ဒုန်း...
နတ်ကျောင်းတော်၏ အနက်ရှိုင်းဆုံးနေရာမှ အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံမှာ နက်ရှိုင်းကာ ကာရန်ညီလှပြီး လူတိုင်း၏ နှလုံးသားထဲသို့ တိုးဝင်သွားသည်။ အသံဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် လူတို့၏ အသား သွေးနှင့် ကြွက်သားတို့မှာ ထိန်းချုပ်မရအောင် တုန်ယင်လာကြသည်။
ထိုအသံ ပေါ်ထွက်လာပြီးနောက်တွင် လူတိုင်းမှာ သေလူတစ်ဦးပမာ တိတ်ဆိတ်သွားကြသည်။
လှုပ်ရှားမှုဟူသမျှ အသံဟူသမျှတို့မှာ ထိုအသံ၏ နောက်ကွယ်တွင် ပျောက်ကွယ်သွားကြပြီဖြစ်သည်။
လူတိုင်းမှာ မိမိတို့၏ အကြည့်များကို နတ်ကျောင်းတော်၏ အနက်ရှိုင်းဆုံး နေရာဆီသို့ အလိုအလျောက် ပို့လွှတ်လိုက်ကြသည်။ ရုတ်တရက် ပေါ်ထွက်လာသော ထိုဆန်းကြယ်သည့် အသံကြောင့် လူတိုင်း ထိတ်လန့်နေကြသည်။ သေရှင်တိုက်ပွဲ ဆင်နွှဲနေကြသော ဝိညာဉ်သန္ဓေအဆင့် သုံးဦးပင်လျှင် အံ့အားသင့်သော အမူအရာတို့ဖြင့် ငေးမောနေကြသည်။
ထိုအသံနှင့်အတူ ကြီးမားကျယ်ပြန့်သော စွမ်းအားတစ်ခုမှာ နတ်ကျောင်းတော်ထဲမှ စီးဆင်းလာသည်။
သူတို့၏ မျက်နှာများမှာ ဖြူဖျော့သွားကြသည်။
ထိုစွမ်းအားမှာ ကြီးမားကျယ်ပြန့်လှပြီး မီးတောင်ချော်ရည်တို့ပမာ ပူလောင်ကာ ကြမ်းတမ်းသော မီးပင်လယ်ကြီးတစ်ခုနှင့်ပင် တူနေသည်။
တစ်စုံတစ်ယောက် ထိတ်လန့်တကြား အော်ဟစ်ကာ ထိုသေလူကဲ့သို့ တိတ်ဆိတ်မှုအား ဖြိုခွင်းလိုက်သည်။
အော်သံကို ကြားလိုက်သည်နှင့် လူတိုင်း လှည့်ကြည့်လိုက်ကြရာ ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ကြရသည်။
ရွှေရောင်အလင်းတန်းတစ်ခုမှာ သူတို့၏ ခေါင်းပေါ်မှ အမှောင်ထုကို ခွင်းထွက်လာပြီး ရွှေရောင်ဓားတစ်လက်အလား အောက်သို့ ဆင်းသက်လာသည်။
မန္တန်များနှင့် အစီအရင်များမှ ထွက်ပေါ်နေသော အလင်းရောင်အားလုံးမှာ ဤရွှေရောင်အလင်းတန်းနှင့် နှိုင်းယှဉ်လိုက်သောအခါ မှေးမှိန်သွားကြသည်။ ထိုအလင်းမှာ အလွန်ပင် ပူပြင်းပြီး မျက်စိကျိန်းလောက်အောင် တောက်ပနေသဖြင့် မည်သူမျှ တည့်တည့်မကြည့်နိုင်ကြချေ။
အလင်းတန်းအောက်တွင် ဇိုမိုမှာ ၎င်းအား ပွေ့ဖက်တော့မည့်အလား လက်မောင်းများကို ဖြန့်ကားထားလိုက်သည်။ ရွှေရောင်အလင်းတန်းဖြင့် ရေချိုးနေသည့် ဇိုမို၏ ခန္ဓာကိုယ်ပတ်လည်တွင် ရွှေရောင်စွမ်းအင်အလွှာတို့မှာ စီးဆင်းနေသည်။ ပူပြင်းလှသော အလင်းရောင်အောက်တွင် ကြေးနီမျက်နှာဖုံးမှာ ပုံမှန်မဟုတ်ဘဲ မည်းနက်နေပြီး အလင်းရောင်နှင့် ဆန့်ကျင်ဘက်ဖြစ်ကာ အောက်ခြေမရှိသည့် အရိပ်တစ်ခုအလား ထင်ရှားနေသည်။
