" ရွှမ်ထျန်းဂိုဏ်းက ချီယန် ..မဟာယန်ဧကရာဇ်ကို နှုတ်ခွန်းဆက်ပါတယ်.. "
အနီရောင်တာအိုဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ဦးက မေးစေ့ကို အနည်းငယ်မော့ကာ ယုံဟဲဧကရာဇ်ကို တည့်တည့်ကြည့်ရင်း နှုတ်ခွန်းဆက်ကာ ဝင်လာ၏ ။
ယုံဟဲ ဧကရာဇ်သည်လည်း လက်နှစ်ဖက်ကို နှောက်ပစ်ကာ တည်ငြိမ်နေသော အမူအရာဖြင့် မေးလိုက်သည် ။
" ရွှမ်းထျန်းဂိုဏ်းက ဘာများ အလိုရှိလို့လဲ.. "
ကျင့်ကြံသူချီယန်သည် ရွှမ်ထျန်းဂိုဏ်းတွင် အရေးမပါသော်လည်း ရွှမ်ချန်းဂိုဏ်းကို ကိုယ်စားပြုပြီး လာသူဖြစ်၏ ။
" ဧကရာဇ်ရဲ့ ခရီးလမ်းကို စတင်ဖို့အတွက် တိုက်တွန်းချင်လို့ ကျုပ်လာခဲ့တာပါ.. "
ချီယန်က ပြုံး၍ ပြောလိုက်သည် ။
" လဝက်လောက်ပဲ လိုတော့တာ ဆိုတော့ ဟဲရန်မြို့ကနေထွက်ခွာပြီး ချင်းမင်တောင်တန်းဆီ ဦးတည်သင့်ပြီမှတ်လား.. "
ယုံဟဲဧကရာဇ်က ပြန်မဖြေ ။ တိတ်ဆိတ်၍သာ ရပ်နေ၏ ။ သူ ဆုံးဖြတ်ချက် ချခဲ့ပြီးဖြစ်သော်လည်း ဒူးထောက်ရမည်ဖြစ်သဖြင့် ရသလောက်အချိန်ဆွဲနေမိသည် ။
" ဒါနဲ့.. မနေ့က သိုင်းပညာရှင်တစ်ယောက် ရွှမ်ထျန်းဘုရားကျောင်းထဲ ဝင်ဖို့ ကြိုးစားတဲ့ကိစ္စနဲ့ ပက်သက်ပြီး.."
ချီယန်က ပြောလိုက်လျှင် ယုံဟဲဧကရာဇ် ရင်ထဲတွင် တစ်ဆို့ဆို့ကြီး ဖြစ်သွား၏ ။ ဖြစ်လာမည့်ကိစ္စက ဖြစ်လာခဲ့လေပြီ ။ သူ ယခုအထိ မည်သို့ ကိုင်တွယ်ရမည်ကို မဆုံးဖြတ်ရသေးပေ ။
" အင်မော်......."
ယုံဟဲဧကရာဇ်က ဖြေရှင်းချက်ပေးရန် ပြင်လိုက်စဥ် ချီယန်က ဖြောင့်မတ်သောအမူအရာဖြင့်..
" မနေ့က ဖြစ်ပျက်ခဲ့တာက သူတော်စင်မ ဝူချင်းရှင်း မှားယွင်းစွာ ဆုံးဖြတ်မိတာပါ.. "
" ကျုပ်တို့ ရွှမ်ထျန်းဂိုဏ်းက ဖြောင့်မတ်တဲ့ ဂိုဏ်းဆိုတော့ အရာရာကို တရားမျှမျှတတ ကိုင်တွယ်ဖြေရှင်းသင့်တယ်.. "
" ခုကိစ္စမှာ သူတော်စင်မ ဝူချင်းရှင်းရဲ့ အမှားဖြစ်တဲ့အတွက် ကျုပ်တို့ဂိုဏ်းက ဆုံးဖြတ်ပြီးပြီ.. "
" ဝူချင်းရှင်းရဲ့ သူတော်စင် ဂုဏ်ပုဒ်ကို ဖယ်ရှားပြီး ဟဲရန်မြို့ကနေ နှင်ထုတ်မယ် .."
