"ဒီမှာ ဒီဘက်ကို လာခဲ့ကြပါ"
လီဝမ်ရှီးသည် ခြေဖျားထောက်၍ သူတို့အား လက်ဝှေ့ယမ်းပြနေ၏။
သူမသည် သံမဏိချပ်ဝတ်ကို ဝတ်မထားဘဲ သူမ၏ သွယ်လျသော ကိုယ်လုံးလေးကို ပေါ်လွင်စေသည့် သားရေချပ်ဝတ်ကိုသာ ဝတ်ဆင်ထားသည်။
ဆံပင်များကို သေသေသပ်သပ် စည်းထားပြီး နက်မှောင်သော ဆံကေသာများမှာ သူမ၏ တက်ကြွမှုကို ဖော်ပြနေသယောင် ရှိ၏။
ရွှီရှင်းနှင့် ကျိချောင်းယန်တို့ နှစ်ယောက်သည် သစ်ပင်အိမ်အောက်သို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။
"ဝိုး... နင်တို့ရဲ့ စီးတော်ယာဉ်တွေက တကယ်ကို လန်းတာပဲ"
လီဝမ်ရှီးသည် ငွေရောင်ဘုရင်နှင့် မြင်းဖြူကြီးကို အားကျသည့် မျက်လုံးများဖြင့် ကြည့်နေမိသည်။
"နင့်မှာလည်း တစ်ကောင် ရှိတာပဲ မဟုတ်လား"
ရွှီရှင်းက ကျိချောင်းယန်နှင့်အတူ သားရဲကျောပေါ်မှ ဆင်းရင်း မေးလိုက်၏။
"ငါ့ရဲ့ နွားကတော့ ထုံထုံအအနဲ့ လန်းလည်း မလန်းပါဘူး" ဟု ပြောရင်း အမူအရာ ပြောင်းလိုက်ကာ ဝံပုလွေကျောပေါ်မှ ဆင်းလာသည့် ရွှီရှင်းထံသို့ သူမ၏ ညာဘက်လက်ကို ကမ်းပေးလိုက်သည်။
"တွေ့ရတာ ဝမ်းသာပါတယ်နော်၊ ကျွန်မကို စောင့်ရှောက်ပေးပါဦးနော်"
သူမ၏ စကားကြောင့် သူမကိုယ်တိုင်ပင် ရယ်မိသွားရှာသည်။
"မနေ့ညကတင် တွေ့ခဲ့ကြသလိုပဲ ခံစားရတယ်"
ရွှီရှင်းက လီဝမ်ရှီး၏ လက်ကို ဆွဲနှုတ်ရင်း နောက်ပြောင်လိုက်၏။
"နောက်ဆုံးတော့ နင့်ကို လူကိုယ်တိုင် ထိတွေ့ခွင့် ရပြီပေါ့။ အခုထိ အိပ်မက်လိုလိုပဲ"
လီဝမ်ရှီးသည် ရွှီရှင်း၏ လက်အား အသာအယာ ဆုပ်ကိုင်ထားသည်။
သူမသည် သူ၏ လက်မောင်းနှင့် မျက်နှာကိုပါ ထိတွေ့ကြည့်ချင်သော်လည်း မယဉ်ကျေးရာ ရောက်မည်စိုးသဖြင့် ထိန်းချုပ်လိုက်ရ၏။
သို့သော် ရွှီရှင်း၏ မျက်နှာကို ကြည့်နေခြင်းကိုမူ မရပ်တန့်နိုင်ပေ။
"ဒီနေ့ မုတ်ဆိတ်ရိတ်လာတာလား။ မုတ်ဆိတ်မွှေး မပါဘဲ မြင်ရတာ ဒါ ပထမဆုံးပဲ"
"နင်က မုတ်ဆိတ်နဲ့ ကြိုက်တာလား၊ မပါဘဲ ကြိုက်တာလား"
ရွှီရှင်းက ပြုံး၍ မေးလိုက်သည်။
ဗီဒီယိုဖုန်းဖြင့် ခဏခဏ တွေ့ဖူးသော်လည်း လူချင်း တွေ့ရသည်မှာ တစ်မျိုး ထူးခြားနေသည် မဟုတ်ပါလား။
ဤမျှ နီးကပ်စွာ ကြည့်လိုက်ရသောအခါ လီဝမ်ရှီး၏ ထူထဲသော မျက်တောင်လေးများ တုန်ခါနေသည်ကိုပါ သူ မြင်နေရသည်။
