ဘုန်း...။
မွန်ရိုးသည် လက်ဖဝါးများကို ဓားတစ်လက်သဏ္ဍာန် ဖန်တီးလိုက်ပြီး ဟင်းလင်းပြင် သုံးလွှာကို ဆုတ်ဖြဲကာ လုရှန်၏ ပခုံးနှင့်လည်ပင်းကို အလှပြကွက်မပါဘဲ ပြင်းထန်စွာ ခုတ်ချလိုက်သည်။
လုရှန်သည် ကြယ်တံခွန်တစ်ခုအလား ထိုးဆင်းသွားပြီး ဂြိုဟ်သိမ်ဂြိုဟ်မွှား၏ မျက်နှာပြင်ပေါ်သို့ ကျယ်လောင်သော ဘုန်းခနဲ အသံနှင့်အတူ ပြင်းထန်စွာ ရိုက်ခတ်သွားသည်။
မွန်ရိုးက နောက်မှလိုက်မသွားဘဲ မျက်မှောင်ကြုတ်ကာ အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။
"မင်းရဲ့ သိုင်းနတ်ဘုရားပုံစံက ဘယ်မှာလဲ။ ကန့်သတ်ချက်ကို လေးကြိမ်တိုင်တိုင် ထိုးဖောက်ပြီးနောက် ရလာတဲ့ မင်းရဲ့ခွန်အားတွေက ဘယ်မှာလဲ။ မင်း ဘာလို့ အသွင်မပြောင်းတာလဲ"
အောက်ဘက်တွင်းကြီးထဲမှ လုရှန် ဖြည်းညှင်းစွာ ပျံသန်းထွက်ပေါ်လာသည်။ သူအနည်းငယ် ဖရိုဖရဲဖြစ်နေပုံရသော်လည်း မျက်နှာအမူအရာမှာမူ အလွန်အမင်း ပျော်ရွှင်ကြည်နူးနေပုံ ရနေဆဲပင်။ လက်ရှိအခြေအနေနှင့် အဆက်မပြတ် အရိုက်ခံနေရသည့် အဖြစ်အပျက်ကို ထည့်သွင်းစဉ်းစားကြည့်လျှင် သူ၏မျက်နှာအမူအရာမှာ အမှန်ပင် ထူးဆန်းလွန်းလှသည်။
မွန်ရိုး၏ မျက်လုံးများထဲတွင် ဒေါသတို့ ပေါက်ကွဲထွက်လာပြီး ရှေ့သို့ ထပ်မံခုန်အုပ်လိုက်သည်။
ဂြိုဟ်သိမ်ဂြိုဟ်မွှား၏ မျက်နှာပြင်ပေါ်တွင် ပိုမိုကြီးမားသော မှိုပွင့်ပုံစံ တိမ်တိုက်ကြီး ပေါက်ကွဲထွက်ပေါ်လာသည်။
"လုရှန်က တကယ်ကြီး ဘာလုပ်နေတာလဲ"
ပွဲကြည့်ပရိသတ်များ အားလုံး အံ့အားသင့်နေကြသည်။
"သူ ဘာလို့ ပြန်မချတာလဲ။ ဘာလို့ အသွင်မပြောင်းတာလဲ။ အရင် ဂရေးနဲ့ ချတုန်းကလိုလေ"
"သူက တစ်ခုခုကို မှင်သက်နေပြီး စိတ်လွင့်နေတဲ့ ပုံပဲ။ အခု သူရဲ့ ရုပ်ပိုင်းဆိုင်ရာ အလိုအလျောက် တုံ့ပြန်မှုတွေကပဲ သူ့ကို ဆက်တိုက်ခိုက်နေစေတာ"
"သောက်ကျိုးနည်း... ဘာတွေ ဖြစ်နေတာလဲကွ"
ကြည့်ရှုသူ အများအပြား ဆဲဆိုလိုက်ကြသည်။
ဤတိုက်ပွဲသည် မသေမျိုး သွေးဆက်နှင့် နေမင်းဒဏ္ဍာရီ တို့ကြားမှ အဆုံးစွန်သော တိုက်ပွဲကြီးကို မြင်တွေ့ရမည့် အခွင့်အရေး ဖြစ်သင့်သည်။ ရလဒ်မှာမူ တစ်ဖက်လူက အသိစိတ်လွတ်နေပြီး ပြန်တောင်မတိုက်ခိုက်သဖြင့် အတော်လေး စိတ်ပျက်စရာကောင်းနေတော့သည်။
