ဖျောက်...။
ချက်ချင်းဆိုသလိုပင် ရောင်စုံအလင်းတန်းတစ်ခု လက်သွားပြီးနောက် ဖယ်လ် အာလန်းမှာ တစ်ခဏမျှ အသိစိတ် လွတ်သွားရသည်။ သူ သတိပြန်ဝင်လာချိန်တွင်မူ လုရှန်မှာ မတ်တတ်ရပ်လျက် ရှိနေပြီဖြစ်သည်။
"ဒုတိယအဆင့် ပြီးသွားပြီလား"
လုရှန်၏ အမေးကို ကြားလိုက်ရသဖြင့် ဖယ်လ် အာလန်းမှာ အမြန်ပင် မတ်တတ်ရပ်ကာ ခေါင်းညိတ်သည်။
"တတိယအဆင့် စတင်တော့မှာပါ။ မဲရလဒ်တွေလည်း ထွက်လာပြီ"
လုရှန် ကြီးမားလှသော ဖန်သားပြင်ကြီးကို မော့ကြည့်လိုက်သည်။ ထိုအခါ သူ၏ တည်ငြိမ်နေသော မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။
ဖန်သားပြင်ကြီးပေါ်တွင် ရလဒ်နှစ်ခုကို ပြသထားသည်။
"ဇီလန် ကြယ်တာရာ နယ်မြေမှ ချန်ယွီရှု နှင့် မန်ယွင် ကြယ်တာရာ နယ်မြေမှ ဟူပေါင်း"
"ယာမူ ကြယ်တာရာ နယ်မြေမှ လုရှန် နှင့် ဟီးလ် ကြယ်တာရာ နယ်မြေမှ မွန်ရိုး"
"မွန်ရိုး..."
လုရှန်သည် လေထုထဲမှ တစ်စုံတစ်ရာကို အာရုံခံလိုက်မိသကဲ့သို့ စောင့်ဆိုင်းခန်း၏ ထောင့်တစ်နေရာသို့ အလိုအလျောက် လှမ်းကြည့်လိုက်သည်။ ထိုအချိန်မှာပင် ထိုင်ခုံမှ မတ်တတ်ရပ်လိုက်သည့် ပုံရိပ်တစ်ခုသည် လုရှန်အား စူးစိုက်ကြည့်နေသည်။ တည်ငြိမ်ပြီး အေးစက်လှသော ထိုအကြည့်နှစ်စုံသည် ဟင်းလင်းပြင်ထဲ၌ တိုက်ရိုက် ရိုက်ခတ်သွားကြပြီး မီးပွားများ လွင့်စင်သွားသည့်အလား တင်းမာသော အရှိန်အဝါများ ထွက်ပေါ်လာသည်။
မဲရလဒ်ကို ကြေညာလိုက်သည်နှင့် တစ်ပြိုင်နက် ကြယ်တာရာ ကောင်းကင်ယံကြီးသည် ရူးသွပ်မတတ် အောင်ပွဲခံ အော်ဟစ်သံများဖြင့် တုန်ခါသွားတော့သည်။ ကြယ်တာရာများကြား သိုင်းပါရမီရှင်များ ဖလှယ်ရေး ပြိုင်ပွဲကြီးမှာ ယခုမှပင် ၎င်း၏ စစ်မှန်သော အထွတ်အထိပ်သို့ ရောက်ရှိသွားပေသည်။
လုရှန် နှင့် မွန်ရိုး။
နှစ်တစ်သန်းတွင် တစ်ကြိမ်သာ ပေါ်ထွက်တတ်သည့် မသေမျိုးအဆင့် သွေးမျိုးဆက် ပိုင်ရှင်နှင့် ကြယ်တာရာ နယ်မြေ အများအပြားတွင် နာမည်ကျော်ကြားပြီး လူငယ်မျိုးဆက်များကြား စစ်မှန်သော အာဏာရှင်တစ်ပါး။
ထိုအချိန်တွင်ပင် ဧရာမကြယ်တာရာဖန်သားပြင်ကြီးထက်၌ ပြသထားသော ချန်ပီယံမျှော်မှန်းချက် အဆင့်သတ်မှတ်ဇယားတွင် ကစားသမားနှစ်ဦးမှာ အဆင့် (၁) နှင့် (၂) နေရာတို့၌ ခိုင်ခိုင်မာမာ ရပ်တည်နေကြသည်။
ဤပွဲစဉ်သည် လုရှန်နှင့် မွန်ရိုးတို့၏ ထိပ်တိုက်တွေ့ဆုံမှုဖြစ်သည့်အားလျော်စွာ ဗိုလ်လုပွဲထက်ပင် ပိုမိုမျှော်လင့်စောင့်စားစရာကောင်းကာ စိတ်လှုပ်ရှားဖွယ်ဖြစ်နေသည်။ အနှစ်ချုပ်ရသော် ဤတိုက်ပွဲမှာ နောက်ဆုံးအဆုံးအဖြတ်ပေးမည့် ပွဲစဉ်နှင့်ပင် တူညီနေတော့သည်။ မည်သူအနိုင်ရသည်ဖြစ်စေ ဤပွဲသည်သာ နောက်ဆုံးရလဒ်ကို အတိအကျ အဆုံးအဖြတ်ပေးသွားပေလိမ့်မည်။
"ရေခဲမိစ္ဆာ မွန်ရိုး... မွန်ရိုး..."