ထူထဲသော ရွှေရောင်အလင်းတို့သည် ဇိုမို၏ ဖြန့်ကားထားသော လက်မောင်းများပေါ်သို့ ကျရောက်လာပြီး စေးပျစ်သော ရွှေရည်များအလား သူ၏လက်မောင်းများတစ်လျှောက် စီးဆင်းသွားသည်။
ရွှေရောင်အလင်းတို့သည် ဇိုမို၏ လက်ချောင်းထိပ်များတွင် စုစည်းလာသည်။ ၎င်းတို့သည် ဖြည်းညင်းစွာ စုစည်းကြီးထွားလာပြီးနောက် နောက်ဆုံးတွင် ကြီးမားသော ရွှေရည်စက်ကြီးတစ်စက်အဖြစ် ကျဆင်းလာသည်။
ရွှေရည်စက်သည် လက်ချောင်းများမှ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် အပြင်ဘက် အလွှာများမှာ ကြယ်ပွင့်များအလား ရွှေရောင်စွမ်းအင်အစက်အပြောက်များအဖြစ် ပြိုကွဲပျက်စီးသွားကြသည်။
ရွှေရည်စက်အမြောက်အမြားမှာ ဇိုမို၏ လက်မောင်းများမှ ကျဆင်းလာကာ ရွှေရောင်အမွေးအတောင်များကဲ့သို့ ရွှေရောင်အလင်းတန်း အစင်းရာပေါင်း ရာချီ၍ ဖန်တီးလိုက်သည်။ ကြည့်ရသည်မှာ အလွန်ပင် လှပလွန်းလှသည်။
လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
အစမှ အဆုံးတိုင်အောင် ဝိုင်းရံခံထားရသော ဇိုမိုအား မည်သူကမျှ အလေးမထားခဲ့ကြချေ။ သူတို့၏အမြင်တွင် ဤသူမှာ ပိုက်ကွန်ထဲရောက်နေသော ငါးတစ်ကောင် သားသတ်သမား၏ စဉ်းတီတုံးပေါ်တွင် အသတ်ခံရန် စောင့်ဆိုင်းနေသော သိုးတစ်ကောင်နှင့်သာ တူနေသည်။
အခြေအနေအပေါ် မူတည်ပြီး ဓားကိုင်မည့်သူ ကွဲပြားနိုင်သော်လည်း သိုးမှာမူ အတူတူပင် ကံကြမ္မာဆိုးနှင့် ကြုံတွေ့ရမည်ဟု ထင်မှတ်ထားခဲ့ကြသည်။
ဇိုမိုမှာ လျစ်လျူရှုခံခဲ့ရသည်။ လူတိုင်းက သူ့အား အလေးမထားခဲ့ကြပေ။
ကောင်းကင်ယံမှ အလင်းတန်း ကျရောက်လာမှသာ ဤအဖြစ်အပျက်မှာ သူတို့ထင်ထားသလောက် မရိုးရှင်းကြောင်း လူတိုင်း ရုတ်တရက် သဘောပေါက်သွားကြသည်။
အကြီးအကဲရှန်မှာ ပထမဆုံး တုံ့ပြန်သူဖြစ်သည်။ သူ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"သူ့ကို သတ်..."
လူများ၏ အရိုးများ တုန်ခါသွားစေသော နောက်ထပ်အသံတစ်ခုမှာ အကြီးအကဲရှန်၏ ဒေါသတကြီး အော်ဟစ်သံကို ဖြတ်တောက်သွားသည်။ ထိုအသံမှာ ကာကွယ်ရေးအလွှာများကို ဖောက်ထွင်းပြီး နှလုံးသား အနက်ရှိုင်းဆုံးနေရာသို့ ရိုက်ခတ်သွားသည်။
နတ်ကျောင်းတော်၏ အပူချိန်မှာ သိသိသာသာ မြင့်တက်လာသည်။ လေထုမှာ ပူပြင်းလွန်းသဖြင့် လောင်ကျွမ်းတော့မည့်အလား ဖြစ်နေလေပြီ။
ဒုန်း... ဒုန်း... ဒုန်း...
