သူတို့ရှေ့က သွေးရောင်နွယ်ပင်ကြီးဟာ အရင် တိုက်ပွဲတွေမှာ ကြုံခဲ့ရတာတွေထက် အများကြီး ပိုပြီး ထူထဲလွန်းလှသည်။
အရင်က သူတို့ ရင်ဆိုင်ခဲ့ရတဲ့ သွေးရောင်နွယ်ပင်တွေဟာ အချင်း ၅ စင်တီမီတာ၊ ၆ စင်တီမီတာ ဝန်းကျင်လောက်ပဲ ရှိ၏။
၂ စင်တီမီတာ၊ ၃ စင်တီမီတာ ရှိတဲ့ နွယ်ပင်လေးတွေနဲ့ ယှဉ်ရင်တောင် တော်တော် ထူတယ်လို့ ပြောလို့ရ၏။
ဒါပေမဲ့ အခု သူတို့ရှေ့မှာ သွေးရောင်ဆူးတွေနဲ့ ပြည့်နေတဲ့ နွယ်ပင်ကြီးကတော့ အနည်းဆုံးအချင်း ၁၀ စင်တီမီတာလောက် ရှိနေချေပြီ။
အကယ်၍သာ ကွေးမနေဘူးဆိုရင် ဒါဟာ သစ်ပင်အငယ်စားလေး တစ်ပင်ရဲ့ ပင်စည်လို့တောင် ရွှီရှင်း ထင်မိလောက်၏။
ငွေရောင်ဘုရင်ကတော့ ထိုနွယ်ပင်ကို ကြည့်ပြီး သွားတွေကို ထုတ်ကာ ဟိန်းသံက ပိုကျယ်လာ၏။
သူ့ရဲ့ နီရဲနေတဲ့ မျက်လုံးတွေက နွယ်ပင်ကိုပဲ စိုက်ကြည့်နေပြီး ဘယ်အချိန်မဆို ခုန်အုပ်တိုက်ခိုက်တော့မယ့် ပုံစံမျိုးပင်။
"ရွှီရှင်း... ငွေရောင်ဘုရင် ဘာဖြစ်နေတာလဲ"
လီဝမ်ရှီးက စိုးရိမ်တကြီးနဲ့ လှမ်းအော်မေးလိုက်သည်။
"ငွေရောင်ဘုရင်... စိတ်မလောနဲ့ဦး"
ရွှီရှင်း လှည့်ကြည့်လိုက်တဲ့အခါ ငွေရောင်ဘုရင်ရဲ့ အခြေအနေဟာ ဒဏ်ရာရပြီး သောင်းကျန်းနေတဲ့ အလယ်အလတ်အဆင့် ဗီဇပြောင်းသားရဲတစ်ကောင်လို ဖြစ်နေတာကို တွေ့လိုက်ရသဖြင့် သူ လန့်သွားပြီး အမြန်သွားကာ ခေါင်းကို ပွတ်ပေးလိုက်ရ၏။
"အီးးး အီးးး"
ခဲခဲလေးကလည်း ဝံပုလွေခေါင်းပေါ် ခုန်တက်ပြီး လက်သည်းလေးနဲ့ ပုတ်ကာ စိတ်မလွတ်ဖို့ သတိပေးနေရှာသည်။
အဲဒီအခါကျမှပဲ ငွေရောင်ဘုရင်က သွားတွေကို ပြန်ရုပ်လိုက်တော့သည်။
"ဝု"
သူကိုယ်တိုင်လည်း ဘာလို့ ဒီလောက်အထိ စိတ်လှုပ်ရှားသွားရလဲဆိုတာ ဇဝေဇဝါ ဖြစ်နေတဲ့ ပုံပင်။
ငွေရောင်ဘုရင် ငြိမ်သွားတာ မြင်မှ ရွှီရှင်း သက်ပြင်းချနိုင်တော့သည်။
"ဒါက ဘာဖြစ်တာလဲ..."
