ရွှီရှင်းသည် အရိုးဓားနှင့် သစ်သားပုံးတစ်ပုံးကို ထုတ်လိုက်ပြီး ထိုထူထဲလှသော သွေးရောင်ဆူးနွယ်ပင်၏ အစေးများကို စုဆောင်းရန် ပြင်လိုက်သည်။
"ငါ ကူညီပေးမယ်"
လီဝမ်ရှီးက သူ့ကို ကူညီရန် နွယ်ပင်ကို မ ပေးလိုက်၏။
သွေးရောင်ဆူးနွယ်ပင်တွင် ဆူးများစွာ ရှိသော်လည်း ဆူးတစ်ခုနှင့်တစ်ခုကြား အကွာအဝေးမှာ တော်တော်လေး ကျယ်သဖြင့် သတိထားကိုင်တွယ်လျှင်တော့ အဆင်ပြေသည်။
ရွှီရှင်းက နွယ်ပင်ကို တစ်ချက်တည်းနှင့် လှီးဖြတ်လိုက်ရာ၊ ဖြတ်လိုက်သည့်နေရာမှ နို့နှစ်ရောင် ပျစ်ချွဲချွဲ အရည်များ စီးကျလာမှ သူ သက်ပြင်းချလိုက်၏။
ခရမ်းရောင်အဆင့် သံမဏိလှံနဲ့ တိုက်ခိုက်ခံရပြီးနောက် နွယ်ပင်ရဲ့ အသက်ဓာတ်တွေ အကုန်စုပ်ယူခံလိုက်ရလို့ သစ်သားတွေလိုမျိုး အသုံးမပြုနိုင်တဲ့ ပစ္စည်းတွေ ဖြစ်သွားမှာကို သူ စိုးရိမ်နေခဲ့ခြင်းပင်။
ကံကောင်းတာကတော့ ဒီလှံဟာ သစ်ပင်ခုတ်ဖို့ မသင့်တော်ပေမဲ့၊ သတ်လိုက်တဲ့ မိစ္ဆာကောင်တွေဆီက ကုန်ကြမ်းစုဆောင်းတဲ့နေရာမှာတော့ ဘာမှ အနှောင့်အယှက် မဖြစ်ချေ။
ဒီသွေးရောင်ဆူးနွယ်ပင် တစ်ပင်တည်းက ရတဲ့ အစေးပမာဏဟာ အရင်က နွယ်ပင် လေးငါးပင်စာနဲ့ ညီမျှနေ၏။
"ဒီအစေးက သံမဏိမီးနဲ့ အဂ္ဂိရတ် အထွေထွေကုန်ကြမ်းတွေလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတစ်ခုပဲ။ နင်တို့ အချိန်ရရင် ငါ့အတွက် နည်းနည်းလောက် စုပေးကြဦး" လို့ ရွှီရှင်းက အစေးတွေ ကုန်သွားလို့ ပေါ့သွားတဲ့ နွယ်ပင်ကို မြေပေါ် ပစ်ချရင်း သူတို့နှစ်ယောက်ကို ပြောလိုက်သည်။
ကျိချောင်းယန်က....
"ငါ့သစ်ပင်အိမ်မှာလည်း အများကြီး ရှိသေးတယ်။ ငါ့လက်ထဲမှာတော့ ဒါကို ယမ်းလုပ်ဖို့ပဲ သုံးတာ၊ အဲဒါကလည်း ငါ့ဆီမှာ အများကြီး ရှိနေပြီ။ သစ်ပင်အိမ် ပြန်ရောက်ရင် မင်းနဲ့ လဲလိုက်ကြတာပေါ့" ဟု ဆိုသည်။
" ငါ့ဆီမှာတော့ ဘာမှ မရှိဘူး... ပြီးတော့ ငါက ဒါမျိုးတွေကို နိုင်မှာလည်း မဟုတ်ဘူး..."