"လုရှန်..."
သန်းနှင့်ချီသော ပရိသတ်တို့၏ အော်ဟစ်အားပေးသံတို့မှာ ကြယ်တာရာကောင်းကင်ယံတစ်ခုလုံးကို တုန်ခါသွားစေပြီး ပြိုင်ပွဲအစီအစဉ်တင်ဆက်သူ၏အသံကိုပင် နစ်မြုပ်သွားစေသည်။
ဤမျှပြင်းထန်သော လေထုအတွင်း၌ မည်မျှပင်တည်ငြိမ်သူဖြစ်စေ သွေးများဆူပွက်လာရမည်မှာ အသေအချာပင်။
လုရှန်နှင့် မွန်ရိုးတို့သည် ဂြိုဟ်သိမ်ဂြိုဟ်မွှားပြိုင်ပွဲကွင်းဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားကြသည်။ သူတို့ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းတွင် တိုက်ခိုက်လိုစိတ်များ တဟုန်ထိုးမြင့်တက်လာသည်။ ကြယ်တာရာကောင်းကင်အောက်ရှိ လေထုမှာလည်း ပိုမိုပူပြင်းတင်းမာလာသည်။
သာမန်လူများသာမက သလင်းကျောက်စစ်ဒေသတွင် ထိုင်နေကြသော လွှတ်တော်ခေါင်းဆောင်များပင်လျှင် လာမည့်တိုက်ပွဲကို အာရုံစိုက်ရင်း ခန္ဓာကိုယ်ကို မတ်မတ်ထားကာ ရှေ့သို့အနည်းငယ် ကိုင်းညွတ်လိုက်ကြသည်။ ပိုမိုရှင်းလင်းစွာ မြင်တွေ့ရရန် ကြိုးစားနေသည့်အလားပင်။
ထို့နောက်တွင် ဒန်လော့ပ်နှင့် ဟီးလ်နယ်မြေတို့မှ ဥက္ကဋ္ဌများသည် အချင်းချင်း တစ်ချက်အကဲခတ်ကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာအမူအရာမှာ တည်ငြိမ်အေးဆေးနေသော်လည်း အပေါ်ယံအသွင်အပြင်၏အောက်တွင်ကား ရေစီးကြောင်းများ ရစ်ဝဲနေပြီး တိတ်ဆိတ်သော တင်းမာမှုတစ်ခုက လေထုထဲတွင် လျင်မြန်စွာ ပျံ့နှံ့နေတော့သည်။
ဤတိုက်ပွဲသည် ဒဏ္ဍာရီသစ်နှင့် ရှေးဟောင်းဒဏ္ဍာရီတို့ကြားမှ အဆုံးစွန်သော အဆုံးအဖြတ်ပွဲလည်း ဖြစ်သည်။ လူတိုင်းက စိတ်အားထက်သန်စွာဖြင့် အနီးကပ်စောင့်ကြည့်ရင်း အဖြေကို မျှော်လင့်စောင့်စားနေကြတော့သည်။
လုရှန်တစ်ယောက် ဂြိုဟ်သိမ်ဂြိုဟ်မွှား ပြိုင်ပွဲကွင်းပြင်ပေါ်သို့ ခြေချလိုက်သည်။ ထို့နောက် တွင်းဖြူလွန်းပျံယာဉ်ရှိရာ အရပ်သို့ အလိုအလျောက် လှမ်းကြည့်လိုက်မိသည်။ ဤသည်မှာ သူ၏ အကျင့်တစ်ခုပင် ဖြစ်သည်။
