လီဝမ်ရှီးသည် နွယ်ပင်များကို ထိန်းချုပ်ကာ လူနှစ်ယောက်၏ ခါးတွင် ပတ်လိုက်ပြီး ငွေရောင်ဘုရင်နှင့် ခဲခဲတို့ကိုပါ သစ်ပင်အိမ်ထဲသို့ တစ်ခါတည်း ဆွဲတင်လိုက်သည်။
ရွှီရှင်းအတွက်တော့ သူစိမ်းတစ်ယောက်၏ ဦးဆောင်မှုဖြင့် သစ်ပင်အိမ်ထဲသို့ ရောက်ဖူးခြင်းမှာ ယခုက ပထမဆုံးပင်။
မိမိဘာသာ ထိန်းချုပ်ဝင်ရောက်ရသည်နှင့် ခံစားချက်ချင်း လုံးဝ ခြားနားနေသည်။
ရှင်ကျန်သူများအတွက် သစ်ပင်အိမ်ဆိုသည်မှာ မိမိ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကဲ့သို့ ဖြစ်နေ၍ အမြစ်များကို ထိန်းချုပ်ရသည်မှာ ခြေလက်ကို လှုပ်ရှားရသလိုပင်။
ထို့ကြောင့် မိမိဘာသာ ဆွဲတင်ခြင်းမှာ ခုန်ခြင်း၊ ပြေးခြင်းကဲ့သို့ ရိုးရှင်းလှသည်။
သို့သော် အခြားသူတစ်ယောက်၏ ဆွဲတင်ခြင်းကို ခံရသည့်အခါတွင်မူ ဧရာမ သားရဲကြီးတစ်ကောင်၏ ဝါးမြိုခြင်းကို ခံလိုက်ရသလို ရင်တထိတ်ထိတ် ဖြစ်ရ၏။
တခြားသူရဲ့ သစ်ပင်အိမ်ထဲကို ဝင်ရတဲ့ ခံစားချက်က တကယ်ကို ထူးဆန်းတာပဲ....။
လီဝမ်ရှီးက သူ့ကို ပထမထပ်သို့ အရင်ခေါ်သွားရင်း...
"အရင်ဆုံး မမရွှယ်ဖေးအတွက် သံမဏိချပ်ဝတ် အစုံလိုက် အရင်လုပ်ပေးရအောင်" ဟု ပြောလိုက်သည်။
သစ်ပင်အိမ်၏ ပထမထပ်ကို ဘယ်၊ ညာ နှစ်ခြမ်း ခွဲထားပြီး ဘယ်ဘက်ခြမ်းက ပိုကျယ်ကာ ညာဘက်ခြမ်းကတော့ အနည်းငယ် ကျဉ်း၏။
လီဝမ်ရှီးသည် သူ့ကို ညာဘက်ခြမ်းရှိ အလုပ်ခန်းထဲသို့ ခေါ်သွားသည်။
ထိုနေရာတွင် ပစ္စည်းထုတ်လုပ်သည့် ခုံအချို့နှင့် အစိမ်းရောင်အဆင့် ကျောပိုးအိတ်များ အပြည့်တင်ထားသော စင်များ ရှိနေ၏။
"ဒီမှာ"
သူမက လက်နက်နှင့် ချပ်ဝတ်တန်ဆာ ထုတ်လုပ်သည့် ခုံဆီသို့ ရွှီရှင်းကို ခေါ်သွားပြီး စင်ပေါ်မှ ကျောပိုးအိတ်တစ်လုံးကို ကမ်းပေးလိုက်သည်။
အိတ်ထဲတွင် အပြာရောင်အဆင့် သံမဏိတုံး ၂၀ ကျော်နှင့် အစိမ်းရောင်အဆင့် သံမဏိတုံး ၁၀၀ ကျော် ရှိနေ၏။
" ဒါက နည်းနည်းတော့ ချမ်းသာလွန်းမနေဘူးလား ..."
