နောက်တစ်နေ့...
မြို့အနောက်ဘက်ခြမ်းရှိ လျှို့ဝှက်ဆန်းကြယ်သော စံအိမ်တော်ကြီး တစ်ခုတွင်...
ယုံဟဲဧကရာဇ်သည် ပက်လက်ကုလားထိုင်ပေါ်တွင် လှဲလျောင်းပြီး မျက်စိမှိတ်ကာ မှိန်းနေ၏ ။ သူကျားမြီးကို ဆွဲမိထား၍ သာမန်ပြည်သူများ၏ လူနေမှုဘဝကို လျှောက်ကြည့်ရန် အားမရှိတော့ပေ ။ ဗျူဟာကျကျ တန်ပြန်နိုင်ရန် အတွက် စဥ်းစားနေရတော့သည် ။
" အရှင်မင်းကြီး.. ချောင်ပိုင်ဖူ ပြောတဲ့ ချောင်မိသားစုအကြောင်း သတင်းရလာပါပြီ.."
အစောင့်ချူးက နောက်တွင် ပေါ်လာပြီး သတင်းပို့လိုက်၏ ။
ငါးပျံအစောင့်တပ်သည် ဧကရာဇ်၏ လှုံခြုံရေးအတွက်သာမက သူလျိုအလုပ်များအပြင် သတင်းစုဆောင်းရန်လည်း တာဝန်ရှိ၏ ။
ငါးပျံအစောင့်တပ်သည် ချောင်ပိုင်ဖူ၏ နောက်ကြောင်းကို စုံစမ်းနေသည်မှာ ကြာပြီဖြစ်သည် ။
အစပိုင်းတွင် ယုံဟဲဧကရာဇ်၏ စိတ်ဝင်စားမှုသည် ဝမ်စုန့်ဟဲ ကြောင့်သာဖြစ်ပြီး ။ ဝမ်စုန့်ဟဲ သက်ရှိထင်ရှား ရှိမရှိ စစ်ဆေးလို၍ပင် ။ သို့သော်လည်း နောက်ပိုင်းတွင် ချောင်ပိုင်ဖူ ကိုယ်တိုင်ကပါ စိတ်ဝင်စားစရာကောင်းလာ၍ စုံစမ်းသည်ကို ပို၍ အားထည့်ခဲ့၏ ။
" ချောင်ပိုင်ဖူက သိုင်းသူတော်စင် သုတ်သင်ရှင်းလင်းခဲ့တဲ့ ဟဲရန်မြို့က ချောင်မိသားစုနဲ့ ဆက်စပ်နေလား.. "
ယုံဟဲ ဧကရာဇ်က မေးလိုက်၏ ။ ချောင်မျိုးရိုးနာမည်သည် ဤကမ္ဘာပေါင်တွင် မထူးခြားသဖြင့် များစွာ ရှိ၏ ။ နာမည်ကြီး ချောင်မိသားစု ဆိုပါမူ အဖျက်ဆီးခံလိုက်ရသော ဟဲရန်မြို့မှ ချောင်မိသားစုသာ ရှိပေသည် ။
" အရှင်မင်းကြီး.. သိုင်းသူတော်စင်က ကြင်နာတက်သူမဟုတ်လို့ ချောင်ပိုင်ဖူလို လူမျိုးကို ချန်ထားမှာ မဟုတ်ပါဘူး..ချောင်ပိုင်ဖူရဲ့ ချောင်မျိုးနွယ်က သပ်သပ် ပါ.. "
" ချောင်ပိုင်ဖူက ဟဲရန်မြို့မှာ ကျောက်တုံးထဲက ခုန်ထွက်လာတဲ့မျောက်လိုပါပဲ ရိုးရှင်းပုံရပေမဲ့ သူ့နောက်ခံက အတော်လေး ဆန်းကြယ်နေတယ်.. "
" ရှန်းချင်ဟယ်ရဲ့ အခြေအနေကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးပြီးပါပြီ.. ရှန်းချင်ဟယ်က ချောင်ပိုင်ဖူအကြောင်းကို သိတာကအတော်လေး အကန့်အသတ်ရှိတယ်ဆိုတာ အတည်ပြုနိုင်ပါတယ်.. ကျွန်တော်မျိုးတို့လောက်တောင် သိမှာ မဟုတ်ပါဘူး.. "
