ယာမူ နယ်မြေ၏ ပင်မ ကြယ်တာရာ စနစ်ရှိ ထိပ်တန်း ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်း တစ်ခုအတွင်း…။
လုရှန်သည် စင်္ကြံလမ်းတွင် ရပ်နေပြီး သူ့ အရှေ့ရှိ ဝဖိုင့်ဖိုင့်နှင့် စီးပွားရေး ဝတ်စုံ ဝတ်ဆင်ထားသော လူလတ်ပိုင်း တစ်ဦးအား တည်ငြိမ်စွာ ကြည့်နေသည်။
"ဆောရီးပါ... ခင်ဗျား ပြောတဲ့စကားကို ကျွန်တော် နည်းနည်းလေးမှ စိတ်မဝင်စားဘူး"
"အဆွေတော် လုရှန်... ကျေးဇူးပြုပြီး ထပ်စဉ်းစားပေးပါဦး။ ကျွန်တော်တို့ အဖွဲ့က လျော်ကြေးငွေနဲ့ ပတ်သက်ပြီး လုံးဝ ကပ်စေးနှဲမှာ မဟုတ်ပါဘူး..."
ချွေးများ ရွှဲရွှဲစိုနေသော ဝဖိုင့်ဖိုင့် လူလတ်ပိုင်းကြီးမှာ ကြိုးစားနေဆဲဖြစ်သည်။ မကြာမီ သူ၏ အနောက်တွင် တရားဥပဒေ စိုးမိုးရေး ဝတ်စုံများ ဝတ်ဆင်ထားသော တောင့်တင်းခိုင်မာသည့် အမျိုးသား သုံးလေးဦး ပေါ်လာလေသည်။
ခိုးကြောင်ခိုးဝှက် ဝင်လာတဲ့ နောက်ထပ် အနှောင့်အယှက် တစ်ယောက်ပဲ…။
"သူ့ကို ဖမ်း... အလွတ်မပေးနဲ့"
တရားဥပဒေ စိုးမိုးရေး အရာရှိများကို မြင်လိုက်ရချိန်တွင် ဝဖိုင့်ဖိုင့် လူလတ်ပိုင်းကြီးမှာ အလွန်အမင်း ထိတ်လန့်သွားပြီး ဖြူလျော့သွားသည်။ သူသည် လုရှန်၏ လက်ထဲသို့ လိပ်စာကတ် တစ်ကတ်ကို ကပျာကယာ ထိုးထည့်ပေးခဲ့ပြီးနောက် လှည့်ပြေးတော့သည်။
"ဂါရဝပြုပါတယ်... မြို့စားမင်း လုရှန်"
"ဂါရဝပြုပါတယ်... သခင်"
လုရှန် နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။
တရားဥပဒေစိုးမိုးရေးအဖွဲ့ဝင်များသည် သူ့ဘေးမှ ဖြတ်သွားတိုင်း လေးစားစွာ ဦးညွှတ်ဂါရဝပြုသွားကြပြီးနောက် ထိုဝဖိုင့်ဖိုင့်လူလတ်ပိုင်းကြီးနောက်သို့ အပြေးလိုက်သွားကြသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း လုရှန်မှာ ပြောစရာစကားမဲ့ကာ အံ့အားသင့်နေမိသည်။
သူ့လက်ထဲတွင် ရှိနေသည့် ဝဖိုင့်ဖိုင့်ကြီး ချန်ရစ်ထားခဲ့သော လိပ်စာကတ်ကို သူ ငုံ့ကြည့်လိုက်သည်။
"ရီထျန်း ချီဟွာ အိပ်မက် ရုပ်ရှင်နှင့် ရုပ်သံ ထုတ်လုပ်ရေး"
