"ဝိုး... သွေးရောင်နွယ်ပင် တစ်ခုကို အမှတ် ၃၀ တောင် ပေးတာပဲ။ တစ်ချက်တည်းနဲ့ နှစ်ခု သေသွားတော့ ငါ့အမှတ်တွေက ချက်ချင်း ၆၀ တိုးသွားပြီ"
လီဝမ်ရှီး၏ မျက်လုံးများမှာ တောက်ပနေတော့သည်။
"အမှတ်ရှာရတာ တကယ် လွယ်တာပဲ။"
အရင်က သွေးရောင်နွယ်ပင်တွေဟာ သွေးရောင်ဆူးနွယ်ပင်တွေထက် ရမှတ်နည်းပြီး ၁၀ မှတ်ပဲ ပေးသည်။
အခုတော့ အမှတ်၃၀ အထိ ဖြစ်လာတာကြောင့် သူတို့တွေ တော်တော်လေး သန်မာလာတာ သေချာသည်။
"သိပ်တော့ မလွယ်လှဘူး၊ ငါတို့မို့လို့ ဒါကို လုပ်နိုင်တာပါ။ တခြားသူတွေမှာ ပေါက်ကွဲစေတဲ့ မြှားတွေ မရှိဘူးလေ"
ရွှီရှင်းက လှံရှည်ကြီးကို ထုတ်ပြီး ပြတ်ကျနေတဲ့ သွေးရောင်နွယ်ပင် နှစ်ခုကို ဘေးကင်းနယ်မြေထဲ ရောက်အောင် ဆွဲသွင်းလိုက်သည်။
လှံရှည်ကြီးကတော့ အသက်ရှင်ကျန်ရစ်သူတွေလို မဟုတ်ဘဲ မြေအောက်သတ္တဝါတွေရဲ့ အာရုံစိုက်မှုကို မခံရချေ။
"တခြားသူတွေလည်း မီးမြှားတွေတော့ လုပ်နိုင်ကြမှာ မဟုတ်ဘူးလား"
"မီးမြှားတွေနဲ့ သတ်လို့ရတာတော့ မှန်ပါတယ်၊ ဒါပေမဲ့..."
ကျိချောင်းယန်က နေရာအနှံ့ ကြွေကျနေတဲ့ သစ်ရွက်ခြောက်တွေ၊ မြက်ခြောက်တွေနဲ့ အရွက်မရှိတဲ့ သစ်ပင်တွေကို တစ်ချက်ကြည့်လိုက်ပြီး..
"ဒါပေမဲ့ အဲဒီလိုလုပ်ရင် တောအုပ်ကြီး တစ်ခုလုံးကိုပါ တစ်ခါတည်း မီးရှို့ပစ်လိုက်သလို ဖြစ်သွားမှာပေါ့"
"ဟုတ်သားပဲ။ ဟင်း... ငါ အမြဲတမ်း စဉ်းစားနေတဲ့ မေးခွန်းတစ်ခု ရှိတယ်"
လီဝမ်ရှီးက တောအုပ်ကြီးကို လက်ညှိုးထိုးပြရင်း...
"တကယ်လို့သာ တစ်ယောက်ယောက်က မီးစရှို့လိုက်ရင် အဲဒီမီးက တောက်လျှောက် ကူးသွားမယ်လို့ ထင်လား။ အဲဒီလိုသာ ကူးမယ်ဆိုရင် တခြားနယ်မြေက လူတွေ ဒီဘက်လာပြီး မီးရှို့လိုက်ရင် ငါတို့တော့..."
"ကာကွယ်ထားတဲ့ စနစ်တစ်ခုခု ရှိမှာပါ"
ကျိချောင်းယန်က စဉ်းစားခန်းဝင်နေရင်း...
