တကယ်လို့သာ လီဝမ်ရှီးအိမ်ရဲ့ တောင်ဘက်က သစ်ပင်အိမ်ဟာ နယ်မြေ ၁၈၇ ရဲ့ ထိပ်တန်းဆယ်ယောက်ထဲက တစ်ယောက် ဖြစ်နေမယ်ဆိုလျှင်တော့ သူတို့ သတိထားဖို့ လိုပေလိမ့်မည်။
ဒီအချိန်မှာပဲ လီဝမ်ရှီးရဲ့ မျက်နှာပေးက တစ်ခုခုကို ပြောချင်နေပေမဲ့ ဇဝေဇဝါ ဖြစ်နေသလို ရုတ်တရက် ပြောင်းလဲသွား၏။
"ဘာဖြစ်လို့လဲ"
ရွှီရှင်းက မေးလိုက်သည်။
"ဟို... ရွှီရှင်း၊ နင့်ရဲ့နာရီကနေ ပစ္စည်းလှမ်းပို့လို့ ရတယ်မလား။ ငါ့ရဲ့ သံမဏိချပ်ဝတ်ကို မမရွှယ်ဖေးဆီ အရင် ပို့ပေးချင်လို့ပါ။ သူမတစ်ယောက်တည်း စူးစမ်းရတာ ဘေးမကင်းဘူးလေ... ငါ့ဘက်မှာတော့ နင်ရှိနေတာဆိုတော့ ဘာမှ အန္တရာယ်မရှိဘူး၊ အပြာရောင်အဆင့် သားရေချပ်ဝတ်နဲ့တင် လောက်ပါတယ်"
လီဝမ်ရှီးက အားနာနာနဲ့ ပြောရှာသည်။
ဘာပဲဖြစ်ဖြစ် ဒီဝတ်စုံက ရွှီရှင်းက သူမအတွက် သီးသန့်လုပ်ပေးထားတာ မဟုတ်လား။
အခု တခြားသူကို ပေးလိုက်ဖို့ ပြောရတာ သူမအတွက် အနေခက်ပေမဲ့ ချီရွှယ်ဖေးအတွက် တကယ် စိုးရိမ်နေမိ၏။
အခုနောက်ပိုင်းမှာ ရွှီရှင်းအပြင် သူမ စကားအပြောဖြစ်ဆုံးက ဆရာဝန်မလေး ချီရွှယ်ဖေးပါပဲ။
ရွှီရှင်းကတော့ ဒါကို ဘာမှ အပြစ်မမြင်ချေ၊ လီဝမ်ရှီး စဉ်းစားတာလည်း မှန်တယ်လို့ သူ ခံစားရသည်။
ချီရွှယ်ဖေးကိုလည်း ပစ္စည်းကိရိယာတွေ တပ်ဆင်ပေးသင့်၏။
အဖွဲ့ရဲ့ ဆရာဝန်မလေးကို အိမ်နီးချင်း နယ်မြေက လူတွေ ဖမ်းသွားတာမျိုး မဖြစ်စေချင်ပေ။
"နင့်ဝတ်စုံကို ပေးစရာ မလိုပါဘူး။ အခု နင့်အိမ်မှာ သံမဏိတုံးတွေ အများကြီး ရှိနေပြီ မဟုတ်လား"
ရွှီရှင်းက မေးလိုက်၏။
သူကတော့ လီဝမ်ရှီးကို သားရေချပ်ဝတ်ပဲ ဝတ်ခိုင်းဖို့ စိတ်မကူးပေ။
တောင်ဘက်က လူတွေက အန္တရာယ်ရှိနိုင်တာမို့လို့ သားရေချပ်ဝတ်က အလစ်အငိုက် တိုက်ခိုက်မှုကို ကောင်းကောင်း ကာကွယ်နိုင်မှာ မဟုတ်လောက်ပေ။
"အင်း... နင်ပေးထားတဲ့ သံမဏိမီးတွေ အကုန်သုံးပြီး သံမဏိတုံးတွေ အများကြီး လုပ်ထားတယ်"
လီဝမ်ရှီး ခေါင်းငြိမ့်ပြသည်။
"ကောင်းပြီလေ၊ ဒါဆို နင့်အိမ်ကို အရင်သွားပြီး နင့်ရဲ့ လက်နက်နဲ့ ချပ်ဝတ် ထုတ်လုပ်ရေးစင်ကို ခဏ ငှားသုံးမယ်။ ငါ သူမအတွက် တစ်စုံ လုပ်ပေးလိုက်မယ်။ လမ်းကြုံတာပဲလေ၊ တောင်ဘက်ကို သွားရင်းနဲ့ နင့်အိမ်ကို ဝင်သွားကြတာပေါ့"
