ဝေါင်း...။
မိမိ၏ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိသွားချိန်တွင် လုရှန်၏ခန္ဓာကိုယ်ထဲသို့ မကြုံစဖူးသော စွမ်းအားသစ်များ စီးဝင်လာသည်။ ပြီးပြည့်စုံသော သိုင်းပညာရှင်လမ်းစဉ် ဆယ်ပါး၏ ရွှေကျီးကန်းအခြေအနေနှင့် တူညီနေသော်လည်း ဂရေးနှင့်တိုက်ခိုက်စဉ်ကထက် ပိုမိုလွတ်လပ်ပြီး ပိုမိုအာဏာပါကာ အားမာန်ပြည့်ဝနေလေပြီ။
လုရှန်သည် ရွှေကျီးကန်းအား ထိန်းချုပ်လိုက်ပြီး လက်သီးတစ်ချက်တည်းဖြင့် ကြယ်တာရာ ကောင်းကင်ယံ တစ်ခုလုံးကို အလင်းနှင့် အပူ နယ်မြေတစ်ခု အဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။
"ကောင်းတယ်"
ထိုလက်သီးချက်ကြောင့် အံ့အားသင့်သွားမည့်အစား မွန်ရိုးမှာ ဝမ်းသာအားရဖြင့် ကျယ်လောင်စွာရယ်မောလိုက်ပြီး လက်သီးတစ်ချက် ပြန်လည်ထိုးသွင်းလိုက်သည်။
သူ၏ခန္ဓာကိုယ်မှ နှင်းခဲများနှင့် ရေခဲလေအေး အမြောက်အမြား ပေါက်ကွဲထွက်လာသည်။ မွန်ရိုး၏လက်သီးကို ဗဟိုပြု၍ အလွန်ထူထဲပြီး မျက်စိဖြင့်ပင် မမြင်နိုင်သော အဖြူရောင်ရေခဲလေအေးစီးကြောင်း ဒါဇင်ပေါင်းများစွာမှာ ဒေါသထွက်နေသော နဂါးများအလား ပုံဖော်လာကြသည်။
လက်သီးနှစ်လုံးမှာ ထိပ်တိုက်တွေ့ဆုံသွားကြသည်။
ဘုန်း...။
ရွှေကျီးကန်းနှင့် ရေခဲနဂါးတို့ ဝင်တိုက်မိကြပြီး ရေခဲနှင့် မီးတို့ ရောယှက်သွားကြသည်။ အစွန်းရောက် စွမ်းအားနှစ်ခု ပြင်းထန်စွာ ရိုက်ခတ်သွားပြီး ဟင်းလင်းပြင်ကြီးကို ရှုပ်ထွေးပွေလီသော ဖရိုဖရဲ အခြေအနေတစ်ခုသို့ ပြောင်းလဲပစ်လိုက်သည်။
ပထမအလွှာ ဟင်းလင်းပြင်မှာ လုံးဝ တစစီ ကျိုးပဲ့သွားပြီး ဒုတိယအလွှာမှာ အစုလိုက်အပြုံလိုက် ပြိုကျသွားကာ တတိယအလွှာမှာမူ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်သွားတော့သည်။ စတုတ္ထအလွှာ ဟင်းလင်းပြင်သာလျှင် အကောင်းပကတိ ရှိနေသေးသည်ဟု ဆိုနိုင်ပေသည်။
ဂျွတ်... ဂျွတ်... ဝုန်း...။
ပွဲကြည့်ပရိသတ်များမှာ မျက်တောင်မခတ်တမ်း စောင့်ကြည့်နေကြသည်။ ဤတိုက်ပွဲ၏ပြင်းထန်မှုမှာ သူတို့၏မျှော်လင့်ချက်များကို လုံးဝကျော်လွန်သွားခဲ့လေပြီ။ မကြာသေးမီကမှ ရှုံးနိမ့်ပြီး စောင့်ဆိုင်းခန်း၌ ရှိနေသော ပြိုင်ပွဲဝင်များမှာ ဦးရေပြားများ ထုံကျင်ကာ နှလုံးခုန်မြန်လာကြသည်။
ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများမှ လျှံကျလာသည့် အရှိန်အဝါကပင် ကန့်သတ်ချက် သုံးကြိမ်ဖောက်ထွင်းထားသူများကို အလွယ်တကူ အသက်ဆုံးရှုံးစေနိုင်သည်။ အကယ်၍သာ သူတို့အနေဖြင့် တိုက်ပွဲထဲ ဝင်ပါမိပါက ပထမဆုံးအကြိမ်မှာပင် အပိုင်းပိုင်းအစစ ဖြစ်သွားပေလိမ့်မည်။
ထူးချွန်ထက်မြက်လှသော ချန်ယွီရှုမှာမူ တည်ငြိမ်အေးဆေးစွာ ရှိနေဆဲဖြစ်သည်။ သို့သော် ထိပ်ဆုံးလေးဦးစာရင်းသို့ ကံကောင်းထောက်မစွာ ဝင်ရောက်လာသော နောက်ထပ်ပြိုင်ပွဲဝင်တစ်ဦးမှာမူ တင်းမာသောမျက်နှာအမူအရာဖြင့် စောင့်ကြည့်နေသည်။ အခြားသူများ မမြင်နိုင်သော်လည်း သူ၏ကျောပြင်တစ်ခုလုံး ချွေးစေးများဖြင့် ရွှဲနစ်နေလေပြီ။
အမြင့်ဆုံးပွဲကြည့်စင်များပေါ်တွင် လွှတ်တော်ဥက္ကဋ္ဌများနှင့် အခြားသောအဆင့်မြင့်ပုဂ္ဂိုလ်တို့မှာ မျက်တောင်မခတ်တမ်း စောင့်ကြည့်နေကြသည်။ သူတို့၏မျက်ဝန်းများတွင် ရံဖန်ရံခါ နက်ရှိုင်းသောအံ့အားသင့်မှုများ တောက်ပလျက်ရှိသည်။
"နောက်တစ်ကြိမ်"
ထိုတိုက်ချက်အပြီးတွင် မွန်ရိုး၏တိုက်ခိုက်လိုစိတ်များမှာ အပြည့်အဝ လောင်ကျွမ်းသွားလေပြီ။ သူ၏ ရေတံခွန်ကဲ့သို့ ဖြူလွှလွှဆံပင်များမှာ ရိုင်းစိုင်းစွာ ကခုန်နေပြီး ရှေ့သို့ခုန်အုပ်ကာ လုရှန်ထံသို့ လက်သီးတစ်ချက် ထပ်မံပစ်သွင်းလိုက်သည်။
ဤလက်သီးချက်နှင့်အတူ ပါလာသော နဂါးနှင့်တူသည့် ရေခဲလေအေးစီးကြောင်းများမှာ ယခင်ထက် ဆယ်ဆမက ပိုမိုများပြားနေသည်။ ၎င်းတို့မှာ ရာနှင့်ချီသော အံ့မခန်းအရေအတွက်အထိ ရောက်ရှိသွားပြီး ဆယ်ဆမက ပိုမိုအားကောင်းလာလေပြီ။
လုရှန်၏မျက်ဝန်းများမှာ ရွှေရောင်အလင်းတန်းများဖြင့် တောက်ပသွားပြီး မျက်တောင်တစ်ချက်မခတ်ဘဲ တိုက်ခိုက်မှုကို ရင်ဆိုင်ရန် လက်သီးတစ်ချက် ပြန်လည်ပစ်သွင်းလိုက်သည်။
ကြယ်တာရာညဉ့် ပဉ္စမရာသီ... ရှေးဟောင်းရွှေကျီးကန်း၏ အော်ဟစ်သံ…။
သူတို့ အချင်းချင်း အဆက်မပြတ် လက်သီးချင်း ဖလှယ်နေကြသည်။
ဘုန်း... ဘုန်း... ဘုန်း...။