"မဟုတ်ရင် တစ်ယောက်ယောက်က မီးရှို့လိုက်တာနဲ့ နယ်မြေတစ်ခုတည်းတင်မကဘဲ နယ်မြေအားလုံးဆီပါ မီးကူးသွားမှာလေ"
"လူတော်တော်များများက မီးတုတ်တွေကို သုံးနေကြတာပဲ၊ အရင်က တစ်ယောက်ယောက်တော့ လုပ်ဖူးလောက်မယ်၊ ဒါပေမဲ့ မီးမကူးဘူးဆိုတော့ ကာကွယ်ထားတဲ့ စနစ်တစ်ခုခု တကယ် ရှိနေလို့ ဖြစ်မှာပါ" လို့ ရွှီရှင်းက နွယ်ပင်ကို ကိုင်ရင်း ပြောလိုက်သည်။
"ဟုတ်တယ်၊ ဘာပဲဖြစ်ဖြစ် ငါတို့က ပေါက်ကွဲစေတဲ့ မြှားတွေကိုပဲ သုံးကြတာပေါ့၊ မီးလောင်ရင်တောင် ငြှိမ်းရတာ ပိုလွယ်တာပေါ့"
လီဝမ်ရှီးက သူမလက်ထဲက မြှားသေနတ်ကို ယမ်းပြလိုက်၏။
ရွှီရှင်းက နွယ်ပင်ကို အပေါက်ဖောက်ပြီး အစေးတွေကို ဆက်စုနေရင်း လီဝမ်ရှီးကို ပြုံးကြည့်လိုက်သည်။
"ဒါနဲ့ပတ်သက်ရင်တော့ နင့်ကိုပဲ ကျေးဇူးတင်ရမှာပါ။ နင်သာ ယမ်းစိမ်းတွေ ရှာမတွေ့ခဲ့ရင် ငါတို့ ပေါက်ကွဲစေတဲ့ မြှားတွေ လုပ်နိုင်မှာ မဟုတ်ဘူး"
"အဲဒီလိုလား။ ဟဲဟဲ..."
လီဝမ်ရှီးက ရှက်ကိုးရှက်ကန်းနဲ့ ရယ်လိုက်ရှာသည်။
"အဲဒီတုန်းက တကယ် ကံကောင်းသွားတာပါ။ ရွှေနက်တွင်းဘေးမှာ ယမ်းစိမ်းတွေကို အမှတ်မထင် တွေ့လိုက်တာလေ၊ ငါ့ရဲ့ စွမ်းရည်နဲ့တော့ မဆိုင်ပါဘူး"
ဒါဟာ လီဝမ်ရှီးက သူမရဲ့ စွမ်းရည်အကြောင်းကို ပထမဆုံးအကြိမ် ထုတ်ပြောလိုက်ခြင်းပင်။
အရင်ကဆိုရင်တော့ သူမက အမြဲတမ်း စကားလမ်းကြောင်း လွှဲတတ်၏။
"နင့်ရဲ့ စွမ်းရည်က သတ္တုတွေနဲ့ ဆက်စပ်နေတာ မဟုတ်လား"
"အင်း"
လီဝမ်ရှီး ခေါင်းငြိမ့်လိုက်၏။
ရွှီရှင်းက ထပ်မေးချင်နေတာ မြင်တော့ သူမက လက်ကို အမြန်ယမ်းပြလိုက်သည်။
"ဒါကို အခု မပြောရအောင်လေ၊ ဒါက နည်းနည်း ရှုပ်ထွေးတယ်၊ ရှင်းပြရတာ တော်တော် လက်ဝင်လို့ပါ။ မမရွှယ်ဖေးနဲ့ တွေ့တဲ့အခါကျမှ အားလုံးရဲ့ စွမ်းရည်တွေအကြောင်း အသေးစိတ် ဆွေးနွေးကြတာပေါ့"
"ချီရွှယ်ဖေး ဟုတ်လား..."