အသံများ တစ်ခုပြီးတစ်ခု ဆက်တိုက်ထွက်ပေါ်လာပြီး ကြိမ်နှုန်းမှာလည်း တဖြည်းဖြည်း မြင့်တက်လာသည်။
ထိုနေရာရှိ လူအများမှာ မျက်စိဖြင့် မမြင်နိုင်သော စွမ်းအားတစ်ခု၏ အချုပ်အနှောင်ကို ခံထားရသကဲ့သို့ တောင့်ခဲနေကြသည်။ မိမိတို့၏ လင်းစွမ်းအင်များကို မည်မျှပင် အစွမ်းကုန် လည်ပတ်စေကာမူ လက်ချောင်းလေးတစ်ချောင်းပင် လှုပ်ရှားနိုင်စွမ်း မရှိတော့ချေ။
ပေါ်ထွက်လာသော အသံတို့သည် သူတို့၏ သွေးသားများနှင့် စွမ်းအင်များကို ထိန်းချုပ်မရအောင် တုန်ခါစေသည်။ မကြာမီပင် သွေးများ ဆူပွက်လာပြီး မျက်နှာသွင်ပြင်များမှာ အနီရောင်နှင့် အနက်ရောင်တို့ တစ်လှည့်စီ ပြောင်းလဲကာ ယခင်က တုန်လှုပ်နေသော မျက်ဝန်းများမှာ ကြောက်ရွံ့မှုများဖြင့် ဖုံးလွှမ်းသွားကြသည်။
အကြီးအကဲရှန်မှာ ဤအခြေအနေကို မမျှော်လင့်ခဲ့မိပေ။
မျက်နှာဖုံးစွပ်ထားသူအား အမြစ်ပြတ်ရှင်းလင်းမပစ်ခဲ့မိခြင်းအတွက် သူ အလွန်ပင် နောင်တရမိသည်။ ထိုဆုံးဖြတ်ချက်သည် ယခုကဲ့သို့ မျှော်လင့်ချက်မဲ့သည့် အခြေအနေမျိုးဆီသို့ သူ့အား ပို့ဆောင်ပေးလိုက်ခြင်း ဖြစ်သည်။
ယခင်က မျက်နှာဖုံးစွပ်သူ၏ သရုပ်မှန်နှင့် ပတ်သက်၍ သံသယဝင်ခဲ့မိသော်လည်း ယခုအခါတွင်မူ သူ အတိအကျပင် သိရှိလိုက်ရပြီဖြစ်သည်။
ဤအသံ ဤအလင်းတန်းနှင့် ဤဖိနှိပ်မှုမျိုးမှာ နတ်ကျောင်းတော်၏ စွမ်းအားမှလွဲ၍ တခြားမဖြစ်နိုင်။ ထိုစွမ်းအား၏ ကြီးမားလှသည့် အရှိန်အဝါမှာ လူတို့၏ မျှော်လင့်ချက်ကို အငွေ့ပျံသွားစေသည်အထိပင်။
သို့သော် အကြီးအကဲရှန် မျှော်လင့်ချက် ကုန်ဆုံးမသွားသေးပေ။ သူ ရုန်းကန်နေဆဲ ဖြစ်သည်။ လူအားလုံးထဲတွင် သူသည် နတ်ကျောင်းတော် အကြောင်း အသိဆုံး ဖြစ်သည်။ ဤစွမ်းအားမှာ ပြိုင်ဘက်ကင်း ကြီးမားပြီး လွှမ်းမိုးကြီးစိုးမှုများဖြင့် ပြည့်နှက်နေကာ မည်သည့် ဖုံးကွယ်မှုမှ မပါဘဲ လောင်ကျွမ်းနေသည်။
အဆိုပါစွမ်းအားမှာ ကောင်းကင်ယံမှ လူသားတို့ တည့်တည့်မကြည့်ဝံ့သော နေမင်းကြီးနှင့်ပင် တူလှသည်။
သို့သော် အကြီးအကဲရှန်မှာ အဖမ်းခံရမည့် အချိန်ကို ထိုင်စောင့်နေရန် ဆန္ဒမရှိချေ။ ဤပြင်းထန်သော စွမ်းအားကို ခုခံရန် ခက်ခဲလှသော်လည်း ကြီးမားသော လွှမ်းမိုးမှုအောက်တွင် နောက်ဆက်တွဲအကျိုးဆက်များကို မတွေးတော့ဘဲ တစ်စုံတစ်ခု လောင်ကျွမ်းနေသည်ကို သူ အာရုံခံမိလိုက်သည်။
