" ရွှီးးး..ဖြောင်းဖြောင်းဖြောင်... "
လက်ခုပ်သံများ ဆုံးလျှင် ဓားသမား ပုံပြောသူက ပုံပြောစင်မြင့်ရှိ စားပွဲပေါ်သို့ လက်ဖြင့် ရိုက်ချလိုက်ပြီး...
" ချောင်ပိုင်ဖူဟာ ထူးဆန်းတဲ့ မီးတောက်တစ်ခုကြောင့် လောင်ကျွမ်းပြီး မီရှူးတိုင် ဖြစ်လာတာပေါ့..တစ်ကိုယ်လုံး မီးဆွဲနေပေမဲ့ သူက အသံကျယ်ကျယ်နဲ့.. မင်းတို့အားလုံး ငါ့ရဲ့ လူသားအမွှေးတိုင် အနံ့ကို ရှုရှိုက်သင့်တယ်.. "
ပုရိတ်သတ်များက အာရုံစိုက်ပြီး နားထောင်နေကြစဥ် ရုတ်တရက် ထောင့်တစ်ခုတွင် ထိုင်နေသည့် ဆံပင်ကျိုးတို့ကျဲတဲ ဖြူနေသော လူတစ်ယောက်က ကျယ်လောင်စွာ အော်လိုက်၏ ။
" ပြောတာ ကောင်းတယ်.. ချောင်ပိုင်ဖူက စစ်မှန်တယ့် ယောကျ်ားတစ်ယောက်ပဲ.. "
ထိုအသံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သဖြင့် အားလုံးကြောင်အသွားကြသော်လည်း ခဏအကြာတွင် လက်ခုတ်သံများ ညံစီသွားသည် ။
ထိုလူက ကျေနပ်စွာ ပြုံးလိုက်၏ ။ ထိုလူမှာ တစ်ခြားလူမဟုတ် ချောင်မူသာ ဖြစ်လေသည် ။ ပုံပြင်နားထောင်နေကြသူများ၏ အမူအရာကို ကိုကြည့်ကာ ကျေနပ်ပီတိ ဂွမ်းဆီထိ ဖြစ်နေ၏ ။
သူ လောင်ကျွမ်းနေစဥ်က ကြည့်နေကြသူများ၏ မျက်နှာကို မမြင်ခဲ့ရ၍ စိတ်မချမ်းမသာဖြစ်နေသော်လည်း ယခုမူ ပျော်ရွှင်နေလေပြီ ။
ပုံပြောသူက ဆက်ပြောနေပြီး ဇာတ်လမ်းအထွတ်အထိပ်သို့ ရောက်သည့်အခိုက် လူဆိုးထိန်းများ အပြေးအလွှား ဝင်ရောက်လာကြ၏ ။
" ပုံပြောတဲ့ နေရာမှာ စိတ်ကူးယဥ်ဇာတ်လမ်းဆိုပေမဲ့ အမှန်တရား ပါသင့်တယ်.. ချောင်ပိုင်ဖူက ကြီးလေးတဲ့ ရာဇဝတ်မှု ကျူးလွန်ခဲ့လို့ သူတော်စင်မ ကိုယ်တိုင် အပြစ်ပေး မီးရှို့ခဲ့တာ.. ဘာလို့ အပြစ်သားရဲ့ မဟုတ်တမ်းတရားတွေကို ဝါဒ ဖြန့်နေတာလဲ.. "
လူဆိုးထိန်းခေါင်းဆောင်က အော်ဟစ်လိုက်လျှင် အစိမ်းရောင်ဓားသမား ကျန်းချန်က မကျေနပ်ဟန်ဖြင့် ဓားကို ကိုင်ကာ မတ်တပ်ရပ်လိုက်ပြီး အတွင်းအား အမြင့်ဆုံး အထိ ထုတ်လွှတ်လိုက်၏ ။ ထို့နောက် ပြတင်းပေါက်မှ ခုန်ထွက်ပြေးသွားသည် ။
" ဓားသမား ပုံပြောသူက အတွင်းအားရှိတဲ့ သိုင်းပညာရှင်လား.. "
လက်ဖက်ရည်သောက်နေကြသူများ အံ့သြသွားကြ၏ ။
" ဒီလူက သိုင်းပညာရှင် ပုံပြောသူ ဆိုတော့ ဒီရေနားစွင့်မျှော်စင် ကများ ဖြစ်နေမလား.. "
တစ်ယောက်က တိုးတိုးလေး ပြောလိုက်၏ ။
" လိုက်..လိုက်..."