ရွှီရှင်း အဝေးက အစိမ်းရောင် အစက်အပြောက်ကို လှမ်းကြည့်လိုက်သည်။
သူမဆီ သွားဖို့ကတော့ တကယ်ကို လက်ဝင်မယ့် ပုံပါပဲ။
"အရင်ဆုံး ဒီပတ်ဝန်းကျင်က အန္တရာယ်တွေကို အရင် ရှင်းထုတ်ပြီးမှ သူမဆီ သွားရှာကြတာပေါ့" လို့ ရွှီရှင်းက လီဝမ်ရှီးကို ပြောလိုက်သည်။
ထိုစဉ်မှာပင် ကျိချောင်းယန်က ရုတ်တရက် ပြောလာသည်။
"မင်းတို့ နှစ်ယောက်က တောင်ဘက်က အန္တရာယ်တွေကို ကိုင်တွယ်လိုက်ပါလား၊ ငါကတော့ အရှေ့ဘက်ကို သွားလိုက်မယ်။ ငါတို့ လူခွဲပြီး လှုပ်ရှားကြတာပေါ့။ အရှေ့ဘက်မှာ လမ်းဆက်တာရှိလား၊ ပတ်သွားလို့ ရမလားဆိုတာကိုလည်း ငါ တစ်ခါတည်း စစ်ကြည့်လိုက်မယ်"
လူခွဲပြီး လှုပ်ရှားတာက ပိုပြီးတော့ အလုပ်တွင်ကျယ်မှာ သေချာ၏။
ဒါ့အပြင် ကျိချောင်းယန်က ဒီနှစ်ယောက်ကြားမှာ လူပိုကြီး ဖြစ်နေသလို ခံစားရပြီး အနေခက်နေတာကြောင့်လည်း ပါသည်။
"ကောင်းပြီလေ၊ ဒါဆို ပိုပြီး အလုပ်တွင်တာပေါ့။ ဒါပေမဲ့..."
ရွှီရှင်းက လီဝမ်ရှီးကို တစ်ချက် ကြည့်လိုက်သည်။
"စိတ်ချပါ၊ တကယ်လို့ တခြားနယ်မြေက လူတွေနဲ့ တွေ့ရင် အဲဒီလူတွေနဲ့ အိမ်တွေက သူမအတွက်ပဲ ဖြစ်ရမယ်"
ကျိချောင်းယန်က ရွှီရှင်း ဘာတွေးနေလဲဆိုတာ ချက်ချင်း ရိပ်မိပြီး ပြန်ပြောလိုက်၏။
"ဟင် မဟုတ်တာ၊ မလိုပါဘူး။ နင်တို့က ငါ့ကို ကူညီဖို့ လာပေးတာပဲ၊ ငါကပဲ အကျိုးအမြတ်တွေ အကုန်ယူလို့ ဘယ်ဖြစ်မလဲ။ ပြီးတော့ တခြားနယ်မြေက လူတွေကို ထိန်းချုပ်ဖို့လည်း ငါ့မှာ ယုံကြည်မှု မရှိပါဘူး၊ ငါက ငါတို့နယ်မြေက ပူးပေါင်းချင်တဲ့သူတွေကိုပဲ လက်ခံဖို့ စဉ်းစားထားတာလေ။"
လီဝမ်ရှီးက လက်ကို အမြန်ယမ်းပြီး ငြင်းလိုက်ရှာ၏။
"ပတ်ဝန်းကျင် နယ်မြေက အိမ်တွေနဲ့ လူတွေကိုတော့ နင်တို့ပဲ ကိုင်တွယ်ကြပါ"
"တကယ်လို့ အသက်ရှင်ကျန်ရစ်သူတွေ ရှိနေရင် အဲဒါက သစ်ပင်အိမ် ဗဟိုချက်ရမှာလေ ခရမ်းရောင်အဆင့် ကုန်ကြမ်းတစ်ခုပဲ" လို့ ရွှီရှင်းက သူမကို သတိပေးလိုက်မိသည်။
တကယ့်တော့ လီဝမ်ရှီးရဲ့ နယ်မြေမှာ တခြားနယ်မြေက လူတွေကို ပိုပြီး လိုအပ်၏။
သူတို့ကို ဖမ်းလာပြီး အလုပ်ခိုင်းရမှာပင်။