ကတ်ပြားပေါ်ရှိ 'ထုတ်လုပ်သူ' ဆိုသည့် စာတန်းအောက်တွင် ဖတ်ရခက်လောက်အောင် ရှည်လျားသော အမည်တစ်ခုကို တွေ့လိုက်ရသည်။
ထိုလူလတ်ပိုင်းကြီးမှာ ကြယ်တာရာစနစ်များစွာအထိ ဩဇာဖြန့်ကျက်ထားသော ဧရာမလုပ်ငန်းစုကြီးတစ်ခုမှ ထိပ်တန်းထုတ်လုပ်သူတစ်ဦး ဖြစ်နေသည်။
သူသည် လုရှန်အား သူတို့ကုမ္ပဏီ၏ ဇာတ်လမ်းတွဲသစ်ဖြစ်သည့် 'မသေမျိုး ဒဏ္ဍာရီ' တွင် ခေါင်းဆောင်မင်းသားအဖြစ် သရုပ်ဆောင်စေရန် ဆေးရုံအထိ ခိုးကြောင်ခိုးဝှက် ဝင်လာခဲ့ခြင်းပင်။
ဤဇာတ်လမ်းတွဲမှာ လုရှန်၏ ဖြစ်ရပ်မှန်ကို မှီငြမ်းထားခြင်းဖြစ်ပြီး သလင်းကျောက်နက် ငွေပြား ထရီလီယံဆယ်ဂဏန်းကျော် ရင်းနှီးမြှုပ်နှံရန် လျာထားသည်။
ခေါင်းတစ်ချက်ညိတ်ရုံဖြင့် ထရီလီယံတစ်ဂဏန်းကျော်သော သရုပ်ဆောင်ကြေးနှင့် အကျိုးခံစားခွင့်များကို အလွယ်တကူ ရရှိနိုင်မည်ဖြစ်သည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် နောင်ခြောက်နှစ်အကြာ၌ ကြယ်တာရာစနစ် တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သော ကြောက်မက်ဖွယ် ကောင်းသည့် အကျပ်အတည်းကြီး တစ်ခု မရှိခဲ့လျှင်သော်လည်းကောင်း ပုံမှန် ကျင့်ကြံရန် အချိန်မလောက်ဟု ခံစားနေရခြင်းမျိုး မရှိခဲ့လျှင်သော်လည်းကောင်း လုရှန် သွေးဆောင်သွေးဆောင်ဖြားယောင်း ခံလိုက်ရပြီး ဖြစ်ပေလိမ့်မည်။
သလင်းကျောက်နက် ငွေပြား ထရီလီယံ တစ်ဂဏန်း...။
သူ၏ ဘဝတစ်လျှောက်လုံးတွင် ဒေါ်လာ ထရီလီယံချီ ချမ်းသာသော ကုမ္ပဏီတစ်ခုအား တစ်ခါမျှ မပိုင်ဆိုင်ခဲ့ဖူးပေ။
လက်ရှိတွင် သူ ငွေကြေး မပြတ်လပ်ပေ။ တစ်ခုခု လိုအပ်ပါက ယာမူ နယ်မြေ ဖက်ဒရယ် အစိုးရကို အသိပေးလိုက်ရုံသာ ဖြစ်သည်။
သို့သော် ဤလောကတွင် မည်သည့်အရာကမျှ မြဲမြံခိုင်မာခြင်း မရှိပေ။ ထို့အပြင် ဖက်ဒရယ် အစိုးရထံမှ အကူအညီများကို အမြဲ တောင်းခံနေရသည်မှာလည်း အတော်လေး အားနာစရာ ကောင်းလှသည်။
အရေးအကြီးဆုံး အချက်လည်း ရှိနေသေးသည်။
"ငါ့မှာ ကလေးရှိနေပြီ... နောင်ကျရင် ကလေးကို ပြုစုပျိုးထောင်ရတော့မယ်..."