"ဘာလုပ်နေတာလဲ အစ်ကိုရဲ့။ သူ့ကို ချလေ။ အဲဒီ မွန်ရိုးဆိုတဲ့ကောင်ကို ချစမ်းပါ"
တွင်းဖြူ လွန်းပျံယာဉ်ထဲတွင် လုချင်းဟဲမှာ စိုးရိမ်လွန်းသဖြင့် ခြေဆောင့်ခုန်နေလေပြီ။
ကျန်းယွီဖန်နှင့် လုဒါဟိုင်တို့မှာလည်း စိုးရိမ်ပူပန်နေကြသည်။ ကျန်းယွီဖန်မှာ ဆက်မကြည့်နိုင်တော့ဘဲ မျက်နှာလွှဲလိုက်ရသည်။
တုန်းချင်းရွှယ်မှာမူ ရှေ့သို့ ခြေနှစ်လှမ်း တိုးလာပြီး ဖရိုဖရဲ ဖြစ်နေသော ပုံရိပ်အား လှမ်းထိတော့မည့်အလား လက်တစ်ဖက်ကို မြှောက်လိုက်သည်။ သို့သော် အဆုံးတွင် စိုးရိမ်သောမျက်နှာဖြင့် ထိုလက်ကို ဖြည်းညှင်းစွာ ပြန်ချလိုက်လေသည်။
အမြင့်ဆုံးပွဲကြည့်စင်ပေါ်တွင် ဒန်လော့ပ်မှာ မျက်မှောင်ကြုတ်လျက် ကွင်းပြင်ထဲရှိ လုရှန်အား စူးစိုက်ကြည့်နေသည်။ သူ၏မျက်ဝန်းများ၌ ရှုပ်ထွေးမှုများ လွှမ်းခြုံနေသည်။
ဟီးလ်နယ်မြေ၏ ဥက္ကဋ္ဌမှာလည်း အနည်းငယ်အံ့အားသင့်ဟန် ရှိသည်။ သူ တစ်ခုခုပြောလိုသည့်အလား ထူးဆန်းသော အမူအရာဖြင့် ဒန်လော့ပ်အား လှည့်ကြည့်မိသော်လည်း စကားတစ်ခွန်းမှ မဆိုခဲ့ချေ။ ထို့နောက် သူ၏မျက်နှာအမူအရာမှာ ပြေလျော့သွားပြီး နှုတ်ခမ်းဖျား၌ သဲ့သဲ့လေး ပြုံးယောင်သန်းလာသည်။
လူတိုင်းမှာ လုရှန်၏အတွေးလွန်နေဟန်ရှိသော မျက်နှာအမူအရာကို မြင်ကာ မွန်ရိုး၏ဖိအားပေးမှုအောက်တွင် သနားစရာကောင်းလောက်အောင် ဆုတ်ခွာနေရခြင်းကို မယုံနိုင်စွာ ကြည့်နေကြသည်။ သူ တစ်ချိန်လုံး အရိုက်ခံနေရသော်လည်း အံ့မခန်းပျော်ရွှင်နေပုံပင်။
"မင်းကို ဒီလောက်တောင် ပျော်ရွှင်စေတဲ့ ဘာကိစ္စကောင်းတွေများ ဖြစ်ခဲ့လို့လဲ"
လူအများမှာ ဒေါသထွက်လွန်း၍ အံတင်းတင်းကြိတ်လိုက်ကြသည်။ သူတို့ ခေါင်းကုတ်စဉ်းစားသော်လည်း အကြောင်းအရင်းကို မသိနိုင်ခဲ့ကြပေ။ ဤအဖြေကို လုရှန်တစ်ယောက်တည်းသာ သိပေလိမ့်မည်။
"ထားလိုက်တော့"
ထိုအချိန်တွင် လုရှန်အား လက်သီးဖြင့် ပေါ့ပေါ့ပါးပါး နောက်ဆုတ်သွားစေခဲ့သော မွန်ရိုး လှုပ်ရှားမှုများကို ရပ်တန့်လိုက်သည်။ သူသည် ဟင်းလင်းပြင်တွင် ရပ်နေရင်း ဒဏ်ရာဗရပွဖြင့် တိုက်ပွဲဝင်ဝတ်စုံပင် စုတ်ပြတ်သတ်နေပြီဖြစ်သော လုရှန်အား ငုံ့ကြည့်လိုက်သည်။ သူ၏မျက်ဝန်းများ၌ မဖုံးကွယ်နိုင်သော နက်ရှိုင်းသည့်စိတ်ပျက်မှုများ ထင်ဟပ်နေသည်။
