လုရှန် ရောက်ရောက်ချင်းမှာပင် လန့်ဖျပ်သွားရသည်။
"ဘုရားရေ..."
လွန်ခဲ့သော နှစ်များစွာက သူ ပေါ့ပေါ့ပါးပါး စိုက်ပျိုးခဲ့သော ဗီဇပြောင်းဆဲလ် မျိုးစေ့လေးသည် ယခုအခါ ကြီးထွားလာခဲ့ပြီ ဖြစ်ကြောင်း လုရှန် အံ့အားသင့်စွာ တွေ့ရှိလိုက်ရသည်။
၎င်းမှာ ဧရာမ သတ္တဝါကြီး တစ်ကောင်အဖြစ် ကြီးထွားလာခဲ့လေပြီ။
ခြုံငုံကြည့်ရလျှင် ပုံသဏ္ဍာန် မမှန်သော ဧရာမ အသားစိုင်ကြီး တစ်ခု ဖြစ်သည်။ အပြင်ဘက် မျက်နှာပြင်မှာ ထူထဲပြီး မာကျောသော အခွံတစ်ခု ဖြစ်သည်။
ပုံသဏ္ဍာန်ကို ဖော်ပြရလျှင် ဧရာမ အနက်ရောင် ပင်လယ်ခရုခွံကြီး တစ်ခု ဖြစ်သည်။
ဤအနက်ရောင် ခရုခွံကြီးသည် ချောက်ကမ်းပါး၏ အနက်ရှိုင်းဆုံး အပိုင်းမှ မီတာ ထောင်ပေါင်းများစွာ အကွာတွင် တည်ရှိသည်။ စုစုပေါင်း အနက်မှာ မီတာ သောင်းနှင့်ချီ ရှိလောက်ပေသည်။
အခွံကြီးထဲတွင် ထူးဆန်းပြီး ဆန်းကြယ်သော လက်မောင်းများ ခြေထောက်များနှင့် ပေါင်တံများ မျိုးစုံဖြင့် ပြည့်နှက်နေသည်။ အများစုမှာ မျက်လုံးများနှင့် ရေဘဝဲ လက်တံများ ဖြစ်ကြသည်။
ထို့နောက် လွှသွားကဲ့သို့ သွားများဖြင့် ဖုံးလွှမ်းထားသော ဧရာမ ပါးစပ်ကြီး တစ်ပေါက် ရှိသည်။
ထောင်ပေါင်းများစွာသော ရှည်လျားသည့် လက်တံများသည် ချောက်ကမ်းပါး၏ အနက်ပိုင်း တစ်ခုလုံး နီးပါးကို ဖုံးလွှမ်းထားပြီး မီးခိုးရောင် အက်ကွဲကြောင်း တစ်ခုစီ၏ ပတ်လည်တွင် ဧရာမ စပါးအုံးမြွေကြီးများအလား ရစ်ခွေနေကြသည်။
အက်ကွဲကြောင်းထဲမှ ထူးဆန်းသော သားရဲကောင် တစ်ကောင် ပြေးထွက်လာတိုင်း မြေကြီးပေါ်သို့ မကျရောက်မီမှာပင် ဤလက်တံများက ၎င်းအား ခရုခွံကြီး အတွင်းသို့ လျင်မြန်စွာ ရစ်ပတ်ဆွဲယူပြီး ဧရာမ ပါးစပ်ကြီးထဲသို့ ပို့ဆောင်လိုက်ကြသည်။
ဧရာမ ပါးစပ်ကြီးသည် အဆက်မပြတ် စားသောက်နေပြီး အဆက်မပြတ် ကြီးထွားလာနေသည်။
ဤချောက်ကမ်းပါး တွင်းနက်ကြီး၏ အဓိက အာဏာရှင်ကြီး တစ်ပါး ဖြစ်လာခဲ့ပြီမှာ ထင်ရှားသည်။
လုရှန် ယခင်က မြင်တွေ့ခဲ့ဖူးသော အဆင့်ကိုး ဝေလငါး သားရဲကောင်ကြီးမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ရာ လွန်ခဲ့သော အချိန်ကတည်းက စားသောက်ခံလိုက်ရပြီ ဖြစ်လောက်သည်။
"ဒီကို လာခဲ့..."