၎င်းမှာ နောက်ဆုံးအချိန်သို့ ရောက်ရှိနေပြီဖြစ်သော နတ်ကျောင်းတော်က ကျန်ရှိသမျှစွမ်းအားများကို နောက်ဆုံးအကြိမ်အဖြစ် လောင်ကျွမ်းပစ်နေခြင်းပင်ဖြစ်သည်။
အကယ်၍ သူသာ ထိုလောင်ကျွမ်းမှု ငြိမ်းသွားသည်အထိ တောင့်ခံထားနိုင်ပါက သူ အခွင့်အရေးတစ်ခု ရလာလိမ့်မည်။
ထိုအခွင့်အရေးတစ်ခုသာ ရရှိပါက အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်မည်ဟု သူ ယုံကြည်သည်။ တစ်ဖက်လူသည် နေမင်းမျိုးနွယ်စု၏ မျိုးဆက်ဖြစ်နေပါစေဦးတော့ ဤနတ်ကျောင်းတော်ကို ထိန်းချုပ်နိုင်လိမ့်မည်ဟု သူ မယုံကြည်ချေ။
အကြောင်းမှာ ၎င်းကိုထိန်းချုပ်ရန် ရှန်စွမ်းအား လိုအပ်သောကြောင့်ဖြစ်သည်။
သူသည် နေမင်းမျိုးနွယ်စုမှ ဆင်းသက်လာသော်လည်း ရှန်စွမ်းအားကို ကျင့်ကြံနိုင်လိမ့်မည်မဟုတ်ပေ။ လက်ရှိအချိန်တွင် ရှန်စွမ်းအား ရှိသောနေရာများ မရှိတော့သလို ရှန်စွမ်းအား ကျင့်ကြံသည့်နည်းလမ်းများမှာလည်း သမိုင်းဖုန်မှုန့်များအောက်တွင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ရှန်စွမ်းအားမရှိဘဲ နတ်ကျောင်းတော်၏ အသိအမှတ်ပြုမှုကို ရကောင်းရနိုင်သော်လည်း နတ်ကျောင်းတော်ကိုမူ သေချာပေါက် ထိန်းချုပ်နိုင်မည်မဟုတ်ပေ။
“ဒါက နတ်ကျောင်းတော် မသေခင် နောက်ဆုံး ရုန်းကန်မှု တစ်ခုပဲ…”
အကြီးအကဲရှန် ရုတ်တရက် တည်ငြိမ်သွားသည်။ သူ၏အကြည့်များ ရပ်တန့်သွားပြီး ခန္ဓာကိုယ်မှာလည်း အေးခဲသွားသည်။
ကြေးနီမျက်နှာဖုံး တပ်ဆင်ထားသူက ရုတ်တရက် လှုပ်ရှားလိုက်သည်။ အရိပ်ထဲတွင် ဖုံးကွယ်နေသော မျက်နှာဖုံးအောက်မှနေ၍ ရိုးရှင်းပြီး ရှေးကျသောအသံများ ထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်မှာ မြွေတစ်ကောင်ကဲ့သို့ လိမ်ကောက်သွားကာ ဆန်းကြယ်သော အနေအထားတစ်ခုကို ယူလိုက်သည်။
ရွှေရောင်စွမ်းအင် အပိုင်းအစများဖြင့် ဖွဲ့စည်းထားသော ရွှေရောင်အမွေးအတောင်များက ဇိုမို၏ လက်ချောင်းများ လှုပ်ရှားလိုက်သည်နှင့် လေထဲတွင် နက်နဲသော လမ်းကြောင်းများကို ရေးဆွဲလိုက်သည်။
အလွန်စိမ်းသက်သော စွမ်းအားတစ်ခုမှာ လှိုင်းဂယက်များအဖြစ် ရုတ်တရက် ပြန့်နှံ့သွားသည်။
ယခုလေးတင် တည်ငြိမ်သွားသော အကြီးအကဲရှန်မှာ ဇိုမိုအား သရဲတစ္ဆေ မြင်လိုက်ရသကဲ့သို့ ကြည့်လိုက်သည်။
"ဒါက... ဒါက... ရှန်စွမ်းအားလား"
"ရှန်စွမ်းအား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... မဖြစ်နိုင်တာ..."
