"အင်း..."
မိမိ၏ဓားပျံအား လုရှန် ပိတ်ဆို့လိုက်သည်ကို မြင်လိုက်ရချိန်တွင် ချန်ယွီရှု၏ အပြုံးများမှာ အေးခဲသွားပြီး တစ်ခဏမျှ မှင်သက်သွားလေသည်။
သို့သော် သူ သတိမဝင်လာမီမှာပင် လုရှန်မှာ ကောင်းကင်ယံကို ပိုင်းဖြတ်လာသည့် ရွှေရောင်ဓားကြီးတစ်လက်အလား သူ့ထံသို့ အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာနေပြီ ဖြစ်သည်။
ဖြစ်ပျက်နေသည်များကို သူ ရုတ်တရက် သဘောပေါက်သွားပြီး ပြန်လည်ခုခံရန်အတွက် ဓားပျံကို အမြန်ဆုံး ထိန်းချုပ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်မှာ လျှပ်စီးလက်သကဲ့သို့ အမြန်နှုန်းဖြင့် နောက်သို့ ဆုတ်ခွာသွားတော့သည်။
မီတာ တစ်သောင်း ရှည်လျားသော ပျံသန်း ဓားကြီးသည် ဒေါသထွက်နေသော နဂါးတစ်ကောင်အလား လှည့်ပတ် ခုတ်ပိုင်းလာသည်။
ထို့နောက် လျင်မြန်စွာပင် ရှည်လျားသော ရွှေရောင် မျဉ်းကြောင်းကြီး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုဓား၏ ထက်မြက်လှသော အသွားများမှာ ဟင်းလင်းပြင်အား ထိုးဖောက်သွားပြီး အနက်နှင့် အဖြူရောင် ရောယှက်နေသည့် ဧရာမ အကွက်ကြီးများကို ချန်ရစ်ခဲ့လေသည်။
သို့သော် လုရှန် တည်ငြိမ်စွာဖြင့်ပင် ဓားပျံကြီးအား လက်သီးဖြင့် ထိုးရန် ပြင်လိုက်သည်။
ချွင်...။
ကြည်လင်ပြတ်သားသော သတ္တုသံတစ်ခုနှင့်အတူ မီတာ တစ်သောင်းရှည်လျားပြီး မျက်စိကျိန်းမတတ် တောက်ပနေသော ရွှေရောင်ဓားကြီးမှာ လုရှန်၏ လက်သီးချက်ကြောင့် လွင့်ထွက်သွားတော့သည်။
ယခုတစ်ခါတွင်မူ ချန်ယွီရှု ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး သေချာ ခံစားလိုက်ရသည်။
သူသည် လုရှန်၏ လက်သီးကို ဓားဖြင့် ခုတ်ပိုင်းလိုက်သော်လည်း လုရှန်၏ လက်များမှာ တုန်ခါသွားရုံမျှသာ ရှိခဲ့သည်။ လုရှန်ကိုယ်တိုင်မှာမူ အလွန်တရာ မာကျောသော သတ္တု သို့မဟုတ် ကျောက်စိမ်းရိုင်းတစ်ခုကဲ့သို့ပင်။
"ဒါက မဖြစ်နိုင်ဘူး"
ချန်ယွီရှုမှာ မအောင့်နိုင်တော့ဘဲ အော်ဟစ်လိုက်မိသည်။
သူ၏ မျက်လုံးများမှာ အပြူးသား ဖြစ်နေပြီး ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ယင်သွားသည်။ သူ၏ မျက်နှာပေါ်တွင် လုံးဝ အံ့အားသင့် ထိတ်လန့်နေသော အမူအရာတစ်ခု ပေါ်လာသည်။
သူ၏ ဓားပျံသည် မဟာလော်ကျန်း ရွှေရောင် ဓားသိုင်းဖွဲ့စည်းမှု၏ စွမ်းအားများ ပေါင်းစပ်ပါဝင်နေပြီး အလွန်တရာ ထက်မြက်လှကာ ဟင်းလင်းပြင် ငါးလွှာကိုပင် ခုတ်ပိုင်းပစ်နိုင်စွမ်း ရှိသည်။
ထိုမျှသာမက အဆင့် ၁၃ ဟင်းလင်းပြင် သန့်စင်ခြင်း အဆင့်ရှိ ကျင့်ကြံသူကိုပင် ဒဏ်ရာရစေနိုင်သည်။
သို့သော် လုရှန်မှာမူ ထိုဓားအား လက်ဗလာဖြင့် ပိတ်ဆို့လိုက်သည်။
