ဗိုလ်လုပွဲ၏ ဒုတိယအဆင့် ရောက်ပြီဖြစ်သည်။
ဤသည်မှာ ခုနစ်ဦးထဲမှ လေးဦးသာ ရွေးချယ်မည့်အဆင့်ပင်။
မဲနှိုက်ရွေးချယ်သည့် စနစ်ဖြင့်သာ ဆက်လက်ကျင်းပမည်ဖြစ်သည်။
အခန်းအတွင်းရှိ ပြိုင်ပွဲဝင်ခုနစ်ဦး၏ အချက်အလက်ကတ်များ လင်းလက်သွားပြီးနောက် ကြယ်တာရာ ဖန်သားပြင်ထက်တွင် ရလဒ်များ ပေါ်လာသည်။
လုရှန် မဲရလဒ်ကို မြင်လိုက်ရချိန်တွင် အနည်းငယ် မှင်သက်သွားသည်။ သူ့တွင် ယှဉ်ပြိုင်ရမည့် ပြိုင်ဘက် မရှိပေ။ တစ်နည်းအားဖြင့် သူသည် ဗလာမဲ ပေါက်သွားခြင်းဖြစ်ပြီး အလိုအလျောက် အနိုင်ရကာ နောက်တစ်ဆင့်သို့ တက်လှမ်းသွားပြီဖြစ်သည်။
"ကံကောင်းလိုက်တာ"
လုရှန်သည် အမြင့်ဆုံးပွဲကြည့်စင်ဘက်သို့ အလိုအလျောက် လှမ်းကြည့်လိုက်မိပြီး စိတ်ထဲမှ တွေးလိုက်သည်။
“ဒါက နောက်ကွယ်က ကြိုးကိုင်ထားတဲ့ ဇာတ်ညွှန်းတွေများလား။ ဖန်ဆင်းရှင် စာရေးဆရာက ငါ့ကို ဘာမှမလုပ်ဘဲ အနိုင်ပေးချင်နေတာလား”
ထိုအချိန် အမြင့်ဆုံး ပွဲကြည့်စင်ပေါ်တွင်ကား...။
"ဒန်လော့ပ်... မင်းတို့ ပွဲစီစဉ်သူတွေ နောက်ကွယ်ကနေ မဲခိုးထားတာ မဟုတ်လား"
အခြားသော လွှတ်တော် ဥက္ကဋ္ဌများအားလုံးက ဒန်လော့ပ်အား ထူးဆန်းသော အမူအရာများဖြင့် ကြည့်လာကြသည်။
ဒန်လော့ပ်မှာမူ 'ငါ့ကို အဲဒီလို လာမကြည့်ကြနဲ့ ငါ ဘာမှမလုပ်ဘူး' ဟူသော မျက်နှာပေးဖြင့် အရှေ့ကိုသာ ကြည့်နေလိုက်သည်။
နောက်ကွယ်မှ လက်မည်းကြီး ဝင်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အရေးမကြီးတော့ပေ။
"ဘယ်လိုပဲဖြစ်ဖြစ် တစ်ပွဲပိုကစားရတာနဲ့ တစ်ပွဲလျော့ကစားရတာပဲ ကွာမှာမဟုတ်လား"
လုရှန် အခြားသူများ၏ မဲရလဒ်များကို ကြည့်လိုက်သည်။ ဤ ၄၈၀ ဂိမ်းတွင် အဓိက အာရုံစိုက်ရမည့် ပြိုင်ဘက်နှစ်ဦးဖြစ်သော မွန်ရိုးနှင့် ချန်ယွီရှုတို့မှာ အကွက်ကျကျပင် သီးခြားစီ ကွဲသွားကြသည်။ သူတို့နှစ်ဦးသည် အခြားကြယ်တာရာ နယ်မြေများမှ ထိပ်တန်း အဆင့်ရှိသူများနှင့် အသီးသီး ရင်ဆိုင်ရမည်ဖြစ်သည်။
"သူတို့နှစ်ယောက် ဗိုလ်လုပွဲမှာ တွေ့ဖို့က သေချာသလောက်ပဲ"
ပွဲစဉ်များကို ဆက်ကြည့်နေရန် စိတ်မပါတော့သည့် လုရှန်သည် ဘေးနားရှိ ဖယ်လ် အာလန်းအား လှည့်ကြည့်ကာ ဆိုသည်။
