အခန်း (၆၈၇)
*
မျက်စိတစ်မှိတ်အတွင်း၌ပင် ကြယ်တာရာ ကောင်းကင်ယံ၏ နေရာအများစုကို လွှမ်းခြုံထားသော ရေခဲလေအေး အရှိန်အဝါကြီးမှာ ရုတ်တရက် ကျုံ့ဝင်သွားသည်။ အေးစက်ပြီး လူသူကင်းမဲ့နေသော ဧရိယာတစ်ခုလုံးသည် ဗဟိုချက်မဆီသို့ လျင်မြန်စွာ စုစည်းလာသည်။
မရေမတွက်နိုင်သော ကြောက်မက်ဖွယ် ရေခဲလေအေးများသည် ရိုင်းစိုင်းစွာ ပြန်လည်ရိုက်ခတ်လာပြီး လုရှန်ရှိရာသို့ ဘီလီယံနှင့်ချီသော ရေခဲလေအေး စီးကြောင်းများအဖြစ် အသွင်ပြောင်းကာ ပြင်းထန်စွာ ဖိချလာသည်။
ဤအခိုက်အတန့်တွင် လူတိုင်း အံ့အားသင့်သွားကြသည်။
အများစုမှာ မျက်လုံးအိမ်များ ပြူးကျယ်လျက် ပါးစပ်များကို လက်ဖြင့် အုပ်လိုက်ကြသည်။ ဤမျှ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းကို ဖော်ပြရန် စကားလုံးပင် ရှာမရတော့ချေ။ အားလုံး၏ စိတ်အာရုံမှာ လုံးဝလွှမ်းမိုးခံလိုက်ရပြီဖြစ်သည်။
အမြင့်ဆုံး ပွဲကြည့်စင်များပေါ်တွင် ဟီးလ်နယ်မြေ ဥက္ကဋ္ဌ၏ အပြုံးများမှာ ပိုမိုကျယ်ပြန့်လာပြီး အော်ဟစ်ရယ်မောတော့မည့်အလား ထင်မှတ်ရသည်။
ဒန်လော့ပ် စစ်ဦးစီးချုပ်နှင့် စစ်သေနာပတိချုပ် အပါအဝင် အားလုံးမှာ မျက်လုံးအိမ်များ ကျုံ့ဝင်သွားပြီး ခန္ဓာကိုယ်များ တင်းမာသွားကာ ချက်ချင်းပင် ဝင်ရောက်ဟန့်တားလိုစိတ်များ ပေါ်ပေါက်လာကြသည်။ တွင်းဖြူလွန်းပျံယာဉ်ပေါ်ရှိ လုရှန်နှင့် နီးစပ်သူများမှာလည်း အလွန်အမင်း တင်းမာနေကြသည်။
ထိုအချိန်တွင် ရေခဲလေအေး စီးကြောင်းများကို ထိုးဖောက်လျက် အသံတစ်သံ လူတိုင်း၏ နားထဲသို့ ရှင်းလင်းပြတ်သားစွာ ဝင်ရောက်လာသည်။
"အဆင့် ၁၀ နဲ့ အဆင့် ၁၂ ကြားမှာ အများကြီး ကွာခြားသွားလို့လား။ ငါကတော့ အဲဒီလို မထင်ဘူး"
ထို့နောက် လူတိုင်း မြင်တွေ့လိုက်ရသည်။
ကျယ်ပြောလှသော ဖြူလွှလွှ ရေခဲလေအေး စီးကြောင်းကြီးထဲ၌ တောက်ပသော ကြယ်တာရာ အစုအဝေးကြီး ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်းက လူတိုင်းအား မျက်စိတစ်မှိတ်အတွင်း၌ပင် အိပ်မက်ဆန်သော ခံစားချက်ကို ပေးစွမ်းလိုက်သည်။
ကံဆိုးစွာဖြင့် ဤအိပ်မက်ဆန်သော ခံစားချက်မှာ ခဏတာမျှသာ ဖြစ်သည်။
တောက်ပသော ကြယ်များသည် လျင်မြန်စွာ စုစည်းကျုံ့ဝင်သွားပြီး ရွှေဖြူ အလင်းတန်းများဖြင့် တောက်ပနေသော လက်သီးတစ်လုံး အဖြစ်သို့ ပြောင်းလဲသွားသည်။
လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
"တတိယမြောက် နတ်ဘုရားစွမ်းအား... စစ်မှန်သော သိုင်းတရား ကြယ်တာရာ စွမ်းအား။ ပျက်စီးစမ်း..."