သူ၏ အကြည့်တို့သည် အကွာအဝေးကို ထိုးဖောက်ကာ လွန်းပျံယာဉ်၏ ကိုယ်ထည်ကို ဖြတ်ကျော်လျက် မိဘများ ညီမဖြစ်သူ လုချင်းဟဲ တုန်းချင်းရွှယ် လင်ကျုံးယွဲ့နှင့် အခြားသူတို့ထံ ရောက်ရှိသွားသည်။ သူတို့အားလုံးမှာ စိုးရိမ်ပူပန်နေကြပြီး အထူးသဖြင့် မိခင်ဖြစ်သူ ကျန်းယွီဖန်မှာ စိုးရိမ်လွန်ကဲ၍ မျက်ခုံးနှစ်ဖက်ပင် တွန့်ချိုးနေသည်။
စိတ်စွမ်းအားအဆင့်သစ်သို့ ထိုးဖောက်ရောက်ရှိပြီး အကျိုးအမြတ်အသစ်များ ရရှိထားသော လုရှန်သည် ဤမျှဝေးကွာသောနေရာမှပင် မိခင်၏ သဘာဝစိတ်လှိုင်းများကို ဖမ်းယူနိုင်ပြီး ယခုအချိန်တွင် မိခင်ဘာတွေးနေသည်ကို သိမြင်နိုင်ကြောင်း အံ့အားသင့်စွာ တွေ့ရှိလိုက်ရသည်။
"ရှောင်ရှန်က ဘာလို့ ဒီဆံပင်ဖြူဖြူ အဘိုးကြီးနဲ့ တိုက်ခိုက်နေရတာလဲ။ သူက တကယ်ကို ကြမ်းတမ်းလွန်းတယ်။ ရှောင်ရှန် သူ့ကို နိုင်ပါ့မလားမသိဘူး။ ကျေးဇူးပြုပြီး ရှောင်ရှန်လေး အနိုင်ရအောင် ကူညီပေးတော်မူပါ ဘုရား"
ထင်ထားသည့်အတိုင်းပင် သူ ကြိုတင်ခန့်မှန်းထားသည်များနှင့် သိပ်မကွာလှပေ။
လုရှန် အနည်းငယ် စိတ်ရှုပ်ထွေးသွားမိသည်။ သူ မည်မျှပင် အားကောင်းကြောင်း ပြသနေပါစေ တိုက်ပွဲမစခင်တွင် မိခင်ဖြစ်သူမှာ စိုးရိမ်စိတ်ဖြင့် အသက်ရှူကြပ်နေဆဲပင်။
'အဖေကရော ဘာတွေတွေးနေတာလဲ'
လုရှန်သည် ဖခင်ဖြစ်သူ လုဒါဟိုင်ထံသို့ အလိုအလျောက် အာရုံပြောင်းလိုက်သည်။
"ဒါ ငါ လုဒါဟိုင်ရဲ့ သားကွ။ ငါ လုဒါဟိုင်က ဒီလောက် အံ့သြဖို့ကောင်းတဲ့ သားမျိုး ရနိုင်မယ်လို့တောင် မယုံနိုင်ဘူး။ ငါ လုဒါဟိုင်က တကယ်ကို မိုက်တာပဲ။ ပြိုင်ပွဲပြီးရင် ငါတို့ ကမ္ဘာကို ပြန်လို့ရလောက်ပြီမလား။ ငါတို့ လုမိသားစုရဲ့ ဘိုးဘေးသင်္ချိုင်းတွေကို သေချာ ပြုပြင်ဖို့ ဒီအခွင့်အရေးကို အသုံးချသင့်သလား။ ခုနစ်ထပ် တည်ဆောက်ရမလား ရှစ်ထပ် ဆောက်ရမလား။ ပြိုင်ပွဲပြီးရင် ရှောင်ရှန်နဲ့ သေချာ တိုင်ပင်ကြည့်ဦးမှပဲ"
ထို့နောက် လုရှန်သည် သူ၏ ညီမဖြစ်သူ လုချင်းဟဲ၏ အတွေးများကို ထပ်မံ ဖတ်ရှု လိုက်ပြန်ရာ သူထင်ထားသည့်အတိုင်းပင် အားပေးစကားများနှင့် ထောက်ခံမှုများသာ ဖြစ်သည်။
နောက်ဆုံးတွင် တုန်းချင်းရွှယ်ထံသို့ အလှည့်ရောက်လာသည်။ လုရှန်သည် သူမ၏ အတွင်းစိတ်ခံစားချက်များကို ခွဲခြားသိမြင်ရန် ကြိုးစားသင့် မသင့် တွေးတောရင်း တုံ့ဆိုင်းနေမိသည်။ သို့သော် စပ်စုလိုသည့် စိတ်ဆန္ဒကို မထိန်းနိုင်ဘဲ သူ တိတ်တဆိတ် ချောင်းကြည့်လိုက်မိလေသည်။