ယုံဟဲဧကရာဇ် အံ့အားသင့်သွား၏ ။ ဤသို့ဖြစ်လာမည်ဟု သူလုံးဝ ထင်မထားချေ ။ ရွှမ်းထျန်းဂိုဏ်းသည် တခြားဂိုဏ်းရှစ်ခုထက် စကားပြောရသည်မှာ ပိုလွယ်နေသည်လော ။ အမှန်အမှားနှင့် တရားမျှတမှုအကြောင်းကိုပင် ဆွေးနွေးနေသည်လော ။
အစောင့်ချူး၏ နှလုံးသားသည် တဆက်ဆက်တုန်ရီနေ၏ ။ မည်သည့်အတွက်ကြောင့် ဤသို့ဖြစ်လာမှန်း သူ မသိသော်လည်း သူသိသည်မှာ ဝူချင်းရှင်း သေပေတော့မည် ။ ဝူကျိအသင်း၏ သစ္စာဖောက် ဖြစ်သဖြင့် သူမ အင်မော်တယ်ဂိတ်မှ ထွက်သည်နှင့် ဝူကျိအသင်း၏ အမဲလိုက်ခြင်းကို ခံရပေတော့မည် ။
" မဟာယန်ဧကရာဇ်အနေနဲ့.. ဒီကိစ္စကို ဖြေရှင်းပြီးပြီဆိုတော့ ခရီးဆက်လို့ ရမယ်လို့ ထင်ပါတယ်.. "
…………..
တစ်ချိန်တည်းမှာပင်၊ မြို့မြောက်ဘက်ရှိ ရွှမ်ထျန်းဘုရားကျောင်းအပြင်ဘက်တွင်...
မနေ့က ဖြစ်ခဲ့သော အရာအားလုံး ရှင်းလင်းသွားပြီး ဘုရားဖူးများနှင့် ပြန်လည် စည်ကားနေ၏ ။
လမ်းဘေးရှိ ခေါက်ဆွဲဆိုင် တစ်ဆိုင်တွင်...
ချောင်မူက စားပွဲတစ်ခုတွင် ဝင်ထိုင်လိုက်ပြီး သက်ရှည်ခေါက်ဆွဲတစ်ပွဲ မှာလိုက်၏ ။
" ဒီနေ့ ကျုပ်ရဲ့ အသက် ၆၀ ပြည့်မွေးနေ့ဆိုတော့ အမဲသားထည့်.. မဟုတ်ဘူး..မဟုတ်ဘူး.. သိုးသားထည့်.. "
သူက အေးဆေးထိုင်စားရင်း ရံဖန်ရံခါ ဖြတ်သွားဖြတ်လာများကို ငေးကြည့်နေသည် ။ သူ၏ နှလုံးသားထဲတွင် ရှားရှားပါးပါး ငြိမ်းချမ်းမှုကို ကျေနပ်စွာ ခံစားနေ၏ ။
" မြောင်..."
ခြေလှမ်း သုံးလေးဆယ်အကွာရှိ လမ်းထောင့်တစ်ခုမှ ကြောင်ခေါင်းသေးသေးလေး ပေါ်ထွက်နေပြီး ချောင်မူကို အသံပြုလိုက်သည် ။
ချောင်မူက လှည့်ကြည့်လိုက်သည်နှင့် ခေါင်းပြန်ပုဝင်သွား၏ ။
ကြောင်ပေါက်လေးသည် ချောင်မူ၏ အနားသို့ကပ်လာတိုင်း မျက်လုံးမှေးပြီး ခြေကားယား လက်ကားယား ဖြင့် လဲကျသွားသည်ကို ချောင်မူ သတိပြုမိ၏ ။ သူ့အား ကိုင်ခိုင်းသလိုပင် ဖြစ်နေသည် ။
ချောင်မူသည် မနေ့ညက စိတ်မထိန်းနိုင်တော့ဘဲ ကြောင်လေးကိုကောက်ကိုင်ကာ တစ်ကိုယ်လုံး အားရပါးရ ကုတ်ပေးလိုက်၏ ။ ထိုအချိန်မှ စ၍ အနှီကြောင်ငတုံးသည် ချောင်မူ၏ အနားသို့ မကပ်ရဲတော့ဘဲ အဝေးမှသာ လိုက်အော်နေတော့သည် ။
ချောင်မူက ကြောင်ငတုံးသာ သူ့အနားတွင် နေချင်လျှင် ခေါ်ထားရန် ဆုံးဖြတ်ထားလေသည် ။ ဝိညာဥ်ဖမ်းသားရဲသည် သေအံ့နီးနီး လူများ၏ ဘေးတွင်သာ ပေါ်လာတက်သဖြင့် သူသေခါနီးလျှင် ကြောင်ငတုံးက ပိုပျော်လာမည်ဖြစ်ပြီး သူလည်း ပို၍ ပျော်ရမည်ပင် ။
ချောင်မူက ကြောင်၏ တုန့်ပြန်မှုကိုကြည့်ပြီး သေမည့်အချိန်ကို ခန့်မှန်းနိုင်မည်လောဟု တွေးနေ၏ ။
ချောင်မူက ခေါင်းငုံ့ပြီး ခေါက်ဆွဲပြန်စားကာ တခါတရံ ဘုရားကျောင်းဝင်ပေါက်သို့ လှမ်းကြည့်နေသည် ။