ချူးရှင်း၏ အမူအရာက မသက်မသာဖြစ်နေ၏ ။ သူပိုစုံစမ်းလေ ကြောက်ရွံ့မိလေ ဖြစ်သည် ။ မဟာယန်အင်ပါယာသည် ကျဆင်းနေသော်လည်း အင်ပါယာ ဖြစ်နေသေးသည် ။ ငါးပျံအစောင့်တပ်ဟူသည်က အင်ပါယာအတွင်း အပ်ပျောက်သည်ကိုပင် ရှာနိုင်သော်လည်း ချောင်မိသားစုအကြောင်း သဲလွန်စပင် မတွေ့ရသဖြင့် ကြောက်ရွံ့လာမိ၏ ။
ချောင်ပိုင်ဖူသည် သာမန်လူမဟုတ်ပေ ။ ကျင့်ကြံသူတစ်ယောက်ကြောင့် ဒဏ်ရာပြင်းထန်စွာ ရခဲ့သဖြင့် စိတ်ဝိညာဥ်သန့်စင်ခြင်း အဆင့်မှ သိုင်းပညာရှင်အဆင့် ၆ သို့ ကျဆင်းသွားသူဖြစ်၏ ။ ထို့ကြောင့် ချောင်ပိုင်ဖူ၏ နောက်ကွယ်ရှိ ချောင်မိသားစုသည်လည်း သာမန်မဖြစ်နိုင်ပေ ။
ထို့ကြောင့် ဖြစ်နိုင်သည်က ချောင်မိသားစုသည် လျှို့ဝှက်ဆန်းကြယ်လွန်းနေ၍ ငါးပျံအစောင့်တပ်သည်ပင် ရှာမတွေ့နိုင်ခြင်း ဖြစ်ပေမည် ။
" ပြီးတော့ အနားက ယန်မြို့မှာလည်း ချောင်မိသားစု သားအဖအကြောင်း သတင်းတွေပြန့်နေလို့ စုံစမ်းကြည့်တာ ချောင်ပိုင်ဖူနဲ့ ဆက်နွယ်နေတာကို တွေ့ရပါတယ်.. "
" ယန်မြို့မှာ ကျော်ကြားတဲ့ ချောင်မိသားစုရဲ့ ဆောင်ပုဒ်က မှန်ကန်တဲ့ နည်းလမ်းနဲ့ သေဆုံးခြင်းတဲ့.. ယန်မြို့မှာ ချောင်သားအဖ တွေက ဖြောင့်မတ်သူတွေအဖြစ် တော်တော်လေး နာမည်ကြီးပါတယ် .."
" ပြီးတော့ ချောင်ပိုင်ဖူ ပြောခဲ့တဲ့ဆောင်ပုဒ်က ..ဒီကမ္ဘာကြီးက ဘယ်လိုအခြေအနေမျိုး ရောက်နေနေ ပုခုံးထမ်းထားဖို့က လူသားတွေရဲ့ တာဝန်ပဲတဲ့.. ပါ.. "
ယုံဟဲဧကရာဇ်သည် ဝမ်းနည်းဟန်ဖြင့် နားထောင်နေပြီး..
" ဒီလို ဆောင်ပုဒ်နှစ်ခုကို လက်ဆင့်ကမ်းခဲ့တဲ့ သူတို့ဘိုးဘေးတွေက ဘယ်လိုလူမျိုးလဲ ဆိုတာ ငါသိချင်မိသား.. "
သူ သက်ပြင်းချလိုက်၏ ။ ထို့နောက် ထပ်မေးလိုက်သည် ။
" နောက်ထပ် ဆက်နွယ်မှုတွေရော ရှိသေးလား.. "
" ရှိပါတယ်.."
အစောင့်ချူးက ပြန်ဖြေလိုက်သည် ။
" ယန်မြို့က အဖေ ချောင်စန်း.. သားနှစ်ယောက် ချောင်မူနဲ့ ချောင်လင်း.. ဟဲရန်မြို့က ချောင်ပိုင်ဖူ.. သူတို့အားလုံးက ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းသိုင်းကို အသုံးပြုကြပါတယ်.. "
ယုံဟဲဧကရာဇ်..."....."
သူ ဆွံ့အစွာ တွေးလိုက်မိ၏ ။
' အဲ့တာက ဆက်နွယ်နေတယ်လို့ ပြောလို့ရလို့လား..'
