ချောင်မူ ထိုအသံကို ကြားသောအခါ သူ့နှလုံးသားထဲတွင် အနည်းငယ် တုန်လှုပ်သွားမိသည် ။
သူ ပိုင်ဆိုင်ထားသော သိုင်းကျမ်းများသည် ထိပ်တန်းအဆင့်တွင် ရှိသော်လည်း အပြည့်အစုံ မဟုတ်ချေ ။ သိုင်းသူတော်စင်၏ စိတ်ဝိညာဥ်ကျမ်းသည် အဆင့်နိမ့်သိုင်းသမားများကို စိတ်ဝိညာဥ်အာရုံ ဖွံ့ဖြိုးစေနိုင်သော်လည်း အစစ်အမှန်အဆင့်၃ သို့ ရောက်သည်နှင့် ကွာခြား၏ ။ သူဆက်လက် တိုးတက်ချင်လျှင် ဝူကျိအသင်းဝင်ဖြစ်ခြင်းသည် အကောင်းဆုံးပင် ။
" ဝူကျိအသင်းရဲ့ လျှို့ဝှက်ကြယ်သံတမန်ကို ဘယ်မှာ ရှာရမှာလဲ.. "
ချောင်မူက ဖုံးကွယ်မနေတော့ဘဲ တည့်တည့်သာ မေးလိုက်တော့၏ ။
" ခင်ဗျားက သိုင်းသူတော်စင်စိတ်ဝိညာဥ်ကျမ်းကို လေ့ကျင့်ထားတာလေ.. ခင်ဗျားတို့ တစ်ယောက်နဲ့တစ်ယောက် အာရုံခံနိုင်နေတာကို ဘာလို့ ကျုပ်ကို လာမေးနေတာလဲ.. "
လူဆိုးထိန်းခေါင်းဆောင်က ပြုံးလိုက်ပြီး ကိုယ်ဖော့သိုင်းကို အသုံးပြုကာ လမ်းကြားထဲမှ ပျောက်ကွယ်သွားသည် ။
ချောင်မူက လိုက်ဖမ်းရန် ရည်ရွယ်ချက်မရှိ ။ ထိုသူ ပြောသွားသော စကားများထဲတွင် ဝူချင်းရှင်းအကြောင်းကို သိလိုက်ရ၏ ။
ယခု ဒီရေနားစွင့်မျှော်စင်ထက် ဝူချင်းရှင်း၏ ဘေးကင်းရေးကိုသာ သူ စိတ်ပူနေတော့သည် ။
' ဝူချင်းရှင်းကို အနိုင်ယူမယ့်သူက ငါပဲ ဖြစ်ရမယ်.. ဘယ်သူမှ လုလို့မရဘူးကွ.. '
သူက လမ်းကြားထဲမှ ထွက်လာပြီး မျက်လုံးမှိတ်ကာ သိုင်းသူတော်စင်စိတ်ဝိညာဥ်ကျမ်းကို အသုံးပြုလိုက်သည် ။
မရေမရာသော အာရုံခံစားမှုသည် ယခုအချိန်တွင် ပိုမို ပြတ်သားလာပြီး မြို့အနောက်ဘက်သို့ ညွှန်ပြနေ၏ ။ သူ့ကို အံ့အားသင့်သွား စေသည်မှာ ထိုနေရာ၌ သူခံစားမိသော ပုံရိပ်များမှာ တစ်ခုထဲ မဟုတ်ဘဲ အတော်များများ ရှိနေကြသည် ။
' အဲ့နေရာက စုံမှတ်ဖြစ်ရမယ်.. '
ချောင်မူ မျက်လုံးပြန်ဖွင့်လိုက်၏ ။
' သံတမန်က ဝူချင်းရှင်းကို လိုက်ဖမ်းဖို့ လူစုနေတာလား.. '
ဤအတွေးဖြင့် ချောင်မူသည် မြို့မြောက်ဘက်ရှိ ရွှမ်ထျန်းဘုရားကျောင်းရှိရာဘက်သို့ အာရုံခံကြည့်လိုက်သော်လည်း ထိုနေရာတွင် မည်သည်ကိုမှ အာရုံမခံနိုင်တော့ ။
ဝူချင်းရှင်းသည် ဘုရားကျောင်းမှ ထွက်သွားခြင်း ဖြစ်နိုင်ပေသည် ။
' ဟိုအတင်းတုတ်တဲ့ကောင်ပြောသလို ဆိုရင် ဝူချင်းရှင်းက ထွက်ပြေးနေတာလား.. ငါ သိုင်းသူတော်စင်စိတ်ဝိညာဥ် ကျမ်းစာကို ကြောက်ပြီး မသုံးမိတာ မှားတာပဲ.. မဟုတ်ရင် ငါအရင်ဆုံး သိရမှာ.. '
