာ သူ၏ အားနည်းချက် ဖြစ်သည်။ လျှို့ဝှက်နယ်မြေမှာ တစ်ဖက်လူ၏ ပိုင်နက်ဖြစ်နေသဖြင့် ပုန်းအောင်းခြင်းမှာလည်း အသုံးမဝင်တော့ချေ။
“ဒီလို အခြေအနေဆိုးမျိုးနဲ့ ကြုံရတာ ငါတို့ ဘယ်လောက်တောင် ကံဆိုးလိုက်သလဲကွာ…”
လူလတ်ပိုင်း ငိုချင်လာလေသည်။
ဇိုမို၏ လက်သည် ကြေးနီတံခါးပေါ်တွင် ဖိကပ်ထားသည်။
နေမင်းသလင်းမျိုးစေ့မှ ထွက်ပေါ်လာသော နွေးထွေးသည့် စွမ်းအားစီးကြောင်းတစ်ခုမှာ လက်မောင်းမှတစ်ဆင့် ကြေးနီတံခါးထဲသို့ စီးဝင်သွားသည်။ တံခါးပေါ်ရှိ နေမင်းစာလုံးများမှာ ရုတ်တရက် လင်းလက်လာသည်။
နှစ်ပေါင်းသောင်းချီ၍ ပိတ်ထားခဲ့သော ကြေးနီတံခါးကြီးမှာ ဖြည်းညင်းစွာ ပွင့်သွားပြီး နောက်ကွယ်ရှိ ကမ္ဘာကြီးမှာ ပေါ်ထွက်လာသည်။
ဇိုမို အသက်ပြင်းပြင်းရှူကာ တံခါးကို ဖြတ်ကျော်ဝင်ရောက်သွားသည်။
တံခါးအနောက်ဘက်မှာ မကြီးမားလှပေ။ ၎င်းမှာ ယဇ်ပုရောဟိတ် ပုံမှန်နေထိုင်ရာ ယဇ်ပုရောဟိတ်ခန်းမဖြစ်သည်။ ရှေးခေတ်ကာလက ပူဇော်ပသမှု အခမ်းအနားများအတွက် ယဇ်ပုရောဟိတ် တစ်ယောက်၏ ရာထူးမှာ အလွန်ပင် ကြီးကျယ်ခမ်းနားပြီး တိုတမ်စစ်သည်တော်များ၏ အောက်တစ်ဆင့်တွင်သာ ရှိသည်။
မျိုးနွယ်စု၏ နေ့စဉ်ဘဝအား တာဝန်ယူရသဖြင့် သူတို့မှာ အလွန်အာဏာရှိကြသည်။
နတ်ကျောင်းတော်တိုင်းတွင် ယဇ်ပုရောဟိတ်ခန်းမမှာ အရေးအကြီးဆုံးနေရာ ဖြစ်သည်။
ဇိုမိုမှာ အချိန်ဆွဲမနေဘဲ ရှေ့သို့ တည့်တည့်လျှောက်သွားလိုက်သည်။ လမ်းတစ်လျှောက်တွင် ရှေးဟောင်းပစ္စည်းအချို့ ရှိနေသော်လည်း သူ မရပ်တန့်ခဲ့ပေ။ ၎င်းတို့မှာ တန်ဖိုးရှိပုံရသော်လည်း အနည်းငယ်မျှ မှုတ်ထုတ်လိုက်သည်နှင့် ပြာအဖြစ် ပျက်စီးသွားမည့်အရာများသာ ဖြစ်သည်။ နှစ်ပေါင်း နှစ်သောင်းကျော် ကြာညောင်းခဲ့ပြီဖြစ်ရာ သာမန်ပစ္စည်းဟူသမျှမှာ ကြံ့ခိုင်တည်တံ့နေနိုင်မည် မဟုတ်ချေ။
ယဇ်ပုရောဟိတ်မှာ မြင့်မားသော အဆင့်အတန်းရှိသူ ဖြစ်သော်လည်း ယဇ်ပုရောဟိတ်ခန်းမ၏ အပြင်အဆင်မှာမူ ခမ်းနားထည်ဝါခြင်းမရှိဘဲ ရိုးရှင်းလှသည်။
ယဇ်ပုရောဟိတ် ပုံမှန်နေထိုင်ရာ နေရာကို ဖြတ်ကျော်ပြီးနောက် ဇိုမိုမှာ ခန်းမ၏ အနက်ရှိုင်းဆုံးအပိုင်းဖြစ်သော ပူဇော်ပသမှု အခန်းသို့ ရောက်ရှိလာသည်။
အခန်းမှာ မကျယ်ဝန်းဘဲ အပြင်အဆင်မှာလည်း ထူးခြားမှုမရှိဘဲ ရိုးရှင်းလှသည်။ အလယ်တွင် ကြေးနီစားပွဲတစ်ခုသာ ထီးတည်းရှိနေသည်။ ဇိုမို ဝင်ရောက်လာသည်နှင့် စားပွဲပေါ်ရှိ ပစ္စည်းတစ်ခုက သူ့အာရုံအား ဖမ်းစားသွားသည်။
၎င်းမှာ ရွှေရောင် သစ်ရွက် တစ်ရွက် ဖြစ်သည်။
အခန်းထဲတွင် ဖုန်မတက်ဘဲ သန့်ရှင်းနေသော တစ်ခုတည်းသော ပစ္စည်းမှာ ထိုအရာပင် ဖြစ်သည်။ ထိုသစ်ရွက်မှာ ကလေးငယ်တစ်ယောက်၏ နူးညံ့သော အသက်ရှူသံအလား မှေးမှိန်သော ရွှေရောင်အလင်းကို တဖျတ်ဖျတ် ထုတ်လွှတ်လိုက် ပြန်မှိန်သွားလိုက် ဖြစ်နေသည်။