ရွှီရှင်း အိတ်ထဲက ပစ္စည်းတွေကို ကြည့်ပြီး မျက်ခုံးများပင် လှုပ်သွားရသည်။
သူသည် စူးစမ်းရှာဖွေသူများ အဖွဲ့ထဲတွင် ပစ္စည်းစုံလျှင် တစ်ယောက်တစ်စုံ လုပ်ပေးမည်ဟု ပြောခဲ့သည်မှာ ၁၀ မိနစ်ပင် မရှိသေးချေ။
ယခုမူ အားလုံးအတွက် အပြာရောင်အဆင့် ချပ်ဝတ်တန်ဆာ လုပ်ပေးနိုင်သည့် ပစ္စည်းများက သူ့လက်ထဲသို့ ရောက်နေချေပြီ။
"တကယ်လား။ ကျွန်မကတော့ ဒါက ပုံမှန်ပဲလို့ ထင်တာပဲ။ အပြာရောင်သံမဏိတုံး ၂၀ ကျော်ပဲ ရှိတာလေ။ ရှင်ဆိုရင် သစ်ပင်တစ်ပင်တည်းကတောင် အပြာရောင်အဆင့် အသီးတွေ အလုံး ၁၀၀ ကျော် ရတာ မဟုတ်ဘူးလား"
"ငါက..."
ရွှီရှင်း မျက်လုံးအသာလှန်မိသွားသည်။
ဒါက ဘယ်လိုလုပ် အတူတူဖြစ်မှာလဲ....။
အဲဒါတွေက အသီးတွေလေ၊ ခဏတာ အာနိသင်ပဲရှိတဲ့ အဆင့်တွေ။
တကယ့် အပြာရောင်အဆင့် အရင်းအမြစ်ဆိုတာ အသီးမဟုတ်ဘဲ အဲဒီအသီးတွေ ထွက်တဲ့ သစ်ပင် ဒါမှမဟုတ် ချုံပင်တွေကို ပြောတာပင်။
ပြီးတော့ ဒီအပြာရောင် သံမဏိတုံးတွေက တစ်တုံးချင်းစီကနေ အပြာရောင်အဆင့် ပစ္စည်းတစ်ခု ထွက်နိုင်၏။
အဲဒါက အပြာရောင်အဆင့် ပစ္စည်းတွေထဲမှာ အကောင်းဆုံးပင် လျှော့တွက်လို့ လုံးဝမရချေ။
တကယ်လို့ ဒါတွေကို တည်နေရာကူးပြောင်းစက် တွေလုပ်ဖို့ သုံးမယ်ဆိုရင်တော့ စူးစမ်းရှာဖွေသူများ အဖွဲ့ဝင်တိုင်းအတွက် လောက်ငမှာ မဟုတ်သေးဘူး.....။
ရွှီရှင်းသည် ထိုသံမဏိတုံးများကို အသုံးပြုကာ အပြာရောင်အဆင့် သံမဏိချပ်ဝတ်တန်ဆာ တစ်စုံကို ချက်ချင်း ထုတ်လုပ်လိုက်ပြီး လီဝမ်ရှီးကို ပေးလိုက်သည်။
သူမကလည်း ထိုအချပ်ဝတ်အစုံကို ချီရွှယ်ဖေးဆီသို့ ချက်ချင်း ပို့ပေးလိုက်၏။
ချီရွှယ်ဖေး : "ချပ်ဝတ်တန်ဆာအတွက် ကျေးဇူးပဲ ဝမ်ရှီး။ ငါ အပြင်ထွက်တော့မယ်"
ဝမ်လေ့ : "အားကျလိုက်တာဗျာ"
ကျောက်ရှောင်ချွမ်း : "ဘာလို့ အားကျနေတာလဲ၊ မင်းလည်း အပြင်ထွက်လေ"
ဝမ်လေ့ : "ငါ အပြင်ထွက်နေတာ ကြာလှပြီကွ။ အရှေ့ဘက်ရော တောင်ဘက်မှာပါ သစ်ပင်အိမ်တွေကို မြင်နေရပြီ။ အခု စမ်းချောင်းအတိုင်း အရှေ့ဘက်ကို သွားနေတာ"
ဝမ်ကွေ့ရှင်း : "နင်က နှေးလှချည်လား၊ မြန်မြန်ပြေးစမ်း။ ငါဆိုရင် ဒီနားက တခြားနယ်မြေက သစ်ပင်အိမ်တွေကိုတောင် ရှင်းထုတ်ပြီးပြီ"
ချင်ယွန်လုံ : "အားလုံး ရှင်းပြီးပြီလား။ ရှင်ကျန်သူတွေရော ရှိသေးလား"
ဝမ်ကွေ့ရှင်း : "ငါ သတ်လိုက်တဲ့ တစ်ယောက်ပဲ အသက်ရှင်နေတာ၊ ပြီးတော့ မနေ့က တွေ့ခဲ့တဲ့ သေလုမျောပါး သစ်ပင်အိမ် တစ်ခုပဲ ရှိတယ်။ စုစုပေါင်း သစ်ပင်အိမ်ကပ်ပါးမျိုးစေ့ နှစ်ခုနဲ့ သစ်ပင်အိမ်အမြုတေ နှစ်ခု ရခဲ့တယ်။ ဒါလည်း အမြတ်ပဲပေါ့။ မိရင်တော့ အဲဒီလူကို မသတ်ဘဲ ငါ့အတွက် အလုပ်ခိုင်းထားမိမှာ။ နင်တို့တွေ ငါနဲ့တွေ့ရင် ဘာမှ လာမကြံနဲ့နော်၊ မဟုတ်ရင် အကုန် အပြတ်ရှင်းပစ်မှာ"
ဝမ်လေ့ : "တိုက်ခိုက်ရေးစွမ်းရည် ကြောက်စရာကောင်းတဲ့ မိန်းမသား ကြီး ကို ဘယ်သူက စိတ်ဝင်စားမှာလဲ..."
