သူ့အား ပြုစုပျိုးထောင်ခြင်း လုပ်ငန်းစဉ်သည် တစ်ရက်လုံး ကြာမြင့်ခဲ့သည်။
လုရှန်သည် သူ၏ ဗီဇပြောင်း ကိုယ်ပွား၏ အင်အားမှာ အဆင့် ၉ မှနေ၍ အဆင့် ၁၀ သို့ ချိုးဖျက်ဝင်ရောက်သွားပြီး ထိုမှတဆင့် အဆင့် ၁၀ အလယ်အလတ်ပိုင်းအထိ ဆက်လက် မြင့်တက်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။
"အေ့..."
ကီလိုမီတာ အတော်များများ ကြီးမားသည့် အနက်ရောင် ပူဖောင်းကြီး တစ်လုံး ဧရာမ ပါးစပ်ကြီးထဲမှ ထွက်ပေါ်လာသည်။
ကြီးမားလိုက်တဲ့ အိတ်ကြီးပါလား…။
ဗီဇပြောင်း ကိုယ်ပွားသည် ပြုစုပျိုးထောင် ခံရပြီးနောက် အဆများစွာ ပိုမို ကြီးထွားလာခဲ့ပြီး အနက်ရောင် ခရုခွံကြီးသည် စတုရန်းကီလိုမီတာ ဆယ်ချီ ကျယ်ဝန်းသော ဧရိယာကို ဖုံးလွှမ်းထားသည်။
ခရုခွံကြီး၏ အောက်ဘက်တွင် စုပ်ခွက်များ လွှသွားများ အက်ကွဲကြောင်းများဖြင့် ဖုံးလွှမ်းနေသော ထူထဲရှည်လျားသည့် ရေဘဝဲ လက်တံ အမြောက်အမြား ရှိနေသည်။
ကမာကောင် အခွံထဲတွင် ပုလဲများ ပေါက်ရောက်နေသကဲ့သို့ လှည့်ပတ်နေသော အရွယ်အစား မျိုးစုံရှိသည့် မျက်လုံး သောင်းနှင့်ချီလည်း ရှိနေသေးသည်။
ဗီဇပြောင်း ကိုယ်ပွား တစ်ခုလုံးသည် ပုံပျက်ပန်းပျက် ရုပ်ဆိုးပြီး ယုတ်မာသော ပေါင်းစပ်မှုကြီး တစ်ခု ဖြစ်သည်။ တစ်ချက် ကြည့်လိုက်ရုံဖြင့် နေ့ရောညပါ အိပ်မက်ဆိုး မက်စေနိုင်လောက်သည်။
သို့သော် သူ ၏ မျက်လုံးထဲတွင်မူ ၎င်းမှာ ချစ်စရာကောင်းပြီး လှပသော လက်ရာမွန် တစ်ခု ဖြစ်နေသည်။
"သွားတော့... နောက်တစ်ခါ... ခေါ်ရင်... ပြန်လာခဲ့..."
‘သူ’ သည် မိခင်တစ်ဦး ကလေး၏ ဆံပင်ကို ညင်သာစွာ သပ်ပေးသကဲ့သို့ ကျေနပ်အားရစွာဖြင့် အသိစိတ် လှိုင်းဂယက်များကို ထုတ်လွှတ်လိုက်သည်။
ဂြိုဟ်သား ကိုယ်ပွားသည် လိမ္မာစွာ ဖြင့် ချောက်ကမ်းပါး၏ အနက်ရှိုင်းဆုံး နေရာမှ ထွက်ခွာလာပြီး ၎င်း၏ မူလနေရာသို့ ပြန်သွားလေသည်။
လုပ်ငန်းစဉ် တစ်ခုလုံးတွင် လုရှန်၏ ပင်မ အသိစိတ်သည် ဗီဇပြောင်း ကိုယ်ပွား၏ နက်ရှိုင်းသော နေရာတွင် ပုန်းအောင်းနေပြီး အရိပ်အယောင် တစ်စွန်းတစ်စမျှ ထုတ်ဖော်မပြခဲ့ပေ။
ဧရာမ အနက်ရောင် ခရုခွံကြီး အတွင်းရှိ အဝါရောင်သန်းသော မျက်လုံးတစ်လုံးသည် ရုတ်တရက် ရွေ့လျားမှု ရပ်တန့်သွားပြီး မှုန်ဝါးဝါး တွေးတောနေသည့် အမူအရာတစ်ခု ပေါ်လာသည်။
"ကြည့်ရတာ ဗီဇပြောင်း ကိုယ်ပွားက ငါ့ရဲ့ မူလခန္ဓာကိုယ်ထက်တောင် ပိုပြီး သက်တောင့်သက်သာ နေရတဲ့ပုံပဲ။ သူ့ရဲ့ ပြုစုပျိုးထောင်မှုနဲ့ ဆိုရင်... တကယ်လို့ ငါ့ရဲ့ မူလခန္ဓာကိုယ်သာ ကြိုးကြိုးစားစား မလုပ်ဘူးဆိုရင် မကြာခင် အကျော်ခံရနိုင်တယ်..."