စတုတ္ထအလွှာ ဟင်းလင်းပြင်ကြီးသည် ဖိအားကို မခံနိုင်တော့ဘဲ ကျယ်လောင်သော အသံကြီးနှင့်အတူ တစစီအက်ကွဲသွားတော့သည်။
ခွပ်... ဂျွတ်...။
သို့သော် ယခုအကြိမ်တွင်မူ လုရှန်သည် တိုက်ပွဲဗဟိုချက်မှ ယိုင်နဲ့နဲ့ဖြင့် နောက်သို့ ဆုတ်သွားရသည်။
ဟင်းလင်းပြင်ထဲတွင် နှင်းခဲများထကြွလာပြီး အလင်းနှင့်အပူများကို ရက်ရက်စက်စက် ဝါးမျိုကာ ငြိမ်းသတ်ပစ်လိုက်သည်။
မူလက ရေခဲနှင့်မီးဟူ၍ ရှင်းလင်းစွာကွဲပြားနေသော တိုက်ပွဲကွင်းပြင်သည် ချက်ချင်းပင် အဖြူရောင်လွှမ်းမိုးသော ရှုခင်းကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ရှင်းလင်းစွာ မြင်သာသည်မှာ ဤအကြိမ်တွင် လုရှန်မှာ အရေးနိမ့်နေပြီ ဖြစ်သည်။
မွန်ရိုး၏အရှိန်အဝါမှာ အဆုံးအစမရှိ ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။ ‘
သူ့အားဝန်းရံထားသော အဖြူရောင်ရေခဲစီးကြောင်းများမှာ အံ့မခန်းတိုးပွားလာသည်။ အတိုဆုံးပင် မီတာထောင်ပေါင်းများစွာ ရှည်လျားပြီး အရှည်ဆုံးမှာ မီတာသောင်းနှင့်ချီ ရှည်လျားကာ ကြယ်တာရာကောင်းကင်ယံတွင် ရစ်ခွေနေသည့် သန်းနှင့်ချီသော ရေခဲနဂါးကြီးများအလား ဟိန်းဟောက်အော်မြည်နေကြသည်။
မွန်ရိုးသည် ဗဟိုချက်တွင်ရပ်နေကာ ရေခဲနဂါးသန်းပေါင်းများစွာဖြင့် ဝန်းရံလျက် လုရှန်အား ရေခဲဘုရင်တစ်ပါးအလား ငုံ့ကြည့်ကာ လှောင်ပြောင်လိုက်သည်။
"မင်းစွမ်းရည်က ဒါပဲလား"
မွန်ရိုး၏ရန်စမှုနှင့် ရင်ဆိုင်ရချိန်တွင် လုရှန်၏မျက်ဝန်းများ တောက်ပသွားပြီး အသက်ကို ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။
ထို့နောက် တည်ငြိမ်သောမျက်နှာအမူအရာဖြင့် ဆိုလိုက်သည်။
"မင်းရဲ့လမ်းစဉ်က မဆိုးပါဘူး။ ငါ့ရဲ့ကွက်လပ်တွေကို ဖြည့်ဆည်းပေးနိုင်တယ်။ ဒါကို ငါယူလိုက်မယ်"
မွန်ရိုးမှင်သက်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူ တစ်ခုခုဆက်ပြောရန် ဟန်ပြင်ချိန်မှာပင် သူ၏နားထဲ၌ လုရှန်၏တည်ငြိမ်လှသော အသံပဲ့တင်ထပ်သွားသည်။
"ဒုတိယအဆင့် လောင်ကျွမ်းခြင်း"
ယခင်ကထက် ပိုမိုအားကောင်းပြင်းထန်သော အပူလှိုင်းကြီးတစ်ခုမှာ လုရှန်၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ဤအချိန်တွင် သူ၏အသွင်အပြင်မှာ နောက်ထပ်အပြောင်းအလဲတစ်ခု ဖြစ်သွားပြန်သည်။