အပြာရောင်အဆင့် ပစ္စည်းတွေအတွက်ကတော့ အောင်မြင်မှုနှုန်း ကန့်သတ်ချက် မရှိပေ။
ဘယ်မှာလုပ်လုပ် အတူတူပင်၊ လီဝမ်ရှီးရဲ့ အလုပ်ခန်းမှာ မြှင့်တင်မှု မရှိလည်း ကိစ္စမရှိချေ။
"ဟုတ်သားပဲ။ နင်က ထပ်လုပ်လို့ ရတာပဲ"
လီဝမ်ရှီး မျက်လုံးလေးတွေ တောက်ပသွားပြီး လက်ခုပ်တီးကာ ဝမ်းသာသွားရှာသည်။
"ကဲ... ဒါဆို အိမ်ကို ပြန်ရအောင်။ ငါ မမရွှယ်ဖေးကို အခုပဲ လှမ်းပြောလိုက်မယ်။"
သူမသည် စူးစမ်းရှာဖွေသူများ အဖွဲ့ထဲတွင် ချက်ချင်း မေးလိုက်၏။
"မမရွှယ်ဖေး... အပြင်ထွက်သွားပြီလား"
ချီရွှယ်ဖေး - "အဝေးကြီးတော့ မရောက်သေးဘူး၊ ဘာဖြစ်လို့လဲ"
လီဝမ်ရှီး - "အိမ်ကို ခဏ ပြန်လှည့်ပြီး စောင့်နေဦးနော်၊ ခဏနေရင် ပစ္စည်းတစ်စုံ ပို့ပေးမယ်။ သံမဏိချပ်ဝတ် ဝတ်စုံလေ။"
ချီရွှယ်ဖေး - "...ကောင်းပြီ၊ အခုပဲ ပြန်လှည့်လိုက်မယ်"
သူတို့ စကားပြောတာကို ကြည့်ပြီး ကျန်တဲ့သူတွေကတော့ အားကျနေကြ၏။
ချင်ယွန်လုံ - "သံမဏိချပ်ဝတ်လား... တော်တော် ကောင်းမယ့် ပုံပဲ"
ဝမ်လေ့ - "အလှလေး ဝမ်ရှီးရေ... ကျွန်တော်လည်း တစ်စုံလောက် လိုချင်တယ်ဗျာ။ ကျွန်တော့်ကိုလည်း ပေးပါဦး။"
ကျောက်ရှောင်ချွမ်း - "အပေါ်ကကောင် ငြိမ်ငြိမ်နေစမ်းပါ။ မင်းမှာ သံချပ်ဝတ် ရှိနေတာပဲကို။ ငါကမှ တကယ် လိုအပ်နေတာကွ"
ဝမ်ကွေ့ရှင်း - "ဝမ်ရှီး... နင်နဲ့ ရွှီရှင်းကြားမှာ ဘာမှ မရှိဘူးဆိုတာ ငါတော့ လုံးဝ မယုံဘူး။ ဒါနဲ့... ငါလည်း သံမဏိချပ်ဝတ် လိုချင်တယ်"
ချီရွှယ်ဖေး - "ငါ အစကတည်းက ပြောသားပဲ၊ သူတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးက မရိုးရှင်းပါဘူးလို့"
လီဝမ်ရှီး စာတွေကို ဖတ်ပြီး မျက်နှာလေး နီမြန်းသွားရ၏။
ရွှီရှင်းကို တစ်ချက် ခိုးကြည့်ပြီး နာရီကို အမြန် အော်ပြောတော့သည်။
"ဘာတွေ လျှောက်ပြောနေကြတာလဲ။ ငါက သံမဏိတုံးတွေ လုပ်ပေးလို့ သူက မမရွှယ်ဖေးအတွက် တစ်စုံ လုပ်ပေးတာလေ၊ သူက အခု ငါ့အိမ်နား ရောက်နေလို့ပါ"
ရွှီရှင်းကတော့ ခပ်ဖွဖွ ရယ်မောရင်း အဖွဲ့ထဲမှာ ပြောလိုက်သည်။