သတ္တုတူးတာနဲ့ အရည်ကျိုတဲ့ အလုပ်တွေကို စေတနာ့ဝန်ထမ်းတွေဆီကနေ မျှော်လင့်လို့ မရချေ၊ အထူးသဖြင့် အသက် ၁၈ နှစ်ကနေ ၃၀ ကြား လူငယ်တွေဆိုတော့ ပိုတောင် ခက်ဦးပေမည်။
"ဟဲဟဲ... ငါက နင်တို့နဲ့ မတူဘူးလေ၊ ငါက သတ္တုတူးတဲ့ ကိရိယာတွေ သုံးတာဆိုတော့ အပြာရောင်အဆင့်နဲ့တောင် ခရမ်းရောင်အဆင့် ကုန်ကြမ်းတွေကို တူးလို့ရတာ။"
လီဝမ်ရှီးက သူမရဲ့ ရင်ဘတ်ကို ပုတ်ရင်း ဂုဏ်ယူစွာ ပြောလိုက်ရာ၊ သံမဏိချပ်ဝတ်ကနေ အသံလေး ထွက်လာတော့သည်။
"ငါက ခရမ်းရောင်အဆင့် ကုန်ကြမ်းတွေကိုတောင် အကုန် မတူးရသေးဘူးဆိုတော့ အဆင့်မြင့် ကိရိယာတွေလည်း မလိုသေးပါဘူး။ လက်နက်နဲ့ ချပ်ဝတ်အတွက်ကတော့ နင်ပေးထားတာက အစွမ်းအထက်ဆုံးပဲလေ"
ရွှီရှင်းနဲ့ ကျိချောင်းယန် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။
လီဝမ်ရှီးက ဒီလောက်အထိ ကိုယ်ကျိုးမငဲ့ဘဲ ပေါ့ပေါ့ပါးပါး နေတတ်လိမ့်မယ်လို့ သူတို့ မထင်ထားမိပေ။
"အင်း... ဒီနားမှာ အသက်ရှင်ကျန်ရစ်သူတွေ ရှိ၊ မရှိ အရင် ကြည့်ကြတာပေါ့။ ဒါနဲ့...စူးစမ်းရှာဖွေသူများ အဖွဲ့ထဲမှာ ချီရွှယ်ဖေးကိုလည်း လှမ်းပြောထားလိုက်ပြီ၊ သူမရဲ့ ဘယ်ဘက်နဲ့ ညာဘက်မှာ အိမ်တွေ ရှိလား၊ ကာကွယ်ရေးနယ်မြေတွေကော ဆက်လားဆိုတာကို ကိုယ်တိုင် စစ်ကြည့်ခိုင်းထားတယ်"
ကျိချောင်းယန်က သူ့နာရီကို ညွှန်ပြလိုက်၏။
ရွှီရှင်း အဖွဲ့ထဲကို ကြည့်လိုက်ရာ ကျိချောင်းယန်ရဲ့ စာကြောင့် တော်တော်လေး စည်ကားနေတာ တွေ့ရသည်။
အထူးသဖြင့် ကျန်တဲ့ ငါးယောက်က သူတို့ သုံးယောက် ဆုံတွေ့ကြပြီဆိုတာ သိလိုက်ရတော့၊ ကိုယ့်နယ်မြေသား အချင်းချင်း အခုဆို တွေ့လို့ရပြီဆိုတာ ပိုသေချာသွားကြ၏။
သူတို့လည်း နောက်ရက်တွေမှာ ဆုံတွေ့ဖို့အတွက် တည်နေရာတွေနဲ့ မြင်ကွင်းတွေကို ဆွေးနွေးနေကြချေပြီ။
ကြည့်ရတာ ဒီလူတွေလည်း တစ်ယောက်တည်း ရှင်သန်ရတာ တော်တော် ငြီးငွေ့နေကြပြီ ထင်ပါရဲ့။
အထူးသဖြင့် ဝမ်ကွေ့ရှင်းက ယောင်္ကျားလေး လေးယောက်ကို ညည်းတွားနေပေမဲ့ သတင်းအချက်အလက်တွေကိုတော့ တခြားသူတွေထက် ပိုပြီး ပြောပြနေသည်။
တစ်ဖက်မှာလည်း ချီရွှယ်ဖေးက သူမရဲ့ အရှေ့နဲ့ အနောက်ဘက် ကီလိုမီတာ ဒါဇင်လောက် အကွာမှာ စိမ်းစိုနေတဲ့ နေရာတွေ မြင်ရတာကြောင့် အဲဒီမှာ အိမ်တွေ ရှိနေမှာ သေချာတယ်လို့ ပြောလာသည်။