ကိုယ်ပွား၏ အဆင့်အတွက် ကန့်သတ်ချက်များ မရှိပေ။ စွမ်းအင် လုံလုံလောက်လောက် ရှိသရွေ့ ဆက်လက် သန်မာလာနိုင်သည်။
သူသည် အဆင့် ၁၀ ရောက်နေပြီဖြစ်ပြီး အဆင့် ၁၁ သို့ ရောက်ရှိရန်လည်း သိပ်ကြာတော့မည် မဟုတ်ပေ။ ဗီဇပြောင်း ကိုယ်ပွား အဆင့် ၁၂ ရောက်သွားလျှင် ဦးနှောက်ဆေးခံရပြီး သူ့ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားမည်ကို လုရှန် မစိုးရိမ်ပေ။
"သူ" အနေဖြင့် ဂြိုဟ်သား ကိုယ်ပွားအား မည်သို့သော ပုံစံမျိုး ပြောင်းလဲပစ်သည် ဖြစ်စေ လုရှန်၏ ပင်မ အသိစိတ် ဆင်းသက်လာပြီး အတွေးတစ်ချက် တွေးလိုက်ရုံဖြင့် "သူ" ချန်ရစ်ထားခဲ့သော အရာများ အားလုံး အပြီးတိုင် ပျက်စီးသွားပြီး လုရှန်၏ ထိန်းချုပ်မှုအောက်သို့ ပြန်ရောက်လာမည်ဖြစ်သည်။
"လောလောဆယ်တော့ ဒီအတိုင်းပဲ ထားလိုက်ပါတော့မယ်။ ရံဖန်ရံခါ လာစစ်ဆေးပေးရုံပဲ..."
လုရှန်သည် ဂရေးထံမှ ရရှိခဲ့သော ယင်မီး လမ်းစဉ်ကို ကူးယူပြီး ဂြိုဟ်သား ကိုယ်ပွားထဲတွင် ထားခဲ့လိုက်သည်။ မည်သို့ ကျင့်ကြံရမည် ဆိုသည်ကိုမူ ၎င်း၏ သဘောအတိုင်းသာ ပစ်ထားလိုက်သည်။
ပြီးဆုံးသွားပြီးနောက် ပင်မ အသိစိတ်သည် ဗီဇပြောင်း ကိုယ်ပွားထံမှ ထွက်ခွာလာခဲ့သည်။
ထိုအဝါရောင်သန်းသော မျက်လုံးထဲမှ ဉာဏ်ပညာ အရိပ်အယောင်များ မှေးမှိန်သွားပြီး အခြားမျက်လုံးများကဲ့သို့ပင် ရှေးကျပြီး ရိုင်းစိုင်းသော အကြည့်များ လျင်မြန်စွာ ပြန်ရောက်လာတော့သည်။
"ငါ့ရဲ့ ဗီဇပြောင်း ကိုယ်ပွားက အဆင့် ၁၀ တောင် ဖြစ်နေပြီ။ ပြီးတော့ အဲဒီကောင်က ဒါကို ဘယ်လောက် တန်ဖိုးထားလဲ ဆိုတာကို ကြည့်ရင်... ငါ့ရဲ့ မတော်တဆ လုပ်ရပ်က ပါရမီရှင် ဆန်ဆန် လုပ်ရပ်တစ်ခု ဖြစ်လာနိုင်တယ်..."