သူမ၏ အသားအရေမှာလည်း ဗီဒီယိုထဲတွင် မြင်ရသည်ထက် ပို၍ နုနယ်နေကာ ရေထွက်လာမတတ် စိုပြည်နေသဖြင့် အသာအယာ ဆွဲညှစ်ကြည့်ချင်စိတ်ပင် ပေါက်လာရ၏။
"ဒီအလှလေးက နေ့တိုင်း သတ္တုတူးနေတာတောင် အသားအရေက ဘာလို့ ဒီလောက် ကောင်းနေရတာလဲ။"
"နှစ်မျိုးလုံး ကြိုက်တာပေါ့။ ဟို... ဆိုလိုတာက နှစ်မျိုးလုံး ကြည့်ကောင်းတယ်လို့ ပြောတာပါ ဟဲဟဲ"
လီဝမ်ရှီးသည် ပျော်ရွှင်စွာ ရယ်မောလိုက်ရာ သူမ၏ မျက်လုံးလေးများမှာ လခြမ်းကွေးလေးများအလား ဖြစ်သွားပြီး ရွှီရှင်း၏ လက်ကိုလည်း မလွှတ်တမ်း ဆုပ်ကိုင်ထားတော့သည်။
"အင်း... မလာခင်မှာ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်လာတာ တကယ်ပဲ အလုပ်ဖြစ်သွားတာပဲ။"
ရွှီရှင်းသည် သူ၏ ရုပ်ရည်ကို ယုံကြည်မှု ရှိ၏။
အနည်းငယ် ပြင်ဆင်လိုက်ရုံဖြင့် တော်တော်လေး ကြည့်ကောင်းသွားသည် မဟုတ်ပါလား။
ရွှီရှင်း၏ အနောက်တွင် ရပ်နေသော ကျိချောင်းယန်မှာမူ လက်ပိုက်လျက် မြင်းဖြူကြီးကို မှီ၍ အားကိုးရာမဲ့စွာ ကြည့်နေတော့သည်။
"နင်တို့ နှစ်ယောက် ငါ့ကို မေ့နေကြပြီလား။ ငါ ဒီမှာ ရှိနေသေးတယ်လေ"
"အို... ဆောရီး"
လီဝမ်ရှီးသည် အနည်းငယ် ရှက်သွားဟန်ဖြင့် ရွှီရှင်း၏ လက်ကို လွှတ်လိုက်ပြီး ကျိချောင်းယန်အား လက်ပြလိုက်သည်။
"မင်္ဂလာပါ အစ်ကိုကြီးကျိ၊ ဟဲဟဲ"
သူမ၏ မျက်နှာတွင် ပျော်ရွှင်ရိပ်များ ရှိနေဆဲပင်။
"မျက်နှာလိုက်တာကတော့ တကယ် သိသာလွန်းတယ်ဟာ"
ကျိချောင်းယန်က ခေါင်းခါရင်း....
"ငါ့ကို အစ်ကိုကြီးကျိ လို့ ခေါ်မနေပါနဲ့၊ နာမည်အတိုင်းပဲ ခေါ်ပါ"
"အားလုံးက အဲဒီလို ခေါ်နေကြတာပဲကို၊ ငါလည်း လိုက်ခေါ်တာပေါ့။ ပြီးတော့ နင်က ငါ့ထက်လည်း အသက်ကြီးမှာ သေချာတယ် မဟုတ်လား"
လီဝမ်ရှီးသည် ကျိချောင်းယန်၏ အသက်ကို စိတ်ဝင်တစား မေးလိုက်၏။
သူ့ရုပ်က ဘာမှ ခန့်မှန်းလို့ မရအောင် ဖြစ်နေသည် မဟုတ်ပါလား။
တကယ်တော့ ရွှီရှင်းလည်း သူ့အသက်ကို သိချင်နေ၏။
အရင်တစ်ခါ အသက်တွေအကြောင်း ပြောကြတုန်းက ကျိချောင်းယန် ပျောက်နေချိန်မို့လို့ သူ ဘယ်နှနှစ်ရှိပြီလဲဆိုတာ အခုထိ မသိရသေးပေ။
ကြည့်ရတာတော့ တကယ့်ကို ငယ်ရွယ်တဲ့ပုံစံပင်။
အကယ်၍သာ ကျောင်းဝတ်စုံ ဝတ်ထားရင် အထက်တန်းကျောင်းသားလို့တောင် ထင်ရလောက်၏။
"ငါက နင်တို့ထက် ကြီးပါတယ်၊ ၂၇ နှစ် ရှိပြီ"
"ဟင်" လီဝမ်ရှီး မျက်လုံးပြူးသွားရ၏။
"လခွမ်း..."