လုရှန်တွင် ကလေး ရှိနေပြီဖြစ်သည်။
သူသည် ကြယ်တာရာ လေ့ကျင့်ရေးကွင်းတွင် တံခါးပိတ် ကျင့်ကြံရန် သုံးလကျော် အချိန်ယူခဲ့သည်။ တံခါးပိတ် ကျင့်ကြံမှုမှ ထွက်လာပြီးနောက် အချိန်တိုလေးအတွင်း ခွဲခွာနေခဲ့ရသော သူနှင့် တုန်းချင်းရွှယ်တို့မှာ ကြင်စဦး ဇနီးမောင်နှံများအလား ရမ္မက်မီးများ တောက်လောင်ကာ ညတိုင်း ချစ်တင်းနှီးနှောခဲ့ကြသည်။
မမျှော်လင့်ထားသည့် ထီပေါက်ခြင်းနှင့်အတူ သူတို့၏ ဘဝထဲသို့ သတင်းကောင်းတစ်ခု ရောက်ရှိလာခဲ့ပြီဖြစ်သည်။
လုရှန်သည် ဝဖိုင့်ဖိုင့် လူလတ်ပိုင်းကြီး ပေးသွားသော လိပ်စာကတ်ကို သေချာစွာ သိမ်းဆည်းလိုက်ပြီး စင်္ကြံလမ်းကို ဖြတ်လျှောက်ကာ အခန်းတစ်ခန်းထဲသို့ လျင်မြန်စွာ ဝင်သွားလိုက်သည်။
အခန်းထဲတွင် တိတ်ဆိတ်ပြီး လင်းထိန်နေကာ လုမိသားစု တစ်ခုလုံး ထိုနေရာတွင် ရှိနေကြသည်။
လူတိုင်း၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုများ တောက်ပနေဆဲဖြစ်ပြီး သူတို့၏ မျက်လုံးများက ကုတင်ပေါ်တွင် လှဲလျောင်းကာ ဆရာဝန်၏ စစ်ဆေးမှုကို ခံယူနေသော တုန်းချင်းရွှယ်ထံသို့ စူးစိုက်ကြည့်နေကြသည်။
တုန်းချင်းရွှယ်အား စစ်ဆေးပေးနေသော ဆရာဝန်မှာ နားရွက်ခြောက်ဖက်နှင့် မျက်လုံးငါးလုံး ပါရှိသော အရပ်ရှည်ရှည် အမျိုးသမီး တစ်ဦးဖြစ်သည်။
ထိုအချိန်တွင် သူမက ပြုံးရင်း လုမိသားစုအား ပြောလိုက်သည်။
"မြို့စားကတော်ရဲ့ ကျန်းမာရေး အခြေအနေက အလွန် ကောင်းမွန်ပါတယ်။ သူမရဲ့ ဝမ်းဗိုက်ထဲက ကလေးလေးကလည်း ပုံမှန် ဖွံ့ဖြိုးတိုးတက်နေပါတယ်။ ဒါပေမယ့်... "
လုရှန် ဝင်လာသည်နှင့် တစ်ပြိုင်နက် ဆရာဝန်၏ "ဒါပေမယ့်" ဟူသော စကားလုံးကို ကြားလိုက်ရသဖြင့် မအောင့်နိုင်တော့ဘဲ လျင်မြန်စွာ မေးလိုက်သည်။
"ဒါပေမယ့် ဘာဖြစ်လဲ"
"သခင်"