လုရှန်သည် မိမိကျွမ်းကျင်ထားသည့် သိုင်းပညာအရေအတွက်ကို ပြန်လည်ရေတွက်ကြည့်ရာ စုစုပေါင်း ၁၁၂,၇၅၃ မျိုးရှိကြောင်း တွေ့ရသည်။
ဤသိုင်းပညာများအနက် အနိမ့်ဆုံးအဆင့်မှာ အဆင့် ၇ ဖြစ်ပြီး အဆင့် ၁၀ သို့မဟုတ် အဆင့် ၁၁ သိုင်းပညာများပင် အမြောက်အမြား ပါဝင်နေသည်။
သိုင်းဆန္ဒတစ်ခုချင်းစီသည် ကြယ်တစ်လုံးစီအဖြစ် အသွင်ပြောင်းသွားကာ ကြယ်ပေါင်း ၁၁၂,၇၅၃ လုံးအဖြစ် စုစည်းသွားသည်။ ထိုကြယ်များက လုရှန်အား ဝန်းရံထားသည့် ကြယ်တာရာစနစ်တစ်ခုကို ဖန်တီးလိုက်သည်။
မြင်ရသည်မှာ ကျုံ့ဝင်နေသည့် စကြဝဠာငယ်လေးတစ်စင်းနှင့် ပုံပန်းသဏ္ဌာန် တူညီနေတော့သည်။
လွန်ခဲ့သောအချိန်ကတည်းက ဤသိုင်းပညာရပ်များကို စနစ်တကျပေါင်းစပ်၍ သဘာဝလွန်စွမ်းအားတစ်ခု ဖန်တီးရန် လုရှန်စိတ်ကူးရှိခဲ့သည်။
ယခုမူ ကြယ်တာရာများကြား၌ သုံးလတိုင်တိုင် တံခါးပိတ်ကျင့်ကြံပြီးနောက် သူ၏ ကနဦးစိတ်ကူးကို အကောင်အထည်ဖော်နိုင်ခဲ့ပြီ ဖြစ်သည်။
"စစ်မှန်သော သိုင်းတရား ကြယ်တာရာ စွမ်းအား။ ပျက်စီးစမ်း..."
ထိုအရာကား လုရှန်၏ တတိယမြောက် သဘာဝလွန်စွမ်းအားပင် ဖြစ်သည်။
သိုင်းဆန္ဒပေါင်း တစ်သိန်းကျော်ကို စုစည်းထားသည့် လက်သီးတစ်ချက်သည် အရေအတွက်အစွန်းရောက်ရာမှ အံ့မခန်းဖွယ် အရည်အသွေးပြောင်းလဲမှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ထိုလက်သီးချက်၏ ကြီးကျယ်ခမ်းနားမှုကို ဖော်ပြရန် စကားလုံးပင် ရှာမရနိုင်တော့ချေ။ သိုင်းနတ်ဘုရားအခြေအနေကို မဖွင့်ထားဘဲနှင့်ပင် ထိုလက်သီးချက်ထဲမှ ဧရာမစွမ်းအားကို ထိန်းချုပ်နိုင်ရန် လုရှန်မှာ မိမိခွန်အားအလုံးစုံကို အသုံးချလိုက်ရသည်။
စွမ်းအင်များလွတ်ထွက်ပြီး မိမိကိုယ်တိုင် ပြန်လည်ထိခိုက်နိုင်ခြေ အမြဲရှိနေသဖြင့် အလွန်အမင်း သတိထားရပေသည်။
