ရွှမ်ထျန်းဘုရားကျောင်း၏ အဓိကခန်းမဆောင်တွင်...
ဝူချင်းရှင်းသည် ပလ္လင်ပေါ်ရှိ အင်မော်တယ်ရုပ်ထုများကို တိတ်ဆိတ်စွာ ကြည့်နေသည် ။
အင်မော်တယ်ရုပ်ထုများကို အဆင့်အတန်းပေါ် မူတည်ပြီး သုံးမျိုးခွဲခြားထား၏ ။
အဓိကနေရာတွင် ရှိနေသည်က ဂိုဏ်းခေါင်းဆောင်နှင့် အရေးပါသည့်အကြီးအကဲများဖြစ်သည် ။
ဒုတိယနေရာတွင် ဂိုဏ်း၏ ထူးချွန်သော သူတော်စင်များနှင့် အဓိကတပည့်အချို့ ရှိသည် ။
အနိမ့်ဆုံးအဆင့်တွင် ဘုရားကျောင်း၏ အကာအကွယ်အစေခံအစောင့်များဖြစ်သော ချီယန်နှင့် ချင်းယန် တို့ရှိ၏ ။
သို့ရာတွင် မည်သည့်နေရာတွင်မှ သူမ၏ ရုပ်ထုမရှိပေ ။
' တစ်နေ့မှာ ငါလဲ နေရာတစ်ခု ရရမယ်..'
ဝူချင်းရှင်းက နောက်သို့ လှည့်ကြည့်လိုက်လျှင် အုပ်ချုပ်ရေးမှူးလော့နှင့် သူ့လူများ ရောက်လာသည်ကို မြင်လိုက်ရ၏ ။
" သူတော်စင်မ.."
အုပ်ချုပ်ရေးမှူးလော့က တောင်းပန်ဟန်ပြုံး၍...
" ချောင်ပိုင်ဖူ ရဲ့ လုပ်ရပ်ကြောင့် ကျုပ်လည်း စိတ်မကောင်းဖြစ်မိပါတယ်.. "
" ဒီငွေတစ်သောင်းက ရွှမ်ထျန်းဂိုဏ်းကို လှူဒါန်းတာပါ.. ဘုရားကျောင်းအပျက်အဆီးတွေအတွက် ပြင်ဖို့ ငွေလိုတာ ကြိုသိလို့ လာပို့ပေးတာပါ.. "
အုပ်ချုပ်ရေးမှူးလော့ ပြောပြီးနောက် သူ၏ အစေခံများက သယ်ဆောင်လာသော သေတ္တာကို ဖွင့်လိုက်ရာ သေချာ စီရီထားသော ငွေတုံးများ ထွက်ပေါ်လာသည် ။
ဝူချင်းရှင်းက အမူအရာမဲ့စွာဖြင့် အကြည့်များက အေးစက်နေ၏ ။
သူမသည် သူတော်စင်မဘွဲ့ကို ရထားသော်လည်း အင်မော်တယ်ဂိတ်တွင် ဘာမှ မဟုတ်ချေ ။
သို့သော်လည်း ဟဲရန်မြို့တွင်မူ ကွာခြားသည် ။ အုပ်ချုပ်ရေးမှူးလော့လို သာမန်လူများအတွက် သူတော်စင်မ ဟူသည်က အင်မော်တယ်ဂိတ်ကို ကိုယ်စားပြုသည့် အရေးပါသော အင်မော်တယ်တစ်ပါးပင် ။
အုပ်ချုပ်ရေးမှူးလော့သည် အဆင့် ၄ သိုင်းပညာရှင်ဖြစ်ပြီး ခရိုင်တစ်ခုကို အုပ်ချုပ်နေသူလည်း ဖြစ်၏ ။
ယခု ဘုရားကျောင်းတွင် ဖြစ်ပျက်ခဲ့သည်က သူနှင့် မသက်ဆိုင်သော်လည်း အပြစ်တင်ခံရမည်ကို စိုး၍ ငွေလှူဒါန်းခြင်းပင် ။
ဘုရားကျောင်း ပြုပြင်ရန် ဆိုသည်က ဆင်ခြေတစ်ခုသာဖြစ်၏ ။ ချောင်ပိုင်ဖူသည် ဘုရားကျောင်း အဝင်ဝတွင် ပြာဖြစ်သည်အထိ လောင်ကျွမ်းခံလိုက်ရသဖြင့် ဘုရားကျောင်းတွင် မည်သည့် ပျက်ဆီးမှုမှ မရှိချေ ။
" အရှင်လော့ စိတ်ပူနေစရာမလိုပါဘူး ..ဒီကိစ္စက အရှင်နဲ့မှ မဆိုင်တာ .."
ဝူချင်းရှင်းက တည်ငြိမ်စွာဖြင့် ...
" ကျွန်မတို့ အင်မော်တယ်ဂိတ်က အပြစ်မရှီတဲ့သူကို အပြစ်ပုံမချတက်ပါဘူး .."
အုပ်ချုပ်ရေးမှူးလော့က စိတ်သက်သာရာ ရသွားဟန်ဖြင့် ဦးညွှတ်အရိုအသေပေးပြီး ပြန်ထွက်သွား၏ ။
ဝူချင်းရှင်းက ငွေတုံးများ အပြည့်ထည့်ထားသော ငွေသေတ္တာကို တစ်ချက်ကြည့်လိုက်သည် ။
ငွေကြေးများသည် ကျင်ကြံသူများအတွက် အသုံးမဝင်သော်လည်း အသုံးချ၍ ရသည့် နေရာများရှိ၏ ။
သူမက ခဏစဥ်းစားကာ ဘုရားကျောင်းဂိတ်စောင့်အားလုံးကို စုဝေးခိုင်းလိုက်ပြီး ...