သူ လက်ခံရရှိလိုက်သော အချက်အလက်တို့ကြောင့် လုရှန်မှာ အလွန်အမင်း တုန်လှုပ်သွားရပြီး ထိုနေရာတွင်ပင် ကြက်သေသေသွားရတော့သည်။
"မင်း ဘာတွေ အချိန်ဆွဲနေတာလဲ"
ရေခဲတုံးနှစ်ခု ပွတ်တိုက်မိသကဲ့သို့ အသံမျိုးမှာ လုရှန်၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။ လုရှန်သည် မှင်သက်နေရာမှ ဖြည်းညှင်းစွာ သတိပြန်ဝင်လာပြီးနောက် ထူးဆန်းသော အမူအရာဖြင့် သူ၏မျက်နှာချင်းဆိုင်၌ ခံစားချက်ကင်းမဲ့စွာ ရပ်နေသော မွန်ရိုးကို တစ်စိမ့်စိမ့် လှည့်ကြည့်လိုက်သည်။
မွန်ရိုးက သူ့အား စိုက်ကြည့်ကာ မျက်လုံးများကို အနည်းငယ် ကျဉ်းလိုက်ပြီး အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
"တိုက်ပွဲမှာ အာရုံလွင့်နေတာက ပြိုင်ဘက်ကို အင်မတန် စော်ကားရာကျတယ် ဆိုတာ မင်းမသိဘူးလား"
သို့သော် လုရှန်၏ မျက်နှာအမူအရာမှာ ပို၍ပင် ထူးဆန်းနေသည်။ သူ၏မျက်လုံးများထဲ၌ ရှင်းပြ၍မရနိုင်သော အလင်းတန်းများ တောက်ပနေသည်။ ထို့နောက် သူ၏နှုတ်ခမ်းများ တွန့်ကွေးသွားကာ အလွန်ပျော်စရာကောင်းသော အရာတစ်ခုကို တွေးမိသွားဟန်ရှိပြီး မွန်ရိုး၏ စကားများကို လုံးဝဂရုမစိုက်တော့ပေ။ သူ၏အကြည့်တို့မှာ စူးစိုက်မှုကင်းမဲ့နေဆဲပင်။
မွန်ရိုး၏အကြည့်များ တဖြည်းဖြည်း အေးစက်သွားပြီး ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
"မင်းကို လေးစားမှုဆိုတာ ဘာလဲဆိုတာ သင်ခန်းစာပေးရမယ့်ပုံပဲ"
စကားအဆုံးတွင် မွန်ရိုး ရုတ်တရက် ရှေ့သို့တစ်လှမ်း တိုးလိုက်သည်။
ရွှစ်...။
ဟင်းလင်းပြင်ထဲတွင် တောက်ပသော ရေခဲပြာရောင် လမ်းကြောင်းတစ်ခု ချန်ရစ်ကာ လေထုကို ခွဲထုတ်သွားသော ရေခဲဓားတစ်လက်အလား မွန်ရိုးသည် လုရှန်၏အရှေ့သို့ ရုတ်တရက် ရောက်ရှိလာသည်။ ထို့နောက် ချက်ချငးပင် လုရှန်၏ဦးခေါင်းဆီသို့ လက်သီးတစ်ချက် တည့်တည့်မတ်မတ် ပစ်လွှတ်လိုက်သည်။