မြောက်ဘက်နဲ့ တောင်ဘက်မှာတော့ ဘာမှ မရှိပေ။
သူမလည်း အနောက်ဘက်ကို သွားပြီး ကာကွယ်ရေးနယ်မြေချင်း ဆက်၊ မဆက် သွားစစ်ဖို့ ပြင်နေ၏။
"အရှေ့ရော အနောက်ရော ရှိနေတာလား...။"
"သူမမှာ စီးစရာ သားရဲ မရှိဘူးလေ၊ သူမဘာသာ သွားစစ်ဖို့ဆိုတာ... သူမရဲ့ တိုက်ရည်ခိုက်ရည်နဲ့ဆိုရင် ဘေးကင်းပါ့မလား"
ရွှီရှင်း မျက်မှောင်ကြုတ်လိုက်မိသည်။
ချီရွှယ်ဖေးကို ကိုယ်တိုင် စစ်ခိုင်းဖို့ သူ စဉ်းစားဖူးပေမဲ့၊ သားရဲမပါဘဲ လျှောက်ပြေးနေတာက နှေးတာအပြင် တခြားနယ်မြေက အစွမ်းထက်တဲ့ စူးစမ်းရှာဖွေသူတွေနဲ့သာ တွေ့ရင်...။
ချီရွှယ်ဖေးရဲ့ တိုက်ခိုက်နိုင်စွမ်းက သိပ်မရှိလောက်ချေ။
အဖွဲ့ရဲ့ ဆရာဝန်မလေးကို တစ်ခုခု ဖြစ်သွားမှာ သူ မလိုလားပါပေ။
လုဖေးအာ ပြောပုံအရဆိုလျှင် နယ်မြေ ၁၈၇ ရဲ့ ထိပ်တန်း ၁၀ ယောက်ဟာ သူတို့ ခေါင်းဆောင် ကျန်းတောက်ကွမ်ဆီကနေ အမိန့်ရထားပြီးသား ဖြစ်မှာမို့လို့၊ တွေ့တဲ့သူမှန်သမျှကို လုဖေးအာလိုမျိုး သတ်ဖို့ ဝန်လေးမှာ မဟုတ်ချေ။
"ဒီလောက်အထိ အသက်ရှင်လာနိုင်တဲ့သူကို မင်း အထင်မသေးသင့်ဘူးနော်။ သူမရဲ့ တိုက်ခိုက်ရေးက မင်းလောက် မသန်မာပေမဲ့ တခြားသူတွေနဲ့ ယှဉ်ရင်တော့ အများကြီး သာပါသေးတယ်"
ကျိချောင်းယန်က ပြုံးလျက် သက်ပြင်းချလိုက်သည်။
"သူမက အခုထိ တစ်ယောက်တည်း အသက်ရှင်လာတာလေ၊ အရင် အမဲလိုက်ပွဲတွေမှာလည်း ထိပ်တန်း အယောက် ၂၀ ထဲမှာ ပါခဲ့တာပဲ။ အနည်းဆုံးတော့ ငါတို့ပေးထားတဲ့ လက်နက်နဲ့ ချပ်ဝတ်တွေက အကောင်းဆုံးတွေ မဟုတ်လား"
ရွှီရှင်း ခဏ စဉ်းစားကြည့်တော့ ကျိချောင်းယန် ပြောတာလည်း ဟုတ်တာပင်။
လုဖေးအာရဲ့ ပစ္စည်းတွေကို ကြည့်ရင် နယ်မြေ ၁၈၇ မှာ သတ္တုလက်နက်နဲ့ ချပ်ဝတ်တွေ လုပ်နိုင်တဲ့သူ မရှိသေးဘူးဆိုတာ သိသာလှသည်။
ရှိရင်တောင် သူတစ်ပါးကို မရောင်းတာမျိုး ဖြစ်လောက်သည်။
ပြီးတော့ ယမ်းစိမ်းတွင်း ရှာတွေ့ထားတဲ့ လီဝမ်ရှီးလို သူဌေးမလေး မဟုတ်ရင်တော့ ပေါက်ကွဲစေတဲ့ မြှားတွေကိုလည်း ဘယ်လိုမှ လုပ်နိုင်မှာ မဟုတ်ပေ။
သူတို့က ပစ္စည်းကိရိယာပိုင်းမှာတင် အများကြီး နောက်ကျနေခြင်းပင်။
"ဟို... အရင်ကတော့ ငါလည်း ထိပ်တန်း ၁၀ ယောက်ထဲမှာ ပါခဲ့တာပဲ..."
