" အကို.. ခင်ဗျားလည်း ဝူကျိအသင်းဝင် မဟုတ်သလိုပဲ.. ကျုပ်လိုပဲ ကျင့်စဥ်အတွက်လာတာလား.. "
ဓားသမားက စကားစပြောလိုက်သည် ။ သူသည်လည်း အဆင့် ၄ သိုင်းပညာရှင် ဖြစ်သဖြင့် ချောင်မူ၏ ခွန်အားကို အထင်ကြီးသွားပြီး စကားစပြောရန် ဆုံးဖြတ်လိုက်၏ ။
" ဟုတ်ပါတယ်.. "
ချောင်မူက ရိုးသားစွာ ခေါင်းညိတ်လိုက်သည် ။
" ခင်ဗျားကို ကြည့်ရတာ အသက်၆၀ လောက်ထင်ရပေမဲ့ ခန္ဓာကိုယ်ကတော့ လူငယ်လေး ကြနေတာပဲ.. ထိပ်တန်းအတွင်းအားကျင့်စဥ်ကို လေ့ကျင့်ထားတာထင်တယ် .."
သိုင်းပညာရှင် တစ်ယောက်သည် သာမန်လူတစ်ယောက်ထက်အသက်များစွာ ပိုမရှည်ပေ ။
ချောင်မူသည် သက်ရှည်လက်သီးသုတ္တန်ကြောင့်သာ သန်မာနေခြင်းဖြစ်သော်လည်း ဓားသမား၏ အမြင်၌မူ အတွင်းအား ကောင်းလွန်းနေသောကြောင့်ဟု ထင်နေ၏ ။
" ကျုပ်လေ့ကျင့်တဲ့ သိုင်းပညာက ဝူကျိအသင်းကနေ ရထားတာပဲ.. ဒါပေမဲ့ ကံမကောင်းတာက တဝက်ထဲရှိတယ်.. "
ဓားသမားက အသံတိုးတိုးပြောလိုက်သည် ။
" စိတ်ဝိညာဥ်သန့်စင်ခြင်း အပိုင်းအတွက်က ဝူကျိအသင်းနဲ့ ဆက်သွယ်ရတော့မယ် .."
ချောင်မူ နားလည်သွား၏ ။ ဤဓားသမားသည်လည်း သူနှင့် အခြေအနေ အတူတူပင်ဖြစ်နေသည် ။
" ဝူကျိအသင်းက ဒါကို တမင်လုပ်ထားတာလို့ ထင်လား.. "
သူ တိုးတိုးလေး မေးလိုက်သည် ။
" ထိပ်တန်းကျင့်စဥ်တွေရဲ့ ပထမပိုင်းကို လွယ်လွယ်ရနိုင်ပေမဲ့ နောက်ဆက်တွဲ လိုချင်ရင် သူတို့အတွက် အလုပ်လုပ် ပေးရတော့မယ် .."
ဓားသမားက ခဏတာ တွန့်ဆုတ်နေပြီးမှ...
" ဘာပဲဖြစ်ဖြစ် ထိပ်တန်းသိုင်းပညာရပ်တွေကို လွယ်လွယ်နဲ့ ဖြန့်ဝေပေးတာက ဝူကျိအသင်းပဲ ရှိတာလေ.. ဟိုးအရင်ကဆိုရင် ဒါမျိုး အိမ်မက်ထဲတောင် မရဘူး.. "
ချောင်မူသည်လည်း ထိုသည်က ကျိုးကြောင်းဆီလျော်သည်ဟု လက်ခံသည် ။
' အဲ့တာကြောင့် ကုံးယန်က အဆုံးမဲ့သန့်စင်သောယန်ကျမ်းစာ ရှေ့ပိုင်းကို ရထားတာပေါ့.. '
ချောင်မူ တွေးလိုက်သည် ။ အတိတ်ကာလတွင် အဆုံးမဲ့ သန့်စင်သောယန် ကျင့်စဥ်ကို ဝူတန်ဂိုဏ်း၏ အဓိကဂိုဏ်းသားများသာ သင်ကြားခွင့် ရခဲ့၏ ။
သိုင်းသူတော်စင်၏ လုယူမှုကြောင့်သာ ထိပ်တန်းကျင့်စဥ်များကို အလွယ်တကူ ရရှိနိုင်ခြင်းဖြစ်သည် ။
ဓားသမားက သက်ပြင်းချပြီး ပြောလိုက်၏ ။
" အရင်တုန်းက အဆင့်မြင့်စွမ်းရည်တွေကို အဓိကဂိုဏ်းတွေက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားခဲ့တယ်..အရည်အချင်းအနည်းငယ်နိမ့်တဲ့ တပည့်တွေတောင် အဓိကကျင့်စဥ်တွေကို သင်မပေးဘူး.."