"မလောကြပါနဲ့ဦး၊ ကုန်ကြမ်းတွေ လုံလောက်သွားရင် အားလုံးကို တစ်စုံစီ လုပ်ပေးပါ့မယ်။ ဒါနဲ့... နင်တို့တွေ လူချင်းတွေ့ဖို့ ဆွေးနွေးပြီးကြပြီလား"
ချင်ယွန်လုံ - "ငါနဲ့ ငါ့ညီ၊ ပြီးတော့ ဝမ်ကွေ့ရှင်းတို့ကတော့ တည်နေရာတွေ တော်တော် နီးတယ်ဆိုတာ သေချာသလောက် ရှိနေပြီ။ ဒီနားမှာ တောင်ကုန်းတစ်ခု ရှိတယ်လေ၊ အဲဒီပေါ်က သစ်ပင်စောင်းစောင်းကြီးကို ငါတို့ အားလုံး မြင်နေရတာ"
ဝမ်လေ့ - "ငါကတော့ အဲဒါကို မမြင်ရဘူး၊ ဒါပေမဲ့ စမ်းချောင်းအတိုင်း လိုက်ရှာရင်တော့ နင်တို့ကို တွေ့မှာပါ။ စမ်းချောင်းရဲ့ အဆုံးက ဟိုဘက်က ရေကန်မှာ ဖြစ်မှာပေါ့"
ကျောက်ရှောက်ချွမ်း - "ငါလည်း စမ်းချောင်းဘေးမှာပဲ၊ ငါတို့ နှစ်ယောက်က ပိုနီးမယ် ထင်တယ်"
"သူတို့တွေ တကယ်ပဲ နီးနီးကပ်ကပ် ရှိနေကြတာလား...။"
ရွှီရှင်း မေးစေ့ကို ပွတ်ရင်း စဉ်းစားမိသည်မှာ ကျိချောင်းယန်နဲ့ သူ့ရဲ့ ခန့်မှန်းချက်က မှန်ကန်နေပြီဆိုတာပင်။
ဒီနေရာ နှစ်ခုမှာ တစ်ခုခု ထူးခြားတာ ရှိနေမှာ သေချာ၏။
ဒါပေမဲ့ အဲဒီလိုဆိုရင်တော့ အချင်းချင်း ပူးပေါင်းဖို့က အများကြီး ပိုလွယ်သွားပေသည်။
တစ်ယောက်ချင်းစီ လိုက်ရှာနေစရာ မလိုတော့ချေ။
"ကဲ သွားရအောင်၊ နင့်အိမ်ကို အရင်သွားမယ်"
"အင်း"
သူတို့နှစ်ယောက် ဝံပုလွေပေါ် တက်လိုက်ကြပြီး ခဲခဲလေးကလည်း ဝံပုလွေကျောပေါ် ခုန်တက်လာ၏။
ငွေရောင်ဘုရင်က အော်ဟစ်လိုက်ပြီး အနောက်ဘက်ကို ပြန်ပြေးတော့သည်။
ငွေရောင်ဘုရင် ဖြတ်ပြေးသွားတဲ့ နေရာတိုင်းမှာ သစ်ရွက်ခြောက်တွေက လေထဲကို ဝဲပျံကုန်၏။
"ရွှီရှင်း... ဒီကမ္ဘာကြီးက ငါတို့ကို ဘာလို့ ဒီမှာ လာထားတာလို့ ထင်လဲ။ ငါတို့တွေ ပြန်လို့ ရပါ့မလား"
လီဝမ်ရှီးက ရွှီရှင်းရဲ့ ခါးကို အနောက်ကနေ ဖက်ထားရင်း၊ ပါးလေးကို မြွေကြေးခွံချပ်ဝတ်နဲ့ ကပ်ထားကာ တရိပ်ရိပ် ကျန်ခဲ့တဲ့ သစ်ပင်မြင်ကွင်းတွေကို ကြည့်ပြီး မေးလိုက်ရှာသည်။
သူတို့တွေ ဒီကမ္ဘာကို ရောက်တာ တော်တော် ကြာပြီဖြစ်ကာ အမြဲတမ်း အသက်ဘေးနဲ့ ရင်ဆိုင်နေခဲ့ရ၏။
အခုလို အရေးပေါ် ပွဲတွေ မရှိတော့ဘဲ လူချင်းလည်း တကယ် တွေ့ရတဲ့ အခါမှာတော့ ကိုယ့်ကမ္ဘာကို လွမ်းတဲ့စိတ်က တဖြည်းဖြည်း ပေါ်လာတော့သည်။
