မျက်စိကျိန်းမတတ် တောက်ပသော ရွှေဖြူရောင် မီးတောက်များက တိုက်ပွဲဖြစ်ပွားနေသော ကြယ်တာရာ ကောင်းကင်ယံ တစ်ခုလုံးကို လုံးလုံးလျားလျား ဝါးမျိုသွားလေသည်။
ကျန်ရစ်နေသော ရေခဲလေအေးများမှာ အပြည့်အဝ မျိုချခံလိုက်ရသည်။ မွန်ရိုးကြောင့် ထိုးဖောက်ခံရပြီး အက်ကွဲသွားခဲ့သော ဂြိုဟ်သိမ်ဂြိုဟ်မွှား ပြိုင်ပွဲကွင်းကြီးမှာ ယခုအခါ ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။
ကွင်းပြင်ဟူ၍ မရှိတော့ပေ။ ဤနေရာသည် မီးတောက်များ သောင်းကျန်းနေသော ရွှေဖြူရောင် နယ်မြေတစ်ခု အဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
မသေမျိုး ဒုတိယအဆင့် လောင်ကျွမ်းခြင်း ကာလအတွင်း ပင်မ ကြယ်တာရာအဆင့်သို့ ဝင်ရောက်သွားသော ကြယ်တာရာ အထွတ်အထိပ် ခန္ဓာကိုယ် ပိုင်ရှင် လုရှန်သည် အလွန်တရာ အံ့မခန်းဖွယ်ကောင်းသော အပူချိန်ရှိသည့် ရွှေဖြူ မီးတောက်များကို ထုတ်လွှတ်နေသည်။
ဒီဂရီ တစ်သိန်းလား... ဒီဂရီ သန်းချီနေသလား...။
လုရှန် မသိပေ။ သို့သော် သူ သေချာသိသည်မှာ အကယ်၍ အချိန်သာ လုံလုံလောက်လောက် ရမည်ဆိုလျှင် သူသည် ဂြိုဟ်တစ်လုံးကိုပင် အလွယ်တကူ အရည်ဖျော်ပစ်နိုင်မည် ဖြစ်သည်။
မည်သည့်အရာကမျှ ဤအပူချိန်ကို အလွယ်တကူ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
မွန်ရိုး၏ ရေခဲလေအေးများမှာလည်း ခံနိုင်ရည်မရှိကြောင်း သေချာသည်။
ဝုန်း…
အတွေးများထဲ နစ်မျောနေစဉ်မှာပင် ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။
လုရှန်၏ လက်ငါးချောင်း ကျရောက်သွားသော နေရာရှိ ရွှေဖြူ မီးတောက်များဖြင့် ဖုံးလွှမ်းနေသော နယ်မြေမှာ ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။
ဖြူလွှလွှ ပုံရိပ်တစ်ခု မီးတောက်များထဲမှ လျင်မြန်စွာ လွင့်ထွက်လာသည်။ မွန်ရိုး တစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။
ယခုအခိုက်အတန့်တွင် မွန်ရိုး၏ ပတ်လည်၌ ပါးလွှာသော ရေခဲလေအေး အလွှာလေးတစ်ခုသာ ကျန်ရှိတော့သည်။ သို့သော် ရွှေဖြူ မီးတောက်များ၏ အပူချိန်မြင့်မားမှုနှင့် ထိတွေ့သွားသောအခါ ရေငွေ့ အမြောက်အမြား အဖြစ်သို့ ပြောင်းလဲသွားသည်။
ရေငွေ့များသည် မွန်ရိုး၏ အဝတ်အစားများနှင့် ဆံပင်များကို စိုရွှဲသွားစေရန် မလုံလောက်သော်လည်း သူ့အား အနည်းငယ် ဖရိုဖရဲ ဖြစ်သွားစေရန်မူ လုံလောက်ပေသည်။
သို့သော် ထိုမျှသာပင်။