လက်ဗလာနဲ့ကွ...။
သူ အဘယ်မှာ မအံ့သြဘဲ နေနိုင်မည်နည်း။
ချန်ယွီရှု တစ်ယောက်တည်းသာ မှင်သက်နေခြင်း မဟုတ်ပေ။ ပွဲကြည့်ပရိသတ်များမှာလည်း တစ်ခဏမျှ ဆွံ့အသွားကြသည်။
မွန်ရိုးနှင့် တိုက်ပွဲတွင် လုရှန်သည် ကန့်သတ်ချက်ကို ငါးကြိမ် ဖောက်ထွင်းထားသော အဆင့် ၁၃ ထိပ်တန်း သိုင်းပညာရှင် တစ်ဦးနှင့် ညီမျှသည့် ကြောက်မက်ဖွယ် တိုက်ခိုက်ရေး စွမ်းအားကို ပြသခဲ့သည်။
ယခု ချန်ယွီရှုနှင့် တိုက်ပွဲတွင််မူ လုရှန်သည် ကန့်သတ်ချက်ကို ငါးကြိမ် ဖောက်ထွင်းထားသော တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိသည့် ကြောက်မက်ဖွယ် ကာကွယ်ရေး စွမ်းအားကို နောက်တစ်ကြိမ် ထပ်မံ ပြသလိုက်ပြန်သည်။
သူ၏ တိုက်ခိုက်ရေးနှင့် ကာကွယ်ရေး စွမ်းအားများသည် ထိပ်တန်း အဆင့် ၁၃ သိုင်းပညာရှင် တစ်ဦးနှင့် ညီမျှနေလေပြီ။ ပရိသတ်များမှာ သူတို့ မြင်တွေ့နေရသည့် အရာများကြောင့် အလွန်အမင်း အံ့အားသင့်သွားကြပြီး ခြေဖျားလက်ဖျားများပင် အေးစက်ထုံကျင်လာကြသည်။
“ဒါကို အဆင့် ၁၀ သိုင်းပညာရှင်လို့ သတ်မှတ်လို့ ရသေးရဲ့လား”
“ဒီတိုင်း အဆင့် ၁၃ လို့ပဲ ခေါ်လိုက်ကြပါစို့လား။ ပြီးတော့ သူက သာမန် အဆင့် ၁၃ ကျင့်ကြံသူတွေဆီမှာ မရှိတဲ့ သိုင်းတရားပုံရိပ် ကိုယ်ထည်ကြီးတောင် ရှိနေသေးတယ်”
"ဒါက တစ်သန်းနှစ်မှာ တစ်ခါသာ ပေါ်ထွက်တတ်တဲ့ မသေမျိုး လက္ခဏာရပ်လို့ ပြောကြပေမယ့်လည်း..."
တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။
"ဒါက နည်းနည်းလေး များလွန်းမနေဘူးလား"
အမှန်တကယ်ပင် လက်ခံရန် အလွန် ခက်ခဲလှသည်။
အမြင့်ဆုံး ပွဲကြည့်စင်ပေါ်တွင် ထိုင်နေသော ဒန်လော့ပ်သည်လည်း ကြောင်တောင်တောင် ဖြစ်နေသည်။
မူလက လုရှန်တွင် ကန့်သတ်ချက်ကို ငါးကြိမ် ဖောက်ထွင်းနိုင်သော တိုက်ခိုက်ရေး စွမ်းအား ရှိသော်လည်း ကာကွယ်ရေးဘက်တွင်မူ အားနည်းချက်တစ်ခု ရှိလိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့သည်။ သို့သော် လူတိုင်း အံ့အားသင့်သွားရသည်မှာ လုရှန်၏ ကာကွယ်ရေး စွမ်းအားမှာလည်း ထိုနည်းတူ ကြောက်မက်ဖွယ်ကောင်းနေခြင်းပင်။
ကန့်သတ်ချက်အား ဖောက်ထွင်းထားသော အဆင့် ၅ တိုက်ခိုက်မှုများကိုပင် အလွယ်တကူ ပိတ်ဆို့နိုင်လေပြီ။
"ဒါဆိုရင် လုရှန်ရဲ့ အားနည်းချက်က အတိအကျ ဘာလဲ။ စိတ်စွမ်းအား လား"
ဒန်လော့ပ် ဂရုတစိုက် ပြန်လည် စဉ်းစားကြည့်လိုက်သည်။ လုရှန်၏ စိတ်စွမ်းအား ပြင်းထန်မှုကို သူ အာရုံခံမိခဲ့ဖူးသည်။ လုရှန်၏ စိတ်စွမ်းအားမှာ အဆင့် ၁၁ အထွတ်အထိပ် ဝန်းကျင်တွင်သာ ရှိသင့်သည်။