သူ ခေါင်းခါယမ်းလိုက်ပြီး ခံစားချက်မဲ့သောမျက်နှာဖြင့် အေးစက်စွာ ဆိုလိုက်သည်။
"ဒါက အဓိပ္ပာယ်မရှိတဲ့ တိုက်ပွဲပဲ။ ဆက်တိုက်ဖို့ မလိုတော့ဘူး။ ဒီမှာတင် အဆုံးသတ်လိုက်ကြတာပေါ့"
ထိုသို့ပြောပြီးနောက် မွန်ရိုး၏ခန္ဓာကိုယ်မှာ အနည်းငယ်တုန်ခါသွားပြီး ထူးဆန်းသောလှိုင်းဂယက်တစ်ခု ထွက်ပေါ်လာသည်။ ထိုလှိုင်းဂယက်သည် ပွဲကြည့်ပရိသတ်များအား ရင်းနှီးနေသည့်ခံစားချက်ကို ပေးစွမ်းသော်လည်း မည်သည့်နေရာတွင် ကြုံဖူးမှန်း ချက်ချင်းမှတ်မိခြင်းမရှိကြချေ။ လူအနည်းငယ်သာလျှင် ဤလက္ခဏာ၏အဓိပ္ပာယ်ကို သဘောပေါက်သွားကြပြီး သူတို့၏မျက်နှာများတွင် စိတ်လှုပ်ရှားမှုများ ဖူးပွင့်လာကြသည်။
နောက်တစ်ကြိမ် အသက်ရှူအပြီးတွင်ကား...။
မွန်ရိုး၏အနောက်ဘက် ဟင်းလင်းပြင်ထဲ၌ တောက်ပသည့်အလင်းစက်များ မရေမတွက်နိုင်အောင် ထွက်ပေါ်လာသည်။ ဂရေးပြုလုပ်ခဲ့သကဲ့သို့ပင်။ ဤအလင်းစက်များသည် ကြီးကျယ်ခမ်းနားပြီး တောက်ပသော နဂါးငွေ့တန်း ကြယ်တာရာစနစ်တစ်ခုအဖြစ် လျင်မြန်စွာ စုစည်းသွားကြသည်။
သို့သော် ဂရေးနှင့်မတူသည်မှာ မွန်ရိုးဆွဲထုတ်လိုက်သော ကြယ်တာရာစနစ်မှာ နှစ်ခု ဖြစ်နေခြင်းပင်။ ထို့အပြင် ၎င်းတို့ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောဟိန်းဟောက်သံနှင့်အတူ သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်တိုက်ခတ်သွားပြီး လုံးဝဥဿုံ ပေါင်းစပ်သွားတော့သည်။
ပွဲမစမီကတည်းက လူအများအပြားမှာ ဖြစ်ပေါ်လာနိုင်သည့် ရလဒ်များနှင့်ပတ်သက်၍ မှန်းဆချက်အမျိုးမျိုး ထုတ်ခဲ့ကြရာ ယခုမူ ထိုအရာများမှာ အတည်ဖြစ်လာခဲ့ပြီဖြစ်သည်။
မွန်ရိုးသည် အဆင့် ၁၂ သို့ အမှန်တကယ်ပင် အောင်မြင်စွာ ခြေချနိုင်ခဲ့လေပြီ။
ထို့အပြင် ယခင်က ဂရေးနှင့်မတူသည်မှာ သူသည် အဆင့် ၁၂ သို့ အသစ်စက်စက် ရောက်ရှိလာခြင်းမျိုး မဟုတ်ဘဲ အဆင့် ၁၂ ၏ နိယာမသန့်စင်ခြင်းကိုပင် အပြီးသတ်နိုင်ပြီးလုပါး ရှိနေဟန်ရသည်။
ပို၍အရေးကြီးသည်မှာ မွန်ရိုးသည် အဆင့် ၁၂ ၏ ဆွဲငင်အားကိုအသုံးပြု၍ ကြယ်တာရာစနစ်များကို ဆွဲထုတ်လိုက်ခြင်းပင်။