လီဝမ်ရှီးက အားနာသလို ခေါင်းလေးငုံ့ပြီး ပြောရှာသည်။
သူမမှာ တိုက်ခိုက်ရေး အသိပညာဆိုလို့ ဘာမှ မရှိချေ။
သူမရဲ့ ကောင်းမွန်တဲ့ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုကို သုံးပြီး သာမန်သားရဲတွေကို သတ်တာ ဒါမှမဟုတ် ဗီဇပြောင်းသတ္တဝါတွေရဲ့ တိုက်ခိုက်မှုကို ရှောင်တာမျိုး လုပ်နိုင်ပေမဲ့၊ သူတို့ကို အသေသတ်ဖို့ ရင်ဆိုင်ဖို့ကျတော့ သူမမှာ ယုံကြည်မှု မရှိပေ။
"နင်က အနီးကပ် တိုက်ခိုက်စရာ မလိုပါဘူး၊ ပေါက်ကွဲစေတတ်တဲ့ မြှားတွေကို သုံးလေ၊ သူ့ရဲ့ အောက်ခြေကို ပစ်ခွဲလိုက်ရုံပဲ"
ရွှီရှင်းက လီဝမ်ရှီးကို မြှားပစ်တဲ့ ပုံစံမျိုး လက်ဟန်ပြလိုက်သည်။
"ပေါက်ကွဲစေတဲ့ မြှားတွေ ဟုတ်လား။ ဟုတ်သားပဲ။ ဒါပေမဲ့ ဒီနွယ်ပင်က ဒီလောက် ထူနေတာကို ပစ်ခွဲလို့ ရပါ့မလား"
လီဝမ်ရှီးက မြေပေါ်က နွယ်ပင်ကို ကြည့်ရင်း မေးလိုက်၏။
"ဒါဆိုရင် နောက်တစ်ခါ ထပ်စမ်းကြည့်ကြတာပေါ့"
ပြောပြောဆိုဆိုနဲ့ပဲ ရွှီရှင်းက ဘေးကင်းနယ်မြေ အစွန်အဖျားကို ခြေတစ်လှမ်း ပြန်လှမ်းလိုက်ပြီး ချက်ချင်း ပြန်ရုပ်လိုက်သည်။
ခဏချင်းမှာပဲ မြေကြီးက ထပ်မံ အက်ကွဲသွားပြီး၊ ဒီတစ်ခါမှာတော့ ထက်မြက်ပြီး ထူထဲတဲ့ သွေးရောင်နွယ်ပင် သုံးခုက ဝုန်းခနဲ ထွက်လာကာ ရွှီရှင်းကို အရှိန်နဲ့ တိုက်ခိုက်တော့သည်။
"အီးးး"
ခဲခဲလေးက ကြောက်လန့်တကြားနဲ့ ရွှီရှင်းရဲ့ ခြေထောက်နောက်မှာ ပုန်းလိုက်ပြီး၊ နွယ်ပင် သုံးခုကို သွားလေးတွေ ထုတ်ကာ လက်သည်းလေးတွေနဲ့ ခြိမ်းခြောက်နေရှာသည်။
ရွှီရှင်း ကြည့်နေတုန်းမှာပဲ ဒီနွယ်ပင် သုံးခုဟာ ဘေးကင်းနယ်မြေရဲ့ နယ်နိမိတ်ကို ကျော်ဖြတ်ပြီး သူတို့ဆီကို အံ့သြစရာကောင်းလောက်အောင် ဝင်ရောက် တိုက်ခိုက်လာ၏။
သူ လန့်သွားပြီး လီဝမ်ရှီးကို ရှောင်ဖို့အတွက် အမြန် ဆွဲလိုက်ရ၏။
ဒါပေမဲ့ နွယ်ပင်တွေက အဝေးကြီးအထိ ဝင်မလာပါချေ။
ခဏလေးပဲ ဝင်လာကာ သူတို့ကိုယ်ပေါ်က သွေးရောင်အစင်းကြောင်းတွေက ပိုပြီး တောက်ပလာပြီး ချက်ချင်းပဲ နောက်ပြန်ဆုတ်သွားတော့သည်။