လူဆိုးထိန်းများက ကျန်းချန်၏ နောက်သို့ လိုက်ဖမ်းကြတော့သည် ။
ချောင်မူက လူဆိုးထိန်းများကို မျက်မှောင်ကြုတ်ပြီး ကြည့်နေ၏ ။ လူဆိုးထိန်းများထဲတွင် သူ မြင်ဖူးသူ တစ်ယောက်မှ မပါပေ ။ လူဆိုးထိန်းခေါင်းဆောင်ကိုပင် သူလုံးဝ မသိ ။ သူ၏ မှတ်ညဏ်ဖြင့်ဆိုလျှင် လူဆိုးထိန်း အားလုံးနီးပါးကို မှတ်မိလေသည် ။
' လူဆိုးထိန်း အယောင်ဆောင်ထားတဲ့ လူတွေလား.. '
ချောင်မူက လက်ဖက်ရည်ဖိုး အမြန်ရှင်းပြီး ပြေးလိုက်သွားတော့သည် ။
အစိမ်းရောင်ဓားသမား ကျန်းချန်သည် သူနှင့် ရင်းနှီးသည်ဟုပင် ပြော၍ ရနေသဖြင့် အန္တရာယ် ကျရောက်နေသည်ကို ထိုင်ကြည့်မနေနိုင်ပေ ။
……….
ကျန်းချန်သည် အဆင့် ၉ သိုင်းပညာရှင်ဖြစ်ပြီး ကိုယ်ဖော့သိုင်း ကျွမ်းကျင်သူ ဖြစ်သည် ။
ပြတင်းပေါက်မှ ခုန်ထွက်လာပြီးနောက် ကိုယ်ဖော့သိုင်းကို အဆက်မပြတ် အသုံးပြုကာ နောက်မှ လိုက်ဖမ်းသူများကို အရင်လို ခါထုတ်နိုင်မည်ဟု ထင်ခဲ့သော်လည်း ယခုအခါတွင်မတော့ သူ၏ အထင်မှားနေ၏ ။ နောက်မှ လိုက်လာသူများမှာ တဖြည်းဖြည်း ပို၍နီးလာသည် ။
ဟဲရန်မြို့ရှိ သာမန် လူဆိုးထိန်းများမှာ သိုင်းပညာရှင် မဖြစ်ကြသေးဘဲ ခေါင်းဆောင်များပင်လျှင် အဆင့် ၉ သိုင်းပညာရှင်များသာဖြစ်၏ ။
ကျန်းချန်၏ ကိုယ်ဖော့သိုင်းဖြင့် ဆိုလျှင် သာမန် အဆင့် ၉ သိုင်းပညာရှင်များမှာ လိုက်မီရန် မဖြစ်နိုင်ချေ ။
သို့ရာတွင် ယခု လိုက်ဖမ်းနေကြသော လူဆိုးထိန်းများ အားလုံးမှာ သိုင်းပညာရှင်များ ဖြစ်နေပြီး ကိုယ်ဖော့သိုင်းမှာလည်း သူ့ထက် မနိမ့်ပေ ။ တချို့ဆိုလျှင် သူ့ထက်ပင် ပိုမြန်နေသေး၏ ။
' သွားပြီ.. ဒီတစ်ခါ ငါတော့ သွားပြီ.. '
ထိုအခိုက် သူပြေးနေသော လမ်းကြား၏ ထိပ်တွင် လူတစ်ယောက်ပေါ်လာသည် ။ ထိုသူက လူဆိုးထိန်း ခေါင်းဆောင်ပင် ။
ကျန်းချန်က ဆက်မပြေးဘဲ ရပ်တန့်လိုက်၏ ။
လူဆိုးထိန်းများ သူ့ကို ဝိုင်းရံထားလိုက်ကြသည် ။
" မင်းတို့ကြည့်ရတာ သာမန် လူဆိုးထိန်းတွေ ဟုတ်ပုံမရဘူး.. "
" အဲ့တာက အရေးမကြီးပါဘူး.. "
လူဆိုးထိန်းခေါင်းဆောင်က ပြုံးလိုက်ပြီး..