ရွှီရှင်းတောင် မဆီမဆိုင် ဆဲသံ ထွက်မလို ဖြစ်သွားပြီးမှ ထိန်းလိုက်ရသည်။
"ငါက မင်းကို အသက်တူတူလောက်ပဲ ထင်နေတာ..."
ဒီလူ့ရုပ်ရည်က သူ့အသက်နဲ့ လုံးဝကို ဆန့်ကျင်ဘက်ပါပဲလား။
"ဟားဟား... နုပျိုနေတာကလည်း အမြဲတမ်းတော့ မကောင်းပါဘူးကွာ၊ ကမ္ဘာပေါ်မှာတုန်းက အရက်တို့၊ စီးကရက်တို့ ဝယ်ရင် အမြဲတမ်း အသက် မေးခံရတာ"
"ခင်ဗျား စီးကရက် သောက်တာလား"
ရွှီရှင်းမှာ သေသေသပ်သပ် နေတတ်တဲ့ ဒီလူက စီးကရက် သောက်နေမယ့် ပုံစံကို မြင်ယောင်ကြည့်လို့ မရချေ။
"မသောက်ပါဘူး၊ မင်းတို့ လုပ်ငန်းခွင် မဝင်ရသေးဘူး ထင်တယ်နော်။ စီးကရက်ဆိုတာက ကိုယ်တိုင် မသောက်ရင်တောင် ကားထဲမှာ နှစ်ဗူးလောက်တော့ အမြဲ ဆောင်ထားရတာကွ။ ဒါပေမဲ့ အခုတော့ မလိုတော့ပါဘူးလေ"
ကျိချောင်းယန်က အထက်တန်းကျောင်းသား ရုပ်လေးနဲ့ သူ့ရဲ့ လုပ်ငန်းခွင် အတွေ့အကြုံကို ပြောပြနေတော့သည်။
"ဝိုး... ရှင့်ရုပ်နဲ့ဆိုရင် လုပ်ငန်းခွင်က လူဟောင်းတစ်ယောက်လို့ ထင်ဖို့ တကယ် ခက်တာပဲ"
လီဝမ်ရှီးက သက်ပြင်းချရင်း ဆိုသည်။
"လူဟောင်းတော့ မဟုတ်ပါဘူး၊ လူသစ်ပါပဲ။ ၂၅ နှစ်မှ ကျောင်းပြီးတာဆိုတော့ နှစ်နှစ်လောက်ပဲ လုပ်လိုက်ရသေးတယ်၊ အဲဒီမှာတင် ဒီထူးဆန်းတဲ့ နေရာကို ရောက်လာတာပေါ့"
ကျိချောင်းယန်ကလည်း သက်ပြင်းချလိုက်၏။
"၂၅ နှစ်မှ ကျောင်းပြီးတယ်ဆိုတော့ မဟာဘွဲ့ ဖြစ်ရမယ်..."