ဘေးကင်းနယ်မြေ အပြင်ဘက်မှာတင် ရပ်သွားပြီး၊ ထက်မြက်တဲ့ ထိပ်ဖျား သုံးခုက ရွှီရှင်းတို့ အုပ်စုဆီကို တည့်တည့် ချိန်ရွယ်ကာ တဝဲလည်လည် လုပ်နေတော့သည်။
"နင်တို့... ခုနက မြင်လိုက်ကြလား"
ရွှီရှင်း မျက်မှောင်ကြုတ်လိုက်မိသည်။
"ဒီကောင်တွေ ဘေးကင်းနယ်မြေထဲကို ဝင်လာတာလား"
ဒီသွေးရောင်နွယ်ပင်တွေက အချင်း ၅ စင်တီမီတာ၊ ၆ စင်တီမီတာလောက်ပဲ ရှိပြီး အစကတော့ သွေးရောင်ဆူးနွယ်ပင်တွေလို သေးသွယ်နေတာပင်။
ဒါပေမဲ့ အခုတော့ ကာကွယ်ရေးပွဲတုန်းကလိုမျိုး ထူထဲနေပြီး၊ ကိုယ်ပေါ်မှာ တောက်ပတဲ့ သွေးရောင်အစင်းကြောင်းတွေ ရစ်ပတ်နေကာ၊ ထိပ်ဖျားတွေကလည်း အသစ်စက်စက် သွေးထားတဲ့ ဓားမြှောင်တွေလို တကယ်ကို ထက်မြက်နေ၏။
"နည်းနည်းပဲ ဆိုပေမဲ့ သူတို့ တကယ် ဝင်လာတာဟ..."
ကျိချောင်းယန်ရဲ့ မျက်နှာက လေးနက်သွားသည်။
"ဒါက ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး"
"ငါလည်း မြင်တယ်"
လီဝမ်ရှီးက အပြင်က နွယ်ပင်တွေကို မျက်လုံးပြူးကြည့်ရင်း အော်လိုက်၏။
အခုတော့ သူမလည်း အပြင်ထွက်ဖို့ မဝံ့ရဲတော့ချေ။
"သူတို့ ဝင်လာတဲ့ အချိန်မှာ သွေးရောင်အစင်းကြောင်းတွေက ပိုပြီး... တောက်ပလာသလိုပဲ။ လင်းနေတာလားမသိဘူး။ အဲဒါ... အဲဒါ ကာကွယ်ရေးပွဲတုန်းက နွယ်ပင်တွေနဲ့ အတူတူပဲ"
"တစ်ခုခုက သူတို့ကို အားဖြည့်ပေးလိုက်တာလား။"
"မင်း မနေ့က ဒီလောက် ထူတဲ့ နွယ်ပင်မျိုး မတွေ့ခဲ့ဘူးလို့ ပြောတယ် မဟုတ်လား"
ရွှီရှင်းက ကျိချောင်းယန်ရဲ့ စကားကို ပြန်သတိရပြီး မေးလိုက်သည်။
"ဟုတ်တယ်၊ မနေ့က ငါ ကာကွယ်ရေးနယ်မြေ ပတ်ပတ်လည်ကို အကုန် စူးစမ်းခဲ့တာလေ။ အရှေ့၊ အနောက်၊မြောက်၊ တောင်၊ ဆိုတဲ့ အရပ်လေးမျက်နှာမှာပဲ ကာကွယ်ရေးနယ်မြေချင်း ဆက်တာရှိပြီး ကျန်တဲ့ဘက်တွေက အန္တရာယ်နယ်မြေတွေပဲ။"
ကျိချောင်းယန်က လေသံတိုးတိုးနဲ့ ရှင်းပြသည်။
"ငါလည်း မင်းလုပ်သလို စမ်းကြည့်ခဲ့တာ၊ မြေကြီးထဲက ထွက်လာတဲ့ နွယ်ပင်တွေက အရင်အတိုင်းပါပဲ။ ဒီလို ထူထဲတဲ့ နွယ်ပင်မျိုးကတော့ အခုမှ ပထမဆုံး မြင်ဖူးတာ"
ဒါဆို ဒီတစ်ခါ ပေါ်လာတဲ့ နွယ်ပင်တွေက...