လီဝမ်ရှီးက စိုးရိမ်တကြီး မေးလိုက်၏။
"အလယ်အလတ်အဆင့် ဗီဇပြောင်းသားရဲတွေရဲ့ စိတ်ခံစားချက်က သိပ်မတည်ငြိမ်ဘူးလေ၊ ဒီနွယ်ပင်က သူ့ရဲ့ တိုက်ခိုက်ချင်တဲ့ စိတ်ကို သွားပြီး လှုံ့ဆော်လိုက်တာ ထင်တယ်၊ ဟုတ်တယ်မလား"
ကျိချောင်းယန်က အနားကို လျှောက်လာရင်း မေးလိုက်သည်။
"အဲဒီလိုပဲ ဖြစ်မှာပါ"
ရွှီရှင်းက နွယ်ပင်ကို ပြန်ပြီး အကဲခတ်လိုက်၏။
"ဒါက ဘာလို့ ဒီလောက်အထိ ထူနေရတာလဲ"
ရွှီရှင်းက သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။
"သစ်ပင်အိမ် အဆင့်တက်ပြီးနောက်မှာ မြေအောက်က သတ္တဝါတွေလည်း ပိုသန်မာလာတာလား။ ပြီးတော့ ဒါက ငွေရောင်ဘုရင်ကိုတောင် ဘာလို့ ဒီလောက်အထိ စိတ်ကြွသွားအောင် လုပ်နိုင်ရတာလဲ"
ကျိချောင်းယန်က ရှေ့တိုးပြီး သွေးရောင်နွယ်ပင်ကို လေးလေးနက်နက် စစ်ဆေးလိုက်၏။
"မနေ့က ငါ အပြင်ထွက်တုန်းက ဒီလောက် ထူတဲ့ နွယ်ပင်မျိုး မတွေ့ခဲ့ရဘူး"
လီဝမ်ရှီးကလည်း ရွှီရှင်းရဲ့ အနောက်မှာ ကပ်ပြီး ကြောက်ကြောက်လန့်လန့်နဲ့ လှမ်းကြည့်နေရှာသည်။
"အရင်က သွေးရောင်နွယ်ပင်တွေထက် အများကြီး ပိုထူတာပဲ၊ တော်သေးတာက ဒီကောင်တွေ ဘေးကင်းနယ်မြေထဲအထိ လိုက်မလာနိုင်တာပဲ"
နွယ်ပင်ကြီးက ကြောက်စရာကောင်းလောက်အောင် ထူထဲနေပေမဲ့ ဘေးကင်းနယ်မြေထဲမှာ ရပ်နေတဲ့ ရွှီရှင်းကိုတော့ တိုက်ခိုက်လို့ မရချေ။
အဲဒီအစား သူ့ရဲ့ ပစ်မှတ်ကို မထိနိုင်တာကြောင့် တစ်နေရာတည်းမှာတင် ဝဲလည်နေပြီး မြေအောက်ကို ပြန်ဝင်ဖို့ ပြင်နေတော့သည်။
ပေါ်လာမှတော့ သူ့ကို ဒီအတိုင်း ပြန်လွှတ်ဖို့ စိတ်ကူးမရှိချေ။
ရွှီရှင်းက သူ့ရဲ့ လှံပုဆိန်ရှည်ကြီးကို ချက်ချင်း ဝှေ့ယမ်းလိုက်ပြီး သွေးရောင်နွယ်ပင်ရဲ့ အောက်ခြေကို ခုတ်လိုက်တော့သည်။
လှံက ၃ မီတာလောက် ရှည်ပြီး နွယ်ပင်ကလည်း နယ်မြေအစပ်မှာတင် ရှိနေတာကြောင့် ရွှီရှင်းက သူ့ကို လှမ်းခုတ်နိုင်ပေမဲ့ နွယ်ပင်ကတော့ သူ့ကို ပြန်မထိနိုင်ပေ။
"ဂျောက်"