"သူ့ရဲ့ တိုက်ခိုက်ရေးနဲ့ ကာကွယ်ရေး စွမ်းအားတွေနဲ့ ယှဉ်လိုက်ရင် အဆင့် ၁၁ အထွတ်အထိပ်မှာပဲ ရှိသေးတဲ့ သူ့ရဲ့ စိတ်စွမ်းအားက တကယ်ပဲ အားနည်းချက် တစ်ခုဖြစ်နေတယ်"
အဆင့် ၁၁ အထွတ်အထိပ်…အားနည်းချက်…။
ဤအဖြေကို ရရှိလိုက်ချိန်တွင် ဒန်လော့ပ်မှာ တစ်ခဏမျှ စကားပင် မပြောနိုင်တော့ချေ။ သူ၏ စိတ်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ရောနှောနေသည်။
ထို့နောက် လုရှန်၏ အသက်အရွယ်ကို စဉ်းစားကြည့်သောအခါ...။
ဒန်လော့ပ်သည် သူ၏ နှစ်ထောင်ပေါင်းများစွာသော သိုင်းကျင့်ကြံမှုများမှာ အလကားပင်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ သူတို့မှာ လုရှန်ဘက်မှ ဖြစ်သော်လည်း သူ မအောင့်နိုင်တော့ဘဲ ဆဲဆိုချင်စိတ်များ ပေါ်လာသည်။
သောက်ရူးတွေပဲကွာ...။
ချွင်... ထန်း... ချွင်... ရွှီး...။
ဓားပင်လယ်ကြီး တစ်ခုလုံး ဆူပွက်လာသည်။ အဆုံးအစမဲ့သော ဓားအလင်းတန်း လှိုင်းလုံးကြီးများမှာ လုရှန်ထံသို့ အရပ်မျက်နှာ အနှံ့အပြားမှ ဖိချလာသည်။ ဧရာမ ဓားသိုင်းဖွဲ့စည်းမှုကြီးမှာ ကြောက်မက်ဖွယ်ကောင်းသော ညှစ်ခြေမှုနှင့် ခုတ်ပိုင်းမှု စွမ်းအားများကို ဖန်တီးလိုက်သည်။
ထို့အပြင် ဖွဲ့စည်းမှု၏ ဗဟိုချက်အဖြစ် ဆောင်ရွက်နေသော ရွှေရောင် ဓားပျံသည်လည်း ပျံသန်းနေသော နဂါးတစ်ကောင်အလား လျင်မြန်စွာ လှုပ်ရှားနေသည်။
သို့သော် လုရှန်မှာမူ ဤတိုက်ခိုက်မှုများ အားလုံးကို အလွယ်တကူ ချေဖျက်ပစ်လိုက်သည်။
ဓားအလင်းတန်း တစ်ခုက သူ၏ လည်ပင်းကို ခုတ်ပိုင်းလာသော်လည်း သူ အံတင်းတင်းကြိတ်လိုက်သည်နှင့် ထိုဓားအလင်းတန်းမှာ ချက်ချင်းပင် ကြေမွသွားသည်။
ဓားအလင်းတန်း နှစ်ခု သူ၏ မျက်လုံးများဆီသို့ ထိုးဖောက်ဝင်ရောက်လာသည်။ သူ မျက်လုံး မှိတ်လိုက်ရာ သူ၏ မျက်ခွံများက ဓားအလင်းတန်းများကို ပိတ်ဆို့လိုက်ပြီး ချွင်ခနဲ အသံနှင့်အတူ တစစီ ကျိုးပဲ့သွားတော့သည်။
ရွှေရောင်သလင်းကျောက်တို့ဖြင့် ဖုံးလွှမ်းထားသော လုရှန်မှာ မကြုံစဖူး ကြောက်မက်ဖွယ်ကောင်းသည့် အဆင့်သို့ ရောက်ရှိနေသည့် သိုင်းကိုယ်ထည် ကာကွယ်ရေးကို ပိုင်ဆိုင်ထားလေသည်။
သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်း သူ၏ အရေပြား လက်မတိုင်း ဆံပင်တစ်မျှင်စီကအစ ဖျက်ဆီး၍မရနိုင်သော လက်နက်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
ထိုကြောင့်ပင် သူသည် မည်သည့်တိုက်ခိုက်မှုမျိုးကိုမျှ ဂရုမစိုက်တော့ဘဲ ဧရာမဓားသိုင်းဖွဲ့စည်းမှုကြီးထဲသို့ ရိုင်းစိုင်းကြမ်းတမ်းစွာ ထိုးဖောက်ဝင်ရောက်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ ထိုဖွဲ့စည်းမှု တစ်ခုလုံးအား အစအနမကျန်အောင် ဖျက်ဆီးပစ်လိုက်တော့သည်။