လီဝမ်ရှီးက သူမရဲ့ နှာခေါင်းလေးကို တို့ရင်း ရှက်ကိုးရှက်ကန်း ပြောရှာသည်။
"ဒါပေမဲ့ အခုတော့ ငါ့ရဲ့ တိုက်ခိုက်ရေးက သိပ်မကောင်းတော့ဘူး မဟုတ်လား"
ရွှီရှင်းက လီဝမ်ရှီးလက်ထဲက မြှားသေနတ်ကို ညွှန်ပြပြီး ရယ်လိုက်သည်။
"နင့်လက်ထဲက မြှားသေနတ်နဲ့ ပေါက်ကွဲစေတဲ့ မြှားတွေ ရှိနေသရွေ့တော့ ဘယ်သူ့ကိုမဆို နင် ရင်ဆိုင်နိုင်ပါတယ်"
တကယ်လို့သာ ပေါက်ကွဲစေတဲ့ မြှားနဲ့ အလစ်အငိုက် အတိုက်ခံရရင် ရွှီရှင်းတောင်မှ ရှောင်နိုင်ပါ့မလား မသေချာချေ။
"ဟုတ်သားပဲ ဒါဆိုရင် ငါလည်း သန်မာတာပေါ့၊ ငါက အရင်က ယုံကြည်မှု မရှိသလို ခံစားနေရတာ"
လီဝမ်ရှီး ရုတ်တရက် ယုံကြည်မှုတွေ ပြန်ဝင်လာတော့သည်။
ပြန်စဉ်းစားကြည့်လျှင် အရင် အမဲလိုက်ပွဲတွေရဲ့ ရလဒ်ဆိုတာကလည်း ပစ္စည်းကိရိယာ ကွာခြားမှုကြောင့်လည်း ပါ၏။
လူတစ်ယောက်ချင်းစီရဲ့ ခွန်အားပိုင်းမှာတော့ ရွှီရှင်းနဲ့ ကျိချောင်းယန်တို့လို ပွဲတိုင်းမှာ မြှင့်တင်မှုတွေ ရနေတဲ့ ထိပ်တန်းပညာရှင်တွေကလွဲရင် ကျန်တဲ့သူတွေကတော့ သိပ်ပြီး မကွာလှပေ။
ဝမ်ကွေ့ရှင်းကတော့ ချွင်းချက်ပင်၊ သူမရဲ့ တိုက်ခိုက်ရေး ခွန်အားကတော့ မယုံနိုင်စရာ ကောင်းလောက်အောင် မြင့်မားလွန်းလှသည်၊ သူမရဲ့ စွမ်းရည်က တိုက်ခိုက်ရေးနဲ့ပဲ ဆိုင်တာ ဖြစ်ရမည်။
"ချီရွှယ်ဖေး ပြောပုံအရဆိုရင် သူမရဲ့ ဘေးနှစ်ဖက်လုံးမှာ အသက်ရှင်နေတဲ့ အိမ်တွေ ရှိတယ်၊ မင်းတို့ တောင်ဘက်က ပြဿနာကို ရှင်းပြီးရင် အနောက်ဘက်ကို တစ်ချက် သွားကြည့်လိုက်ပါ။ ငါကတော့ အရှေ့ဘက်ကို သွားမယ်။ တကယ်လို့ လမ်းပွင့်သွားရင် ငါတို့ လူခွဲပြီး ချီရွှယ်ဖေးရဲ့ နယ်မြေထဲကို ဝင်လို့ ရမှာပေါ့၊ အဲဒါဆိုရင် သူမရဲ့ ဘေးနှစ်ဖက်က ရန်သူတွေကို တစ်ခါတည်း ရှင်းပေးလို့ ရတာပေါ့" ဟု ကျိချောင်းယန်က အကြံပြုလိုက်သည်။
"အနောက်ဘက် ဟုတ်လား။ အဲဒီဘက်မှာ ရွှီရှင်းရဲ့ အိမ် ရှိတာ မဟုတ်လား"
လီဝမ်ရှီးက ရွှီရှင်းကို လှည့်ကြည့်ရင်း မျက်လုံးလေးတွေ တောက်ပသွား၏။
"အနောက်ဘက် ဟုတ်လား...။"
စဉ်းစားကြည့်ရင်တော့ သူ့ဘက်ကနေ စမ်းကြည့်လို့ ရတာ မှန်ပေမဲ့ မျှော်လင့်ချက်တော့ သိပ်မရှိချေ။
သူ့ရဲ့ မြောက်ဘက်နဲ့ အရှေ့ဘက်က အိမ်နှစ်လုံးကို သူ တူးပြီးသားမို့လို့၊ အဲဒီအိမ်တွေရဲ့ ကာကွယ်ရေးနယ်မြေက ၃ ကီလိုမီတာပဲ ရှိကြ၏။
နယ်မြေနဲ့ ဆက်ဖို့ဆိုတာ ခဲယဉ်းလှသည်။
ဒါပေမဲ့ သွားကြည့်တာတော့ မမှားချေ။
လီဝမ်ရှီးက သွားချင်နေတာ သိသာတာကြောင့် ရွှီရှင်း ခေါင်းငြိမ့်လိုက်ပြီး ...