"ငါ ခဏလောက် အိပ်လိုက်ဦးမယ်။ ပွဲပြီးရင် လာနှိုးပေး"
"အိုကေ... ဟင်"
ဖယ်လ် အာလန်း ခေါင်းညိတ်လိုက်ပြီးမှ ရုတ်တရက် သတိဝင်လာကာ လုရှန်အား အံ့သြမှင်သက်စွာ ကြည့်လိုက်မိသည်။
ဗိုလ်လုပွဲ ရောက်နေပြီကို မင်းက အိပ်ဦးမလို့လား။ ဒီလိုအချိန်ကြီးမှာ ဘယ်လိုလုပ် အိပ်ပျော်နိုင်ရတာလဲ…။
"တိုက်တေနီယမ် စစ်မှန်ကိုယ်ထည်"
ဂြိုဟ်သိမ်ဂြိုဟ်မွှား ပြိုင်ပွဲစင်မြင့်ထက်ရှိ အနက်ရောင် သံချပ်ကာဝတ် ရိုင်းစိုင်းကြမ်းတမ်းသော အသွင်အပြင်ရှိသည့် လူငယ်တစ်ဦးက ဟိန်းဟောက်လိုက်သည်။
ဝေါင်း...။
သူ၏ အနက်ရောင် တိုက်ပွဲဝင်ဝတ်စုံသည် ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး သူ၏ တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်မှ ပြိုင်ဘက်ကင်း ငွေရောင်အလင်းတန်းများ ပန်းထွက်လာသည်။ ခဏအကြာတွင် ထိုလူငယ်၏ ခန္ဓာကိုယ်သည် တောက်ပသော ငွေရောင်အလင်းများဖြင့် ဖုံးလွှမ်းသွားသည်။
ခဏအကြာတွင် သူ၏ ဆံပင် မျက်လုံး သွားများ အပါအဝင် တစ်ကိုယ်လုံးမှာ ငွေရောင်တောက်နေပြီး တိုက်တေနီယမ် သတ္တုစပ်ဖြင့် ထုဆစ်ထားသော လူသားပုံရိပ်တစ်ခုအလား ဖြစ်သွားသည်။ သူ၏ ထွက်ပေါ်လာသော အရှိန်အဝါမှာ အားကောင်းလွန်းသဖြင့် ပေါက်ကွဲထွက်လုမတတ်ပင်။
လူငယ်၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး သူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုနှင့် ရူးသွပ်မှုများ အထင်းသား ပေါ်လွင်နေသည်။
သူ ရင်ဘတ်ကို လက်သီးနှစ်ဖက်ဖြင့် ပြင်းပြင်းထန်ထန် ထုနှက်လိုက်ရာ ကျယ်လောင်သော သံယောင်ဟိန်းသံကြီး ထွက်ပေါ်လာသည်။
ဒုတ်... ဘုန်း... ဝုန်း...။
"မွန်ရိုး... လွန်ခဲ့တဲ့ နှစ် ၁၅၀ တုန်းက ငါ မင်းကို ရှုံးခဲ့တယ်။ အခုတော့ ငါ့ရဲ့ အစွန်းရောက် တိုက်တေနီယမ်ပုံစံက အပြီးတိုင် ပြီးပြည့်စုံသွားပြီ။ ဒါကြောင့် ငါ... "
စကားပင် ဆုံးအောင် မပြောလိုက်ရသေး။ လူငယ်၏ မျက်လုံးထဲရှိ ငွေရောင်စက်ကွင်းများ ရုတ်တရက် ကျုံ့ဝင်သွားသည်။ သူ၏ ရှေ့တည့်တည့်၌ အေးစက်သော ပုံရိပ်တစ်ခု အလိုအလျောက် ပေါ်လာသည်။
"ဝေါင်း..."
