ကျန်းချန်သည် အသတ်ခံရတော့မည့် ခံစားချက်ကြောင့် အလိုလို တောင့်တင်းသွားသော်လည်း စကားပြောရန် သတ္တိများ စုဆောင်းထားဆဲ ဖြစ်သည် ။
" ချောင်မိသားစုက ကျုပ်ကို ကယ်တင်ခဲ့တာပါ.. အဲ့တာကြောင့် ကျုပ် ပုံပြောသူ ဖြစ်လာတာ.. "
" ဒါပေမဲ့ ကျုပ်က ချောင်မိသားစုရဲ့ ဖြောင့်မတ်မှုကို လူသိစေချင်ရုံပါပဲ.. သူတို့အကြောင်း ဇာတ်လမ်းဆင်ပြောပြီး ဂုဏ်သတင်းဖြန့်ပေးတဲ့သူ မဟုတ်ပါဘူး.. "
" ဖြောင့်မတ်တဲ့ လုပ်ရပ်ကို လုပ်နေသရွေ့ မျိုးရိုးနာမည် ချောင် ဒါမှမဟုတ် ချောင်မိသားစုဝင် ဖြစ်မဖြစ်က အရေးကြီးတာမှ မဟုတ်တာ.. "
လူဆိုးထိန်းများ အနည်းငယ် အံ့သြကုန်ကြ၏ ။
ကျန်းချန်က ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့်ရပ်လိုက်ပြီး လေးနက်သည့်ဟန်ဖြင့်...
" ကျုပ်က သူရဲကောင်းတွေအကြောင်းကို ပြောရတာကြိုက်တဲ့ ပုံပြောသူတစ်ယောက်လေ.. ချောင်မိသားစုက ကျုပ်နဲ့ ဘာမှ မဆိုင်ပါဘူး.. နာမည်ကြီး သူရဲကောင်းတွေရဲ့ မျိုးရိုးနာမည်က ချောင်ဖြစ်နေတာ တိုက်ဆိုင်မှုတစ်ခုပါ.. "
ထို့နောက် ခေါင်းဆောင်က သူ့ကို အချိန်အတော်ကြာသည်အထိ အမူအရာကင်းမဲ့စွာ စိုက်ကြည့်နေသဖြင့် ကျန်းချန် ကျောရိုးတစ်လျောက် အေးစိမ့်စိမ့်ခံစားလာရပြီး ကြက်သီးများထလာကာ ခေါင်းမွေးများ ထောင်လာ၏ ။
ခေါင်းဆောင်က ရုတ်တရက် ပြုံးလိုက်ပြီး...
" နောက်မေးခွန်း တစ်ခုမေးမယ်.. မှန်အောင်ဖြေနိုင်ရင် အသက်ရှင်ခွင့်ရမယ်.. "
" ဒီလောကမှာ အမှန်တရားကို ပြောရဲတဲ့ လှည့်လည်ပုံပြောသူ တကယ်ကို ရှားတယ်.. မင်း ဒီရေနားစွင့် မျှော်စင်မှာ ပါဝင်ပြီး အဖွဲ့ဝင်တစ်ယောက်ဖြစ်လာဖို့ ဆန္ဒရှိလား.. "
' ဒီရေနားစွင့် မျှော်စင်လား.. '
ကျန်းချန် ရှုပ်ထွေးသွားပြီး စဥ်းစားနေ၏ ။
" ဟုတ်တယ်.. မင်းက ၃၁ နှစ်ပေမဲ့ အဆင့် ၉ သိုင်းပညာရှင်ပဲ ရှိသေးတယ်.. ဂိုဏ်းငယ်လေးက ဆိုတော့ ဗဟုသုတ နည်းတာ ပုံမှန်ပါပဲ.. "
ခေါင်းဆောင်က ခပ်ပေါ့ပေါ့ ပြုံးလိိုက်ပြီး ...