လုရှန်အား မြင်လိုက်ရချိန်တွင် ဆရာဝန်မလေးမှာ ကမန်းကတမ်း မတ်တတ်ရပ်ကာ လေးစားစွာ အရိုအသေ ပေးလိုက်သည်။ လုရှန် ပေါ့ပေါ့ပါးပါး လက်ကာပြလိုက်သည်။ ဆရာဝန်မလေးက ပြန်ဖြေလိုက်သည်။
"မြို့စားမင်းရဲ့ သွေးဆက်က အရမ်း အားကောင်းလွန်းနေတာကြောင့်... ကလေးရဲ့ ကိုယ်ဝန်ဆောင် ကာလက သာမန် လူသားတွေထက် ပိုကြာနိုင်ပါတယ်"
အတိုချုပ် ပြောရလျှင် ဇနီးသည်၏ ကိုယ်ဝန်ဆောင် ကာလမှာ အချိန်ကြာမြင့်နိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။
လုရှန်၏ မျက်လုံးများ တောက်ပသွားပြီး မေးလိုက်သည်။
"ဘယ်လောက်တောင် ကြာမှာလဲ"
"ရှေးရိုးစွဲ ခန့်မှန်းချက် အရဆိုရင် စကြာဝဠာနှစ် သုံးနှစ်ကျော်လောက် ကြာပါလိမ့်မယ်"
စကြာဝဠာနှစ် သုံးနှစ် ဆိုသည်မှာ ကမ္ဘာကြယ်၏ အချိန်ကာလအရ ၉ နှစ်နှင့် ညီမျှသည်။
ဘုရားရေ... နီကျား မွေးတုန်းကတောင် ဒီလောက် မကြာခဲ့ပါဘူး…။
မွေးလာတဲ့အခါ လက်တစ်ဖက်က ကောင်းကင်ကို ညွှန်ပြပြီး နောက်လက်တစ်ဖက်က မြေကြီးကို ညွှန်ပြရင်း ကောင်းကင်နဲ့ မြေကြီးမှာ ငါတစ်ယောက်တည်းသာ အမြင့်မြတ်ဆုံး ဖြစ်တယ်။ ငါ့ရဲ့ ကံကြမ္မာက ကောင်းကင်ဘုံရဲ့ လက်ထဲမှာ မဟုတ်ဘဲ ငါ့လက်ထဲမှာပဲ ရှိတယ် လို့များ အော်ဟစ် ကြေညာလေမလား မသိဘူး…။
လုရှန်၏ စိတ်များ လွင့်မျောနေပြီး ဘာမှ မပြောတော့ပေ။ သူ ခေါင်းညိတ်ပြလိုက်ပြီး ဆရာဝန်အား ထွက်သွားခွင့် ပြုလိုက်သည်။
"သုံးနှစ်..."
ဆရာဝန် ထွက်သွားသည်နှင့် တစ်ပြိုင်နက် ကျန်းယွီဖန်မှာ မအောင့်နိုင်တော့ဘဲ သက်ပြင်းချလိုက်သည်။
"သုံးနှစ်ဆိုတာ အတော်လေး ကြာလွန်းတယ်"
"ကောင်းတာတွေက စောင့်ဆိုင်းရကျိုး နပ်တတ်ပါတယ်"
သို့သော် လုဒါဟိုင်ကမူ ကျယ်ပြန့်စွာ ပြုံးရင်း ပြောလိုက်သည်။
"နောက်သုံးနှစ်နေရင် ငါတို့က အဘိုးအဘွားတွေ ဖြစ်လာတော့မှာပဲ။ ငါလည်း အဒေါ် ဖြစ်တော့မယ်..."