လှုပ်ရှား၍မရတော့သော အကြီးအကဲရှန်၏ စိတ်အစဉ်မှာ လုံးဝဗလာကျင်းသွားသည်။ ဤအံ့မခန်းတွေ့ရှိမှုက ကြည်လင်သောကောင်းကင်တွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ သူ့စိတ်ထဲတွင် ပေါက်ကွဲသွားလေသည်။ ထိုအရာမှာ သူ၏နောက်ဆုံး အတွေးပင် ဖြစ်တော့သည်။
ကောင်းကင်ယံမှ အလင်းတန်းတစ်ခု ကျရောက်လာပြီး သူ့အား ဖုံးလွှမ်းသွားသည်။ အမြင်အာရုံများ ပျောက်သွားပြီးနောက် သူ သတိလစ်သွားတော့သည်။
နတ်ကျောင်းတော်ထဲမှ အလင်းတန်း ဒါဇင်ပေါင်းများစွာ ပစ်ဆင်းလာသည်။ လူတိုင်းမှာ အလင်းတန်းတစ်ခုစီ၏ ချုပ်နှောင်ခြင်းကို ခံလိုက်ကြရသည်။ ဖမ်းဆီးခံရသူများအားလုံးမှာ မည်မျှပင် အစွမ်းထက်သော ကျင့်ကြံသူများ ဖြစ်စေကာမူ ရုပ်သေးရုပ်များကဲ့သို့ အမူအရာများ အေးခဲသွားကြလေသည်။
ဇိုမို လှုပ်ရှားမှုကို ရပ်တန့်လိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်စွမ်းအင်များမှာ မှေးမှိန်သွားပြီး ပျောက်ကွယ်လုနီးပါး အားနည်းသွားသည်။
"ဟား... အား..."
အက်ကွဲနေသော ရယ်မောသံတစ်ခု မျက်နှာဖုံးနောက်ကွယ်မှ ထွက်ပေါ်လာသော်လည်း ချက်ချင်း စူးရှသော ရှိုက်သံအဖြစ် ပြောင်းလဲသွားသည်။
ဇိုမို ခက်ခဲစွာဖြင့် နှုတ်ခမ်းကို တွန့်လိုက်သည်။ သူ ရယ်မောချင်သော်လည်း ခန္ဓာကိုယ်ရှိ ကြွက်သားတိုင်းက အလွန်နာကျင်ကိုက်ခဲနေသည်။ အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် နှလုံးသားကို ဖောက်ထွင်းသွားမတတ် နာကျင်မှုကို ခံစားနေရသည်။
သို့သော် အရိုးစုတစ်ခုလုံး ပြုတ်ထွက်သွားမတတ် နာကျင်နေသော်လည်း သူခံစားနေရသော ဂုဏ်ယူမှုနှင့် ပျော်ရွှင်မှုမှာ လျော့နည်းသွားခြင်း မရှိချေ။
သေရမည့် အခြေအနေမှ အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်လိုက်ခြင်းထက် ပိုပျော်စရာ ရှိပါဦးမည်လော။
ရုပ်တုများကဲ့သို့ ဖြစ်နေသော လူများကို ကြည့်ရင်း ဇိုမို ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောမိသည်။
ဤအလင်းတန်းများမှာ နတ်ကျောင်းတော်၏ ကာကွယ်ရေးစွမ်းအားဖြစ်သော ရွှေကျီးကန်း ချုပ်နှောင်ခြင်း အလင်း ဖြစ်သည်။ ရန်သူအား အေးခဲသွားစေနိုင်ပြီး အသိစိတ်ကို ဖယ်ရှားပစ်နိုင်သည်။ ယဇ်ပလ္လင်မှ လှိုင်းဂယက်ကို ခံစားမိချိန်တွင် မျှော်လင့်ချက်မဲ့နေသော ဇိုမိုသည် ဘာကိုမျှ ဂရုမစိုက်ဘဲ ယဇ်ပလ္လင်နှင့် ဆက်သွယ်ရန် တိုးဝင်ခဲ့ခြင်း ဖြစ်သည်။