ချောင်မူက စိတ်အာရုံအတိုင်း မြို့အနောက်ဘက်သို့ ထွက်လာခဲ့၏ ။ လမ်းမပေါ်တွင် သွားနေစဥ် လမ်းသွားလမ်းလာများ၏ ဆွေးနွေးနေသော စကားဝိုင်းကို သူကြားလိုက်ရလေသည် ။
" သူတော်စင်မ သူတော်စင်ရာထူးကနေ အထုတ်ခံလိုက်ရတာ မင်းကြားပြီးပြီလား.. "
" ဘာလဲ အဆင့်ပိုမြင့်တဲ့ သူတော်စင်က ထုတ်လိုက်တာလား.. "
" ငါမင်းကို ပြောဖူးတယ်လေ.. ချောင်ပိုင်ဖူက လူဆိုးတစ်ယောက်လို့ မထင်ရပေမဲ့ ရွှမ်ထျန်းဘုရားကျောင်းဝင်ပေါက်မှာ သူတော်စင်မက မီးနဲ့ရှို့သတ်လိုက်တာကို.. "
" အဲ့ ချောင်ပိုင်ဖူက တကယ်ပဲ သူရဲကောင်းလား.. သူ့အကြောင်းကို ပုံပြောသူတစ်ယောက် ပြောနေတာ ငါကြားခဲ့သေးတယ်.. အဲ့ပုံပြောသူက မမှန်တာပြောလို့ဆိုပြီး လူဆိုးထိန်းတွေက လိုက်ဖမ်းနေတာရော.. "
" ငါအရင်ထဲက သိသားပဲ.. အဲ့လို စကားတွေ ပြောနိုင်တာက သူရဲကောင်းမှကွ.. "
" ဒီလောကကြီးမှာ သူရဲကောင်းတွေ ရှိသေးတာပဲ.. "
လူအများက ဆွေးနွေးနေကြပြီး အလျင်လိုနေသော ချောင်မူက သူတို့၏ ချီးကျူးစကားကို ရပ်တန့်ပြီး နားထောင်နေ၏ ။ လူထု၏ အမြင်ပြောင်းလဲသွားမည်ဟု သူထင်မထားပေ ။ သူ အနည်းငယ် စိတ်သက်သာရာ ရသွားသည် ။
သူ၏ အသက်သည် တန်ဖိုးမရှိ၍ နာကျင်မှုကို အတော်လေး သည်းခံနိုင်သော်လည်း တစ်ကိုယ်လုံး မီးတင်အရှို့ခံရသည်က ကောင်းမွန်သော အတွေ့အကြုံ မဟုတ်ခဲ့ပေ ။ သို့ရာတွင် လူထုအမြင်ပြောင်းလဲရခြင်း၏ အဓိက အကြောင်းရင်းကို သူစိတ်မသက်မသာ ဖြစ်မိလေသည် ။
ယခု အင်မော်တယ်များ၏ ကောင်းကြောင်းကို ပြောသူများ ပိုများလာ၏ ။
' အင်မော်တယ်ဂိတ်က တကယ်ပဲ ဝူချင်းရှင်းရဲ့ သူတော်စင်ဘွဲ့ကို ရုတ်သိမ်းလိုက်တာလား ..'
ချောင်မူက ဆက်သွားရန် ပြင်လိုက်သော်လည်း တစ်လှမ်းနှစ်လှမ်း လှမ်းပြီးနောက် နောက်ထပ် ဆွေးနွေးနေသည့် စကားများကို ကြားလိုက်ရပြန်၏ ။
" အင်မော်တယ်ဂိတ်က အင်မော်တယ်တွေက တကယ်ကို ညဏ်ပညာကြီးမားတာပဲ ..သူတို့ သူတော်စင်မက လူသတ်သမားချောင်မူကို မီးရှို့ သတ်မိတာတောင် ချက်ချင်း နှင်ထုတ်လိုက်တယ်နော်.. "
" အင်မော်တယ်တွေက တရားမျှတပြီး ညဏ်ပညာကြီးမားလိုက်တာ တကယ်ကို သေမျိုးတွေနဲ့ မတူဘူး.. "
ချောင်မူက နားထောင်နေရင် စိတ်ရှုပ်ထွေးသွား၏ ။ သူ ပြန်ငြင်းရန် ပါးစပ်ဟလိုက်မိသော်လည်း စိတ်ထိန်းကာ ထွက်လာခဲ့တော့သည် ။
…………….