"ဘယ်သူ သိမှာလဲ။ နောက်ဆုံး အသက်ရှင်ကျန်ရစ်သူတွေ ဖြစ်မှပဲ ဒီကမ္ဘာရဲ့ လျှို့ဝှက်ချက်တွေကို တကယ် သိနိုင်မှာပေါ့"
ရွှီရှင်းက တည်ငြိမ်စွာ ပြန်ပြောလိုက်၏။
ငွေရောင်ဘုရင်က အရမ်းမြန်ပေမဲ့ သူနဲ့ ရွှီရှင်းကြားမှာ စီးတော်ယာဉ် စာချုပ် ရှိနေတာကြောင့် ရွှီရှင်းအတွက်တော့ အရမ်းကို တည်ငြိမ်နေ၏။
လီဝမ်ရှီးနဲ့ နွားကြားက သားရဲစာချုပ်မျိုး မဟုတ်ဘဲ စီးနင်းဖို့ သီးသန့် စာချုပ်မို့လို့ ရွှီရှင်းကတော့ အေးဆေးပဲ ခဲခဲလေးကို စနောက်နေနိုင်၏။
လီဝမ်ရှီးက လေထဲဝဲနေတဲ့ သစ်ရွက်တစ်ရွက်ကို လှမ်းဖမ်းလိုက်ပြီး လက်ထဲမှာ လှည့်ကစားနေရင်း...
"နင်နဲ့ ကျိချောင်းယန်က ငါတို့ မသိတဲ့ လျှို့ဝှက်ချက်တွေကို သိနေကြတယ် မဟုတ်လား"
ရွှီရှင်း မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။
"အင်း... နည်းနည်းပါးပါးတော့ သိတာပေါ့၊ ဒါပေမဲ့..."
"ငါတို့ကို ပြောပြလို့ မရဘူး မဟုတ်လား"
လီဝမ်ရှီးက လက်ထဲက သစ်ရွက်ကြောတွေကို လွှင့်ပစ်လိုက်ပြီး ရွှီရှင်းရဲ့ ခါးကို ဆက်ဖက်ထားပြန်သည်။
အမှန်တော့ ရွှီရှင်းလည်း အများကြီး မသိပါချေ။
မြေအောက်က တုန်လှုပ်စရာကောင်းတဲ့ ဧရာမ သတ္တဝါကြီးတွေကို မြင်ခဲ့ဖူးတာရယ်၊ ဒီကမ္ဘာဟာ တစ်ချိန်က ကမ္ဘာမြေနဲ့ ဆင်တူခဲ့ပြီး အခု မြင်နေရတာက ကမ္ဘာပျက်ပြီးနောက်ပိုင်း အခြေအနေဆိုတာရယ်ကိုပဲ သိ၏။
အဲဒါကလွဲရင်တော့ သူလည်း ဘာမှ မသိချေ။
ဟို လျှို့ဝှက်ဆန်းပြားတဲ့ အသံက ဘာလဲ၊ ဒီလို ရှင်သန်မှုအတွက် ရွေးချယ်နေရတဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ သူလည်း မသိပေ။
"တကယ်တော့ စူးစမ်းရှာဖွေသူများ အဖွဲ့ထဲက လူတွေက နင် တစ်ခုခု သိနေတယ်ဆိုတာ အာရုံခံမိကြတယ်။ နင်က ငါတို့ကို သတင်းတွေ ခဏခဏ ပေးပေမဲ့ ဘယ်လို သိလဲဆိုတာကျတော့ ဘယ်တော့မှ မပြောဘူးလေ၊ ဒါပေမဲ့ နင်ပြောတာတွေက အမြဲတမ်း မှန်နေတာပဲ။ အားလုံးက တော်တော် သိချင်နေကြတာ၊ မမရွှယ်ဖေးတောင် ငါ့ကို ခဏခဏ ပြောဖူးတယ်၊ နင့်ကို မေးကြည့်ပါဦးတဲ့။ သူမကတော့ နင်ဟာ ဒီကမ္ဘာကြီးနဲ့ တစ်ခုခု ဆက်စပ်နေတယ်လို့တောင် သံသယ ဝင်နေတာ"
"တကယ့်ကို ထူးဆန်းတဲ့ အတွေးပဲ"
ရွှီရှင်းက ရယ်ချင်တဲ့ပုံနဲ့ ပြောလိုက်၏။