လူငယ် ဟိန်းဟောက်လိုက်ပြီး ထိုပုံရိပ်ထံသို့ လက်သီးဖြင့် လှမ်းထိုးလိုက်သည်။ ဧရာမ လက်သီးကြီးထံမှ နှိုင်းယှဉ်၍မရနိုင်လောက်အောင် တောက်ပသော ငွေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်မှာ ငွေရောင် နေမင်းငယ်လေး တစ်စင်းအလားပင်။ သို့သော် ဒုတိယစက္ကန့်တွင် ထိုနေမင်းကြီးမှာ အငွေ့ပျံသွားသကဲ့သို့ ငြိမ်းသတ်ခံလိုက်ရသည်။
ဖြူဖျော့ပြီး ရှည်လျားသွယ်လျသော လက်တစ်ဖက်သည် သူ၏ လက်သီးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ လူငယ်သည် မိမိ၏ အစွမ်းရှိသမျှ ပုံအောထည့်သော်လည်း ပင်လယ်ထဲသို့ ရွှံ့နွားတစ်ကောင် နစ်ဝင်သွားသကဲ့သို့ မည်သည့် လှိုင်းဂယက်မျှ ထွက်မလာခဲ့ပေ။
လူငယ်သည် သူ၏ လက်သီးအား ကြောင်တောင်တောင် ကြည့်နေမိပြီး သူ၏ မျက်နှာမှာ တစ်ခဏမျှ ဗလာကျင်းသွားသည်။ ထို့နောက် ချက်ချင်းပင် ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်သွားသလို ခံစားလိုက်ရသည်။ သူ မျက်လုံးပြူးသွားသည်။ အကြောင်းမှာ သူ၏ လက်သီးမှတဆင့် ကြောက်မက်ဖွယ်ကောင်းသော ဆီးနှင်းကဲ့သို့ ဖြူလွှလွှ အေးစက်မှုကြီး တွားသွားတက်လာသည်ကို မြင်လိုက်ရသောကြောင့်ပင်။
ဖြူစင်သော ရေခဲလှိုင်း ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် သူ၏ အခိုင်မာဆုံးသော ငွေရောင် တိုက်တေနီယမ် ခန္ဓာကိုယ်မှာ မှန်ကွဲများကဲ့သို့ တစစီ အက်ကွဲသွားတော့သည်။
ဂျွတ်... တဖျစ်ဖျစ်...။
လူငယ်၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ အထင်းသား ပေါ်လာပြီး မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်မိသည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ဘုန်း...။
ရေခဲစွမ်းအင်များ စားသုံးခံထားရသဖြင့် စုတ်ပြတ်သတ်နေသော ငွေရောင် ခန္ဓာကိုယ်ကြီးမှာ ပြိုင်ပွဲစင်မြင့်ပြင်ပသို့ လွင့်ထွက်သွားတော့သည်။
…
ရေခဲတံခွန်ကဲ့သို့ ဆံပင်များရှိသည့် မွန်ရိုးသည် ဟင်းလင်းပြင်တွင် မောက်မာဝင့်ကြွားစွာ ရပ်တည်နေသည်။ သူ၏ အေးစက်သော မျက်ဝန်းများက ကြယ်တာရာ ဖန်သားပြင်ကြီးမှတစ်ဆင့် ပြိုင်ပွဲကွင်းတစ်ခုလုံးကို လွှမ်းမိုးထားသည်။ ထိုအကြည့်များနှင့် ဆုံမိသူတိုင်းသည် နှလုံးသားအောက်ခြေအထိ အေးစက်သွားသလို ခံစားလိုက်ရပြီး အလိုအလျောက် ခေါင်းငုံ့သွားကြသည်။
မွန်ရိုးသည် ရေခဲမြစ်ထဲမှ ထွက်ပေါ်လာသော ဘုရင်တစ်ပါးအလား ပြိုင်ပွဲကွင်းကို တစ်ချက်လှည့်ကြည့်သည်။ သူ၏ အကြည့်တို့သည် အိပ်ပျော်နေသကဲ့သို့ မျက်လုံးမှိတ်ထားသော လုရှန်ထံတွင် တစ်ခဏမျှ ရပ်တန့်သွားသည်။ သို့သော် အာရုံမထားသည့်ဟန်ဖြင့် နှာခေါင်းရှုံ့ကာ စင်ပေါ်မှ ဆင်းသွားသည်။
မွန်ရိုး ထွက်ခွာသွားချိန်တွင် ရေခဲစွမ်းအင်များကြောင့် အေးစက်နေသော လေထုမှာ ရုတ်တရက် အရည်ပျော်သွားသည်။ မရေမတွက်နိုင်သော ပရိသတ်တို့မှာ မတ်တတ်ရပ်ကာ မွန်ရိုး၏ နာမည်ကို အော်ဟစ်လိုက်ကြတော့သည်။