ချောင်မူသည် သူ၏ စိတ်အာရုံအရ မြို့အနောက်ဘက်သို့ ရောက်လာခဲ့၏ ။ သူလမ်းတွင် အိမ်သို့ ခဏပြန်ပြီး ဝမ်စုန့်ဟဲပေးလိုက်သော ပိုက်ဆံအကုန်လုံးကို ယူဆောင်လာခဲ့သည် ။
မြို့အနောက်ဘက်တွင် တဖြည်းဖြည်း လျှောက်လာရင်း တည်းခိုခန်းတစ်ခုသို့ ရောက်လာခဲ့သည် ။
တည်းခိုခန်းတံခါးကို တင်းတင်းကြပ်ကြပ် ပိတ်ထားပြီး ဓားကိုင်ထားသော ခန္ဓာကိုယ်ကြီးကြီး လူအနည်းငယ်က စောင့်ကျပ်နေသဖြင့် ထူးဆန်းပုံ ပေါက်နေ၏ ။
ချောင်မူ အာရုံခံမိသည်က ဤတည်းခိုခန်းအတွင်းတွင် ဖြစ်သည် ။ သူခဏ စဥ်းစားပြီး တည်ခိုခန်းရှိရာသို့ လျှောက်သွားလျှင် အစောင့်များက တားလိုက်ကြသည် ။
" ဒီနေ့တည်းခိုခန်း ပိတ်ထားတာ ကန်းနေလား တခြားကိုသွား.. "
" ငါက မင်းတို့ ဆရာရဲ့ ဧည့်သည်ပါ.. "
လူထွားကြီးနှစ်ယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး သတိထားနေပုံရ၏ ။
" ကျုပ်တို့ ဆရာကို သိတယ်ဆိုရင် သူ့နာမည်ကို သိလား.. "
" ဒီမှာ ပြောလို့ရတယ်လား.. "
ချောင်မူက ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး လူသူကင်းရှင်းနေသည်ကို မြင်လျှင် တလုံးချင်း ပြောလိုက်လေသည် ။
" မင်းတို့ ဆရာက လျှို့ဝှက်ကြယ်သံ..."
ချောင်မူ ပြောလိုက်သည်ကို ကြားလျှင် ထိုသူနှစ်ယောက်က စကားပြောသည်ကို ရပ်တန့်ရန် မျက်လုံးဖြင့် အရူးအမူး အချက်ပြတော့သည် ။ ရွှမ်ထျန်းဂိုဏ်း အခြေစိုက်သည့်မြို့တွင် ဝူကျိအသင်းအကြောင်းကို အသံကျယ်ကျယ့်ဖြင့် ပြောရဲနေသည်လော ။ ဤလူသည် ကျားအသည်းကို စားလာလေသလား မသိ ။
ထိုအခိုက် အတွင်းမှ အသံတစ်ခု ထွက်ပေါ်လာ၏ ။
" သူ့ကို အထဲဝင်ခိုင်းလိုက်ပါ.. "
ဤအသံကို ကြားလျှင် လူထွားကြီးနှစ်ယောက်က တံခါးဖွင့်ပေးလိုက်၍ ချောင်မူ အထဲသို့ ဝင်လာခဲ့သည် ။
တည်းခိုခန်း၏ စားသောက်ခန်းမတွင် လူခုနှစ်ယောက် ရှစ်ယောက် ထိုင်နေသည်ကို သူသတိထားမိလိုက်သည် ။
တစ်ယောက်သည် သက်လက်ပိုင်းအရွယ် သန်မာသော လူဖြစ်ပြီး နောက်တစ်ယောက်သည် အဖြူရောင်ဝတ် ဓားသမားဖြစ်သည် ။ ထိုလူနှစ်ယောက်က သိုင်းသူတော်စင်စိတ်ဝိညာဥ်ကျမ်း လေ့ကျင့်ထားသည်မှာ ထင်ရှား၏ ။ ထိုလူနှစ်ယောက်က ချောင်မူ၏ အကြည့်ကို မြင်လျှင် အကြည့်လွှဲလိုက်ကြသည် ။
အဖြူရောင်ဝတ် ဓားသမားက ပြုံးလိုက်ပြီး...
" ရှစ်ယောက်မြောက်လူ ရောက်လာပြီး အဆင့် ၄ ထင်တာပဲ .."
" ကျုပ်သူ့ကို မမြင်ဘူးပေမဲ့ သိုင်းသူတော်စင်စိတ်ဝိညာဥ်ကျမ်းကို လေ့ကျင့်ထားတော့ သာမန်လူ ဟုတ်ပုံမရဘူး.. "
ဤစကားများ ပြောပြီးသည်နှင့် အခြားသူများ၏ ချောင်မူအပေါ် အကြည့်များသည် မသိမသာ ပြောင်းလဲသွားသည် ။
သိုင်းသူတော်စင်စိတ်ဝိညာဥ်ကျမ်း လေ့ကျင့်နိုင်သူများသည် ထူးချွန်သူများသာ ဖြစ်ပြီး အဆင့်၃ သို့ ရောက်နိုင်ချေရှိ၏ ။
ချောင်မူနှင့် တစ်စားပွဲတည်းတွင် အသက်ငါးဆယ်ခန့်ရှိပုံရသော ဓားသမားတစ်ဦး ထိုင်နေသည် ။ သူက အသိအမှတ်ပြုသည့်အနေဖြင့် ချောင်မူကို ခေါင်းညိတ်ပြလိုက်သည် ။
***