ရွှီရှင်းမှာတော့ ဒီအဖွဲ့ထဲက လူတွေရဲ့ ပညာအရည်အချင်းက တကယ် မြင့်မားတာပဲလို့ ခံစားလိုက်ရသည်။
မကြာခင် တွေ့ရမယ့် ချီရွှယ်ဖေးကလည်း ဒေါက်တာဘွဲ့ရ ဆရာဝန်မ မဟုတ်လား။
သူကိုယ်တိုင်လည်း ကျောင်းပြီးထားသူ ဖြစ်သော်လည်း လီဝမ်ရှီးကတော့ အသက်အရ အခုမှ ဘွဲ့ကြိုကျောင်းသူပဲ ရှိလောက်၏။
"ဒီထူးခြားစွမ်းရည်တွေကို ပညာအရည်အချင်းအလိုက် ပေးတာများလားမသိဘူး၊ ဒီခေတ်မှာ ရှင်သန်ဖို့အတွက်တောင် ဘွဲ့လက်မှတ်တွေက အရေးပါနေတုန်းပဲလား။"
"အီးးး"
ခဲခဲလေးကလည်း ဝံပုလွေကျောပေါ်ကနေ အသံပြုလိုက်၏။
"အာ... ဒါ ခဲခဲလေးပဲ၊ ဟယ်လို နောက်ဆုံးတော့ တွေ့ရပြီပေါ့။ ငွေရောင်ဘုရင်လည်း ပါတာပဲ"
လီဝမ်ရှီးသည် ဝမ်းသာအားရ ရှေ့တိုးလာပြီး ခဲခဲလေးကို ချီလိုက်တော့သည်။
ခဲခဲလေးသည် လီဝမ်ရှီးကို ဗီဒီယိုထဲတွင် ခဏခဏ မြင်ဖူးသလို ရွှီရှင်းနှင့် ခင်မင်မှန်းလည်း သိသဖြင့် အချီခံလိုက်၏။
"ဝိုး... တကယ် ချစ်ဖို့ကောင်းတာပဲ။ ဗီဒီယိုထဲမှာ အမြဲ မြင်နေရတော့ အမြဲ ပွတ်ပေးချင်နေတာလေ"
လီဝမ်ရှီးက ခဲခဲလေးကို အသာအယာ ပွတ်ပေးရင်း နားရွက်ကလေးတွေကို ထိကာ အမြီးကြီးကိုလည်း ဖျစ်ညှစ်ကြည့်နေတော့သည်။
လီဝမ်ရှီး၏ ပွတ်သပ်ပုံက ရွှီရှင်းထက် ပို၍ သက်သောင့်သက်သာ ရှိပုံရသဖြင့် ခဲခဲလေးမှာ ချက်ချင်းပင် မျက်လုံးလေး မှေးစင်းကာ သာယာနေရှာသည်။
ရွှီရှင်းက ဇိမ်တွေ့နေတဲ့ ကောင်လေးကို ကြည့်ပြီး ရယ်ချင်သွားရ၏။
"ဒီကောင်လေးကလေ... နင်က ငါ့အပြင် ပထမဆုံး ကိုင်ခွင့်ရတဲ့ လူပဲ၊ တခြား ဘယ်သူ့ကိုမှ အထိမခံဘူး"
"ဟင်"
လီဝမ်ရှီးသည် ခဲခဲလေး၏ ဝမ်းဗိုက်ကို ပွတ်ပေးရင်း ရွှီရှင်းကို စူးစမ်းစွာ ကြည့်လိုက်သည်။
"နင် တခြားလူတွေနဲ့ တွေ့ဖူးလို့လား"
"အာ... ဟုတ်သားပဲ။ အဖွဲ့ထဲမှာ ငါ ပြောဖူးတယ် မဟုတ်လား၊ ငါ့အိမ်ရဲ့ မြောက်ဘက်မှာရှိတဲ့ နယ်မြေ ၁၈၇ က လူလေ"
"ဪ... အဲဒီလူကို ပြောတာလား"
လီဝမ်ရှီး သတိရသွားသည်။
"အင်း... အဲဒီတုန်းက သူ ခဲခဲလေးကို ကိုင်ချင်တာကို ဒီကောင်လေးက ဇွတ်ငြင်းခဲ့တာလေ။ နင့်ကိုတော့ အေးဆေး ပေးကိုင်လိမ့်မယ်လို့ ငါ မထင်ထားဘူး"
လုဖေးအာတောင်မှ ခဲခဲလေးကို မထိရသေးချေ။
ငွေရောင်ဘုရင်ကတော့ စာချုပ်ချုပ်ထားတဲ့ ဗီဇပြောင်းသတ္တဝါ အချင်းချင်းမို့လို့ သူမကို ပေးကိုင်၏။
ဒါပေမဲ့ ခဲခဲလေးကတော့ မတူချေ။
သူက မြေပုံမှာလည်း မပေါ်သလို၊ ဗီဇလည်း မပြောင်းသေးတဲ့ ကြားနေ သတ္တဝါလေး မဟုတ်လား။
သူက ရွှီရှင်းကို သဘောကျလို့သာ လိုက်နေတာဖြစ်ပြီး တခြား ဘယ်သူ့ကိုမှ ဂရုမစိုက်ပေ။
"ဟဲဟဲ... ငါနဲ့ ခဏခဏ ဗီဒီယို ပြောနေရလို့ ငါ့ကို ရင်းနှီးသွားတာ ဖြစ်မှာပါ၊ ဟုတ်တယ်မလား ကောင်လေးရာ"
လီဝမ်ရှီးက ခဲခဲလေး၏ ပါးဖောင်းဖောင်းလေးတွေကို ပွတ်ပေးလိုက်၏။
ခဲခဲလေးကလည်း အမြီးကြီးကို ယမ်းပြီး ပြန်ထူးလိုက်ရှာသည်။
ကျိချောင်းယန်ကတော့ ဘေးကနေ ကြည့်ပြီး ငြီးငွေ့နေချေပြီ။
"နင်တို့ နှစ်ယောက် ပြန်စနေကြပြန်ပြီလား။ ဒီမှာပဲ တစ်နေကုန် ရပ်နေကြတော့မှာလား"
"အာ"
လီဝမ်ရှီး သတိပြန်ဝင်လာပြီး ခဲခဲလေးကို ပွေ့ချီထားကာ..