လုရှန် အလိုအလျောက် ခုခံရန် လက်မြှောက်လိုက်သော်လည်း ထိတွေ့မှုမရှိမီမှာပင် ထိုလက်မောင်းမှာ ကြမ်းတမ်းလှသော ရေခဲလေအေးများကြောင့် အေးခဲသွားရသည်။ သူ၏လှုပ်ရှားမှုများ ချက်ချင်းနှေးကွေးသွားစဉ် မွန်ရိုးက သူ၏ရင်ဘတ်သို့ ပြင်းထန်သော လက်သီးတစ်ချက်ဖြင့် ထိုးချလိုက်သည်။
ဘုန်း...။
လုရှန်သည် ဟင်းလင်းပြင်ထဲတွင် ကီလိုမီတာ ဒါဇင်ပေါင်းများစွာ နောက်သို့လွင့်ထွက်သွားရသည်။
ကြောက်မက်ဖွယ်ကောင်းသော ရိုက်ခတ်မှုကြောင့် ဟင်းလင်းပြင်မှာ ပိုးသားကို ဆုတ်ဖြဲလိုက်သကဲ့သို့ တဖျစ်ဖျစ် မြည်ဟည်းလျက် ရှိသည်။ လုရှန် လုံးဝရပ်တန့်သွားချိန်တွင် သူ၏လက်များနှင့် ရင်ဘတ်တို့မှာ ထူထဲသော နှင်းခဲလွှာဖြင့် လုံးလုံးလျားလျား ဖုံးလွှမ်းသွားခဲ့ပြီဖြစ်သည်။
ဂျွတ်... ဂျွတ်...။
နှင်းခဲများ ကွဲအက်သွားပြီး ရေခဲတုံးကြီးများ မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။ လုရှန်၏ ခန္ဓာကိုယ်အတွင်းရှိ မသေမျိုးဆဲလ် ရှစ်သောင်းခန့်မှာ တုန်ခါဟိန်းဟောက်လိုက်ပြီး ရေခဲလေအေးများကို အဓမ္မ ဖယ်ရှားပစ်လိုက်သည်။
သို့သော် လုရှန်၏မျက်လုံးများမှာမူ အရောင်အဆင်းမဲ့ကာ ကြောင်တောင်တောင် ဖြစ်နေဆဲပင်။ သူ အတိအလင်း အရိုက်ခံနေရသည့်တိုင် သူ့မျက်နှာပေါ်ရှိ အပြုံးမှာ ပိုမိုကျယ်ပြန့်လာနေသည်။
"မသေမျိုးအဆင့် သာလွန်ထူးခြား သက်ရှိပုံစံနဲ့ တကယ်ကို ထိုက်တန်တာပဲ..."
မွန်ရိုး၏ မျက်လုံးများမှာ ရေခဲစိန်ပွင့်များအလား တောက်ပနေပြီး ချီးကျူးလိုက်သည်။
"သာမန်လူဆိုရင် ငါ့ရဲ့ သေမင်းတမန် ရေခဲစီးကြောင်းကြောင့် အေးခဲသွားတာ ကြာလောက်ပြီ။ ဒါကမှ စိတ်ဝင်စားဖို့ ကောင်းတာ"
မွန်ရိုးသည် လည်ပင်းကို တစ်ချက်လှည့်လိုက်ရာ သူ၏ခန္ဓာကိုယ်မှ ဂျွတ်ခနဲအသံများ ထွက်ပေါ်လာသည်။ ထို့နောက် ခန္ဓာကိုယ်ကို ယိမ်းနွဲ့ကာ ရှေ့သို့ထပ်မံ ခုန်အုပ်လိုက်ပြန်သည်။ ပုံရိပ်နှစ်ခုမှာ ပြင်းထန်စွာ ရိုက်ခတ်သွားကြသော်လည်း ဤသည်ကို တိုက်ပွဲဟု ခေါ်ဆိုရန် မလုံလောက်သေးပေ။ မွန်ရိုးတစ်ယောက် လုရှန်အား တစ်ဖက်သတ် အသေရိုက်နှက်နေသည်ဟုဆိုလျှင် ပို၍မှန်ကန်ပေလိမ့်မည်။ လုရှန်မှာ ခံစစ်အနေအထားတွင်သာ ရှိနေပြီး အလိုအလျောက် ခုခံကာကွယ်ခြင်းမှလွဲ၍ လက်သီးတစ်ချက်ပင် ပြန်မထိုးခဲ့ပေ။
***