ကြယ်တာရာစနစ်၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုကို သယ်ဆောင်ထားသည့် သူ၏ လက်သီးကို အောင်မြင်စွာ ထုတ်လွှတ်နိုင်ခဲ့ချိန်တွင်မူ ရလဒ်မှာ ကြိုတင် ဆုံးဖြတ်ပြီးသား ဖြစ်သွားခဲ့ပြီဖြစ်သည်။
ဤလက်သီးချက်ကို တားဆီးနိုင်စွမ်းရှိသည့်အရာ လုံးဝမရှိတော့ချေ။ လှိုင်းထန်နေသော ရေခဲလေအေးစီးကြောင်းကြီးမှာ ကြယ်ရောင်စဉ်များ၏ အရှိန်အဟုန်ကြောင့် ဗလာနတ္ထိအဖြစ် အလွယ်တကူ ဆုတ်ဖြဲခံလိုက်ရလေသည်။
မွန်ရိုး၏ တိုက်ကွက်မှာ မူလက ရေခဲလေအေးစီးကြောင်းများဖြင့် လှောင်ချိုင့်ပုံစံ ဖန်တီးကာ လုရှန်အား ညှစ်သတ်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
သို့သော် ယခုမူ လုရှန်၏ လမ်းကို ပိတ်ဆို့ထားသည့် ထိုလှောင်ချိုင့် တံခါးပေါက်ကြီးမှာ ဧရာမကွက်လပ်ကြီးတစ်ခုအဖြစ် အလွယ်တကူ ဆုတ်ဖြဲခံလိုက်ရလေပြီ။
ဂျွတ်... ဖောင်း...။
မွန်ရိုးမှာ အံ့သြရန်ပင် အချိန်မရလိုက်ချေ။ လက်သီးချက်မှာ သူ့ရှေ့သို့ ရောက်နှင့်နေပြီဖြစ်သည်။
သူ့အား ကပ်တွယ်ထားသည့် ထူထပ်သော အဖြူရောင် ရေခဲမြူခိုးများမှာ လက်သီးချက်၏ စွမ်းအားကြောင့် ရုတ်တရက် လွင့်စင်သွားပြီး တောက်ပနေသော နိယာမ ကြယ်တာရာစနစ် နှစ်ခုကို ထင်ရှားစွာ ဖော်ထုတ်ပြသလိုက်သည်။
လက်သီးမှာ ဆက်လက် ကျဆင်းလာပြီး နဂါးငွေ့တန်း ကြယ်တာရာစနစ်အပေါ်သို့ ညင်သာစွာ ဖိချလိုက်သည်။ ထိုနိယာမ ကြယ်တာရာစနစ်မှာ လက်သီးချက်၏ အရှိန်အောက်တွင် ကြွပ်ဆတ်သော စက္ကူတစ်ရွက်အလား တစစီမကျိုးပဲ့မီ အနည်းငယ်မျှသာ ခုခံနိုင်စွမ်း ရှိလိုက်သည်။
ထို့နောက် ကြယ်တာရာစွမ်းအားများ ပြည့်နှက်နေသော လက်သီးချက်သည် မွန်ရိုး၏ရင်ဘတ်ပေါ်သို့ မည်သည့်ချန်လှပ်မှုမျှမရှိဘဲ တည့်တည့်မတ်မတ် ကျရောက်သွားတော့သည်။
"ဘုန်း..."