" ထိပ်တန်းကျင့်စဥ် တဝက်ရနိုင်တာပဲ လုံလောက်နေပါပြီ.. "
" ကမ္ဘာပေါ်က လူတိုင်းကို ထိပ်တန်းကျင့်စဥ်ပေးရင်တောင်မှ လူတိုင်းအောင်မြင်နိုင်မှာမှ မဟုတ်တာ.. "
" သိုင်းလမ်းစဥ် မှာ ဖြတ်လမ်းဆိုတာ မရှိဘူး ..ခင်ဗျားနဲ့ ကျုပ်လို အဆင့် ၄ ရောက်ဖို့ ဆိုတာ သွေးတွေ ချွေးတွေ ဇွဲလုံ့လ အပြည့်နဲ့ နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ပြီးမှ ရောက်လာခဲ့တာမလား.. "
" မှန်တာပေါ့ဗျာ.. ကျုပ်တို့ လျှောက်ခဲ့တယ့် လမ်းက လွယ်တာမှ မဟုတ်တာ .."
ချောင်မူက ခေါင်းတဆက်ဆက်ညိတ်၍ ထောက်ခံလိုက်သည် ။
ဓားသမားနှင့် ခဏတာ အလာပသလာပ ပြောပြီးနောက် သူစိတ်မရှည် ဖြစ်လာသဖြင့် ...
" ဝူချင်းရှင်းကို ရှာဖို့ ဘယ်တော့ သွားကြမှာလဲ.. "
အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသော ဓားသမားသည် အဖွဲ့ထဲတွင် ခေါင်းဆောင်ဖြစ်ပုံရပြီး ထိုအချိန်တွင် တုံ့ပြန်လိုက်သည် ။
" လျှို့ဝှက်ကြယ် သံတမန်ပေါ်လာပြီး နောက်နှစ်ယောက် အဆင်သင့်ဖြစ်ရင် သွားလို့ရပြီ... အထူးသဖြင့် နာမည်ကြီး အဆင့် ၄ သိုင်းပညာရှင် ဝိညာဥ်ချိတ်ရှူချန် ရောက်လာရင်ပေါ့.. "
" အဆင့် ၄ နဲ့ အဆင့်၅ သိုင်းပညာရှင် ဆယ်ယောက်နဲ့ဆိုရင် ဝူချင်းရှင်း ပြေးမလွတ်ပါဘူး.. "
' အဲ့တော့ စောင့်ရအုံးမှာပေါ့.. '
ချောင်မူ၏ မျက်ခုံးက တွန့်ကွေးသွား၏ ။
" ကျုပ်တို့ လူစာရင်းနဲ့ ဆိုရင် အုပ်ချုပ်ရေးမှူး လော့အိမ်တောင် ဓားပြဝင်တိုက်လို့ရတယ်.. ဘာလို့ စောင့်နေအုံးမှာလဲ.. "
" နောက်ထပ် ခေါင်းမာတဲ့သူ လာပြန်ပြီ.."