"ဒါဆိုရင် အပေါ်တက်ပြီး ခဏလောက် ထိုင်ကြမလား"
"လောလောဆယ်တော့ မသွားသေးဘူး" ဟု ရွှီရှင်းက ဆိုသည်။
"ပတ်ဝန်းကျင်က ပြဿနာတွေကို အရင် ရှင်းပြီး ချီရွှယ်ဖေးဆီ သွားရဦးမှာ"
"ဪ... အင်းပါ။ ခဏလေး စောင့်ဦးနော်၊ ငါ အပေါ်တက်ပြီး နင်ပေးထားတဲ့ သံမဏိချပ်ဝတ်ကို သွားလဲလိုက်ဦးမယ်"
လီဝမ်ရှီးသည် ခဲခဲလေးကို ရွှီရှင်းထံ ပြန်ပေးပြီး အမြစ်တွေနဲ့ အိမ်ပေါ် တက်သွားတော့သည်။
"ဘာလို့ သံမဏိချပ်ဝတ်ကို တန်းဝတ်မလာတာလဲ မသိဘူး။ သားရေထက် အများကြီး ပိုကောင်းတာကို"
ရွှီရှင်းက ဇဝေဇဝါနဲ့ မေးလိုက်၏။
"ငါက သားရေချပ်ဝတ်ကို ပိုကြိုက်လို့ပေါ့ ဟွန့်"
လီဝမ်ရှီးက အိမ်ထဲကို ဆွဲတင်ခံရရင်း သူ့ကို မျက်စောင်းလှမ်းထိုးလိုက်သည်။
ရွှီရှင်းကတော့ ကြောင်တောင်တောင်နဲ့ ကျိချောင်းယန်ကို လှည့်မေးလိုက်၏။
"ဒါနဲ့... ခင်ဗျားတို့က ဘာလို့ သားရေချပ်ဝတ်ကိုပဲ ဒီလောက် ကြိုက်နေရတာလဲ"
ကျိချောင်းယန်က သူ့ကို တစ်ချက်ကြည့်ပြီး..
"ငါကတော့ ပုန်းလျှိုးကွယ်လျှိုး တိုက်ခိုက်ရတာ ကြိုက်လို့ ဝတ်တာပါ။ သူမကတော့ မတူလောက်ဘူး၊ သူမအတွက်တော့ သားရေချပ်ဝတ်က ပိုပြီး ပေါ့ပေါ့ပါးပါး ရှိသလို ဝတ်ရတာလည်း ပိုလှလို့ ဖြစ်မှာပေါ့"
သားရေချပ်ဝတ်က ကိုယ်လုံးနဲ့ ကပ်နေတာကြောင့် ခန္ဓာကိုယ် အလှကို ပေါ်လွင်စေကာ သံချပ်ဝတ်လိုမျိုး ဖောင်းကားမနေပေ။
"ဟင် တကယ်ပဲ အဲဒီလိုလား"
ရွှီရှင်းက မျက်တောင်ခတ်ရင်း...