မွန်ရိုး၏ခန္ဓာကိုယ်ပေါ်ရှိ နိယာမကြယ်တာရာစနစ်နှစ်ခုမှာ သူ၏ပခုံးပေါ်၌ ရစ်ခွေနေသည့် တောက်ပသော အလင်းတန်းဖဲကြိုးနှစ်ခုအလား မျောလွင့်နေကြသည်။
နိယာမကြယ်တာရာစနစ်၏ အံ့မခန်းစွမ်းအားများက ဝန်းရံနေသည့် မီးတောက်များနှင့် အပူချိန်မြင့်မားမှုအားလုံးကို ဖယ်ရှားပေးထားရာ ထိုအရာကပင် သူ့အား ရွှေဖြူမီးတောက်များ၏ ဗဟိုချက်မှနေ၍ ဒဏ်ရာအနာတရ လုံးဝမရှိဘဲ ထွက်ပေါ်လာနိုင်စေခဲ့ခြင်း ဖြစ်သည်။
မွန်ရိုး၏ မျက်နှာထားမှာ နှစ်ထောင်ပေါင်းများစွာ အရည်မပျော်ဖူးသေးသော ရေခဲမြစ်ကြီးတစ်ခုအလား ကြောက်မက်ဖွယ်ကောင်းလောက်အောင် အေးစက်နေသည်။ သူသည် မှောင်မိုက်နေသော မျက်နှာထားဖြင့် မီးတောက်များထဲမှ ထွက်လာကာ လုရှန်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ဒါက မသေမျိုးအဆင့်သွေးဆက်ရဲ့ စစ်မှန်တဲ့မျက်နှာစာလား"
"ငါ မင်းကို အထင်သေးမိတယ်ဆိုတာ ဝန်ခံပါတယ်။ ပြီးတော့ မသေမျိုး သွေးဆက်ရဲ့ စွမ်းအားကိုလည်း ငါ အသိအမှတ်ပြုပါတယ်။ ကံဆိုးတာက... မင်းက အဆင့် ၁၀ ပဲ ရှိသေးတယ်။ နောက်ဆုံးမှာတော့ မင်းရဲ့ ရှုံးနိမ့်မှုက ရှောင်လွှဲလို့မရဘူး ဆိုတာ..."
မွန်ရိုး စကားပြော၍ မဆုံးသေးမီမှာပင် သူ၏မျက်လုံးများ ရုတ်တရက် ပြင်းထန်စွာ ကျုံ့ဝင်သွားသည်။ ထို့နောက် သူ၏ မျက်လုံးအိမ်ထဲတွင် တောက်ပသော အလင်းတန်းတစ်ခု ပေါ်လာပြီး လျင်မြန်စွာ ကြီးမားလာသည်။
ထိုအရာမှာ လက်သီးတစ်လုံးပင် ဖြစ်သည်။
ရွှေဖြူရောင် လက်သီးကြီးမှာ မွန်ရိုး၏ ပါးပြင်သို့ ပြင်းထန်စွာ ချိုင့်ဝင်သွားကာ သူ့အား အမြောက်ဆန်တစ်ခုအလား ကီလိုမီတာ ဒါဇင်ပေါင်းများစွာ အဝေးသို့ လွင့်ထွက်သွားစေတော့သည်။
ဘုန်း... ဖောင်း...။
စတုတ္ထအလွှာ ဟင်းလင်းပြင်ကြီး ကျိုးပဲ့သွားသော ဧရာမ အသံကြီးကြောင့် ပွဲကြည့်ပရိသတ်များ အားလုံး၏ နှလုံးသားများ ပြင်းထန်စွာ တုန်လှုပ်သွားကြပြီး မျက်ခွံများပင် လှုပ်သွားကြတော့သည်။
လုရှန်သည် မွန်ရိုး ရပ်နေခဲ့သော နေရာတွင် ပေါ်လာပြီး သူ၏ လက်သီးကို ဖြည်းညှင်းစွာ ပြန်ရုတ်လိုက်သည်။ သူ၏ ကိုယ်နေဟန်ထားမှာ ကျက်သရေရှိပြီး သူ၏ မျက်နှာအမူအရာမှာ တည်ငြိမ်အေးဆေးနေသည်။
"ဒီအခြေအနေအထိ ရောက်နေပြီကို မင်းက ဘာတွေ လေလုံးထွားချင်နေသေးတာလဲ"
လုရှန် စကားပြောနေစဉ်မှာပင် သူ၏ရွှေဖြူမျက်ဝန်းများ အနည်းငယ်တောက်ပသွားပြီး ရှေ့သို့ ထပ်မံခုန်အုပ်လိုက်ပြန်သည်။
ဝှစ်...။