၎င်းမှာ သာမန်မဟုတ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိလိုက်ရသဖြင့် ဇိုမိုမှာ ဝမ်းသာအားရ ဖြစ်သွားပြီး ကမန်းကတမ်း ကောက်ယူလိုက်လေသည်။
သစ်ရွက်မှာ သူ၏လက်ထဲသို့ ရောက်သည်နှင့် ရွှေရောင်အလင်းမှာ ပျောက်ကွယ်သွားသည်။ လက်ဝါးအရွယ်အစားရှိပြီး ရွှေဖြင့် ပြုလုပ်ထားသယောင် ရှိသော်လည်း ထိုအပေါ်ရှိ အကွက်အဆင်များမှာ အသက်ဝင်နေကာ လက်မှုပညာ လက္ခဏာဟူ၍ လုံးဝမတွေ့ရပေ။
ဤရွှေရောင်သစ်ရွက်မှာ လူတို့ဖန်တီးထားခြင်းမဟုတ်ဘဲ သဘာဝအတိုင်း ဖြစ်တည်လာသည့် ရတနာတစ်ခုဖြစ်ကြောင်း ဇိုမို အလိုအလျောက် ခံစားနေရသည်။
ဤအရာမှာ သာမန်မဟုတ်ကြောင်း အရူးတစ်ယောက်ပင် သိရှိနိုင်ပေသည်။
အချိန်ကပ်နေပြီဖြစ်၍ ဇိုမိုမှာ သေသေချာချာ မစစ်ဆေးတော့ဘဲ လက်စွပ်ထဲသို့ ကမန်းကတမ်း ထည့်လိုက်သည်။ ထို့နောက် ခေါင်းမော့ကြည့်လိုက်ရာ စားပွဲပေါ်တွင် ဖုန်တက်နေသော ကြေးနီရွှေကျီးကန်း ရုပ်တုများကို တွေ့ရသည်။ အနည်းငယ် တွန့်ဆုတ်နေပြီးမှ ထိုအရာများကိုပါ သူ သိမ်းဆည်းလိုက်သည်။
"ဘာမှ လက်မလွတ်ရဘူး တန်ဖိုးမရှိရင်တောင်မှ အလကားရတာပဲလေ" ဟူသော သဘောထားဖြင့် ကြေးနီစားပွဲကိုပင် ချန်မထားခဲ့ဘဲ သိမ်းပိုက်လိုက်လေသည်။
ကြေးနီစားပွဲဘေးတွင် ဆွေးမြေ့နေသော ပစ္စည်းများဖြင့် ပြည့်နှက်နေသည့် ကြေးနီစင်နှစ်ခု ရှိသည်။ ဇိုမိုမှာ ညစ်ပတ်နေမှုကို ဂရုမစိုက်ဘဲ အပျက်အစီးများကြားတွင် စတင်မွှေနှောက်ရှာဖွေတော့သည်။
ဆွေးမြေ့မသွားသေးသည့် မည်သည့်အရာမဆို ကောင်းမွန်သော ရတနာဖြစ်လိမ့်မည်ဟု သူ ယုံကြည်ထားသည်။
နှစ်ပေါင်းနှစ်သောင်းကျော်သော အချိန်ကာလမှာ သားသတ်သမား၏ဓားနှင့် တူသည်။ အရေခွံထူသည့် ပစ္စည်းများသာလျှင် ကျန်ရစ်နိုင်မည် ဖြစ်သည်။
သူ၏ ရှာဖွေမှုမှာ အောင်မြင်ခဲ့သည်။
မီးလောင်ရာများ ရှိနေသော လိပ်ခွံတစ်ခု ထက်မြက်သော သားရဲသွား ခုနစ်ချောင်းနှင့် အစင်းရာများ ထင်နေသော သစ်သားတုတ်တိုတစ်ချောင်းတို့ကို ရရှိလိုက်သည်။ ဇိုမိုမှာ စိတ်အားထက်သန်စွာဖြင့် ကြေးနီစင်နှစ်ခုကိုပါ လက်စွပ်ထဲသို့ ထည့်လိုက်သည်။
"တံခါးကြီးက ကြီးလွန်းလို့ ဖြုတ်ယူလို့မရတာ နှမြောစရာပဲ"
ဇိုမိုမှာ နောင်တရစွာဖြင့် နှုတ်ခမ်းကို သပ်လိုက်သည်။
ဘာမျှကျန်မနေခဲ့ကြောင်း သေချာစေရန် ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ပြီးနောက် ပူဇော်ပသမှု အခန်းမှ ထွက်ခွာလာခဲ့သည်။ သူ၏စိတ်ထဲတွင် ရှာဖွေကြည့်လိုက်ရာ နောက်ထပ်ပစ်မှတ်တစ်ခုမှာ အမြင်အာရုံထဲသို့ ဝင်ရောက်လာသည်။
သူ့သွေးများမှာ ချက်ချင်းပင် ဆူပွက်လာတော့သည်။
***