ရွှေရောင် သလင်းကျောက်များဖြင့် ဖွဲ့စည်းထားသော ကိုယ်ထည်…။
ကြယ်တာရာ လေ့ကျင့်ရေးကွင်းတွင် လုရှန် ဖန်တီးခဲ့သော စတုတ္ထမြောက် နတ်ဘုရားစွမ်းအားပင်။
ထိုအရာသည် ပြိုင်ဘက်ကင်းသော ကာကွယ်ရေးကို ကိုယ်စားပြုသည်။
အဆင့် ၁၀ ကို ဖောက်ထွင်းပြီး နောက်ပိုင်း သူ၏ သိုင်းကိုယ်ပွား ကိုယ်ထည်မှာ မကြုံစဖူး မီတာ ၅ သိန်း အမြင့်အထိ ကြီးထွားလာခဲ့သည်။
သို့သော် ၎င်းကို တိုက်ပွဲအတွက် အသုံးပြုရန်မှာ အလွန်အမင်း နှေးကွေးပြီး အဆင်မပြေလှပေ။ ထို့အပြင် ၎င်း၏ စွမ်းအားများမှာလည်း ပြန့်ကျဲနေလိမ့်မည်။
သိုင်းပညာ၏ ဒသမအဆင့် ဆိုသည်မှာ သိုင်းတရားပုံရိပ်ကို သိုင်းကိုယ်ထည်ထဲသို့ ပေါင်းစပ်ရမည့် အဆင့်ဖြစ်သည်။
ထို့ကြောင့် လုရှန် တောက်ပသော စိတ်ကူးတစ်ခု ရရှိခဲ့သည်။
'တရားပုံရိပ်ကြီးကို အသုံးမဝင်တဲ့ အရာတစ်ခုအဖြစ် ထားမယ့်အစား... ဘာလို့ သူ့ကို ပြိုင်ဘက်ကင်း ကာကွယ်ရေး နတ်ဘုရား စွမ်းအားတစ်ခုအဖြစ် မပြောင်းလဲလိုက်ရမှာလဲ'
သာမန်လူများအတွက်မူ ဤအရာမှာ လုပ်ဆောင်ရန် အလွန် ခက်ခဲပေလိမ့်မည်။ သို့သော် စကြာဝဠာ မူလစွမ်းအား၏ ထောက်ပံ့မှုဖြင့် လုရှန်သည် အနည်းငယ် တွက်ချက်ကြည့်လိုက်ရုံဖြင့် အောင်မြင်သွားခဲ့လေပြီ။
"အဆင့် ၁၃ ဇမ်ဘီ သိုင်းပညာရှင်တောင်မှ ငါ့ရဲ့ ရွှေရောင် သလင်းကျောက် ကိုယ်ထည်ကို မဖောက်နိုင်တာ... အဆင့် ၁၂ ကောင်လေးလောက်ကတော့ လာမစမ်းနဲ့"
"မသေမျိုးတွေရဲ့ ဓားပျံတဲ့လား..."
"ဟွန့်..."
လုရှန်၏ မျက်လုံးများမှာ တောက်ပလာသည်။ သူ၏ မျက်လုံးအိမ်များမှာ ရွှေရောင်အလင်းတန်းများဖြင့် လင်းလက်သွားကာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
သလင်းကျောက်များကဲ့သို့ ရွှေရောင်တောက်နေသော သူ၏ လက်မောင်းနှစ်ဖက်မှ ရုတ်တရက် မျက်စိကျိန်းမတတ် တောက်ပသည့် ရွှေဖြူရောင် အလင်းတန်းများ ပန်းထွက်လာသည်။ ချန်ယွီရှု အကြိမ်ကြိမ် ခုတ်ပိုင်းနေသည့် ဓားပျံကြီးကို လုရှန် မဆိုင်းမတွပင် တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။
မီတာ တစ်သောင်းကျော် ရှည်လျားသည့် ရွှေရောင်ဓားကြီး၏ အသွားသည် လုရှန်၏ လက်မောင်းနှစ်ဖက်ကြားတွင် အမိဖမ်းခံလိုက်ရသည်။
ဓားအသွားမှ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတို့သည် လုရှန်၏ ရင်ဘတ်ကို ဖိကပ်ထားပြီး သူ၏ ရွှေရောင်ဖန်သားကဲ့သို့သော အရေပြားနှင့် ပွတ်တိုက်မိရာမှ မီးပွားများ အမြောက်အမြား လွင့်စင်လာသည်။
ဓားပျံကြီးမှာ ပြင်းထန်စွာ တုန်ယင်နေသည်။
လုရှန်၏ မျက်နှာပေါ်တွင် ကြမ်းတမ်းသော အမူအရာတစ်ခု ဖြတ်ပြေးသွားပြီး သူ၏ လက်မောင်းများကို အတင်းအကျပ် ပူးညှစ်လိုက်သည်။
***