"ဖြစ်နိုင်ခြေ နှစ်ခု ရှိတယ်"
ရွှီရှင်းက လက်နှစ်ချောင်း ထောင်ပြလိုက်သည်။
"ပထမတစ်ခုကတော့ ဒီနေရာက ထူးခြားနေပြီး မြေအောက်မှာ နွယ်ပင်တွေကို အားဖြည့်ပေးနိုင်တဲ့ တစ်ခုခု ရှိနေလို့ မြေအောက်သတ္တဝါတွေ ပိုသန်မာလာတာ"
"ဒုတိယ တစ်ခုကတော့..."
ကျိချောင်းယန်က ဆက်ပြောသည်...
"ဒီမနက် တောအုပ်ကြီး ဆောင်းဦးရာသီ ပြောင်းသွားပြီးနောက်မှာ မြေအောက်နွယ်ပင်တွေ အကုန်လုံးက သန်မာလာတာ ဖြစ်နိုင်တယ်"
"တခြား နေရာအတော်များများကိုပါ စမ်းကြည့်လိုက်ရင် မကောင်းဘူးလား"
လီဝမ်ရှီးက သူမရဲ့ သံမဏိမြှားသေနတ်ကို ထုတ်ပြီး ပေါက်ကွဲစေတဲ့ မြှားကို တပ်ဆင်လိုက်ချေပြီ။
ကျိချောင်းယန်က ချက်ချင်းပဲ ဒီသတင်းအချက်အလက်ကို တခြား စူးစမ်းရှာဖွေသူတွေဆီ အသိပေးလိုက်ပြီး၊ သူတို့ရဲ့ ဘေးကင်းနယ်မြေ အပြင်ဘက်က မြေအောက်သတ္တဝါတွေ ပိုသန်မာလာသလားဆိုတာကို စောင့်ကြည့်ပေးဖို့ တောင်းဆိုလိုက်သည်။
"ငါ့ဘက်မှာတော့ ထူးထူးခြားခြား ဘာမှ မရှိသလိုပဲ။ ကြည့်ရတာ ဒီဗီဇပြောင်းနွယ်ပင်တွေက အေးတဲ့ ရာသီဥတုကို ပိုကြိုက်လို့ ဆောင်းဦးနဲ့ ဆောင်းတွင်းမှာ ပိုသန်မာတဲ့ ကောင်တွေ ထွက်လာတာ ဖြစ်မှာပါ။ သူတို့က ဘေးကင်းနယ်မြေထဲမှာ ခဏလောက် အသက်ရှင်နေနိုင်သေးတာပဲ။ အရင် တောအုပ်စူးစမ်းတုန်းက တွေ့ခဲ့တဲ့ နွယ်ပင်တွေက ငါတို့ကို တိုက်ခိုက်ပြီးမှ သေသွားကြတာ မဟုတ်လား။ ဒါနဲ့... ငါ အခု သူတို့ကို ပစ်လိုက်လို့ ရပြီလား"
လီဝမ်ရှီးက မြှားသေနတ်ကို ကိုင်ပြီး ဟို သွေးရောင်နွယ်ပင် သုံးခုကို ပစ်ခွဲဖို့ အားသန်နေချေပြီ။
ရွှီရှင်းက ရွှေရောင်သေတ္တာ တုန်းက ဧရာမ လူသားစားပန်းကြီးကို သတိရသွားသည်။
အဲဒီ လူစားပန်းက ဘေးကင်းနယ်မြေထဲမှာ တော်တော်ကြာအောင် အသက်ရှင်နေနိုင်ခဲ့၏။