ချူးရှင်းက ဆက်ပြောသည် ။
" ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းသိုင်းတစ်ခုထဲရင် ဆက်နွယ်တယ်ပြောဖို့ မလုံလောက်ပေမဲ့ သဲလွန်စတွေကို ပေါင်းစပ်စဥ်းစားပြီး ကျွန်တော်မျိုး ကောက်ချက်ချနိုင်ခဲ့ပါတယ်.. "
" ဒီ လျှို့ဝှက်ဆန်းကြယ်ပြီး ထူးဆန်းတဲ့ ချောင်မိသားစုက ဆောင်ပုဒ်နှစ်အပြင် ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းသိုင်းကိုလည်း လက်ဆင့်ကမ်းခဲ့ကြပါတယ်.."
ယုံဟဲဧကရာဇ် ရူးချင်စိတ်ပင် ပေါက်သွား၏ ။
ဟဲရန်မြို့ရှိ သိုင်းလောကထိပ်သီး ချောင်မိသားစု မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်းခဲ့သည်က သက်ရှည်လက်သီးသုတ္တန်ဖြစ်သည် ။
ချောင်ပိုင်ဖူ၏ ချောင်မိသားစု လက်ဆင့်ကမ်းလာသည်က မိမိကိုယ်ကို သတ်သေနည်းဖြစ်သည့် ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းသိုင်း ဖြစ်နေသည်လော ။ မျိုးရိုးစဥ်ဆက်ပြတ်သွားမည်ကို မစိုးရိမ်သော မိသားစုမျိုး ရှိနေသည်လော ။
သူကိုယ်တိုင် ချောင်ပိုင်ဖူ၏ သေဆုံးမှုကို မမြင်ခဲ့ရပါလျှင် ဤသို့သော မိသားစုမျိုး ရှိသည်ကို ယုံနိုင်မည်မထင် ။
မိသားစုတိုင်းသည် ၎င်းတို့၏ သားစဥ်မြေးဆက် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုသာ ရှေးရှုကြ၏ ။ ချောင်ပိုင်ဖူကဲ့သို့သော အဆင့် ၃ အထိ ရောက်ဖူးသူ ပေါ်ထွက်လာသည့် မိသားစုမှာ သာမန်မိသားစုမျိုး မဖြစ်နိုင်ချေ ။
" ဒါဆိုရင်.. ဆက်ပြီး စုံစမ်းပါ.."
ယုံဟဲ ဧကရာဇ်က အမိန့်ပေးလိုက်သည် ။
" ချောင်ပိုင်ဖူ သေသွားပေမဲ့ ချောင်မိသားစုထဲမှာ ချောင်ပိုင်ဖူလိုမျိုး လူတွေ အများကြီး ရှိမယ်ဆိုရင် ..သူတို့က မဟာယန်ကို ကာကွယ်ဖို့ ဆန္ဒရှိမယ်ဆိုရင်.. နှစ်ပေါင်းတစ်ထောင်အတွင်းမှာ အင်မော်တယ်လမ်းစဥ်ထက် မနိမ့်ကျတဲ့ သိုင်းလမ်းစဥ်ကို ငါတို့ ရှာဖွေနိုင်မှာ သေချာပါတယ်.."
ဤ စကားကိုကြားလျှင် အဆင့်၃ စိတ်ဝိညာဥ်သန့်စင်ခြင်းအဆင့် ချူးရှင်း အနည်းငယ် ဝမ်းနည်းမိသွား၏ ။
သိုင်းလမ်းစဥ်သည် အင်မော်တယ်လမ်းစဥ်ကို ယှဥ်ပြိုင်နိုင်မည်လော ။
ဤကြီးမားသော ရည်မှန်းချက်သည် ရှေ့တွင်မှုန်ဝါးဝါးမြင်နေရသော တံလျှပ်နှင့်တူ၏ ။ မြင်နေရသော်လည်း ရောက်ရှိရန် မဖြစ်နိုင်ချေ ။
ကျင့်ကြံသူများ မဟာယန်အင်ပါယာသို့ မဝင်ရောက်မီက သိုင်းပညာရှင်များသည် မဟာယန်အင်ပါယာရုံးတော်၏ အဓိက အင်အားစုများဖြစ်သည် ။ မဟာယန်ရုံးတော်သည် သိုင်းပညာရှင်များအပေါ် မှီခိုနေရသည်ဆိုပါက လွန်မည်မထင် ။