" မျိုးနွယ်ခြား စစ်ပွဲ အပြီးမှာ သိုင်းသူတော်စင်က သူတစ်ယောက်ထဲနဲ့ သိုင်းလောက တစ်ခုလုံးကို အနိုင်ယူခဲ့တယ်.."
" ရှောင်လင် ..ဝူတန်..ကွန်တုံ.. ဟွာရှန်း.. အဓိက ထိပ်သီး မိသားစုကြီး လေးခု.. ရှေးဟောင်းဂိုဏ်းတွေနဲ့ သိုင်းလောကထိပ်သီးမိသားစုကြီးတွေက ခုဆို ဖုန်မှုန့်ပဲ ကျန်တော့တယ်.. "
" အဲ့ဒီနောက် သိုင်းလောက ရဲ့ ကြောက်စရာအကောင်းဆုံး ဝူကျိအသင်းရဲ့ ခေတ်ကို ရောက်လာတာပေါ့.. "
" ဒါပေမဲ့ ဝူကျိအသင်းက ဖျက်ဆီးတာကို မခံရတဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခု ဒီကမ္ဘာပေါ်မှ ရှိနေတုန်းပဲ.. "
" အဲ့တာ ငါတို့ ဒီရေနားစွင့်မျှော်စင်ပဲ.. ထူးဆန်းတဲ့ ဇာတ်လမ်းပြောသူနဲ့ ပုံပြောသူတွေရဲ့ စုဝေးရာ နေရာတစ်ခုပေါ့.. ဟီးဟီး..."
ခေါင်းဆောင်က ရယ်ပြီး ပြောလိုက်၏ ။
" ဒီရေနားစွင့် မျှော်စင် က ရှည်ကြာတဲ့ သမိုင်းကြောင်းရှိပြီးတော့ အနှစ်တစ်ထောင်ကျော် တည်မြဲလာတဲ့ အဖွဲ့အစည်းပဲ.. အရင်မင်းဆက်ထဲက ဆိုပါတော့.. "
" လွန်ခဲ့တဲ့ နှစ်ငါးဆယ်တုန်းက ငါတို့ အဖွဲ့အစည်းကနေ လူတစ်ယောက် မွေးထုတ်ပေးနိုင်ခဲ့တယ်.. သူ့ကို မင်းလည်း ကြားဖူးမှာပါ အရာအားလုံးသိသူ လို့ ကြေညာခဲ့တဲ့ လူလေ.. "
ကျန်းချန် ရင်တစ်ချက် ခုန်သွား၏ ။ အရာအားလုံသိသူ ဟူသည့် အမည်က သိုင်းလောက၏ ဒဏ္ဍာရီ တစ်ပုဒ်ဖြစ်သည် ။ ထိပ်တန်းလက်နက် စာရင်း ၊ သူရဲကောင်းစာရင်း နှင့် သိုင်းလောက၏ ထူးဆန်းသည့် အဖြစ်အပျက်များ၌ မပါမဖြစ် နာမည်တစ်ခုဖြစ်၏ ။
ကျန်းသည်သည် ဒီရေနားစွင့်မျှော်စင်၏ စွမ်းရည်ကို နားလည်လာခဲ့သည် ။ ရာစုနှစ်များအတွင်း မင်းဆက်များသည် ဒီရေကဲ့သို့ အတက်အကျရှိနေသော်လည်း ပုံပြောသူများက အဆောက်အဦး၏ ထိပ်တွင်ထိုင်ကာ ပုံပြောနေကြဆဲပင် ။
ခေါင်းဆောင်က ...