သူသည် လွင့်စင်သွားသော မွန်ရိုးနောက်သို့ အမီလိုက်သွားပြီး နဂါးတစ်ကောင်အလား လက်သီးများ ဆက်တိုက်ပစ်သွင်းလိုက်သည်။ လက်သီးချက်တိုင်းမှာ စကြဝဠာ၏အခြေခံဖွဲ့စည်းပုံကိုပင် ဆုပ်ကိုင်ထားသကဲ့သို့ ရှိနေသည်။ လက်သီးများမှာ မျက်စိကျိန်းမတတ် ရွှေဖြူအလင်းတန်းများဖြင့် တောက်ပလျက် ညကောင်းကင်ယံတွင် ဖြတ်ပြေးသွားသော ကြယ်တံခွန်များပမာပင်။
ဘုန်း...ဘုန်း...။
ပုံရိပ်နှစ်ခုမှာ တိုက်ပွဲအတွင်း ရောယှက်နေပြီး ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကြီးကို အပျက်အစီးများအဖြစ်သို့ ပြောင်းလဲပစ်လိုက်ကြသည်။
လက်ရှိအခြေအနေမှာ ပြိုင်ပွဲ၏ပထမအချီနှင့် ဆင်တူသော်လည်း အနေအထားများမှာ လုံးဝပြောင်းပြန် ဖြစ်သွားခဲ့လေပြီ။ ယခင်က မွန်ရိုးက လုရှန်အား သနားညှာတာမှုကင်းမဲ့စွာ ရိုက်နှက်ခဲ့သော်လည်း ယခုအခါတွင်မူ လုရှန်က မွန်ရိုးအား ဖမ်းဆုပ်ကာ အပြန်အလှန် အသေရိုက်နှက်နေသည့် အလှည့် ဖြစ်နေချေပြီ။
မသေမျိုး ဒုတိယအဆင့် လောင်ကျွမ်းခြင်း... ။
လုရှန်သည် ပင်မကြယ်တာရာအဆင့်သို့ ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။ သူ၏ကဏ္ဍစုံမှ ခွန်အားများသည် အံ့မခန်းအသွင်ပြောင်းသွားကာ မူလအဆင့်ထက် ဆယ်ဆမက တိုးတက်လာခဲ့သည်။
ဤအရာက သူ့အား မွန်ရိုးနှင့် ထိပ်တိုက် ရင်ဆိုင်ရာတွင်ပင် အကြွင်းမဲ့ လွှမ်းမိုးနိုင်သော အားသာချက်ကို ပေးစွမ်းထားသည်။
ထိုမျှသာမက ပင်မ ကြယ်တာရာအဆင့်သို့ ဝင်ရောက်ပြီးနောက် လုရှန်သည် အရေးကြီးသော ကန့်သတ်ချက် တစ်ခုသို့ ရောက်ရှိသွားပုံရသည်။ သူ၏ စိတ်ထဲရှိ ဝမ်ဟဲနှင့် သက်ဆိုင်သော ကြယ်တာရာ လမ်းစဉ် အမွေအနှစ်မှာ ထပ်မံ၍ လျော့ရဲလာသည့် လက္ခဏာများ ပြသလာသည်။
ဤအရာက သူ မွန်ရိုးအား ရာသီငါးပါး လက်သီးသိုင်းပညာဖြင့် အသေရိုက်နှက်နေစဉ်အတွင်း သူ၏ စိတ်ထဲတွင် ရွှေဖြူ-ရွှေရောင် အသိဉာဏ်အလင်းများ အဆက်မပြတ် လင်းလက်သွားစေခဲ့သည်။
ထိုအသိဉာဏ်အလင်းများက သူ့အား နတ်ဘုရားအဆင့် တိုက်ကွက်များကို ဆက်တိုက် ထုတ်လွှတ်ရန် တွန်းအားပေးခဲ့ပြီး သူ၏ အထွတ်အထိပ် လက်သီးသိုင်းကွက်များမှာ ပိုမို နက်ရှိုင်းပြီး သိမ်မွေ့လာတော့သည်။
ထိုမျှသာမက လုရှန်သည် ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ မသေချာမရေရာစွာ ထိတွေ့မိသွားသကဲ့သို့ပင် ခံစားနေရသည်။ ထိုအဆင့်မှာ…။
အဆင့်ငါး သိုင်းပညာထက် သာလွန်သော အဆင့်ခြောက် သိုင်းပညာများပင်…။