အိပ်မက်နယ်မြေ အတွင်းတွင် လုရှန်သည် ဟင်းလင်းပြင်ထဲ၌ တင်ပျဉ်ခွေ ထိုင်နေသည်။
သူ၏ မျက်နှာပေါ်မှ ထူးဆန်းသော အလင်းတန်းတစ်ခု ထွက်ပေါ်နေသည်။
ဂြိုဟ်သား ကိုယ်ပွားသည် အနာဂတ်တွင် သူ့အား အံ့အားသင့်စရာများစွာ ယူဆောင်လာပေးနိုင်ကြောင်း သူ ကြိုတင်အာရုံ ခံစားနေရသည်။
လုရှန် အစီအစဉ်တစ်ခု ရေးဆွဲပြီးသား ဖြစ်သည်။ အနာဂတ်တွင် သူ၏ မူလခန္ဓာကိုယ် မကျင့်ကြံနိုင်သော စနစ်မကျသည့် သို့မဟုတ် မိစ္ဆာဆန်သည့် ကျင့်စဉ်များကို သူ၏ ဗီဇပြောင်း ကိုယ်ပွားများထဲသို့ ပစ်ထည့်လိုက်မည် ဖြစ်သည်။
ကျင့်ကြံပြီးရင် ဘယ်လိုပုံစံ ဖြစ်လာမလဲဆိုတာ ဘယ်သူ ဂရုစိုက်နေမှာလဲ…။
ရုတ်တရက် ဉာဏ်အလင်း တစ်ခု လုရှန်၏ ခေါင်းထဲသို့ ဝင်ရောက်လာသည်။
သူ ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။
"သက်ရှိရဲ့ အနှစ်သာရ ဆိုတာ စကြာဝဠာထဲက ဖရိုဖရဲ ဖြစ်နေမှုတွေကို စနစ်ကျမှု အဖြစ် ပြောင်းလဲပေးတဲ့ လုပ်ငန်းစဉ်ပဲ"
“စကြာဝဠာ အမှောင်ဘက်ခြမ်းရဲ့ စည်းမျဉ်းတွေကတော့ ဆန့်ကျင်ဘက် ဖြစ်နေတယ်”
“ငါ့ရဲ့ ရှုပ်ထွေးပြီး စနစ်မကျတဲ့ ကျင့်ကြံခြင်း လမ်းစဉ်က ဗီဇပြောင်း ကိုယ်ပွား လျှောက်လှမ်းသင့်တဲ့ လမ်းစဉ် ဖြစ်ကောင်း ဖြစ်နိုင်တယ်”
လုရှန် စဉ်းစားလေလေ အဓိပ္ပါယ် ရှိလေလေဟု ခံစားရသည်။
မိမိကိုယ်တိုင်၏ ကိစ္စရပ်များဖြင့်ပင် လက်မလည်အောင် အလုပ်ရှုပ်နေရသဖြင့် ကိုယ်ပွားအတွက် ကျင့်စဉ်လမ်းသစ်တစ်ခုကို ရှာဖွေစီမံပေးရန် ပျင်းရိနေမိကြောင်းကိုမူ သူသည် မည်သည့်အခါမျှ ဝန်ခံမည်မဟုတ်ပေ။
ကျင့်ကြံခြင်း လမ်းစဉ်အား လျစ်လျူရှုထားနိုင်သော်လည်း ထိုကျင့်ကြံမှု စနစ်၏ အမည်နာမကိုမူ သေချာစွာ ရွေးချယ်ရပေမည်။ အကြောင်းမူကား လုရှန်သည် အမည်ပေးကိစ္စရပ်များတွင် အမြဲပင် ဝါသနာထုံလှသောကြောင့်ပင်။
လုရှန် မိနစ်အနည်းငယ်မျှ စဉ်းစားလိုက်ပြီး ဂြိုဟ်သား ကိုယ်ပွားအတွက် ကျင့်ကြံခြင်း စနစ် နာမည်ကို လျင်မြန်စွာ ဆုံးဖြတ်လိုက်သည်။
"မိစ္ဆာခေါ် သိုင်းကျမ်း လို့ပဲ အမည်ကမ္ပည်း တပ်ကြတာပေါ့"
မိစ္ဆာခေါ် သိုင်းကျမ်း…။
ဗီဇပြောင်းကိုယ်ပွားသည် အရိပ်အင်အားစုများအကြား၌ အောင်မြင်စွာ ကျင့်ကြံအားထုတ်ပြီးစီး၍ စွမ်းအားအပြည့်ဖြင့် ပြန်လည်ရောက်ရှိလာသောအခါ...။
ထိုနေ့သည် မိစ္ဆာခေါ်ယူခြင်း အောင်မြင်ကာ "မိစ္ဆာခေါ် သိုင်းကျမ်း" ပြီးပြည့်စုံသွားသော နေ့ ဖြစ်ပေလိမ့်မည်။
အနာဂတ်အား ပျော်ရွှင်စွာ စိတ်ကူးယဉ်ပြီးနောက် လုရှန်သည် သူ စီမံခန့်ခွဲ၍ မပြီးသေးသော အကျိုးအမြတ်များကို ဆက်လက် ရှင်းလင်းလိုက်သည်။
ဒုတိယ အကျိုးအမြတ်မှာ မွန်ရိုး၏ ရေခဲအေး လမ်းစဉ် ဖြစ်သည်။
"မွန်ရိုးရဲ့ ရေခဲအကျဉ်းထောင်က ကြယ်တွေကိုတောင် အေးခဲစေနိုင်တယ်။ အဆင့် ၁၃ ဒါမှမဟုတ် ၁၄ အထိတောင် ရောက်နိုင်တယ်။ အဲဒါက ငါ့ရဲ့ မြောက်ပိုင်းလိပ်နက် စစ်မှန်ရေစီးကြောင်း အတွက် ပြီးပြည့်စုံတဲ့ ဖြည့်စွက်မှုပဲ"
လုရှန်သည် စကြာဝဠာ မူလစွမ်းအားကို ထုတ်လွှတ်လိုက်ပြီး အမိန့်ပေးလိုက်သည်။
"ပေါင်းစပ် ပုံဖော်ခြင်း..."