" ငါတို့ ဒီရေနားစွင့်မျှော်စင်မှာ အကြမ်းဖျဥ်းအားဖြင့် အုပ်စုနှစ်ခု ခွဲထားတယ်.. "
" တစ်ဖွဲ့က အမှန်တရားကို ဖြန့်ဝေဖို့ အန္တရာယ်ကြားထဲမှာ လှုပ်ရှားကြပြီး အာဏာပိုင်တွေ ဒါမှမဟုတ် ကျင့်ကြံသူတွေ လိုက်သတ်တာတောင် ခံရနိုင်တယ်.. "
" တခြားအဖွဲ့ကတော့ ထူးဆန်းတဲ့ဇာတ်လမ်းတွေနဲ့ အတင်းအဖျင်းတွေကို ပြောကြတယ် မှန်တာမမှန်တာတော့ ဂရုမစိုက်ကြဘူး.. "
" ဘယ်အဖွဲ့မှာ ပါချင်လဲ.. "
ကျန်းချန် အနည်းငယ် အံ့သြသွားပြန်သည် ။ အဆင့် ၉ သိုင်းပညာရှင်တစ်ယောက်အနေဖြင့် ရွေးချယ်ခွင့်ရှိမည်ဟု ထင်မထားပေ ။ သူ မေးလိုက်၏ ။
" ဒုတိယအမျိုးအစားက ဘယ်လိုမျိုးလဲ.. "
ခေါင်းဆောင်က နှုတ်ခမ်းတွန့်ရုံသာ ပြုံးလိုက်ပြီး...
" ဥပမာဆိုရင် .. ငါတို့ ဒီရေနားစွင့်မျှော်စင်မှာ ပါပါရာဇီ ဆိုတဲ့သူ ရှိတယ်.. သူဆိုရင် သိုင်းလောက အတင်းတွေကို ဇာတ်လမ်းလုပ်ပြောရတာကို သဘောကျတယ်.. "
" သိုင်းလောကရဲ့ အလှဆုံး မိန်းကလေးဆယ်ယောက်တို့.. တိုက်ပွဲအတွင်း ဂွပြဲကြသူများတို့.. ညဘက်မစွမ်းဆောင်နိုင်တော့သည့် လူကြီးလူကောင်းဓားသမားတို့ ..အဲ့လိုမျိုးတွေပေါ့.. "
ကျန်းချန်..."..."
သူသေချာ စဥ်းစားလိုက်ပြီး ဆုံးဖြတ်ချက်ချလိုက်တော့၏ ။
" ဒုတိယတစ်ခုက စိတ်ဝင်စားစရာတော့ကောင်းပေမဲ့ ပထမအဖွဲ့ထဲပဲ ဝင်တော့မယ်.. "
" အဆင်ပြေပါတယ်.. "
ခေါင်းဆောင်က ခေါင်းညိတ်လိုက်ပြီး...
" ခုကစပြီး မင်းက ငါတို့ ဒီရေနားစွင့်မျှော်စင်ရဲ့ အဖွဲ့ဝင်ဖြစ်သွားပြီ.. "
" ဒါပေမဲ့ ခု ငါ့မှာ အရေးကြီးကိစ္စရှိလို့ သူတို့နောက်ကနေ လိုက်သွားလိုက်ပါ.. "
ခေါင်းဆောင်က သူ့လူများကို ခေါ်ပြီး ကျန်းချန်ကို ခေါ်သွားရန် အမိန့်ပေးလိုက်၏ ။
ထို့နောက် သူက ပြုံးလိုက်ပြီး လမ်းကြားတစ်ခုဘက်သို့ ကြည့်ကာ အော်ပြောလိုက်၏ ။
" မိတ်ဆွေက ဝူကျိအသင်းက ရောင်းရင်းလား.. "
" ဝူကျိအသင်းရဲ့ လျှို့ဝှက် ကြယ်သံတမန်က ဝူချင်းရှင်းကို လိုက်ဖမ်းဖို့ အမိန့်ထုတ်ထားတာကို ဘာလို့ ကျုပ်နောက်လိုက်နေတာလဲ ..ရောင်းရင် လူမှားနေပြီထင်တယ်နော်.. "
အကွယ်တစ်ခုတွင် ပုန်းနေသော ချောင်မူက ထွက်လာခဲ့လိုက်၏ ။ ဤသို့သော လျှို့ဝှက်အဖွဲ့အစည်းများနှင့် ကြုံတွေ့ရခြင်းသည် သေမင်းကို ဖိတ်ခေါ်နေသည်နှင့်တူပေသည် ။ သို့ရာတွင် ထိုသေမင်းဆိုသည်က ချောင်မူလိုက်ရှာနေသည့်သူပင် ။
ချောင်မူက အေးဆေးနေသော အမူအရာဖြင့် ထွက်လာပြီး...