ဤသည်က မွန်ရိုးသည် သိုင်းပညာနှစ်ရပ်ကို အဆင့်ငါး၏အထွတ်အထိပ်အထိ ကျွမ်းကျင်ပိုင်နိုင်ထားပြီးဖြစ်ကာ နိယာမကြယ်တာရာစနစ်၏ သန့်စင်ခြင်းကို အစပျိုးရန် လုံလောက်နေပြီဖြစ်ကြောင်း သက်သေပြနေသည်။
နိယာမကြယ်တာရာစနစ်နှစ်ခုကို ပေါင်းစပ်လိုက်ခြင်းဖြင့် မွန်ရိုး၏စွမ်းအားမှာ မကြုံစဖူးသော အဆင့်တစ်ခုသို့ ရောက်ရှိသွားမည်ဖြစ်သည်။ သီးသန့် ခွန်အားနှင့် စွမ်းအားကိုသာ ယှဉ်ကြည့်မည်ဆိုလျှင် သူသည် ဂရေးကဲ့သို့ သာမန် အဆင့် ၁၂ တစ်ယောက်ထက် အနည်းဆုံး နှစ်ဆခန့် ပိုမို အားကောင်းနေလေပြီ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကျယ်ပြောလှသော ကြယ်တာရာအားကစားကွင်းကြီးအတွင်းရှိ ကြည့်ရှုသူအပေါင်းမှာ တုန်လှုပ်ချောက်ချားသွားကြသည်။ အမြင့်ဆုံးပွဲကြည့်စင်ပေါ်ရှိ အဆင့် ၁၂ လွှတ်တော်အမတ်များပင်လျှင် ဤအခိုက်အတန့်၌ အံ့အားသင့်လွန်း၍ အသံတိုးတိုးဖြင့် ရေရွတ်လိုက်မိကြတော့သည်။
"နှစ်တစ်ထောင်တောင် မပြည့်သေးဘူး... သူက နိယာမ ကြယ်တာရာစနစ် နှစ်ခုကို သူ့ခန္ဓာကိုယ်ထဲ ပေါင်းစပ်ထားပြီးပြီပဲ။ ဒါ့အပြင် သူက နေမင်းအဆင့် သာလွန်ထူးခြား သက်ရှိ ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားသေးတယ်"
"မွန်ရိုးရဲ့ စွမ်းရည်က ငါတို့ကိုတောင် ကျော်လွန်နေလောက်ပြီ"
"အံ့မခန်းပဲ... တကယ့်ကို အံ့မခန်းပဲ"
ဟီးလ်နယ်မြေ၏ ဥက္ကဋ္ဌမျက်နှာပေါ်မှ အပြုံးတို့မှာ ပွင့်အာသွားလေပြီ။ သူ မေးစေ့ကို အနည်းငယ်မော့ကာ အောင်နိုင်သူတစ်ယောက်၏မာန်ဖြင့် ဒန်လော့ပ်ဘက်သို့ လှည့်ကြည့်၍ ပြောလိုက်သည်။
"ပွင့်ပွင့်လင်းလင်း ပြောရရင်... လုရှန်ရဲ့ အခြေအနေက ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ လုံးဝအရေးမကြီးတော့ဘူး"
အဘယ်ကြောင့်ဆိုသော် ရလဒ်မှာ ကြိုတင်သတ်မှတ်ပြီးသား ဖြစ်နေသောကြောင့်ပင်။ တစ်ခုတည်းသော ကွာခြားချက်မှာ လုရှန်အနေဖြင့် မွန်ရိုးလက်ချက်ဖြင့် မည်သို့သောပုံစံဖြင့် ရှုံးနိမ့်သွားမည်နည်းဟူသော အချက်သာ ဖြစ်သည်။
ဒန်လော့ပ်က ဟီးလ်နယ်မြေ ဥက္ကဋ္ဌအား ခံစားချက်မဲ့သောမျက်နှာဖြင့် အေးစက်စက် စိုက်ကြည့်လိုက်တော့သည်။
"ဒီလို စကားတွေ ပြောဖို့ စောလွန်းနေသေးတယ် မထင်ဘူးလား။ လုရှန် ရှုံးမှ မရှုံးသေးတာ"
"ဟီး ဟီး..."