" ကျန်းချန်.. အသက် ၃၁ နှစ်.. သူက နန်ကျိုးပြည်နယ် ကျားမြို့မှာ မွေးတယ်.. သူ အသက် ၁၄ နှစ်မှာ ဒေသခံ ဓားဂိုဏ်း တောက်ပသောလဂိုဏ်းကို ဝင်ရောက်ခဲ့ပြီး အသက် ၂၀ မှာ ဂိုဏ်းတူ အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်.. "
" အသက် ၃၁ နှစ် အရွယ် မှာ သူ့ဇနီး နဲ့အတူ ယန်မြို့ကို ရောက်တုန်း ကုံးမိသားစုက သခင်လေးကုံးရဲ့ အရှက်ခွဲတာကို ခံရပြီးနောက်မှာ ပုံပြောသူ ဖြစ်လာခဲ့တယ်.. သူက သိုင်းပုံပြင်တွေ ထူးဆန်းတဲ့ဇာတ်လမ်းတွေကို ပြောရတာ မကြိုက်ဘဲ ချောင်မိသားစု ဇာတ်လမ်းတွေကိုပဲ သီးသန့်ပြောလေ့ရှိတယ်.. ဟဲဟဲ.. ငါပြောတာ မှန်တယ်မလား.. "
ကျန်းချန်၏ အမူအရာက အေးခဲနေ၏ ။ သူ့ကိုယ်သူ အရေးမပါဟု ယူဆ ထားသော်လည်း သူ၏ နောက်ခံကို ဤမျှအထိ သိနေခြင်းမှာ မယုံနိုင်စရာ ကောင်းလှသည် ။ သူ့ကို ဓားဖြင့် ခုတ်ရန် ကြိုးပမ်းနေခြင်းထက်ပင် ထိတ်လန့်စရာ ကောင်းနေ၏ ။
" ငါ မင်းကို မေးခွန်းတစ်ခုပဲ မေးမယ် .. မင်း ဖြေနိုင်ရင် အသက်ရှင်ခွင့်ရမယ်.. "
ခေါင်းဆောင်က ပြုံးလိုက်ပြီး....
" မင်း အရင်က ချောင်သားအဖ သုံးယောက်အကြောင်း ပြောခဲ့ပြီး ခု ဟဲရန်မြို့က ချောင်ပိုင်ဖူအကြောင်းကို ပြောနေတာဆိုတော့ ..ချောင်ပိုင်ဖူနဲ့ ယန်မြို့က ချောင်သားအဖ တွေနဲ့က ဆက်နွယ်နေတာလား.. သူတို့က မိသားစုတစ်ခုတည်းကလား.. "
ကျန်းချန် အနည်းငယ် အံ့အားသင့်သွား၏ ။ ဤလူများသည် ချောင်မိသားစုအကြောင်း စုံစမ်းနေသူများဖြစ်မှန်း သဘောပေါက်သွားလေသည် ။
" ကျုပ် မသိဘူး.. "
ကျန်းချန် အချိန်အတော်ကြာအောင် စဥ်းစားလိုက်သော်လည်း အဖြေမထုတ်နိုင်ခဲ့ပေ ။
" မသိဘူးလား.. ဒါ ကောင်းတဲ့ အဖြေတော့ မဟုတ်ဘူးနော်.. "
ခေါင်းဆောင်၏ အပြုံးက ရက်စက်တော့မည်ပုံ ပေါက်လာပြီး...
" မင်းမသိဘူးဆိုရင် ချောင်ပိုင်ဖူနဲ့ ချောင်သားအဖတွေအကြောင်းကို ဘာလို့ နှံ့နှံ့စပ်စပ် ပြောနိုင်နေတာလဲ.. ငါ့ကို လိမ်ဖို့ ကြိုးစားမနေနဲ့.. "
***