" ဝူချင်းရှင်းက ရွှမ်ထျန်းဂိုဏ်းရဲ့ သူတော်စင်မလေ ရင်ဆိုင်ရတာ မလွယ်ဘူး.. အဲ့တာကြောင့် သွားမရှာခင် လမ်းကြားထဲက ကြွက်လေးတွေကို အရင်ရိုက်ရင် ကောင်းမလားလို့ပါ.. "
ချောင်မူက ရှေ့သို့ တိုးလိုက်ပြီး တစ်ဘက်လူကို သေချာကြည့်လိုက်၏ ။ ထိုသို့ လျှို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်းမျိုးကို သူသဘောကျသည် ။ ဝူကျိအသင်းသည်လည်း သူ၏ ရန်သူဖြစ်သဖြင့် နှစ်ဖက်ရန်တိုက်ပေး၍ရလျှင် ပိုကောင်းပေမည် ။
သို့သော်လည်း ခေါင်းဆောင်က ချောင်မူ၏ တစ်ကိုယ်လုံးကို သေချာကြည့်လိုက်ပြီး ..
" သြော် မိတ်ဆွေက ဝူကျိအသင်းဝင် မဟုတ်ပေမဲ့ နီးစပ်နေတာပဲ.. "
ထို့နောက် ပြုံးလိုက်ကာ...
" ရောင်းရင်းက သိုင်းသူတော်စင်စိတ်ဝိညာဥ်ကျမ်းကို လေ့ကျင့်ထားတယ်ဆိုတော့ ဝူကျိအသင်းဝင် တဝက်လို့ ပြောလို့ရနေပြီ.. ဒီဒေသ တာဝန်ခံ လျှို့ဝှက်ကြယ်သံတမန်ကလည်း ရောင်းရင်းလို လူသစ်မျိုးကို ရှာနေတာ.. ခုသွားမယ်ဆိုရင် ဝူချင်းရှင်းကို အမဲလိုက်မယ့်ပွဲကိုတောင် မီနိုင်သေးတယ်.. "
" သိုင်းသူတော်စင်က မျိုးနွယ်ခြားတွေကို မုန်းသလို ရုံးတော်ကိုလည်း မကြိုက်ဘူး..သူ့တပည်က ကျင့်ကြံသူတွေရဲ့ ခွေးဖြစ်နေတာကို သူဘယ်ကျေနပ်နိုင်မလဲ.. "
" ဒါပေမဲ့ ဝူချင်းရှင်းက သိုင်းသူတော်စင်ရဲ့ တပည့်ဖြစ်ဖူးသလို အင်မော်တယ်ကျင့်စဥ်တွေကိုလဲ လေ့ကျင့်ထားတယ်.. သူ့ကိုသတ်ဖို့ ဆိုတာ လွယ်တာ မဟုတ်ဘူး.. "
" ရောင်းရင်းကို ကြည့်ရတာ အစွမ်းအစ ရှိမယ့်ပုံပဲ.. ရောင်းရင်းသာ ဝူချင်းရှင်းကို သတ်နိုင်ရင် အောင်မြင်မှုကြီးတစ်ခုလို့ သတ်မှတ်လို့ရနိုင်တယ် .. သိုင်းသူတော်စင်ရဲ့ မျက်နှာသာကိုတောင် ရနိုင်ချေရှိတယ်နော်.. "
***