သူ မနေ့ညက မြို့ပြင်ကို သွားမည်ဟု ဆုံးဖြတ်ခဲ့သော်လည်း ဝူချင်းရှင်းကို မခွဲနိုင်၍ ထွက်မသွားသေးပေ ။
သို့သော်လည်း ဝူချင်းရှင်းသည် သိုင်းသူတော်စင်စိတ်ဝိညာဥ်ကျမ်းကို လေ့ကျင့်ထား၍ သူ လုပ်ကြံ၍ ရမည်မဟုတ် ။ သူ ဝူချင်းရှင်း၏ အနားသို့ ရောက်လျှင် ဝူချင်းရှင်းက သတိထားမိသွားမည်ဖြစ်သည် ။
' ဒီကျမ်းက တကယ်ကို ဆိုးလိုက်တာ.. '
ချောင်မူ မျက်မှောင်ကြုတ်လိုက်၏ ။ သူ ဤကျမ်းကို ကျွမ်းကျင့်အဆင့်အထိ လေ့ကျင့်ထားသဖြင့် ပိုမိုနက်ရှိုင်းစွာ နားလည်လာခဲ့၏ ။ သူ့စိတ်ထဲတွင် သံသယဖြစ်နေ၍ တခြားသိုင်းများကိုသာ အားစိုက်လေ့ကျင့်ရန် ကြံရွယ်ထားသည် ။
' ဟမ်..လက်ထောက်ချန်ပါလား.. '
ချောင်မူက အကြည့်က လမ်းမပေါ်ရှိတွင် လူဆိုးထိန်းတစ်ဦးအပေါ်သို့ ရောက်သွား၏ ။
လမ်းပေါ်တွင် ကင်းလှည့်နေသော ချန်ချန်က လူဆိုးထိန်း အဖွဲ့ကို ဦးဆောင်ပြီး အလျင်စလို သွားနေသည် ။
ဘုရားကျောင်းနားတွင် ကင်းလှည့်သော လူဆိုးထိန်း ပိုများလာသဖြင့် လုံခြုံရေး တင်းကြပ်ထားပုံရ၏ ။ နောက်ထပ် ချောင်ပိုင်ဖူတစ်ယောက် ပေါ်ထွက်လာမည်ကို ကြောက်နေပုံရသည် ။
ရုတ်တရက်...
ချန်ချန်၏ လေးနက်နေသော မျက်နှာထားမှာ ဖားယားသော အပြုံးဖြစ်သွားပြီး ခါးကို အနည်းငယ်ကိုင်းကာ အရာရှိဝတ်စုံဖြင့် လျှောက်လာနေသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို ဦးညွှတ်လိုက်သည် ။
" အဲ့တာ အုပ်ချုပ်ရေးမှူးလော့မှတ်လား.. "
ခေါက်ဆွဲဆိုင်ထဲမှ တစ်စုံတစ်ယောက်က ပြောလိုက်သည် ။
" မနေ့က ကိစ္စကြောင့်လာတာများလား .."
ချောင်မူ အနည်းငယ် အံ့အားသင့်သွားပြီး သူ့အကြည့်က ချင်ချန်၏ မျက်နှာပေါ်သို့ ကျရောက်သွားသည် ။
အုပ်ချုပ်ရေးမှူးလော့က ချန်ချန်၏ နုတ်ဆက်စကားကို ဂရုမစိုက် ။ သူ၏ အစောင့်များနှင့်သာ ရွှမ်ထျန်းဘုရားကျောင်းထဲသို့ အလျင်အမြန်ဝင်သွား၏ ။
ချန်ချန်က စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချလိုက်၏ ။ သူ၏ ကင်းလှည့်တာဝန်ကို ပြန်လည်ဆောင်ရွက်သောအခါ မျက်နှာတွင် မည်သည့်ခံစားချက်မှ မရှိတော့ပေ ။
' ချန်ချန်က ဒီနှစ်တွေ တလျောက် သူ့အဖေအတွက် လော့မျိုးရိုးကို ငွေစ ဘယ်လောက်ပေးခဲ့လဲမသိဘူး ..'
' အော် မေ့လို့ ခုပေးစရာမှ မလိုတော့တာ.. '
ချောင်မူက ဘုရားကျောင်းထဲသို့ လျှောက်ဝင်သွားသော အုပ်ချုပ်ရေးမှူးလော့ကိုသာ စိုက်ကြည့်နေ၏ ။
ငွေစ တစ်စသည် သူရဲကောင်းတစ်ယောက်ကို ဒူးထောက်စေနိုင်သည် ဟူသော စကားပုံအရ ချန်ချန်သည် ငွေစတစ်ထောင်အတွက် မည်မျှအထိ နှိမ့်ချ နေခဲ့ပါသနည်း ။
***