လုရှန်သည် ဤအံ့ဖွယ်ကောင်းသော အခြေအနေထဲတွင် နစ်မျောနေစဉ်မှာပင် အလွန်အမင်း စိတ်ပျက်ပြီး သက်သောင့်သက်သာ မရှိလောက်အောင် ဖိနှိပ်ခံနေရသော မွန်ရိုးထံမှ နာကြည်းမှုအပြည့်ပါသည့် ဟိန်းဟောက်သံကြီးတစ်ခု နောက်ဆုံးတွင် ထွက်ပေါ်လာတော့သည်။
"တော်လောက်ပြီကွ"
ဘုန်း...။
ထိုဟိန်းဟောက်သံနှင့်အတူ မကြုံစဖူး ကြောက်မက်ဖွယ်ကောင်းသော ရေခဲလေအေးကြီးတစ်ခု မွန်ရိုး၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။ ဤရေခဲလေအေး စီးကြောင်း၏ ပြင်းထန်မှုမှာ အလွန်တရာ အားကောင်းလွန်းလှသဖြင့် လုရှန်၏ ရွှေဖြူ မီးတောက်များကိုပင် တစ်ခဏမျှ လွှမ်းမိုးသွားပြီး လုရှန်အား အနည်းငယ် နောက်ဆုတ်သွားစေခဲ့သည်။
မွန်ရိုး မတ်တတ်ရပ်လိုက်သည်။
ထိုခဏ၌ သူ၏ခန္ဓာကိုယ်မှ အေးစက်ခက်ထန်သော အရှိန်အဝါများ တရိပ်ရိပ် ထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်အတွင်းရှိ တံခါးပေါက်တစ်ခုမှာလည်း လုံးဝပွင့်ဟသွားသည့်နှယ် ဖြစ်နေတော့သည်။
ချက်ချင်းဆိုသလိုပင် အေးခဲနေသော ရေခဲလေပွေများသည် မွန်ရိုး၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားကာ အပြင်ဘက်သို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး ရွှေဖြူရောင် မီးတောက်အမြောက်အမြားကို နောက်သို့ ဆုတ်ခွာသွားစေသည်။
ကြယ်တာရာ ကောင်းကင်ယံကြီးမှာ တစ်စစီ အေးခဲသွားသည်။
စတုတ္ထအလွှာ ဟင်းလင်းပြင်ကြီး ပျက်စီးပြိုကွဲသွားသလို ပဉ္စမအလွှာတွင်လည်း အက်ကွဲကြောင်းများ ထင်ရှားစွာ ပေါ်ပေါက်လာသည်။ ထိုရေခဲလှိုင်းကြီးမှာ ရိုင်းစိုင်းကြမ်းတမ်းစွာ ဆက်လက်ပျံ့နှံ့နေပြီး ၎င်း၏ လွှမ်းခြုံနိုင်သော အကျယ်အဝန်းမှာလည်း စက္ကန့်နှင့်အမျှ လျင်မြန်စွာ တိုးပွားနေသည်။
စတုရန်းကီလိုမီတာ ဆယ်ချီ... စတုရန်းကီလိုမီတာ ရာချီ...။
စတုရန်းကီလိုမီတာ ထောင်ချီ... စတုရန်းကီလိုမီတာ သောင်းချီ...။
သိန်းချီ... သန်းချီ... ကုဋေချီ...။
မွန်ရိုးအား ဗဟိုပြုလျက် ကျယ်ပြောလှသော ကြယ်တာရာ အားကစားကွင်းကြီး၏ သုံးပုံတစ်ပုံခန့်မှာ အဖြူရောင် ရေခဲလေအေး စီးကြောင်းများဖြင့် ဖုံးလွှမ်းသွားခဲ့ပြီဖြစ်သည်။ အချို့သော ရေခဲလေအေးများမှာ ဆိုက်ကပ်ထားသည့် ယာဉ်ပျံထိုင်ခုံများဆီသို့ပင် ရောက်ရှိသွားကာ ယာဉ်ပျံများအား ရေခဲတုံးများအဖြစ် အေးခဲပစ်လိုက်တော့သည်။
"ဘုရားရေ..."