"သူမ ပြောတာက နင်က အမြဲတမ်း နံပါတ် ၁ ဖြစ်နေသလို၊ တစ်နယ်မြေလုံးမှာတောင် ထိပ်ဆုံးက ဖြစ်နေတာဆိုတော့... နင်က ဒီကမ္ဘာရဲ့ မူလ နေထိုင်သူများလား၊ ငါတို့ကို အစောပိုင်းမှာ လမ်းပြပေးပြီး ပထမအဆင့် ပြီးတာနဲ့ ပျောက်သွားမယ့် လမ်းပြသူများလားလို့ စဉ်းစားနေတာ"
လီဝမ်ရှီးက ရွှီရှင်းကို ရုတ်တရက် ပျောက်ကွယ်သွားမှာ စိုးတဲ့အတိုင်း တင်းတင်းကြပ်ကြပ် ဖက်ထားရှာသည်။
အမှန်တော့ ချီရွှယ်ဖေးမှာ ဒီထက် ပိုပြီး ကြောက်စရာကောင်းတဲ့ အတွေးတွေ ရှိသေး၏။
ဒါကိုတော့ လီဝမ်ရှီးက ထုတ်မပြောချေ။
ချီရွှယ်ဖေးဆိုတာ ၂၆ နှစ်အရွယ် ဆေးပညာ ဒေါက်တာဘွဲ့ရဆိုပေမဲ့ သူမရဲ့ စိတ်ထဲမှာတော့ ကလေးဆန်တဲ့ အတွေးတွေနဲ့ ပူးပေါင်းကြံစည်မှု သီအိုရီတွေက အပြည့်ပင်။
ချီရွှယ်ဖေးက လီဝမ်ရှီးကို ရွှီရှင်းနဲ့ ဗီဒီယို ဖုန်းခေါ်ဖို့ တိုက်တွန်းခဲ့တာကြောင့်လည်း သူတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဒီလောက်အထိ တိုးတက်လာခဲ့တာပင်။
ချီရွှယ်ဖေး တစ်ခါက ပြောဖူးသည်မှာ သူမ ကြည့်ဖူးတဲ့ ကာတွန်းတစ်ခုထဲမှာ ကမ္ဘာကြီးကို ဖန်တီးသူက သာမန်လူတစ်ယောက်အဖြစ် ဟန်ဆောင်ပြီး အဖွဲ့ခေါင်းဆောင် လုပ်ကာ အားလုံးကို လမ်းပြပေးသည်။
အောင်မြင်ခါနီးကျမှ အားလုံး ယုံကြည်ရတဲ့ အဲဒီခေါင်းဆောင်က နောက်ဆုံး ရန်သူကြီး အဖြစ် ပြောင်းလဲသွားပြီး အားလုံးကို ငရဲရောက်အောင် လုပ်ပစ်လေသည်။
"ဒါက ရွှီရှင်းနဲ့ ကျိချောင်းယန်တို့နဲ့ မဆင်ဘူးလား" လို့ ချီရွှယ်ဖေးက စကားစပ်မိရင်း ပြောလိုက်တာက လီဝမ်ရှီးရဲ့ ရိုးသားတဲ့ စိတ်ကို တော်တော်လေး တုန်လှုပ်သွားစေခဲ့၏။
ချီရွှယ်ဖေးက နောက်ပြောင်တာပါလို့ ပြောခဲ့ပေမဲ့လည်း လီဝမ်ရှီးကတော့ အဲဒီညက အိပ်လို့တောင် မပျော်ပေ။
ရွှီရှင်းကသာ ရန်သူကြီး ဖြစ်နေရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အတွေးနဲ့ပေါ့။
"ငါက ဒီကမ္ဘာက လူဖြစ်မယ်၊ လမ်းပြသူ ဖြစ်မယ် ဟုတ်လား... နင်တို့ရဲ့ စိတ်ကူးယဉ်မှုကတော့ တကယ်ကို အံ့သြစရာပဲ"
ရွှီရှင်းက ချီရွှယ်ဖေးရဲ့ စိတ်ကူးယဉ်မှုတွေကို တကယ်ပဲ ပြန်မပြောနိုင်အောင် ဖြစ်သွားရ၏။
"အီးးး"