"ကောင်းပြီလေ၊ ဒါဆို လောလောဆယ် ဒီအတိုင်းပဲ လုပ်ကြတာပေါ့။ တစ်ခုခုဆိုရင် နာရီကနေတစ်ဆင့် အဆက်အသွယ် လုပ်ကြမယ်"
"ကောင်းပြီ၊ မင်းတို့ တောင်ဘက်ကို သွားပါ၊ ငါကတော့ အရှေ့ဘက် ကာကွယ်ရေးနယ်မြေ အစပ်ကို အရင် စစ်ကြည့်လိုက်ဦးမယ်"
ကျိချောင်းယန်က မြင်းဖြူပေါ် ခန့်ခန့်ညားညား တက်လိုက်၏။
"ကာကွယ်ရေးနယ်မြေ ဘယ်မှာ ဆုံးလဲဆိုတာ မင်း သေချာ သိရဲ့လား"
ရွှီရှင်းက သံသယနဲ့ မေးလိုက်သည်။
သူ့နယ်မြေမှာတော့ ထွက်ခါနီးရင် အသိပေးသံ မြည်၏၊ ဒီမှာတော့ မရှိဘဲ အမှတ်မထင် အပြင်ရောက်သွားမှာ စိုးလို့ပင်။
"စိတ်ချပါဟ၊ ငါ့ဦးနှောက်က မြေပုံတစ်ခုလိုပါပဲ။ နောက်မှ တွေ့မယ်"
ကျိချောင်းယန်က ပြုံးလျက် သူ့ရဲ့ နားထင်ကို လက်ညှိုးနဲ့ တစ်ချက် တို့ပြပြီး မြင်းကို စီးကာ ထွက်ခွာသွားတော့သည်။
"ဘိုင်းဘိုင့်"
လီဝမ်ရှီးက သူ့ကို လက်ပြ နှုတ်ဆက်လိုက်၏။
"သူကတော့ တကယ့်ကို ယုံကြည်မှု ရှိတာပဲနော်"
ရွှီရှင်းက တောအုပ်ထဲ ပျောက်ကွယ်သွားတဲ့ ကျောပြင်ကို ကြည့်ပြီး ခေါင်းခါလိုက်၏။
ပြီးနောက် လီဝမ်ရှီးကို လှည့်ကြည့်ကာ..
"ကဲ ငါတို့လည်း သွားရအောင်၊ တောင်ဘက်ကို သွားပြီး အဲဒီမှာ တခြားအိမ်တွေ ရှိလားဆိုတာ ကြည့်ကြတာပေါ့"
"တောင်ဘက်မှာတော့ ရှိမှာ သေချာတယ်၊ အိမ်ကလည်း သေးမှာ မဟုတ်ဘူး။ ငါ့အထင်တော့ ငါ့အိမ်လိုမျိုးပဲ သုံးထပ်အိမ် ဖြစ်ရမယ်"
လီဝမ်ရှီးက ပြောလိုက်သည်။
"ဟင်။ နင် မြင်ခဲ့လို့လား။ သုံးထပ်အိမ် ဟုတ်လား"
သုံးထပ်အိမ်ဆိုတာ အပြာရောင်အဆင့် အိမ်ပင်။
"ဒီမနက်မှ တွေ့တာလား"
"အင်း... တောအုပ်ထဲက အရွက်တွေ အကုန်ကြွေကုန်တော့ ငါ့အိမ်ပေါ်ကနေ ကြည့်လိုက်တာ စိမ်းစိုနေတဲ့ သစ်ရွက်အုပ်တွေကို အထင်အရှား မြင်နေရတာလေ၊ ဟို အဝေးက အိမ်လိုမျိုးပေါ့"
လီဝမ်ရှီးက အဝေးက ချီရွှယ်ဖေးရဲ့ အိမ်ကို ညွှန်ပြလိုက်သည်။
အပြာရောင်အဆင့် အိမ်ဆိုတော့...