မူလရွှေရောင်ဆံပင်များသည် ယခုအခါ မီးတောက်များကဲ့သို့ ဖြူလွှလွှအရောင်အသွေးများ စွန်းထင်းနေပြီး ဆံပင်အမျှင်တိုင်းက တောက်ပနေသည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ နေမင်းတက်တူးသည်လည်း ရွှေစင်ရောင်မှနေ၍ ရွှေဖြူရောင်သို့ ပြောင်းလဲသွားသည်။ ရွှေဖြူနေမင်းပုံစံမှာ ပို၍ခမ်းနားကြီးကျယ်သောပုံစံများအဖြစ်သို့ ပျံ့နှံ့သွားသည်။ ဤအရာက တက်တူးတစ်ခုလုံးကို ပိုမိုတည်ငြိမ်ပြီး စနစ်ကျစေသည်။ ယခင်နှင့်နှိုင်းယှဉ်လျှင် လုရှန်သည် မတည်ငြိမ်သောကြီးထွားမှုကာလမှ ထွက်ပေါ်လာပြီး ကြယ်တစ်လုံးမှမွေးဖွားလာသော ကောင်းကင်ဘုံနတ်ဘုရားတစ်ပါးနှင့် တူနေသည်။ သူသည် တည်ငြိမ်ရင့်ကျက်သော အဆင့်တစ်ခုသို့ ခြေလှမ်းလှမ်းလိုက်ပြီ ဖြစ်သည်။
ဤအခိုက်အတန့်တွင် လုရှန်၏ခန္ဓာကိုယ်တွင်းရှိ မသေမျိုးဆဲလ် ရှစ်သောင်းခန့်မှ လောင်ကျွမ်းနေသော နတ်ဘုရားမီးတောက်များသည်လည်း ရွှေရောင်မှ ရွှေဖြူရောင်သို့ ပြောင်းလဲသွားခဲ့လေပြီ။ ဤသည်ကား လုရှန်၏ ပြီးပြည့်စုံသောသိုင်းပညာရှင် လမ်းစဉ်ဆယ်ပါးမှ ရွှေကျီးကန်းပုံစံ၏ ပိုမိုနက်ရှိုင်းသော အခြေအနေပင် ဖြစ်သည်။
နတ်ဘုရားဆဲလ်များ၏ ဒုတိယအကြိမ်လောင်ကျွမ်းခြင်းသည် မူလကြယ်တစ်လုံး ပင်မအဆင့်သို့ ဝင်ရောက်သွားခြင်းနှင့် တူညီသည်။ ထို့ကြောင့် ၎င်းအား ‘ဒုတိယအဆင့် လောင်ကျွမ်းခြင်း ဒုတိယအဆင့် မသေမျိုး ပင်မကြယ်တာရာအဆင့် ကိုယ်ထည်’ ဟု အမည်တွင်သည်။
၎င်းသည် ရွှေဖြူရွှေရောင် နေမင်းမီးတောက်များအဖြစ်သို့ ပြောင်းလဲသွားသည်။
လုရှန်သည် သက်ရှိထင်ရှား ကောင်းကင်ဘုံနတ်ဘုရားတစ်ပါး ကြယ်တစ်လုံးမှထွက်ပေါ်လာသော သဘာဝလွန်သတ္တဝါတစ်ဦးနှင့် ပိုမိုတူညီလာသည်။
သူ၏လှုပ်ရှားမှုတိုင်းက အမြင့်မြတ်ဆုံးသော ကျက်သရေရှိမှုနှင့် မွေးရာပါမွန်မြတ်မှုကို ထုတ်လွှတ်နေသည်။