ဤအခိုက်အတန့်တွင် ထူးဆန်းသော အသိစိတ် လှိုင်းဂယက်တစ်ခု ချောက်ကမ်းပါး၏ အနက်ရှိုင်းဆုံး နေရာမှ ထွက်ပေါ်လာသည်။
ချက်ချင်းဆိုသလိုပင် လုရှန်သည် ထိုအရာအား သူနှင့် "ထိပ်တိုက်တွေ့ဆုံမှု" တစ်ကြိမ်မက ရှိခဲ့ဖူးသော သူ ဖြစ်ကြောင်း မှတ်မိလိုက်သည်။
လုရှန်၏ မျက်လုံးများ တောက်ပသွားသည်။ ထို့နောက် သူ၏ ပင်မ အသိစိတ်ကို ကျုံ့လိုက်ကာ ခန္ဓာကိုယ် ထိန်းချုပ်မှုအား သူ၏ ဗီဇပြောင်း ကိုယ်ပွား၏ ဗီဇစိတ်များထံသို့ ပြန်လည် လွှဲပြောင်းပေးလိုက်သည်။
သူ ၏ အသိစိတ် လမ်းညွှန်မှုအောက်တွင် ဧရာမ အနက်ရောင် ခရုခွံကြီးသည် ချောက်ကမ်းပါး၏ အောက်ခြေသို့ လျင်မြန်စွာ နစ်မြုပ်သွားသည်။
မကြာမီတွင် လုရှန်သည် ချောက်ကမ်းပါး အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသော နေရာသို့ ရောက်ရှိသွားသည်။ နောက်ဆုံးအကြိမ် လာရောက်ခဲ့စဉ်ကနှင့် နှိုင်းယှဉ်လျှင် ဤနေရာရှိ အက်ကွဲကြောင်း အရေအတွက်မှာ ထပ်မံ တိုးပွားလာပုံရသည်။
"ဘယ်လောက်တောင် ကြာသွားပြီလဲ..."
လုရှန်၏ နှလုံးသား အနည်းငယ် လေးလံသွားသည်။
အနက်ရောင် ခရုခွံကြီးသည် ချောက်ကမ်းပါး၏ အောက်ခြေသို့ ကျရောက်သွားပြီး လက်တံများနှင့် ခြေလက်အင်္ဂါများ အားလုံး ငြိမ်သက်သွားကြသည်။
မရေမတွက်နိုင်သော အကြီးအသေး မျက်လုံးများမှာ ပတ်ဝန်းကျင်အား စပ်စုသလို ကြည့်ရှုနေကြသည်။
"လိမ္မာတဲ့ ကလေးလေး..."
ထိုအသိစိတ် လှိုင်းဂယက် ထပ်မံ ထွက်ပေါ်လာပြန်သည်။
ဤအသိစိတ် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဤနေရာရှိ မရေမတွက်နိုင်သော အက်ကွဲကြောင်းများသည် ချက်ချင်းဆိုသလိုပင် မီးခိုးရောင်မှ အနက်ရောင်သို့ ပြောင်းလဲသွားကြသည်။
ထို့နောက် မျက်လုံးပုံသဏ္ဍာန်များ အဖြစ်သို့ ပြောင်းပြန်လှန်သွားကြသည်။
ထိုမြင်ကွင်းသည် မရေမတွက်နိုင်သော မျက်လုံးများက နှင်းခွဲမှန် တစ်ချပ်မှတဆင့် စူးစူးစိုက်စိုက် ကြည့်နေသကဲ့သို့ပင်။
ထိုမြင်ကွင်းမှာ အလွန်တရာ ကျောချမ်းစရာ ကောင်းလှသည်။ သူ ယခင်က တစ်ကြိမ် မြင်ဖူးခဲ့သော်လည်း ကြက်သီးမထဘဲ မနေနိုင်ခဲ့ချေ။
သို့သော် ပြီးခဲ့သော အကြိမ်နှင့် မတူညီသည်မှာ ဤမျက်လုံးများသည် ကြောက်မက်ဖွယ် ကောင်းနေသော်လည်း ခံစားချက်များကို ထုတ်ဖော်ပြသနေခြင်းပင်။
ဒါက... ဂရုဏာသက်မှုတဲ့လား…။
ထိုအချိန်တွင် အနက်ရောင် ရေစီးကြောင်းကြီး တစ်ခုသည် ထိုမရေမတွက်နိုင်သော မျက်လုံးများ၏ သူငယ်အိမ်များထဲမှ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
လုရှန် မျက်လုံးပြူးသွားသည်။ ထိုအနက်ရောင် ရေစီးကြောင်းသည် အမှန်စင်စစ် မရေမတွက်နိုင်သော သေးငယ်သည့် အနက်ရောင် သလင်းကျောက်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သတိပြုမိလိုက်သည်။