ယနေ့ရထားတဲ့ ထူးကဲတဲ့ ခွန်အားနဲ့ပေါင်းကာ လှံက သွေးရောင်နွယ်ပင်ရဲ့ အောက်ခြေကို ဒိန်ခဲလှီးသလိုမျိုး အေးဆေးပဲ ဖြတ်သွားတော့သည်။
ပေါ့ပလာအပင်ကို ခုတ်တုန်းကထက် ပိုပြီး ပြင်းထန်တဲ့ နွေးထွေးတဲ့ စီးကြောင်းတစ်ခုဟာ လှံရိုးကနေတစ်ဆင့် သူ့ကိုယ်ထဲ စီးဝင်လာပြီး၊ ဝံပုလွေစီးလာလို့ နည်းနည်း ညောင်းညာနေတဲ့ သူ့ရဲ့ ခန္ဓာကိုယ်ကို ချက်ချင်းပင် အကောင်းဆုံး အခြေအနေ ရောက်အောင် ပြန်ဖြည့်ပေးလိုက်၏။
နွယ်ပင်ကြီးဟာ တောင့်တင်းသွားပြီး တောက်ပနေတဲ့ သွေးရောင်ဆူးတွေက အရောင်မှိန်သွားကာ သူတို့ဘက်ကို လဲကျလာတော့သည်။
သူတို့ သုံးယောက်လုံးက တိုက်ပွဲအတွေ့အကြုံ ရှိသူတွေပီပီ မတုန်လှုပ်ဘဲ လဲကျလာတဲ့ နွယ်ပင်ကို သွက်လက်စွာ ရှောင်လိုက်ကြ၏။
"ဝုန်း"
လေးလံထူထဲတဲ့ နွယ်ပင်ကြီး မြေပေါ်လဲကျသွားသံက အရွက်ခြောက်တွေကိုတောင် လွင့်စင်သွားစေသည်။
"အီးးး"
ခဲခဲလေးက နွယ်ပင်ကြီးနား ပြေးသွားပြီး ဧရာမ နွယ်ပင်ကြီးကို ဟိုကြည့်ဒီကြည့်နဲ့ လှည့်ပတ်ကြည့်နေကာ သူ့ရဲ့ လက်သည်းလေးနဲ့ တစ်ချက် ကုတ်ကြည့်လိုက်ရှာသည်။
ခဲခဲလေးရဲ့ လက်သည်းတွေက လူ့အရေပြားကိုတောင် စုတ်ပြတ်သွားအောင် လုပ်နိုင်တဲ့အထိ ထက်မြက်ပေမဲ့၊ ဒီနွယ်ပင်ရဲ့ အခွံကိုတော့ အစင်းရာလေး တစ်ချက်တောင် မထင်စေဘဲ အဖြူရောင် အမှတ်အသားလေးပဲ ကျန်စေခဲ့သည်။
ဒီနွယ်ပင်ရဲ့ ကာကွယ်နိုင်စွမ်းက အရင်ကထက် အများကြီး ပိုမြင့်လာတာ သေချာ၏။
တော်သေးတာက ရွှီရှင်းရဲ့ လက်နက်က အရင်ကထက် အများကြီး သာလွန်နေလို့သာ တိုက်ခိုက်ရတာ လွယ်ကူနေခြင်း ဖြစ်သည်။
[သွေးရောင်နွယ်ပင်ကို သတ်ဖြတ်နိုင်ခဲ့သဖြင့် ရမှတ် ၅၀ ရရှိပါသည်။]
အရင်က သွေးရောင်နွယ်ပင်တွေက ၁၅ မှတ်ပဲ ပေးတာပါ၊ အခုတော့ ၅၀ မှတ်တောင် ရတာပေါ့....။
"နင် တစ်ချက်တည်းနဲ့ ဖြတ်ပစ်လိုက်တာလား။"
လီဝမ်ရှီးက အံ့သြတကြီး အော်လိုက်၏။
"ဗီဇပြောင်းနွယ်ပင်တွေက ကိုင်တွယ်ရ လွယ်ပါတယ်၊ သူတို့ မြေအောက် ပြန်မဝင်ခင်မှာ အောက်ခြေကို အမိအရ ခုတ်လိုက်နိုင်ရင်တော့ သတ်ရတာ ခက်ခဲတဲ့အထဲ မပါပါဘူး" လို့ ရွှီရှင်းက လီဝမ်ရှီးကို ရှင်းပြလိုက်သည်။