သူ အောင်မြင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။
ယဇ်ပလ္လင်နှင့် အောင်မြင်စွာ အဆက်အသွယ် ရရှိလိုက်သည်နှင့်တပြိုင်နက် လှိုင်းဂယက်များ အဘယ်ကြောင့် ထွက်ပေါ်လာရသည်ကို ဇိုမို ချက်ချင်းပင် နားလည်သဘောပေါက်သွားခဲ့သည်။
နှစ်သောင်းချီ၍ ပိတ်လှောင်ခံထားခဲ့ရသည့် နတ်ကျောင်းတော်သည် ယခုမှ ပြန်လည်နိုးထလာခြင်းဖြစ်ရာ ထိုသို့နိုးထခြင်းက ရှိသမျှစွမ်းအင်များကို လျင်မြန်စွာပင် ကုန်ခမ်းသွားစေခဲ့သည်။
နတ်ကျောင်းတော်တွင် ယခုအခါ စွမ်းအင်အမျှင်လေးတစ်မျှင်သာ ကျန်ရှိတော့သည်။
အကယ်၍ ဇိုမိုသာ ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ပါလျှင် ထိုနောက်ဆုံးစွမ်းအင်မျှင်ဖြင့် နတ်ကျောင်းတော်သည် မိမိကိုယ်ကို ပြာအဖြစ် လောင်ကျွမ်းစေတော့မည်ဖြစ်သည်။ ယဇ်ပလ္လင်မှ ထွက်ပေါ်နေသော လှိုင်းဂယက်များမှာ နတ်ကျောင်းတော် မသေဆုံးမီ ပေးပို့လိုက်သည့် နောက်ဆုံး သတိပေးချက်များသာ ဖြစ်သည်။
သို့သော်လည်း ယဇ်ပလ္လင်နှင့် အဆက်အသွယ်ပြုနိုင်ခဲ့သည့် ဇိုမိုမှာ ထိုနောက်ဆုံးစွမ်းအင်ကို အသုံးချကာ သေစေနိုင်လောက်သော တိုက်ကွက်တစ်ခုကို ဖန်တီးလိုက်ခြင်းပင် ဖြစ်သည်။
ရှန်စွမ်းအား၏ အစွမ်းသတ္တိမှာ ပြိုင်ဘက်ကင်းလှသည်။ နောက်ဆုံးကျန်ရှိနေသော အမျှင်လေးသာ ဖြစ်စေကာမူ အကြီးအကဲရှန်နှင့် အခြားသူများမှာ မည်သို့မျှ တောင့်ခံနိုင်စွမ်းမရှိကြချေ။
ဤအလင်းတန်းများမှာ နတ်ကျောင်းတော်၏ အစွမ်းအထက်ဆုံး ကာကွယ်ရေးတိုက်ကွက်ဖြစ်သော ရွှေကျီးကန်း ချုပ်နှောင်ခြင်းအလင်းပင်ဖြစ်သည်။ ထိုအလင်းတန်းများ ဖုံးလွှမ်းခြင်း ခံလိုက်ရသူတို့၏ အသိစိတ်များမှာ လုံးဝကင်းမဲ့သွားပြီး ရုပ်သေးရုပ်များအလား ဖြစ်သွားကြတော့သည်။
သို့သော်လည်း ရွှေကျီးကန်း ချုပ်နှောင်ခြင်း အလင်း၏ အားနည်းချက်မှာ ရန်သူအား တိုက်ရိုက်အသက်မယူနိုင်ခြင်းပင်ဖြစ်သည်။ ထို့အပြင် တစ်ဖက်လူသည် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာ ရရှိသွားသည်နှင့်တပြိုင်နက် ချုပ်နှောင်ထားမှုမှ လွတ်မြောက်ကာ ပြန်လည်နိုးထလာမည်ဖြစ်သည်။