မွန်ရိုး၏ မျက်လုံးများ မျက်စိတစ်မှိတ်အတွင်း ပြူးကျယ်သွားကာ မိမိရင်ဘတ်ကို ငုံ့ကြည့်ရင်း အံ့ဩတကြီး ဖြစ်သွားရှာသည်။
ဂျွတ်... ဂျွတ်...။
ပဉ္စမအလွှာ ဟင်းလင်းပြင်ကြီးသည်လည်း တစစီ ကျိုးပဲ့ပျက်စီးသွားတော့သည်။
ဝုန်း...။
ဧရာမ အဖြူရောင် မှိုပွင့်ပုံစံ တိမ်တိုက်ကြီး ပေါက်ကွဲထွက်လာသည်။ ကျယ်ပြောလှသော ကြယ်တာရာ အားကစားကွင်းကြီးမှာ လုံးဝ တိတ်ဆိတ်သွားလေသည်။ လောကကြီးတစ်ခုလုံးလည်း တိတ်ဆိတ်သွားပြီး အချိန်ကာလ ရပ်တန့်သွားသကဲ့သို့ပင်။
လူတိုင်း မှင်သက်နေကြသည်။ သူတို့ စဉ်းစားတွေးတောခြင်းများ ရပ်တန့်သွားပြီး မည်သို့အော်ဟစ်ရမည်ကိုပင် မေ့လျော့နေကြသည်။
ဧရာမ အဖြူရောင် မှိုပွင့်ပုံစံ တိမ်တိုက်ကြီး တိတ်ဆိတ်စွာ ကျယ်ပြန့်ပျံ့နှံ့သွားသည်ကိုသာ သူတို့အားလုံး ကြောင်တောင်တောင် စိုက်ကြည့်နေကြသည်။ ပြင်းထန်လှသော ဖျက်ဆီးခြင်းအရှိန်အဝါသည် မွန်ရိုး၏ ရေခဲလွင်ပြင်ကြီးအား အစအနမကျန် ဖယ်ရှားပစ်လိုက်ပြီး နေရာလွတ်တစ်ခုအဖြစ်သာ ချန်ရစ်ထားခဲ့လေသည်။
…
စောင့်ဆိုင်းခန်းထဲတွင် တည်ငြိမ်ခန့်ညားသည့် အရှိန်အဝါကို ပိုင်ဆိုင်ထားသော လူငယ်လေး ချန်ယွီရှုမှာ ရုတ်တရက် ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။
ကြောက်မက်ဖွယ်ကောင်းလှသော မြင်ကွင်းကို စိုက်ကြည့်နေရင်း သူ၏မျက်ဝန်းများမှာ တောက်ပလာသည်။ အမြဲတမ်း တည်ငြိမ်နေကျ သူ၏မျက်နှာပေါ်တွင်လည်း တစ်ကြိမ်တစ်ခါမျှ မဖြစ်ပေါ်ဖူးသည့် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
လွှတ်တော်ဥက္ကဋ္ဌများ အပါအဝင် အမြင့်ဆုံးပွဲကြည့်စင်ပေါ်ရှိ ပရိသတ်များမှာလည်း မှင်သက်လျက်ရှိကြသည်။ အချို့ဆိုလျှင် မိမိကိုယ်ကိုပင် သတိမေ့လျော့လျက် ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
တောက်ပနေခဲ့သော ဟီးလ်နယ်မြေ ဥက္ကဋ္ဌ၏ အပြုံးမှာ ရုတ်တရက် အေးခဲသွားသည်။ သူသည် ရုပ်တုတစ်ခုအလား မလှုပ်မယှက် ရပ်နေတော့သည်။
တစ်ချိန်တည်းမှာပင် ဒန်လော့ပ် စစ်ဦးစီးချုပ်နှင့် ရှေ့တန်းစစ်သေနာပတိချုပ်တို့၏ မျက်လုံးများထဲတွင် ထူးခြားသော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။ သူတို့၏မျက်နှာအမူအရာမှာ စိတ်လှုပ်ရှားမှု အံ့ဩမှုတို့ဖြင့် ပြည့်နှက်နေတော့သည်။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ဒန်လော့ပ်က စကားလုံးအနည်းငယ်ကို ဖြည်းညှင်းစွာ ရေရွတ်လိုက်သည်။
"အဆင့် ၁၀..."