ရွှီရှင်းရဲ့ ရင်ခွင်ထဲမှာ ခိုကပ်ပြီး နားထောင်နေတဲ့ ခဲခဲလေးကတော့ လီဝမ်ရှီး ဘာတွေ ပြောနေလဲဆိုတာ လုံးဝ နားမလည်တဲ့ ပုံပင်။
ဒါပေမဲ့ လမ်းပြသူ ဖြစ်နိုင်တယ်ဆိုတဲ့ ချီရွှယ်ဖေးရဲ့ ခန့်မှန်းချက်ကတော့ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်ခြေ ရှိ၏။
ဒါပေမဲ့ လမ်းပြသူဆိုတာ သူတစ်ယောက်တည်း မဟုတ်ဘဲ ထူးခြားစွမ်းရည်တွေ ရထားတဲ့သူ အားလုံး ဖြစ်လောက်သည်။
သူတို့ကို ဒီစွမ်းရည်တွေ ပေးထားတာက ကျန်တဲ့ အသက်ရှင်ကျန်ရစ်သူတွေကို နောက်ဆုံးအထိ ဦးဆောင်သွားခိုင်းချင်လို့ ဖြစ်ရမည်။
"အဲဒီလိုလား... အင်း၊ တကယ်တော့ နည်းနည်းတော့ စိတ်ကူးယဉ်ဆန်တာပေါ့။ မမရွှယ်ဖေးက နေ့တိုင်း အဲဒီလို ဇာတ်လမ်းတွေနဲ့ ငါ့ကို ခြောက်နေတာကြောင့် ငါ ဒီနေ့ နင့်ကို တွေ့ဖို့ တော်တော်လေး စိတ်လောနေတာ။ အခု နင့်ကို လူချင်း မြင်လိုက်ရတော့မှ စိတ်အေးသွားတော့တယ်၊ နင့်ဆီမှာ ဟို ရန်သူကြီး လို အရှိန်အဝါမျိုး မရှိပါဘူး ဟီးဟီး"
လီဝမ်ရှီးက ရှက်ကိုးရှက်ကန်းနဲ့ သူ့ရဲ့ ခါးထဲ ခေါင်းဝှက်ပြီး ပြောရှာသည်။
"ဟားဟား... စိတ်မပူပါနဲ့၊ ငါက ဘယ်မှ ထွက်မပြေးပါဘူး၊ ရန်သူကြီးလည်း မဟုတ်ပါဘူး။ ငါကလည်း နင်တို့လိုပဲ ထူးခြားစွမ်းရည် ရထားတဲ့ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်ပါပဲ"
ရွှီရှင်း မရယ်ဘဲ မနေနိုင်တော့ချေ၊ ဒီလို ဇာတ်လမ်းမျိုးကို ယုံတဲ့သူ ရှိလိမ့်မယ်လို့ သူ မထင်ထားမိတာကိုး။
"ဟေး... မရယ်နဲ့လေ။ ငါ တကယ် စိုးရိမ်ခဲ့တာကို။ ဒါမှန်း သိရင် မပြောပြပါဘူး"
လီဝမ်ရှီးက စိတ်ဆိုးသလိုမျိုး ရွှီရှင်းရဲ့ ကျောကို တစ်ချက် ထုလိုက်သည်။
အခုဆိုလျှင် သူတို့တွေ လီဝမ်ရှီးရဲ့ အိမ်အောက်ကို ရောက်လာခဲ့ကြလေပြီ။
ငွေရောင်ဘုရင်က ရပ်လိုက်တာကြောင့် သူတို့တွေ ဝံပုလွေပေါ်က ဆင်းလိုက်ကြ၏။
"ဒီလို ကြောက်စရာကောင်းတဲ့ ကိစ္စတွေကို ထပ်မပြောကြေးနော်"
လီဝမ်ရှီးက သူမရဲ့ ပါးပြင် နှစ်ဖက်ကို လက်နဲ့ ပုတ်လိုက်ပြီးမှ အိမ်ရဲ့ အမြစ်တွေကို အောက်ဆင်းလာအောင် လုပ်ကာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။
"ကဲ... အရင်ဆုံး အိမ်ထဲ ဝင်ကြရအောင်"
---
အခန်း ၂၃၂ ပြီး။
***