အကြီးအကဲရှန်ကဲ့သို့သော ဝိညာဉ်သန္ဓေအဆင့် ကျင့်ကြံသူများအနေဖြင့် ထိုသို့နိုးထလာချိန်တွင် ဇိုမိုအား ပြန်လည်သတ်ဖြတ်နိုင်စွမ်း ရှိနေသေးသည်။ ယခင်က နေမင်းနတ်ကျောင်းတော်သည် ဤသို့ချုပ်နှောင်ခံထားရသူများအား ရှန်လောင်ကျွမ်းခြင်း နယ်မြေထဲသို့ ပစ်ချကာ အရှင်လတ်လတ် လောင်ကျွမ်းစေခြင်းဖြင့် ကိုင်တွယ်ဖြေရှင်းလေ့ရှိသည်။
သို့ဖြစ်၍ ဇိုမိုအနေဖြင့် ဤသူများအား ယခုချက်ချင်း အသက်ယူ၍ မရနိုင်သေးပေ။
ဇိုမို အနည်းငယ် နောင်တရမိသော်လည်း သူ့မျက်လုံးများ လည်ပတ်သွားကာ ထူးဆန်းသော ရယ်မောသံအား ထုတ်ဖော်လိုက်သည်။ နာကျင်မှုကြောင့် ထွက်ပေါ်လာသည့် ရှိုက်သံများကိုမူ သူ မဖုံးကွယ်နိုင်ခဲ့ပေ။
သူသည် ခန္ဓာကိုယ်တစ်ခုလုံးတွင် ခံစားနေရသော ပြင်းထန်သည့် နာကျင်ကိုက်ခဲမှုများကို အံကြိတ်ဖိနှိပ်ရင်း အကြီးအကဲရှန်၏ အနားသို့ တရွေ့ရွေ့ ချဉ်းကပ်သွားလိုက်သည်။
ငြိမ်သက်စွာ အိပ်မောကျသကဲ့သို့ ဖြစ်နေသော အကြီးအကဲရှန်ကို ကြည့်လိုက်သည့်အခါ ဇိုမို၏အကြည့်များမှာ လောဘတက်ကာ ပူလောင်လာသည်။ သူသည် နောက်တစ်စက္ကန့်မျှပင် တွန့်ဆုတ်မနေတော့ဘဲ အကြီးအကဲရှန်၏ ခန္ဓာကိုယ်ကို စတင်၍ ရှာဖွေတော့သည်။
လင်းသံချပ်ကာ လေဟာနယ်လက်စွပ် မှော်အဆောင်များ... ။
မိမိပိုင်ဆိုင်မှုများ ဖြစ်လာတော့မည့် စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုတို့က ဇိုမို၏ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲနေမှုများကိုပင် မေ့လျော့သွားစေသည်။ သူ၏ လက်များမှာ အလွန်ပင် ကျွမ်းကျင်မြန်ဆန်စွာဖြင့် အကြီးအကဲရှန်၏ ပိုင်ဆိုင်မှုများကို တစ်ခုမကျန် ပြောင်စင်အောင် သိမ်းယူလိုက်သည်။
တကယ့်ကို ပြောင်စင်သွားသည်ဟု ဆိုရမည်ဖြစ်သည်။ ဇိုမိုမှာ အတွင်းခံအဝတ်အစားကိုပင် ချန်ထားခြင်းမရှိပေ။
"ဒီအဝတ်အစားက မဆိုးလှဘူးပဲ"
အရာအားလုံးကို မျက်စိဒေါက်ထောက်ကြည့်နေသော ဇိုမို၏ မျက်လုံးများမှာ ချက်ချင်းပင် အရောင်တောက်ပလာတော့သည်။
ခမ်းနားလိုက်တာ... ခမ်းနားလိုက်တာ...။
ထိုအဝတ်အစားမှာ ပဉ္စမအဆင့် စီးဆင်းလေဖြင့် ယက်လုပ်ထားပြီး သွေးငိုငှက်၏ အမွေးများနှင့် ရောစပ်ထားသည်။ ထိုအပေါ်တွင် ပြုစုပျိုးထောင်ခြင်း သန်မာစေခြင်း နှင့် ခံနိုင်ရည်ဟူသော အစီအရင် သုံးခုကို ထည့်သွင်းထားသဖြင့် ပဉ္စမအဆင့် ကျင်းရှီ နှစ်ရာဖြင့် အေးဆေးရောင်းချနိုင်မည်မှာ အသေအချာပင်ဖြစ်သည်။