လူတိုင်းမှာ အသွင်ပြောင်းပြီးနောက် လုရှန်အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြသည်။ သူတို့အားလုံးမှာ ကြယ်တာရာကောင်းကင်ယံ၏ အံ့ဖွယ်တစ်ခုကို မျက်မြင်ကိုယ်တွေ့ ကြုံနေရသကဲ့သို့ ခံစားနေကြရသည်။ လုရှန်၏မျက်ဝန်းများ ကျရောက်သွားသည့်နေရာတိုင်းတွင် ရွှေဖြူမီးတောက်များသည် ရိုင်းစိုင်းကြမ်းတမ်းစွာ ပျံ့နှံ့သွားပြီး ရေခဲလေအေးအမြောက်အမြားမှာ နောက်ဆုတ်သွားရသည်။
"အခု ငါပြောရမယ့်အလှည့်ရောက်ပြီ"
လုရှန် တည်ငြိမ်စွာပြောလိုက်သည်။
"နောက်တစ်ကြိမ် လာခဲ့"
နောက်ဆုံးစကားလုံးအဆုံးတွင် လုရှန်၏ပုံရိပ်သည် မွန်ရိုး၏အရှေ့သို့ ရောက်ရှိနေပြီဖြစ်သည်။
ဝှစ်...။
မွန်ရိုး၏မျက်လုံးများ ကျုံ့ဝင်သွားပြီး သူ၏မျက်လုံးထဲတွင် ရွှေဖြူအလင်းတန်းများ ရောင်ပြန်ဟပ်နေသည်။ ဤရွှေဖြူအမှုန်များသည် စုစည်းသွားပြီး ခြေသုံးချောင်းနတ်ဘုရားငှက်အဖြစ်သို့ ပြောင်းလဲကာ ညင်သာစွာ ခေါက်လိုက်သည်။ မွန်ရိုး အလိုအလျောက် ကာကွယ်ရန်လက်ကိုမြှောက်လိုက်ပြီး ရေခဲနဂါးစီးကြောင်းများဖြင့် လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် စူးရှသောနာကျင်မှုနှင့် ပြင်းထန်သောလောင်ကျွမ်းမှုကို ခံစားလိုက်ရသည်။ မွန်ရိုး၏လက်သီးကို ကပ်တွယ်နေသော ရေခဲလေအေးများမှာ ရွှေဖြူမီးတောက်များအောက်တွင် လျင်မြန်စွာ အရည်ပျော်သွားသည်ကို သူ ကူကယ်ရာမဲ့စွာ ကြည့်နေရသည်။
ဖျစ်ဖျစ်...။
မွန်ရိုးမှာ သိသိသာသာလှုပ်ရှားသွားပြီး မယုံကြည်နိုင်စွာ အော်ဟစ်လိုက်မိသည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ငါ့ရဲ့ရေခဲလေအေးက အစစ်အမှန်ကြယ်တွေကိုတောင် အေးခဲစေခဲ့တာကွ"
မွန်ရိုး၏နားထဲတွင် တည်ငြိမ်သောအသံတစ်ခု ထွက်ပေါ်လာသည်။
"တစ်ခါတုန်းက လူတစ်ယောက်ဟာ ဝင်နေတဲ့နေမင်းကို မြားနဲ့ပစ်ဖူးတယ်။ ပြီးတော့ ညဥ့်ကျလာတဲ့အခါ သူက နေမင်းကို ပစ်ချနိုင်ခဲ့ပြီလို့ ထင်မှတ်ခဲ့တာပေါ့... ရယ်စရာမကောင်းဘူးလား"
တောက်ပပြီး ခန့်ညားသော လုရှန်သည် မွန်ရိုး၏အရှေ့တွင် ပေါ်လာပြီး လက်ချောင်းများကိုဖြန့်ကာ မွန်ရိုး၏မျက်နှာကို ရက်ရက်စက်စက် ဆုပ်ကိုင်လိုက်သည်။
နောက်တစ်စက္ကန့်တွင်ကား ရွှေဖြူ မီးတောက်များသည် အလုံးအရင်းဖြင့် မွန်ရိုးအား လုံးလုံးလျားလျား ဝါးမျိုသွားလေတော့သည်။
***