ဟီးလ် နယ်မြေ ဥက္ကဋ္ဌက နှစ်ချက်ခန့် ရယ်မောလိုက်ပြီးနောက် ခေါင်းခါကာ ဘာမှဆက်မပြောတော့ဘဲ အကြည့်လွှဲသွားလေသည်။
ယခုအချိန်တွင် နိယာမ ကြယ်တာရာစနစ် နှစ်ခုဖြင့် ဖြည့်တင်းထားသော မွန်ရိုး၏ အရှိန်အဝါသည် မကြုံစဖူးသော အဆင့်တစ်ခုသို့ မြင့်တက်နေလေပြီ။ ရေခဲတံခွန်ကဲ့သို့ သူ၏ ဆံပင်များသည် ပို၍ ရှည်လျားလာပြီး ခါးအထိပင် ရောက်ရှိလာသည်။
သူ၏ ခန့်ညားတောင့်တင်းသော ခန္ဓာကိုယ်ကြီးမှာ စကြဝဠာ၏ အစွန်းရောက်အေးခဲမှုအဖြစ်သို့ လုံးဝပြောင်းလဲသွားဟန်ရသည်။ ထိုခန္ဓာကိုယ်မှနေ၍ အရပ်မျက်နှာအနှံ့သို့ ကြောက်မက်ဖွယ်ကောင်းသော အေးခဲမှုလှိုင်းများ အဆက်မပြတ် ဖြာထွက်နေသည်။
အသက်ရှူချိန် အနည်းငယ်အတွင်း၌ပင် ထိုရေခဲလေအေးများသည် ဂြိုဟ်သိမ်ဂြိုဟ်မွှားပြိုင်ပွဲကွင်း တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ဧရာမရေခဲဘောလုံးကြီးတစ်ခုအဖြစ် အေးခဲသွားစေသည်။
ထို့အပြင် ရေခဲလေအေးများမှာ ကြယ်တာရာကောင်းကင်ယံအထိ ဆက်လက်ပျံ့နှံ့နေဆဲပင်။ ဖြူလွှလွှမြင်ကွင်းကြီးမှာ သာမန်မျက်စိဖြင့်ပင် မမြင်နိုင်လောက်အောင် အကွက်လိုက်ပျံ့နှံ့နေပြီး ဟင်းလင်းပြင်ကြီးပင်လျှင် အေးခဲကာ အက်ကွဲသွားသည့်လက္ခဏာများ ပေါ်ပေါက်နေသည်။
ဤအခိုက်အတန့်တွင် အပြင်ဘက်၌ ပျံ့နှံ့နေသော မွန်ရိုးအကြောင်း ဒဏ္ဍာရီလာ ပုံပြင်များသည် ချဲ့ကားလွန်းလှသည်ဟု မဆိုနိုင်တော့ပေ။ အချို့က မွန်ရိုးသည် သက်ရှိ ကြယ်တစ်လုံးကိုပင် အေးခဲပစ်ခဲ့သည်ဟု ဆိုကြသည်။ ဤကဲ့သို့သော စွမ်းအားမျိုးနှင့်ဆိုလျှင် ကြယ်များကို အမှန်တကယ်ပင် အေးခဲသွားစေနိုင်ပေမည်။
ယခုတွင် မွန်ရိုးသည် ရေခဲအကျဉ်းထောင်ထဲမှ ထွက်ပေါ်လာသည့် ဘုရင်တစ်ပါးနှင့် တူနေသည်။ သူ၏အသားအရေနှင့် မျက်လုံးများမှာ ဖြူလျော့သွားပြီး ခံစားချက် နွေးထွေးမှုဟူ၍ တစ်စက်မျှပင် မကျန်တော့ပေ။
သူ အောက်ဘက်ရှိ လုရှန်အား ခံစားချက်မဲ့စွာ စိုက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"မသေမျိုး သွေးဆက်ကို ငါ့ရဲ့ လေးစားမှု ပြသတဲ့အနေနဲ့... ငါ့ရဲ့ အပြင်းထန်ဆုံး လက်သီးချက်နဲ့ မင်းကို ရှုံးနိမ့်ခွင့် ပေးလိုက်မယ်။ ဒူးထောက်ပြီး လုရှန်ကို ချီးမွမ်းလိုက်ကြ"
***