ပြန်စဉ်းစားကြည့်လျှင် အဲဒီအပင်က အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါတွေထက်တောင် ပိုသန်မာပြီး လူ့စိတ်ကို ထိန်းချုပ်ကာ အာရုံမှားတာတွေတောင် လုပ်နိုင်၏။
အကယ်၍ နောက်ဆုံးအချိန်မှာ သူ ညှိုးခြောက်ပြီး မသေသွားဘူးဆိုရင် ရွှီရှင်းလည်း အဲဒီမှာတင် အဆုံးသတ်သွားနိုင်ပေသည်။
ဒါကို ကြည့်လျှင် ပိုသန်မာတဲ့ မြေအောက်သတ္တဝါတွေဟာ ဘေးကင်းနယ်မြေထဲမှာ ပိုပြီး ကြာကြာ ခံနိုင်ရည် ရှိတာ အမှန်ပင်။
လီဝမ်ရှီးရဲ့ မြှားသေနတ်က နွယ်ပင်တွေရဲ့ အောက်ခြေကို ချိန်ထားတာ မြင်တော့ ရွှီရှင်းက သူမကို ချက်ချင်း တားလိုက်၏။
"နောက်ကို နည်းနည်း ဆုတ်လိုက်ဦး၊ ပေါက်ကွဲမှု အရှိန်က ပြင်းတယ်"
ရွှီရှင်းက သူတို့ နှစ်ယောက်ကို ဆယ်မီတာလောက် နောက်ဆုတ်ခိုင်းလိုက်သည်။
အဲဒီအချိန်မှာ သွေးရောင်နွယ်ပင် သုံးခုက ပစ်မှတ် ပျောက်သွားတာကြောင့် မြေအောက်ကို ပြန်ဝင်ဖို့ ပြင်နေကြပြီ။
"မြန်မြန်... ပစ်တော့"
"အင်း... အင်း"
လီဝမ်ရှီး ချက်ချင်းပဲ ခလုတ်ကို ဆွဲလိုက်ပြီး နွယ်ပင်တွေရဲ့ အောက်ခြေကို ချိန်ပစ်လိုက်တော့သည်။
"ဝုန်း"
အပြာရောင်အဆင့် သံမဏိမြှားရဲ့ အရှိန်က အရမ်းကို မြန်လွန်းလှသည်၊ ဇဝေဇဝါ ဖြစ်နေတဲ့ နွယ်ပင် သုံးခု ဘာမှ မလုပ်နိုင်ခင်မှာတင် ပေါက်ကွဲစေတဲ့ မြှားက သူတို့ရဲ့ အောက်ခြေကို ထိမှန်သွားတော့သည်။
"ဗုန်း"
ပေါက်ကွဲမှုကြောင့် ထွက်လာတဲ့ မီးခိုးတွေ ပျောက်သွားပြီးနောက် သူတို့ သုံးယောက် ကြည့်လိုက်ရာ၊ သွေးရောင်နွယ်ပင် နှစ်ခု ပြတ်ထွက်သွားပြီး တစ်ခုကတော့ မြေအောက်ကို ငုပ်လျှိုး ပျောက်ကွယ်သွားတာကို တွေ့လိုက်ရ၏။
ကြည့်ရတာ သူတို့က ထင်သလောက်တော့ မသန်မာသေးချေ၊ အနည်းဆုံးတော့ သူတို့ရဲ့ လက်နက်တွေနဲ့ ကိုင်တွယ်လို့ ရနေသေး၏။
---
အခန်း ၂၃၀ ပြီး။
***