ပဉ္စမအဆင့် ကျင်းရှီ နှစ်ရာ...။
"ဒီအစ်ကို့ကိုတော့ ဘယ်သူမှ အပြစ်တင်လို့ မရဘူးကွ"
ဇိုမို အသံထွက် ရေရွတ်လိုက်ပြီးနောက် သူ၏လက်များမှာ ပိုမိုမြန်ဆန်သွက်လက်လာတော့သည်။
ဤသူတို့ကား ဒေသခံအင်အားကြီး ခေါင်းဆောင်များသာမက ကျွမ်းကျင်သူများလည်း ဖြစ်ကြရာ သူတို့ထဲတွင် မချမ်းသာသူဟူ၍ မည်သူရှိပါမည်နည်း။ ဇိုမိုသည် အသေးစိတ် စစ်ဆေးနေတော့ဘဲ သူတို့၏ အဝတ်အစားများနှင့် သံချပ်ကာများပါမကျန် အကုန်အစင် ချွတ်ယူလိုက်သည်။
အလောင်းကောင်ပင်လယ် ဝါးတောင်ဝှေး ယင်ယန် ဗလာနတ္ထိ ပုတီးစေ့...။
သိမ်းယူနေသည့် ဇိုမို၏ လက်လှုပ်ရှားမှုမှာ အလွန်ပင် လျင်မြန်လှသည်။ ဤလုပ်ငန်းစဉ်မှာ သူ့အတွက် ပထမဆုံးအကြိမ် မဟုတ်သဖြင့် သူ့၏စွမ်းဆောင်ရည်မှာ သဘာဝအတိုင်းပင် မြင့်မားနေရခြင်း ဖြစ်သည်။
သနားစရာကောင်းသော ထိုမျက်နှာဖုံးစွပ် လူသတ်သမားပင်လျှင် ဤကံကြမ္မာဆိုးမှ မလွတ်မြောက်ခဲ့ချေ။ ထိုသူသည် ဒဏ်ရာရရှိပြီးနောက် အဝေးသို့ ထွက်မသွားဘဲ အရေးကြီးသည့်အချိန်တွင် ဇိုမိုအား အဆုံးစီရင်ရန် အရိပ်ထဲ၌ ပြန်လည်ပုန်းအောင်းနေခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း နတ်ကျောင်းတော်မှာ ဇိုမိုတစ်ယောက်တည်းကိုသာ ချွင်းချက်ထားကာ ကျန်လူတိုင်းအား ရန်သူအဖြစ် သတ်မှတ်လိုက်သည်။ ထိုကြောင့် မျက်နှာဖုံးစွပ် လူသတ်သမားမှာလည်း မလွတ်မြောက်နိုင်ဘဲ ရွှေကျီးကန်း ချုပ်နှောင်ခြင်း အလင်းထဲတွင် ပိတ်မိသွားခဲ့လေသည်။
သူ့အား သတ်လုနီးပါး ပြုမူခဲ့သူဖြစ်သဖြင့် ထိုသူအပေါ် ဇိုမို၏စိတ်တွင် အမုန်းတရားများ ပြည့်နှက်နေသည်။ ထို့ကြောင့် တစ်ခွန်းမျှ မပြောဘဲ ပြောင်စင်အောင် ချွတ်ယူလိုက်သည်။ သူ၏အမှတ်တံဆိပ်ဖြစ်သော မျက်နှာဖုံးကိုပါ ချန်မထားခဲ့ပေ။
ခဏအကြာတွင် နတ်ကျောင်းတော်အတွင်း၌ အဝတ်ဗလာဖြစ်နေသော ရုပ်သေးရုပ်များမှာ အပုံလိုက်ကြီး ဖြစ်နေတော့သည်။ သူတို့မှာ အမွေးရိတ်ခံထားရသော သိုးအုပ်ကြီးတစ်အုပ်နှယ် ပြောင်စင်လျက် ရှိနေလေသည်။
"တကယ့်ကို ကြည့်လို့ကောင်းတဲ့ မြင်ကွင်းပါလား..."
ရွှေကျီးကန်း ချုပ်နှောင်ခြင်း အလင်း၏ သက်ရောက်မှုမှာ ကြာရှည်ခံမည်မဟုတ်သဖြင့် ဇိုမိုသည် စိတ်လှုပ်ရှားမှုနှင့် ဂုဏ်ယူဝင့်ကြွားမှုများဖြင့် အမြန်ဆုံး ထွက်ပြေးသွားတော့သည်။
"လူတိုင်း... နှုတ်ဆက်ပါတယ်ဗျာ..."
***