ထိုသို့သော ကြီးမားသည့် အပြောင်းအလဲကြောင့် မရေမတွက်နိုင်သော လူများမှာ တုန်လှုပ်ချောက်ချားသွားကာ မြင်ကွင်းကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်ရှုနေကြသည်။ စောင့်ဆိုင်းခန်းအတွင်းရှိ ပြိုင်ပွဲဝင်များ အကူအညီပေးသူများ ဝန်ထမ်းများနှင့် အစီအစဉ် တင်ဆက်သူများမှာလည်း ရေခဲလှိုင်းကြီးကြောင့် နောက်သို့ ဆုတ်ခွာပြေးလွှားနေကြရသည်။
နောက်ဆုံးတွင် ပွဲကြည့်စင်များပေါ်ရှိ လွှတ်တော်ဥက္ကဋ္ဌများနှင့် အခြားသော အဆင့်မြင့် ပုဂ္ဂိုလ်များပင် အံ့အားသင့်သွားကြပြီး သူတို့၏ထိုင်ခုံများမှ မတ်တတ်ထရပ်လိုက်ကြသည်။
"မြန်မြန်... ပရိသတ်တွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အမြန်ကူညီကြ"
အိမ်ရှင်ဖြစ်သူ ဒန်လော့ပ်က လျင်မြန်စွာ ညွှန်ကြားလိုက်သည်။ အခြားကြယ်တာရာ နယ်မြေများမှ ဥက္ကဋ္ဌများကလည်း မိမိတို့သက်ဆိုင်ရာ နယ်မြေများရှိ ပရိသတ်များနှင့် ကစားသမားများအတွက် စိုးရိမ်ပူပန်နေကြသည်။
တင်းမာနေသော လေထုထဲ၌ ဟီးလ်နယ်မြေ၏ ဥက္ကဋ္ဌတစ်ဦးတည်းသာ မကြုံစဖူးသော အလင်းရောင်များ ထွက်ပေါ်နေကာ မျက်လုံးများ တောက်ပလျက် ရေရွတ်လိုက်သည်။
“ဒါက... ဒါကမှ စစ်မှန်တဲ့ မွန်ရိုးပဲ..."
ဒန်လော့ပ်၏ မျက်နှာမှာ မှောင်မိုက်နေပြီး စကားတစ်ခွန်းမျှ မဆိုဘဲ တိတ်ဆိတ်နေသည်။
ထိတ်လန့်အံ့သြမှုများကြား၌ ဤကြယ်တာရာ ကောင်းကင်ယံကြီးမှာ အေးစက်ပြီး လူသူကင်းမဲ့သည့် နယ်မြေတစ်ခုအဖြစ်သို့ လုံးဝပြောင်းလဲသွားခဲ့လေပြီ။ မျက်စိတစ်ဆုံး ကြည့်လိုက်လျှင် အလုံးစုံမှာ ကျယ်ပြောလှသော အဖြူရောင် မြင်ကွင်းကြီးသာ ဖြစ်နေတော့သည်။
အေးစက်မှု သေမင်းတမန် တိတ်ဆိတ်မှု စိတ်ပျက်အားငယ်မှုနှင့် မျိုးသုဉ်းပျောက်ကွယ်ခြင်းတို့သာ...။
ရွှေဖြူရောင် မီးတောက်များမှာ ရေခဲလေအေး စီးကြောင်းကြောင့် လုံးဝနီးပါး ငြိမ်းသတ်ခံလိုက်ရပြီး လုရှန်မှာလည်း နှင်းခဲများဖြင့် ဝန်းရံခံလိုက်ရသည်။
သို့သော် သူ့ပုံစံမှာ ထိတ်လန့်နေပုံမရဘဲ တည်ငြိမ်သော မျက်နှာထားဖြင့် ပတ်ဝန်းကျင်ကို အေးအေးဆေးဆေး အကဲခတ်နေသည်။ အလွှာလိုက်ထပ်နေသော ရေခဲလေအေး စီးကြောင်းများအလယ်တွင် မွန်ရိုးတစ်ယောက် လုရှန်အား စူးစိုက်ကြည့်နေသည်။
သူ စကားပြောလိုက်ချိန်၌ သူ၏အသံတွင် ပြင်းထန်သော အေးစက်မှုတို့ လွှမ်းခြုံနေသည်။
"မင်းက အဆင့် ၁၂ ရဲ့ အယူအဆကို နည်းနည်းလေးတောင် နားလည်ပုံမရဘူး။ အဓိကအဆင့်ကြီး နှစ်ခုကြားက ကွာခြားချက်ကို မင်း လုံးဝသဘောပေါက်ပုံမရဘူးပဲ... အဲဒါက ဘယ်လောက်တောင် ကြီးမားလဲဆိုတာကိုပေါ့"
စကားပြောရင်း မွန်ရိုးက သူ၏လက်မောင်းများကို ဆန့်ထုတ်လိုက်ပြီး ရှေ့သို့ အတင်းအကျပ် ဖိချလိုက်သည်။
"အားလုံး ပြီးသွားပြီ"
***