လုချင်းဟဲမှာလည်း ပျော်ရွှင်ပြီး စပ်စုချင်နေပုံ ပေါ်သည်။
တုန်းချင်းရွှယ်သည် ကုတင်ပေါ်တွင် လှဲလျောင်းနေသည်။ သူမ၏ အေးတိအေးစက် နိုင်လှသော မျက်နှာမှာ ယခုအခါ မိခင် မေတ္တာများဖြင့် တောက်ပနေသည်။ သူမသည် လက်များအား ဝမ်းဗိုက်အောက်ပိုင်းတွင် ညင်သာစွာ တင်ထားပြီး အေးချမ်းစွာ ပြုံးနေသည်။
မိသားစု တစ်ခုလုံးသည် ပျော်ရွှင်ဖွယ် လေထုထဲတွင် နစ်မျောနေကြပြီး တစ်ဦးနှင့်တစ်ဦး အတူရှိနေရခြင်းကို ကျေနပ်နေကြသည်။
လုရှန်သည် တုန်းချင်းရွှယ်၏ အနားသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။ ထို့နောက် သူမ၏ ဝမ်းဗိုက်အပေါ် လက်ကို ညင်သာစွာ တင်လိုက်သည်။
စိတ်စွမ်းအားကို အသုံးပြု၍ စူးစမ်းစရာပင် မလိုဘဲ သူ၏ လက်ဖဝါးအောက်တွင် အသက်ဝင်လှုပ်ရှားနေသော အားကောင်းလှသည့် သက်ရှိသန္ဓေသားလေး၏ ခုန်ပေါက်နေမှုကို ထိတွေ့ ခံစားလိုက်ရသည်။
ဤသက်ရှိပုံစံသည် လုရှန် ကြယ်တာရာ ပြိုင်ပွဲ၏ ပထမအချီတွင် ယှဉ်ပြိုင်နေစဉ်ကပင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
တုန်းချင်းရွှယ်မှာ သိုင်းမဟာသခင်တစ်ဦး ဖြစ်သည့်အတွက် မိမိခန္ဓာကိုယ်အတွင်းမှ ထူးခြားသော အပြောင်းအလဲကို သိရှိခဲ့သော်လည်း အတည်မပြုနိုင်သေးသဖြင့် လုရှန်အား မပြောပြဘဲ ဝှက်ထားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် လုရှန်သည် တုန်းချင်းရွှယ်၏ နှလုံးသားထဲမှ ဤသတင်းကို မတော်တဆ ဖတ်ရှုလိုက်ရချိန်တွင် ရုတ်တရက် ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှု လှိုင်းလုံးကြီးများ ရိုက်ခတ်လာပြီး ဇဝေဇဝါနှင့် မှင်သက်နေသော အခြေအနေထဲသို့ ကျရောက်သွားခဲ့ခြင်း ဖြစ်သည်။
လုရှန် ခဏမျှ စဉ်းစားလိုက်ပြီး တုန်းချင်းရွှယ်အား ပြောလိုက်သည်။
"ပြိုင်ပွဲ ဆုလာဘ်တွေ အခုလေးတင် ခွဲဝေပေးပြီးသွားပြီ။ ပြီးတော့ ငါလည်း မြို့စားမင်း အဖြစ်နဲ့ ငါ့ရဲ့ ပိုင်နက်နယ်မြေကို သွားယူရဦးမယ်"
"ငါတို့ ဂြိုဟ်တစ်လုံး ရွေးပြီး အဲဒီကို အတူတူ ပြောင်းသွားကြတာပေါ့။ အဲဒါမှ ကိုယ်ဝန်ဆောင်ထားစဉ် အတွင်းမှာ မင်းကို သေချာ ဂရုစိုက်လို့ ရမှာလေ"
"ဂြိုဟ်တစ်လုံး ရွေးမယ်..."
ဤစကားကို ကြားလိုက်ရချိန်တွင် ဘေးနား၌ ရပ်နေသော လုချင်းဟဲမှာ စပ်စုချင်စိတ်ကို မအောင့်နိုင်တော့ဘဲ မေးလိုက်သည်။
"အစ်ကို... အစ်ကို့မှာ စုစုပေါင်း ဂြိုဟ်ဘယ်နှလုံး ပိုင်ထားတာလဲ"
လုရှန်၏ မျက်လုံးများ အနည်းငယ် တောက်ပသွားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"သိပ်မများပါဘူး... တစ်သိန်းလောက်ပဲ ရှိတာပါ"
"အမ်..."
အခန်းထဲတွင် ထူးဆန်းသော တိတ်ဆိတ်မှုကြီး တစ်ခု ကျရောက်သွားတော့သည်။
***