သိုင်းသူတော်စင်စိတ်ဝိညာဥ်ကျမ်း လေ့ကျင့်ထားသူ လူလတ်ပိုင်းက စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည် ။
" ဝူချင်းရှင်းက သိုင်းသူတော်စင်ရဲ့ တပည့်ဖြစ်ဖူရုံတင်မကဘူး အင်မော်တယ်ကျင့်စဥ်တွေကိုပါ လေ့ကျင့်ထားတာ သူဘယ်လိုလုပ်ပြီး အားနည်းမှာလဲ.. "
" အထူးသဖြင့် သူ ကျွမ်းကျင်တဲ့ အရိုးစားလီမီးတောက်ဆိုရင် ကျုပ်တို့ထဲက ဘယ်သူမှ ထိပ်တိုက် ရင်မဆိုင်နိုင်ဘူး ကိုယ်ဖော့သိုင်းနဲ့ ပတ်ပြေးရုံပဲ ရမယ်.. "
" သူက အဲ့လောက် အစွမ်းထက်လို့လား.. "
ချောင်မူ မယုံနိုင်ဖြစ်သွားသည် ။ သူ မီးအရှို့ခံရစဥ်က အဆင့် ၆ သာ ဖြစ်သော်လည်း ယခုအဆင့်၄ သို့ရောက်နေသဖြင့် ယှဥ်နိုင်မည်ဟု ထင်ထားခဲ့လေသည် ။
" ဘာမှ မသိတယ့်လူ.."
သက်လတ်ပိုင်းလူက ခေါင်းခါလိုက်ပြီး...
" လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဝူချင်းရှင်းကိုယ်တိုင် သိုင်းပညာရှင်တစ်ယောက်ကို ဘုရားကျောင်း အဝင်ဝမှာ လီမီးတောက်နဲ့ မီးရှို့သတ်ခဲ့တာ.. "
" သေသွားတဲ့ ချောင်ပိုင်ဖူက သာမန်လူ မဟုတ်ဘူးနော် စိတ်ဝိညာဥ်သန့်စင်ခြင်းအဆင့်ကို အောင်မြင်ထားတဲ့လူ .. ဒါပေမဲ့ လီမီးတောက်နဲ့တွေ့တော့ ဘာမှ ပြန်မလုပ်နိုင်လိုက်ဘူး.. "
" ဒါပဲလား.."
ချောင်မူ ဆွံ့အသွား၏ ။
" ခင်ဗျား ကြုံဖူးလို့လား.."
ထိုလူက ချောင်မူကို လှောင်ပြောင်လိုက်ပြီး...
" ချောင်ပိုင်ဖူမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ နောက်ခံရှိတယ်တဲ့.. သူက သာမန်သိုင်းပညာရှင်မဟုတ်ဘူး.. ဧကရာဇ်ကိုတောင် ဝေဖန်ပြီး ထောင်က ထွက်လာနိုင်တဲ့သူ.. သူ့နောက်ခံက သံမဏိထက်တောင် မာကျောသေးတယ် ..အဲ့လိုလူတောင် လီမီးတောက် သေရတယ်ဆိုရင် စဥ်းစားသာကြည့်တော့.. "
ချောင်မူ၏ ဆွံ့အနေပုံကို မြင်လျှင် ထိုသန်မာသော သက်လတ်ပိုင်းလူက ပျော်သွား၏ ။ သူ စကားဆက်ပြောရန်ပြင်လိုက်စဥ် မှုန်ဝါးဝါး အရိပ်တစ်ခုပေါ်လာပြီး အနက်ရောင်မျက်နှာဖုံး ဝတ်ဆင်ထားသူ ပေါ်လာသည် ။
" လေးစားအပ်ပါသော သံတမန်ကြီး.. "
လူတိုင်းက မတ်တပ်ရပ်ပြီး ဦးညွှတ်လိုက်ကြ၏ ။
" စောင့်စရာမလိုတော့ဘူး.. ဝူချင်းရှင်းက မြို့ကနေထွက်သွားပြီ .."
ကြယ်သံတမန်က တိုက်ရိုက်ပြောလိုက်ပြီး...
" ရှုချန်တို့သုံးယောက်က မြို့ပြင်မှာ ခြုံခိုတိုက်ခိုက်ဖို့ စောင့်နေကြပြီ.."
" နောက်ထပ် သုံးယောက်လား .."
အဖြူဝတ်ဓားသမားက လူတစ်ယောက်ပိုနေသဖြင့် အံ့သြသွား၏ ။
ကြယ်သံတမန်က ထူးဆန်းနေသော လေထုကို သတိထားမိသွားပြီး လူတိုင်းကို လိုက်ကြည့်ကာ သူ့အကြည့်က ချောင်မူထံသို့ ရောက်ရှိသွားသည် ။
" မင်း ဘယ်သူလဲ.. "
ကြယ်သံတမန်၏ အေးစက်သော အသံထွက်ပေါ်လာလျှင် လူတိုင်း နားလည်သွားကြပြီး လေထုတင်းမာလာ၏ ။
…………..