"သူမက သံမဏိချပ်ဝတ်နဲ့လည်း လှတာပဲကို"
သံမဏိချပ်ဝတ်က သံချပ်ဝတ်ထက် အများကြီး ပေါ့ပါးသလို ကြည့်ရတာလည်း ပိုပြီး သက်သောင့်သက်သာ ရှိလှသည်။
"ဒါကို ငါ့ကို လာပြောမယ့်အစား သူမကိုပဲ တိုက်ရိုက် သွားပြောပါလားဟ"
ကျိချောင်းယန်က အားကိုးရာမဲ့စွာ ပြောလိုက်ပြီးနောက် လေသံကို ပြောင်းကာ လေးလေးနက်နက် မေးလာသည်။
"ဒါနဲ့... သူမ ပြောတဲ့ သံမဏိချပ်ဝတ်ဆိုတာ မင်း သံမဏိတုံးတွေနဲ့ လုပ်ထားတာလား။ အာနိသင်က ဘယ်လိုလဲ၊ အများကြီး ထုတ်လို့ ရနိုင်မလား"
ကျိချောင်းယန်သည် အလုပ်ကိစ္စပြောလျှင် အမြဲတမ်း တည်ငြိမ်လေးနက်သွားတတ်သည်။
"အများကြီး ထုတ်ဖို့ကတော့ ငါ့ဘက်မှာ ကုန်ကြမ်း ပြဿနာ မရှိပါဘူး။ အဓိကကတော့ သူမအပေါ်မှာ မူတည်တာပေါ့။ သူမဆီမှာ သံသတ္တုတွေ အများကြီး ရှိရင်တော့ အားလုံးအတွက် တစ်စုံစီ လုပ်ပေးလို့ ရပါတယ်။"
ရွှီရှင်းက လီဝမ်ရှီး၏ အိမ်ကို ညွှန်ပြရင်း...
"ခင်ဗျားတို့ကတော့ သံသတ္တု မတူးဖူးကြဘူး မဟုတ်လား"
"အင်း... ငါရတဲ့ သံတုံး အများစုက အရောင်းအဝယ်ကနေ ရတာပဲ"
"အဲဒီ ခင်ဗျားတို့ ဝယ်နေတဲ့ သံတုံး အများစုက သူမ ရောင်းထားတာတွေ ဖြစ်ဖို့ များတယ်"
ရွှီရှင်းက ကျောပိုးအိတ်ထဲက သံမဏိတုံး တစ်တုံးကို ထုတ်ပြီး ကျိချောင်းယန်ကို ပေးလိုက်သည်။
"ရော့... ဒါက သံမဏိတုံး၊ ငါ့ဆီမှာ တစ်တုံး ပါလာလို့ မင်းကို ပေးလိုက်မယ်။ အရင်ဆုံး ပုံစံထုတ်တဲ့စနစ် ကို ပွင့်အောင် လုပ်ထားလိုက်ဦး"
ကျိချောင်းယန်က သံမဏိတုံးကို လက်ခံပြီး သေသေချာချာ စစ်ဆေးလိုက်၏။
"ဒါက အပြာရောင်အဆင့်လေ၊ သံမဏိချပ်ဝတ်က သံချပ်ဝတ်ထက် ခွန်အားကို နှစ်ဆ ပိုမြှင့်ပေးနိုင်သလို၊ လှုပ်ရှားရင်လည်း အသံမထွက်ဘူး၊ ကာကွယ်နိုင်စွမ်းကလည်း ပိုမြင့်တယ်။ ပြီးတော့ အပြာရောင်အဆင့် သံမဏိတုံးဆိုတာ ငါတို့ တွေ့ဖူးတဲ့ အလယ်အလတ်အဆင့် ဗီဇပြောင်းသားရဲတွေဆီက ရတဲ့ ပစ္စည်းတွေနဲ့ တူတူပဲ၊ အဆင့်တူတဲ့ လက်နက်တွေထဲမှာ အကောင်းဆုံးကို လုပ်နိုင်တာပေါ့။ ခရမ်းရောင်အဆင့်ကလည်း ဒီသဘောပါပဲ"
ပြောပြောဆိုဆိုနဲ့ပဲ ရွှီရှင်းက သူ၏ လှံပုဆိန်ရှည်ကြီးကို ဆွဲထုတ်လိုက်၏။
"ဒါ... ဒါက ခရမ်းရောင်အဆင့် သံမဏိလက်နက်လား"