"ဆန်လော် ဓားအကျဉ်းထောင်"
တိုက်ခိုက်ရေးစင်မြင့်ပေါ်တွင် ချန်ယွီရှုသည် ပေါ့ပါးသွက်လက်စွာ လှုပ်ရှားနေသည်။ သူ၏ လက်ချောင်းများ လှုပ်ရှားလိုက်တိုင်း သောင်းနှင့်ချီသော မီတာများအထိ ရှည်လျားသည့် ရွှေရောင်ဓားစွမ်းအင်များက လေထုကို ဆွဲဖြဲသွားသည်။
ရွှီး... ရွှီး…
မရေမတွက်နိုင်သော ဓားစွမ်းအင်များသည် ပြိုင်ဘက်၏ ပတ်လည်တွင် လျင်မြန်စွာ ရစ်ပတ်ကခုန်နေသည်။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော ဖြတ်တောက်မှုနှင့် ညှစ်ခြေမှု စွမ်းအင်များကို ထုတ်လွှတ်ပေးသည့် ဓားစက်ဝိုင်းကွင်းများကို ဖန်တီးလိုက်သည်။
အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် ချန်ယွီရှု၏ ပြိုင်ဘက်မှာ လက်နက်ချ အရှုံးပေးရန် ဖိအားပေးခံလိုက်ရသည်။
ထိုသူမှာ ကြယ်တာရာနယ်မြေတစ်ခု၏ နံပါတ်တစ် ပါရမီရှင်ဖြစ်ပြီး တောက်ပလမင်း ကိုးပွင့်အဆင့် သာလွန်ထူးခြား သက်ရှိ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူဖြစ်သည်။ သို့သော် ဓားစက်ဝိုင်းထဲမှ ထွက်လာချိန်တွင်မူ အသားစိမ်းငါးစိမ်း အရေခွံဆုတ်ခံထားရသည့်အလား ဒဏ်ရာဗရပွဖြင့် တုန်လှုပ်ချောက်ချားဖွယ် ဖြစ်နေလေသည်။
ချန်ယွီရှု သူ၏ စွမ်းအားကို ဖြေလျှော့လိုက်ရာ တိုက်ခိုက်ရေး စင်မြင့်ပေါ်ရှိ ရွှေရောင် ဓားစွမ်းအင်များ လုံးဝ ပျောက်ကွယ်သွားတော့သည်။
ချွင်...။
ထိုအခိုက် အေးစက်လှသော မျက်လုံးတစ်စုံနှင့် သူ ဆုံတွေ့လိုက်ရသည်။ တစ်ဖက်လူ၏ စူးရှသော အကြည့်တို့ကြောင့် ချန်ယွီရှု အလိုအလျောက် အကြည့်လွှဲလိုက်ရသည်။ သူသည် ယခုလေးတင် လူတစ်ယောက်ကို အသားစိမ်းငါးစိမ်း ဖြစ်အောင် လုပ်ထားသူနှင့် မတူဘဲ လောကကြီးနှင့် အဆက်အသွယ်ဖြတ်ထားသော ရသေ့တစ်ပါးအလား အလွန်တရာ နှိမ့်ချသော အမူအရာဖြင့် စင်ပေါ်မှ ဆင်းသွားသည်။
သို့သော် သူ စင်ပေါ်မှ ဆင်းသွားချိန်တွင် သူ့အကြည့်များသည် စောင့်ဆိုင်းခန်းရှိ တစ်စုံတစ်ယောက်၏ နေရာနှင့် ဦးတည်ရာဆီသို့ ရပ်တန့်သွားသလို ဖြစ်နေသည်ကို မည်သူကမျှ သတိမထားမိကြချေ။ ရံဖန်ရံခါတွင် သားရဲတစ်ကောင်ကဲ့သို့ ကြမ်းတမ်းပြီး လောဘကြီးသော အလင်းတန်းတစ်ခု သူ့ မျက်လုံးများထဲမှ ဖြတ်ပြေးသွားတတ်သည်။ သို့သော် ကံကောင်းထောက်မစွာပင် ထိုအရာမှာ အလွန်လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ …
"လုရှန်... လုရှန်..."
ဖယ်လ် အာလန်းတစ်ယောက် လုရှန်အား အကြိမ်ကြိမ် ခေါ်ဆိုနေသော်လည်း လုရှန်မှာမူ ကျောက်ရုပ်တစ်ခုပမာ လုံးဝ လှုပ်ရှားခြင်းမရှိပေ။ ဖယ်လ်အာလန်း လက်ကို ဆန့်ထုတ်လိုက်ကာ အတင်းအကျပ် နှိုးသင့် မနှိုးသင့် ဝေခွဲမရ ဖြစ်နေသည်။
ထိုစဉ် ကုလားထိုင်ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေသော လုရှန်၏ မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။
***