မူလစွမ်းအား၏ အံ့ဖွယ် အသုံးပြုပုံများကို ဤအခိုက်အတန့်တွင် အပြည့်အဝ ဖော်ထုတ်လိုက်ပြီဖြစ်သည်။
မွန်ရိုးနှင့် တိုက်ပွဲအတွင်း လုရှန်သည် ရေခဲအကျဉ်းထောင်၏ လျှို့ဝှက်ချက်များကို နားလည်သဘောပေါက်ထားပြီး ဖြစ်ရာ စကြာဝဠာ မူလစွမ်းအားဖြင့် သူ၏ မြောက်ပိုင်းလိပ်နက် စစ်မှန်ရေစီးကြောင်းထဲသို့ လျင်မြန်စွာ ပေါင်းစပ်လိုက်သည်။
လမ်းစဉ်နှစ်ခုသည် အခြေခံအားဖြင့် ဆင်တူသဖြင့် ပေါင်းစပ်ရာတွင် အခက်အခဲ သိပ်မရှိလှပေ။
သို့သော် ၎င်းက လုရှန်အတွက် အချိန်နှင့် ခွန်အား အများအပြားကို သက်သာစေသည်။
အကယ်၍ သူသာ ကိုယ်တိုင် အနှစ်ချုပ်ပြီး သန့်စင်မည် ဆိုပါက ပြီးစီးရန် လအနည်းငယ်မှ နှစ်ဝက်ခန့်အထိ ကြာမြင့်ပေလိမ့်မည်။
အစွန်းရောက် ရေခဲလမ်းစဉ်အား ပြီးပြည့်စုံစွာ ပေါင်းစပ်လိုက်ခြင်းဖြင့်...။
ဘုန်း...။
လုရှန်၏ သိုင်းတရားပုံရိပ် အလိုအလျောက် ပေါ်ထွက်လာသည်။
တရားပုံရိပ် ကိုယ်ထည်ပေါ်ရှိ လိပ်နက် တက်တူးသည် တောက်ပစွာ လင်းလက်လာပြီး အဆုံးအစမဲ့သော ရေခဲအေး စွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် မူလက မီတာ ၅ သိန်း ရှည်လျားသော တရားပုံရိပ် ကိုယ်ထည်ကြီးမှာ လျင်မြန်စွာ စတင် ကြီးထွားလာသည်။
ဝုန်း...။
တစ်ခါတည်းနှင့် မီတာ တစ်သိန်းခန့် ထိုးတက်သွားပြီး အမြင့် မီတာ ၆ သိန်း ရောက်သောအခါမှသာ ရပ်တန့်သွားသည်။
"ပေါင်းစပ်ပြီးသွားတဲ့ မြောက်ပိုင်းလိပ်နက် စစ်မှန်ရေစီးကြောင်းက အဆင့် ၁၃ ကို ရောက်သွားပြီ။ ဒါက ကြယ်တာရာ လမ်းစဉ်နဲ့ နတ်ဘုရား သလင်းကျောက် လမ်းစဉ်တို့ကို အမီလိုက်နိုင်ပြီလို့ ပြောလို့ရတယ်"
လုရှန် အတော်လေး ကျေနပ်သွားသည်။
သူ၏ သိုင်းတရားပုံရိပ် ကြီးထွားလာခြင်း၏ အကျိုးကျေးဇူးမှာ သူ၏ စတုတ္ထမြောက် နတ်ဘုရားစွမ်းအား ဖြစ်သော ရွှေရောင် သလင်းကျောက် ကိုယ်ထည်ကိုလည်း မြှင့်တင်ပေးနိုင်ခြင်း ဖြစ်သည်။