"ဪ... အဲဒီလိုလား"
လီဝမ်ရှီး မြေပေါ်က နွယ်ပင်ကြီးကို သေသေချာချာ ကြည့်နေမိသည်။
သေသွားပြီဆိုပေမဲ့ အဲဒီနွယ်ပင်က တဆတ်ဆတ် တုန်နေတုန်းပါပဲ။
သူမက ကာကွယ်ရေးပွဲတုန်းက အိမ်ထဲဝင်လာတဲ့ ပုရွက်ဆိတ်တွေကိုပဲ သတ်ခဲ့ဖူးတာဖြစ်ပြီး နွယ်ပင်ကိုတော့ တစ်ခါမှ မသတ်ဖူးတာကြောင့် သူ့ရဲ့ အားနည်းချက်ကို မသိတာပင်။
"ဘယ်လိုလဲ... ဒီနွယ်ပင်က ဘယ်နှမှတ်ပေးလဲ"
ကျိချောင်းယန်က နွယ်ပင်ကို အနီးကပ် ကြည့်ဖို့ ဒူးထောက်ထိုင်လိုက်ရင်း ခေါင်းမဖော်ဘဲ မေးလိုက်သည်။
"အမှတ် ၅၀ ၊ ကံကောင်းတာက အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါအဆင့်အထိတော့ ရောက်မသွားသေးတာပဲ"
အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါဆိုလျှင် အမှတ် ၁၀၀ ရတာဆိုတော့ ဒီနွယ်ပင်က အဲဒီအဆင့်အထိတော့ မဟုတ်သေးချေ။
ဒါပေမဲ့လည်း လျှော့တွက်လို့တော့ မရပေ၊ ဘာလို့လဲဆိုတော့ အလယ်အလတ်အဆင့် သားရဲတွေက တစ်ကောင်တည်း လာတတ်ပေမဲ့၊ ဒီနွယ်ပင်တွေကတော့ အုပ်လိုက် ပေါ်လာတတ်လို့ပင်။
ငွေရောင်ဘုရင်ကို စီးပြီး အပြင်ထွက်ပြေးမယ်ဆိုလျှင် ဒါမျိုးတွေ ရာနဲ့ချီ ပေါ်လာရင်တော့ မလွယ်လောက်ပေ။
တကယ်လို့ အရင်လို ကာကွယ်ရေးပွဲမျိုး ထပ်ဖြစ်လို့ ဒီနွယ်ပင်တွေသာ ဝိုင်းလာမယ်ဆိုရင်တော့ မတွေးရဲစရာပင်။
အဲဒီအချိန်ကျရင် သူတို့က အလယ်အလတ်အဆင့် သတ္တဝါတွေသာ ဖြစ်နေမယ်ဆိုရင်တော့ တကယ်ကို ဒုက္ခရောက်ကုန်ကြပေမည်။
"ဒါဆိုရင်တော့ တော်သေးတာပေါ့။ ကြည့်ရတာ ဒီနွယ်ပင်တွေက ကြီးလာတာကလွဲလို့ ကျန်တာတော့ သိပ်မပြောင်းလဲသေးဘူး၊ အဆင့်လည်း တက်မလာသေးဘူးပေါ့။ ဒါက ရမှတ်တွေ ရှာဖို့အတွက်တော့ နည်းလမ်းကောင်းတစ်ခုပဲ။ အမှတ်ဆိုင်မှာ အပြာရောင်အဆင့် မြေဩဇာတွေ ရှိနေတာလေ၊ လူတော်တော်များများက မြေဆီလွှာကောင်းကိုတောင် မမြင်ဖူးကြသေးဘူး မဟုတ်လား"
ကျိချောင်းယန်က မေးစေ့ကို ပွတ်ရင်း စဉ်းစားခန်း ဝင်နေကာ မတ်တပ်ထရပ်လိုက်ပါတော့သည်။
---
အခန်း ၂၂၉ ပြီး။
***