အနက်ရောင် သလင်းကျောက်များသည် ချောက်ကမ်းပါး တွင်းနက်ကြီးထဲတွင် နေရာအနှံ့ ရှိနေသော အနက်ရောင် မြူခိုးများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ဧရာမ အနက်ရောင် မြူခိုးကြီးအား အစွန်းရောက် အရွယ်အစားအထိ ကျုံ့ထားခြင်းပင်။
၎င်းသည် စကြာဝဠာ၏ အမှောင်ဘက်ခြမ်း စွမ်းအင်များကို ကိုယ်စားပြုသည်။
ဗီဇပြောင်းဆဲလ်များ အတွက်မူ ထိုအရာသည် ပြိုင်ဘက်ကင်း အားဆေးတစ်လက်ပင် ဖြစ်တော့သည်။
တစ်ချိန်တည်းမှာပင် အနက်ရောင် ခရုခွံကြီး အတွင်းရှိ ဧရာမ ပါးစပ်ကြီးမှာ အချိန်ကိုက် ပွင့်လာသည်။ ထို့နောက် သူ့အား ကျွေးမွေးနေသော မရေမတွက်နိုင်သည့် အနက်ရောင် အရည်စီးကြောင်းများအား လောဘတကြီး ဝါးမျိုလိုက်တော့သည်။
အားကောင်းလှသော ရေစီးကြောင်းများဖြင့် ပြုစုပျိုးထောင်ခြင်း ခံရသဖြင့် ကိုယ်ခန္ဓာကြီးမှာ ပိုပို၍ ကြီးထွားလာပြီး မျက်လုံးများလည်း ပို၍ ကျယ်လာသည်။
ခြေလက်အင်္ဂါများနှင့် လက်တံများသည်လည်း လျင်မြန်စွာ ကြီးထွားလာပြီး အရေအတွက် တိုးပွားလာသည်။
ကြည့်ရတာ ဒါက ပထမဆုံးအကြိမ် ဖြစ်ပုံမရဘူး…။
ဗီဇပြောင်းဆဲလ်တွေ ဒီလောက် မြန်မြန် ကြီးထွားလာတာ အံ့သြစရာ မဟုတ်တော့ပါဘူး…။
လုရှန်၏ ရှုထောင့်မှ ကြည့်လျှင် မရေမတွက်နိုင်သော မျက်ရည်ဝိုင်းနေသည့် မျက်လုံးများက ဧရာမ ပုံပျက်ပန်းပျက် ခရုခွံ ဘီလူးကြီး တစ်ကောင်ကို မည်သည့် ချန်လှပ်ထားမှုမျှ မရှိဘဲ အစာကျွေးနေကြသည်။
ဤထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းက သူ့အား အမှန်တကယ်ပင် မျှော်လင့်ချက် ရောင်ခြည်သန်းစေသည်။
နွေးထွေးမှု ခံစားချက်တဲ့လား...။
"စားပါ... စားပါ... များများစားပြီး မြန်မြန် ကြီးထွားလာခဲ့..."
ပြုစုပျိုးထောင်နေစဉ် ကာလအတွင်း "သူ" ၏ အသိစိတ်များမှာ ဆက်လက် ပျံ့လွင့်နေသည်။
လုရှန် ထုံကျင်နေမိသည်။
ဤသည်မှာ ဂြိုဟ်သား ကိုယ်ပွားအား သားတစ်ယောက်ကဲ့သို့ ပြုစုပျိုးထောင်ပေးနေခြင်း မဟုတ်လော။
ဂြိုဟ်သား ကိုယ်ပွားသည် "သူ" ၏ အသိစိတ်ဖြင့် ပြုစားခံရနိုင်ခြေ ရှိကြောင်း လုရှန် ကြိုတင် တွက်ဆထားခဲ့ပြီးသား ဖြစ်သည်။
သို့သော် ဤပုံစံ ဖြစ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိပေ။
လက်ပါးစေအဖြစ် သွေးဆောင်ဖြားယောင်းလိုလျှင်ပင် ဤမျှများပြားသော အကျိုးအမြတ်တို့ကို ပေးအပ်ရန် မလိုအပ်လှပေ။
ဗီဇပြောင်း ကိုယ်ပွား၏ စွမ်းအားတို့မှာလည်း အဆင့် ၁၀ သို့ ကူးပြောင်းရန် ချဉ်းကပ်နေပြီ ဖြစ်သည်။
လုရှန်မှာ အကြောင်းရင်းကို မတွေးဆနိုင်ဘဲ ခေါင်းရှုပ်နေစဉ်မှာပင် 'သူ' ထံမှ အမိန့်သံတစ်ခု ရောက်ရှိလာသည်။
"ကြီးထွားလာခဲ့… ပိုသန်မာလာခဲ့... ပြီးရင် သူ့ကို ဖမ်း..."