သို့သော်လည်း လူ့ခန္ဓာကိုယ်တွင် ကန့်သတ်ချက်များ ရှိလေသည် ။ သိုင်းပညာရှင်များ၏ လေ့ကျင့်မှုသည် ထိုကန့်သတ်ချက်များအား ချိုးဖျက်နိုင်ရန်ဟု ဆိုနိုင်သော်လည်း ထိုသည်က အတိုင်းအတာတစ်ခု အထိသာဖြစ်၏ ။
အဆင့် ၄ ဟူသည်က သိုင်းပညာရှင်၏ ဒန်တျန် ကန့်သက်ချက်ဖြစ်သည် ။ အဆင့်၄ မတိုင်မီအထိ အဆင့်တက်တိုင်း အတွင်းအား နှစ်ဆကျော် တိုးလာနိုင်သော်လည်း အဆင့် ၃ သို့ ရောက်လျှင် အတွင်းအား သိသိသာသာ တိုးမလာတော့ပေ ။
အဆင့် ၄ သို့ ရောက်ပြီးနောက် သိုင်းပညာရှင်၏ အတွင်းအားနှင့် ခွန်အားမှာ လူ့ခန္ဓာကိုယ်၏ အမြင့်ဆုံးကန့်သတ်ချက်သို့ ရောက်သွားလေပြီ ။ မတိုးတက်တော့ဟု ဆို၍မရသော်လည်း အတွင်းအား အကန့်အသတ်ကို ချိုးဖောက်ချင်လျှင် နှစ်ပေါင်းများစွာကြာအောင် စုဆောင်းရပေတော့မည် ။ အောင်မြင်သွားလျှင်လည်း ယခင်အဆင့်များကဲ့သို့ အများကြီး တိုးမလာနိုင်တော့ ။
ဤအကြောင်းကြောင့်ပင်… ယခင် သိုင်းပညာရှင်များသည် အတွင်းအားကို မိုက်မဲစွာ ဆက်လက်စုဆောင်းနေမည့်အစား အတွင်းအား လေ့ကျင့်ခြင်း၏ အဆုံးစွန်သို့ ရောက်ရှိပြီးနောက် စိတ်ဝိညာဉ်သန့်စင်နည်းလမ်းကို တဖြည်းဖြည်း ရှာဖွေတွေ့ရှိခဲ့ကြသည် ။
စိတ်ဝိညာဉ် သန့်စင်ခြင်း နည်းလမ်းသည် အတွင်းအားကို စုဆောင်းခြင်းထက် ပိုမိုအားကောင်း၏ ။
သို့ရာတွင် ကျင့်ကြံသူတစ်ယောက်၏ ရှေ့တွင် ဆိုလျှင်တော့.......
ချူးရှင်းသည် ထိုအကြောင်းကို တွေးနေစဥ် သူ၏ ခွန်အားထက် အဆမတန်သာလွန်သော ခြိမ်းခြောက်မှုတစ်ခုကို ခံစားမိလိုက်၏ ။ ဤသည်က စိတ်ဝိညာဥ်သန့်စင်ပြီးသော သိုင်းပညာရှင်တစ်ယောက်၏ ဆဋ္ဌမ အာရုံပင် ။
" လုပ်ကြံသူလား.. ဟမ်..မဟုတ်ဘူး ..ကျင့်ကြံသူဟ.."
ချူးရှင်း တိုးတိုးလေး ပြောလိုက်သည် ။
မျက်လုံးမှေးထားသော ဧကရာဇ်က မျက်လုံးဖွင့်ကြည့်လိုက်၏ ။ နောက်ဆုံးတွင်တော့ ရောက်လာလေပြီ ။ ချူးရှင်း၏ ဓားပျံကြောင့် ဖြေရှင်းချက် တောင်းမည့် ကျင့်ကြံသူ လာမည်မှန်း သူသိထားသည် ။
ယုံဟဲဧကရာဇ်က နှလုံးသားထဲတွင် တိတ်တဆိတ်သက်ပြင်းချလိုက်သော်လည်း အပြင်ပန်းတွင်မူ မတ်တပ်ထရပ်ကာ ကျောကို ဖြောင့်ဖြောင့် ဆန့်ထားလိုက်၏ ။
ကျင့်ကြံသူများ မည်မျှပင် အစွမ်းထက်စေကာမူ မဟာယန်အင်ပါယာ၏ ဧကရာဇ် တစ်ယောက်အနေဖြင့် ဂုဏ်သိက္ခာဆုံးရှုံး၍ မရနိုင် ။ လဝက်အကြာတွင် အစီအစဥ်အရ ချင်းမင်တောင်ပေါ်ရှိ ချင်းယွင်ဘုရားကျောင်းမှအင်မော်တယ်ရုပ်ထုများကို ဂါရဝပြုရမည်ဆိုလျှင်ပင် ယခု ဂုဏ်သိက္ခါအား ထိန်းထားရပေအုံးမည် ။
***