မြောက်ပိုင်းလိပ်နက် စစ်မှန်ရေစီးကြောင်း အဆင့် ၁၃ ရောက်သွားသည်နှင့် ၎င်း၏ စွမ်းအားကို အတော်လေး ထည့်သွင်းစဉ်းစားလာရပြီဖြစ်သည်။
၎င်းအား လုရှန်၏ ဝှက်ဖဲ အများအပြားထဲမှ တစ်ချပ်အဖြစ် သတ်မှတ်နိုင်ပြီး ရန်သူများနှင့် ရင်ဆိုင်ရာတွင် သူ၏ နည်းလမ်းများကို ပိုမို စုံလင်လာစေသည်။
နောက်ဆုံး လုရှန်၏ အသိစိတ်သည် နောက်ဆုံးနှင့် အကြီးမားဆုံးသော အကျိုးအမြတ်ပေါ်သို့ ကျရောက်သွားသည်။
ချန်ယွီရှု ၏ မှတ်ဉာဏ် ဘဏ္ဍာတိုက်…။
လုရှန်သည် ချန်ယွီရှု၏ ဝိညာဉ်ကို ဝါးမျိုလိုက်ပြီး ၎င်းအတွင်း၌ ပါဝင်သော စိတ်စွမ်းအား အားလုံးကို စုပ်ယူလိုက်သော်လည်း မှတ်ဉာဏ်များကိုမူ မထိတွေ့ဘဲ ထားခဲ့သည်။
ချန်ယွီရှု၏ ဝိညာဉ်သည် လုရှန်အား ကြီးမားသော အကျိုးကျေးဇူးများ ပေးစွမ်းခဲ့ပြီးဖြစ်သည်။
၎င်းမှာ အဆင့် ၁၂ သို့ တက်လှမ်းထားသည်မှာ မကြာသေးသော သူ၏ စိတ်စွမ်းအားကို ၁၀ ရာခိုင်နှုန်းခန့် တိုးတက်လာစေခဲ့သည်။
ဆယ်ပုံတစ်ပုံပင် ဖြစ်သည်။
ဒွမ်းယိဖန်၏ နတ်ဘုရား သလင်းကျောက် လမ်းစဉ် အမွေအနှစ်ကို ဖွင့်လှစ်ပြီးနောက် သူ၏ စိတ်ထဲရှိ သလင်းကျောက်နက် တံစဉ် ဝိညာဉ်ပုံရိပ်အား အရောင်လေးမျိုးရှိသော သလင်းကျောက် ဝိညာဉ်ပုံရိပ် အဖြစ် ပြောင်းလဲလိုက်ရာ လုရှန်၏ စိတ်စွမ်းအားသည် အရည်အသွေးပိုင်းဆိုင်ရာ ခုန်ပျံကျော်လွှားမှု တစ်ခု ဖြစ်ပေါ်ခဲ့သည်။
သူသည် ဂြိုဟ် ခုနစ်လုံး ရှစ်လုံးခန့်ကို အဆင့်မြှင့်တင်ပေးခဲ့ပြီးနောက်မှသာ သလင်းကျောက်နက် တံစဉ် ဝိညာဉ် လူသားပုံရိပ်အား အထွတ်အထိပ် အဆင့် ၅ သို့မဟုတ် အဆင့် ၁၁ သို့ ရောက်ရှိစေနိုင်ခဲ့သည်။
အဆင့် ၁၂ သို့ ရောက်ရှိပြီးနောက် နောက်ထပ် ဂြိုဟ် ခုနစ်လုံး ရှစ်လုံးခန့်ကို အဆင့်မြှင့်တင်ပေးလျှင်ပင် ၁၀ ရာခိုင်နှုန်းခန့်သာ တိုးတက်လာနိုင်သည်။
ထို့ကြောင့် ၁၀ ရာခိုင်နှုန်းသာ ဆိုသော်လည်း လက်ရှိ လုရှန်အတွက် အလွန် ကြီးမားသော ပမာဏ ဖြစ်ပြီး အချိန်နှင့် ခွန်အား အများအပြားကို သက်သာစေသည်။
***