ကျိချောင်းယန်သည် ၃ မီတာလောက် ရှည်ပြီး ထက်မြက်လှတဲ့ လှံကြီးကို ကြည့်ကာ မျက်လုံးတွေ ဝိုင်းသွားရ၏။
"ဟုတ်တယ်၊ ခရမ်းရောင်အဆင့်မှာတော့ အသန်မာဆုံး လက်နက်ပဲ"
ရွှီရှင်းက အနားက အပင်တစ်ပင်ဆီ လျှောက်သွားပြီး လှံကို ဝှေ့ယမ်းလိုက်သည်။
"ဂျောက်"
သူ့ရဲ့ ယနေ့ရထားတဲ့ ထူးကဲတဲ့ ခွန်အားနဲ့ပေါင်းကာ အပင်ကြီးဟာ တစ်ချက်တည်းနဲ့တင် ပြတ်ကျသွားတော့သည်။
တစ်ပြိုင်နက်တည်းမှာပဲ ရွှီရှင်းဟာ လှံရိုးကနေတစ်ဆင့် နွေးထွေးတဲ့ စီးကြောင်းတစ်ခု သူ့ကိုယ်ထဲ စီးဝင်လာတာကို ခံစားလိုက်ရ၏။
"ဟင် ဒီလှံနဲ့ အပင်ခုတ်ရင် အပင်ရဲ့ အသက်ဓာတ်ကို စုပ်ယူနိုင်တာလား။"
"ဒီလက်နက်က တကယ်ကို အစွမ်းထက်တာပဲ"
ကျိချောင်းယန်က ရွှီရှင်းလက်ထဲက လှံကိုကြည့်ပြီး အံ့သြမဆုံး ဖြစ်နေတော့သည်။
"ဒါကို လုပ်ဖို့ ခရမ်းရောင်အဆင့် ကုန်ကြမ်း နှစ်စုံပဲ လိုတာပါ၊ မင်းလည်း လုပ်နိုင်မှာပါ။ ဗဟိုချက်ကို သုံးပြီးပြီလား"
"မသုံးရသေးဘူး။ အပြာရောင်နဲ့ ယှဉ်ရင် ခရမ်းရောင်အဆင့် လက်နက်တွေမှာ ဘာထူးခြားတဲ့ စွမ်းရည်တွေ ရှိသေးလဲ"
"ရှိတာပေါ့"
ရွှီရှင်းက ဒူးထောက်ထိုင်လိုက်ပြီး ပြတ်ကျသွားတဲ့ သစ်ပင်ပင်စည်ကို လှမ်းထိကြည့်လိုက်၏။
ထိုအပင်ဟာ အရွက်တွေ မရှိတော့ပေမဲ့ ဆောင်းမဝင်ခင်အထိ အသက်ရှင်နေဆဲ အပင်ဖြစ်၏။
ဒါပေမဲ့ ရွှီရှင်းရဲ့ လှံနဲ့ အခုတ်ခံရပြီးနောက်မှာတော့ အဲဒီအပင်ဟာ ချက်ချင်းဆိုသလို ညှိုးခြောက်သွားပြီး ကြွပ်ဆတ်သွားတော့သည်။
ရွှီရှင်းက လက်နဲ့ အသာလေး ဖဲ့လိုက်ရုံနဲ့တင် သစ်သားစကြီး တစ်ခု ပြုတ်ထွက်လာသော်လည်း ကုန်ကြမ်းရရှိကြောင်း အသိပေးချက်တော့ တက်မလာချေ။
လှံက အပင်ကို ခုတ်လှဲနိုင်သော်လည်း၊ အသက်ဓာတ် အစုပ်ခံလိုက်ရတဲ့ အပင်ဟာ အမှိုက်တစ်ခုလို ဖြစ်သွားပြီး သစ်သားကုန်ကြမ်းတောင် ပေးနိုင်စွမ်း မရှိတော့တာပင်။
"ဒီအပင်က ချက်ချင်းကြီး ညှိုးသွားတာလား"
ကျိချောင်းယန် အံ့သြတကြီး ရေရွတ်လိုက်မိသည်။
အဆင့်စာရင်းမှာ သူ့ထက် အမြဲသာနေတဲ့ ရွှီရှင်းကို လူကိုယ်တိုင် တွေ့ရတဲ့ ဒီနေ့မှာတော့ ကျိချောင်းယန်မှာ အကြိမ်ကြိမ် အံ့သြနေရတော့သည်။
"ဒါက ဒီခရမ်းရောင်အဆင့် လက်နက်ရဲ့ စွမ်းရည်ပဲလေ"
---
အခန်း ၂၂၇ ပြီး။
***