ဤသတင်းစကားနှင့်အတူ ပုံရိပ်တစ်ခုမှာလည်း တစ်ပါတည်း ပါလာသည်။
ပုံရိပ်ထဲတွင် တည်ငြိမ်သော အကြည့်နှင့် ခန့်ညားသော အသွင်အပြင်ရှိသည့် လူငယ်လေး တစ်ဦးက အေးစက်သော အပြုံးဖြင့် "မင်း... သတ္တိရှိရင် ဒီကို လာခဲ့လေ" ဟု ထပ်ခါတလဲလဲ ပြောနေသည်။
ထိုလူမှာ လုရှန် ကိုယ်တိုင်ပင် ဖြစ်နေသည်။
ဤအခိုက်အတန့်တွင် သံသယ အားလုံး ဖြေရှင်းသွားခဲ့လေပြီ။
"သူ" က ငါ့ကို အရမ်းမုန်းလွန်းလို့ ခြောက်နှစ်တောင် မစောင့်နိုင်တော့ဘဲ ငါ့ကို ဒုက္ခပေးဖို့အတွက် ဒီမှာ စွမ်းရည်ရှိတဲ့ လက်ပါးစေ တစ်ကောင်ကို ကြိုတင် လေ့ကျင့်ပေးဖို့ စဉ်းစားနေတာ ဖြစ်လောက်တယ်…။
မိမိအား အန္တရာယ်ပြုမည့်သူမှာ မည်သို့ပင်ဆိုစေကာမူ သဘာဝအလျောက် အားကောင်းနေရန် လိုအပ်ပေသည်။
ဤအချိန်တွင် ချောက်ကမ်းပါး တွင်းနက်ကြီးထဲ၌ ၎င်း၏ အလားအလာကို စတင် ပြသနေသော ဗီဇပြောင်း ကိုယ်ပွားမှာ "သူ" ၏ မျက်စိကျစရာ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
အသွင်ပြောင်းလဲခြင်းနှင့် ဆင့်ကဲပြောင်းလဲခြင်းများ သန်းနှင့်ချီ၍ ကြုံတွေ့ထားရသည့် ထိုဗီဇပြောင်း ကိုယ်ပွားများမှာ သာမန်ဂြိုဟ်သားသားရဲကောင်များနှင့် နှိုင်းယှဉ်လျှင် အဆပေါင်းများစွာ သာလွန်သည့် ပါရမီရှင်များ ဖြစ်ကြသည်။
ထို့အပြင် မိမိ၏ အသိစိတ် ကင်းမဲ့နေချိန်၌ ထိုကိုယ်ပွားမှာ မွေးကင်းစကလေးတစ်ဦးကဲ့သို့ အသိစိတ် ဗလာကျင်းနေသဖြင့် ထိန်းချုပ်ရန်မှာလည်း အလွန်ပင် လွယ်ကူလှသည်။
ဤကဲ့သို့ ကဏ္ဍစုံတွင် ပြည့်စုံနေသည့် ယာဉ်မောင်းကောင်းတစ်ယောက်အား 'သူ' အနေဖြင့် စိတ်ပါလက်ပါ မပြုစုပျိုးထောင်ဘဲ နေပါ့မည်လော။
"တကယ်လို့သာ သူ သားအရင်းလို ပြုစုပျိုးထောင်ပေးနေတဲ့ ကောင်က တကယ်တော့ ငါ့ရဲ့ ကိုယ်ပွား ဖြစ်နေတယ် ဆိုတာကို သိသွားရင်... သူ ဘယ်လောက်တောင် ဒေါသထွက်သွားလိုက်မလဲ"
လုရှန်မှာ ထိုအချက်ကို တွေးတောမိရင်း သူ့အား နို့တိုက်ကျွေးမွေး နေသော 'သူ' အား စိတ်ထဲမှ တိတ်တဆိတ်ပင် လက်မထောင်၍ အသိအမှတ်ပြုလိုက်မိသည်။
"သူတို့က ငါ့ကို တိုက်ခိုက်ဖို့အတွက် ငါ့ကို လေ့ကျင့်ပေးနေကြတာပဲ"
မင်းကတော့ တကယ်ပါပဲကွာ...မင်းက စကြာဝဠာ အမှောင်ဘက်ခြမ်းရဲ့ ဉာဏ်ပညာ အရှင်သခင်ကြီးပဲ မဟုတ်လား။
***