"ကန့်သတ်ချက် ငါးကြိမ် ဖောက်ထွင်းခြင်း"
အဖြူရောင် အငွေ့အသက်များ ကြယ်တာရာကောင်းကင်ယံထဲသို့ လွင့်စင်ပျောက်ကွယ်သွားသည်နှင့် တိုက်ပွဲဗဟိုချက်ရှိ မြင်ကွင်းမှာ ထင်ရှားစွာ ပေါ်ပေါက်လာတော့သည်။
တိုက်ပွဲ ဗဟိုချက်ရှိ ရလဒ်ကို မြင်လိုက်ရချိန်တွင် လူတိုင်း ဆွံ့အမှင်သက်သွားကြသည်။
ထိုကြယ်တာရာ ကောင်းကင်ယံ အလယ်၌ လုရှန်၏ အထီးကျန် ပုံရိပ်လေးသာ ကျန်ရစ်တော့သည်။
လုရှန်သည် မှောင်မိုက်နေသော စကြဝဠာကြီးထဲတွင် ရပ်တည်နေပြီး မရေမတွက်နိုင်သော အဖြူနှင့် အနက်ရောင် ကြယ်ရောင်စဉ်များက သူ့အား ဝန်းရံကာ ရောယှက်လည်ပတ်နေကြသည်။ ပဉ္စမအလွှာ ဟင်းလင်းပြင်ကြီးမှာ ကျိုးပဲ့ပျက်စီးသွားပြီး ဆဋ္ဌမအလွှာ ဟင်းလင်းပြင်ကြီးမှာလည်း ပေါ်ထွက်လာတော့သည်။
သူ၏ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အရိပ်အယောင်များမှာ လုံးဝပျောက်ကွယ်သွားပြီး မူလအနက်ရောင်ဆံပင် အနက်ရောင်မျက်လုံးများသို့ ပြန်လည်ရောက်ရှိသွားသည်။
သူ ခေါင်းငုံ့ကာ သူ၏ လက်ဖဝါးများကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။ ထိုလက်ဖဝါးထဲတွင် အလွန်စိတ်ဝင်စားဖွယ်ကောင်းသည့် တစ်စုံတစ်ခု ပုန်းကွယ်နေသည့်အလားပင်။
အဲဒါက သွေးတစ်စက်…။
အဖြူရောင် သွေးတစ်စက်…။
၎င်းက လုရှန်၏ လက်ဖဝါးထဲတွင် တိတ်ဆိတ်စွာ တည်ရှိနေသည်။ လုရှန် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး အဖြူရောင်သွေးစက်လေးကို ညင်သာစွာ ခေါက်လိုက်သည်။
"ဖျောက်..."
အဖြူရောင် သွေးစက်လေးထဲမှ ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာသည်။
သူသည် ရေတံခွန်ကဲ့သို့ ကျဆင်းနေသော ဆံပင်ဖြူများ အေးစက်သော အမူအရာနှင့် နက်ရှိုင်းသော ရှုပ်ထွေးမှု မှင်သက်မှုများ ပြည့်နှက်နေသည့် မျက်လုံးများရှိသော တောင့်တင်းခိုင်မာသည့် လူလတ်ပိုင်း တစ်ဦးဖြစ်သည်။
သို့သော် ထိုရှုပ်ထွေးမှုများမှာ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး အလွန်အမင်း ထိတ်လန့်တုန်လှုပ်မှု အဖြစ်သို့ ပြောင်းလဲသွားလေသည်။
သူသည် လုရှန်ထံ ရုတ်တရက် လှည့်ကြည့်လိုက်ပြီး လုရှန်အား လက်သီးနှင့် ထိုးနှက်ရန်အသင့် လက်ကို မြှောက်လိုက်မိသည်။ သို့သော် လမ်းတစ်ဝက်အရောက်တွင် သူ၏ လက်ရှိအခြေအနေကို သတိပြုမိသွားကာ ရပ်တန့်သွားလေသည်။
သူ၏ တစ်ပိုင်း ပွင့်နေသောဝိညာဉ်ကိုယ်ထည်ကို ကြောင်တောင်တောင် စိုက်ကြည့်ရင်း သူ လုံးဝ အသိစိတ်လွတ်သွားကာ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။
***