ချင်းမင် တောင်ခြေရှိ တာအိုကျောင်းငယ်လေးတွင်...
မျက်နှာပြည့်ဖောင်းနေသော တာအိုသီလရှင် လင်းလင်းက ချောင်စန်းရွှယ်ကို ခပ်တည်တည်ဖြင့် ခေါ်လိုက်သည် ။
" စန်းရွှယ် ..မကြာသေးခင်က အရေးကြီးသတင်းတစ်ခု ကြားလိုက်ရတယ်.. "
" မင်းရဲ ဇာတိမြို့.. ဟဲရန်မြို့မှာ ချောင် မျိုးရိုးနာမည်ရှိတဲ့ သိုင်းပညာရှင်တစ်ယောက် သေဆုံးသွားတယ်တဲ့.. "
သီလရှင် လင်းလင်းသည် ဤကမ္ဘာပေါ်ရှိ ချောင်စန်းရွှယ်၏ နောက်ခံအား သိသူ အနည်းငယ်ထဲတွင် ပါဝင်လေသည် ။
" အဲ့လူ နာမည်က ချောင်ပိုင်ဖူတဲ့.. မင်းသူ့ကို သိလား.. "
လင်းလင်းက စကားပြောပြီးနောက် ချောင်စန်းရွှယ်အား စိတ်လှုပ်ရှား မျှော်လင့်စွာဖြင့် ကြည့်နေ၏ ။ နောက်ထပ် အဆင့်သုံးဆင့်လောက် ထပ်တက်သွားသည်ကို သူမ မြင်ချင်ပေသည် ။
" တပည့်မသိဘူး.. "
ချောင်စန်းရွှယ်က သူမ၏ ဘယ်ဘက်မျက်လုံးကို ဖွင့်လိုက်လျှင် အဖြူရောင်မျက်သား အနည်းငယ်ပေါ်လာပြီး ရှေ့တွင်ရှိသော ကျောက်နံရံကို လက်ဖြင့် ထိကြည့်လိုက်၏ ။
သူမသည် လက်ကိုသုံး၍ စမ်းကြည့်သည်ဖြစ်စေ၊ လက်ချောင်းများဖြင့် ညင်သာစွာ တို့ထိ၍ အသံကို နားထောင်သည်ဖြစ်စေ၊ လေနှင့် အနီးကပ် မှုတ်ကြည့်သည်ဖြစ်စေ... အားလုံးက ဤသည်မှာ သာမန်ကျောက်နံရံတစ်ခုသာဖြစ်ကြောင်း ညွှန်ပြနေသည် ။
သို့သော်လည်း သူမ၏ မျက်လုံးထဲတွင် ဤနံရံ လုံးဝ မရှိပေ ။
သူမ ခေါင်းလှည့်ပြီး တာအိုသီလရှင် လင်းလင်းကို ကြည့်လိုက်လျှင် ဝဝတုတ်တုတ် လင်းလင်းကို မမြင်ရဘဲ ကျစ်စာမြီး ကျစ်ထားသည့် ပါးဖောင်းဖောင်း ချစ်စရာ ကလေးမလေးကိုသာ မြင်နေရ၏ ။
လင်းလင်းသည် ချောင်စန်းရွှယ်၏ လုပ်ရပ်များကို သတိပြုမိပြီး သူမ၏ရင်ထဲတွင် ထူးဆန်းသော မနာလိုမှုတစ်ခု ခံစားလိုက်ရသည် ။
' သူ့ရဲ့ မျက်လုံးတွေက သူ့ရဲ့ ထူးခြားတဲ့ ဝိညာဥ်အမြစ်ထက်တောင် ပိုအဆင့်မြင့်သေးတယ်.. ဒါ သာမန်လူတစ်ယောက်က ပိုင်ဆိုင်နိုင်တယ်ဆိုတာ ယုံနိုင်စရာကို မရှိဘူး... '