နယ်မြေ ၁၈၇ ရဲ့ နောက်ထပ် ထိပ်တန်း ၁၀ ယောက်ထဲက တစ်ယောက်များလား။
အဲဒီလို မဟုတ်ရင်တောင် ထိပ်တန်း ပညာရှင်တစ်ယောက် ဖြစ်မှာတော့ သေချာ၏။
တောက်... လုဖေးအာရဲ့ နာရီကို ပြန်မပေးခဲ့သင့်ဘူး....။
မဟုတ်ရင် အခုဆို နယ်မြေ ၁၈၇ ထဲမှာ စုံစမ်းပြီး ဘယ်သူတွေက ဘယ်အဆင့်မှာ ရှိလဲဆိုတာ သိနိုင်ပေသည်။
သူ့မှာ လုဖေးအာကို ဆက်သွယ်လို့ရတဲ့ နည်းလမ်း ရှိနေသေးတာကို သူ ရုတ်တရက် သတိရလိုက်သည်။
နယ်မြေ ၁၈၈ ထဲမှာ သူမရဲ့ နာမည်က ရှိနေပေမဲ့ သူမက ကပ်ပါးအိမ် ၀၁ ထဲမှာ မဟုတ်ဘဲ ပင်မအိမ်ထဲမှာ အပိတ်ခံထားရတာဆိုတော့ ဆက်သွယ်လို့ မရနိုင်တော့ပေ။
"ကျိချောင်းယန် သွားတဲ့ အရှေ့ဘက်မှာကော"
ရွှီရှင်းက လီဝမ်ရှီးကို မေးလိုက်၏။
"အဲဒီမှာလည်း တစ်လုံး ရှိမှာပါ။ ဒီမနက် ငါ အကုန် စူးစမ်းကြည့်ပြီးသား၊ အရှေ့နဲ့ တောင်ဘက်မှာ စိမ်းစိုနေတဲ့ အိမ်တွေ ရှိတယ်၊ မြောက်ဘက်မှာတော့ မရှိဘူး။"
လီဝမ်ရှီးက ရှင်းပြသည်....
"ဒါပေမဲ့ နင်တို့က မြောက်ဘက်ကို အရင် စစ်ချင်တယ်ဆိုတာနဲ့ ငါလည်း မပြောတော့ဘဲ လိုက်ခဲ့တာ"
"ဒါဆိုရင် အဲဒီအိမ်က..."
"အဲဒါကတော့ သာမန်အိမ် တစ်လုံး ဖြစ်ဖို့ များပါတယ်၊ အိမ်ကလည်း တော်တော် ပုတယ်၊ တစ်ထပ်အိမ်ပဲ ထင်တယ်"
လီဝမ်ရှီးက ရယ်လျက် သူ့အနား တိုးလာပြီး လျှို့ဝှက်ချက် ပြောသလိုမျိုး လုပ်လိုက်သည်။
"မဟုတ်ရင်တော့ ကျိချောင်းယန်ကို ငါ အလကား ပေးမှာ မဟုတ်ဘူး။ ပေးမယ်ဆိုရင်လည်း နင့်ကိုပဲ အကုန် ပေးချင်တာ။ တောင်ဘက်က သုံးထပ်အိမ်က နင့်အတွက်ပဲ။ ငါကတော့ တခြားနယ်မြေက အိမ်တွေကို သိမ်းပိုက်ဖို့ စိတ်မဝင်စားဘူး။"
"နင်ကတော့လေ..."
ရွှီရှင်း အားကိုးရာမဲ့စွာ ခေါင်းခါလိုက်မိတော့သည်။
သူမရဲ့ ဒီလို စိတ်နေစိတ်ထားကို ပြောင်းလဲပေးဖို့ လိုနေလေပြီ။
သတ္တုတူးတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်က ဘာလို့ ဒီလောက်အထိ သနားတတ်ပြီး ပျင်းနေရတာလဲ...။
---
အခန်း ၂၃၁ ပြီး။
***