" မနေ့က မင်းတို့အားလုံး ရှိနေပေမဲ့ သာမန်သိုင်းပညာရှင်ကိုတောင် မရပ်တန့်နိုင်ခဲ့ဘူး.. "
သူမ၏ ပြောလိုက်သည်နှင့် အစောင့်များ အားလုံး တုန်ရီသွားကြ၏ ။ အပြစ်ပေးခံရမည်ကို စိုးသဖြင့် ချက်ချင်း ဒူးထောက်လိုက်ကြသည် ။
" ထ..ထ..မင်းတို့ကို အပြစ်မပေးပါဘူး.. "
သူတော်စင်မ ဝူချင်းရှင်းက တည်ငြိမ်သည့် အသံဖြင့်...
" ငါတို့ အင်မော်တယ်ဂိတ်ရဲ့ လုပ်ရပ်တွေက မှားနေရင်တောင် အမြဲတမ်းအမှန်ပဲ.."
" မင်းတို့ရဲ့ အမှားက မင်းတို့မှာ ခွန်အား လုံလုံလောက်လောက်မရှိတာ.. "
" မနေ့က မင်းတို့ ကြိုးစားခဲ့လို့ ဒဏ်ရာရတဲ့သူတွေ တော်တော်များတယ်.. မအောင်မြင်ခဲ့ပေမဲ့ မင်းတို့ ကြိုးစားခဲ့တာကို အသိအမှတ်ပြုတယ် .."
" ဒါ မင်းတို့အတွက် ဆုလဒ်ပဲ.. "
သူမက လက်ကိုဝှေ့ယမ်းကာ အစောင့်အချို့ကို ငွေတုံး ဝေပေးခိုင်းလိုက်သည် ။
" ကျေးဇူးတင်ပါတယ်ခင်ဗျ.. သူတော်စင်ကို ကျေးဇူးတင်ပါတယ်..ကျေးဇူးတင်ပါတယ်.."
အစောင့်များက စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြပြီး ကျေးဇူးတင်ကြောင်းကို အထပ်ထပ် ပြောနေ၏ ။
ဤအစောင့်များ၏ နှလုံးသားထဲတွင် သူတော်စင်မ ဝူချင်းရှင်းက စံပြဖြစ်သည် ။ သူမရှိနေသည့် အတွက်ကြောင့်သာ သိုင်းပညာရှင်အစေခံများ ဤမျှအထိ ရှိနေခြင်းပင် ။
" ငါ့အတွက် အင်မော်တယ်ဂိတ်ကို အမှုထမ်းရင် ဆုလဒ်တွေ ရမယ်.. ကြီးကြီးမားမား အောင်မြင်မှုရရင် ဒီလို သာမန်အရာတွေတင်မကဘူး အင်မော်တယ်ဂိုဏ်းရဲ့ ကျင့်စဥ်တွေကိုပါ သင်ယူနိုင်ဖို့ အခွင့်အရေး ရလိမ့်မယ်.. "
သူမက အိမ်မက်လှလှလေး ပေးပြီးနောက်...
" မြို့ပြင်က တောင်တန်းတွေပေါ်မှာ ဝိညာဥ်သားရဲတွေ ရှိပေမဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ သဘာဝ ရတနာတွေလည်း ရှိတယ်........."
ဝူချင်းရှင်းသည် ဘုရားကျောင်းမှ မထွက်ခွါရဲသော်လည်း သိုင်းကျွန်များကို အသုံးပြုပြီး စိတ်ဝိညာဥ်သစ်သီးများကို ရှာဖွေရန် စေခိုင်းနိုင်သေး၏ ။
သူတော်စင်မဟူသည့် ဝိသေသက အလွန်အသုံးဝင်သည်ဟု ဆိုနိုင်ပေသည် ။
အုပ်ချုပ်ရေးမှူလော့ဖြစ်စေ သိုင်းကျွန်များဖြစ်စေ သူမအား ရိုသေလေးစားစွာ ဆက်ဆံကြသည် ။
အသေးအဖွဲကိစ္စများကို ကိုင်တွယ်ဖြေရှင်းပြီးနောက်၊ သူတော်စင်ဝူချင်းရှင်းသည် လေနှင့်အတူ တစ်ဖန်ပျံတက်သွားပြီး တောင်ကုန်းထိပ်ရှိ သူမ၏ အိမ်သို့ ပျံသန်းသွားခဲ့သည် ။
ကျင့်ကြံရန် အချိန်နည်းသေးသည့်အတွက် ရသမျှ အချိန်အားလုံးကို ကျင့်ကြံသည့်နေရာတွင်သာ အသုံးချပေသည် ။
သို့သော်လည်း သူမ တောင်ထိပ်သို့ ရောက်သည်နှင့် စောင့်နေသော အနီရောင်တာအိုဝတ်ရုံ ဝတ်ဆင်ထားသူကို တွေ့လိုက်ရ၏ ။
" သူတော်စင်မလေး..ဂိုဏ်းရဲ့ အကြီးအကဲတွေ ဆုံးဖြတ်ထားတဲ့ အမိန့်ကို ကျုပ်လာပို့တာပါ.. "
ကျင့်ကြံသူ ချီယန် စကားပြောလိုက်သည်နှင့် ဝူချင်းရှင်း၏ တည်ငြိမ်အေးစက်သည့် အမူအရာမှာ ပျက်ယွင်းသွားတော့သည် ။
***