ဝမ်ကွေ့ရှင်း : "ဟီးဟီး... ဝမ်လေ့၊ နင့်ရဲ့ နောက်ဆုံးနေ့ပဲလို့သာ မှတ်ထားလိုက်"
ဝမ်လေ့ : "အစ်ကိုရှင်းရေ... ကယ်ပါဦး။ ကျွန်တော် သူ့ကို မယှဉ်နိုင်ဘူး"
လီဝမ်ရှီးသည် သူမ၏ ပါးစပ်ကို လက်ဖြင့်အုပ်ကာ တိုးတိုးလေး ရယ်ရင်း ရွှီရှင်းကို လှမ်းကြည့်လိုက်သည်။
ရွှီရှင်းကတော့ ဘာမှမတတ်နိုင်သလို ခေါင်းကိုသာ ခါလိုက်မိ၏။
ရွှီရှင်း : "ကံကောင်းပါစေကွာ၊ ငါလည်း သူ့ကို မနိုင်ဘူးဟ။"
ကျောက်ရှောင်ချွမ်း : "ဟာ မဖြစ်နိုင်တာ။ အစ်ကိုရှင်းက တစ်လောကလုံးမှာ နံပါတ်တစ် မဟုတ်ဘူးလား"
ဝမ်ကွေ့ရှင်းပင် အံ့အားသင့်သွားရသည်။
"တကယ်လား။ငါက တစ်လောကလုံးမှာ နံပါတ်တစ်ထက် ပိုသန်မာတာလား"
ကျိချောင်းယန် : "တကယ်ပါပဲ၊ တိုက်ခိုက်ရေးစွမ်းရည် အပိုင်းမှာဆိုရင် ဝမ်ကွေ့ရှင်းက ငါတို့ စူးစမ်းရှာဖွေသူများ ထဲမှာတင် မဟုတ်ဘူး၊ ရှင်ကျန်သူ အားလုံးထဲမှာတောင် သူမထက် သန်မာတဲ့သူ ရှိမှာမဟုတ်ဘူး။"
ဝမ်လေ့ : "နောက်နှစ်ကျရင် ငါ့အတွက် အမွှေးတိုင် ထွန်းပေးကြပါ..."
ဝမ်ကွေ့ရှင်းသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး "ရား" ဟု အသာလေး အော်ကာ ဘေးနားရှိ သစ်ပင်တစ်ပင်ကို စိတ်လှုပ်ရှားစွာဖြင့် ကန်လိုက်၏။
"ဖောက်"
အကန်ခံလိုက်ရသော သစ်ပင်မှာ "ဝုန်း" ကနဲ အသံနှင့်အတူ ချက်ချင်း ကျိုးကျသွားတော့သည်။
ပြီးနောက် ကျိုးကျသွားသော သစ်လုံးရော၊ ကျန်ခဲ့သော သစ်ငုတ်ပါ တဖြည်းဖြည်း အရောင်ပြောင်းကာ ခြောက်သွေ့သွားလေသည်။
ထိုစဉ် ရွှီရှင်းက သူတို့သည် နယ်မြေ ၁၈၉ ၏ ဝိုင်းရံခြင်းကို ခံထားရသည်ကို ရုတ်တရက် သတိရသွားပြီး မေးလိုက်၏။
"နယ်မြေ ၁၈၉ က လူတွေနဲ့ တွေ့တဲ့သူ ရှိလား။ ရှင်ကျန်သူ ဘယ်လောက်ကျန်သေးလဲဆိုတာ သိရလား"
ဝမ်လေ့ : "စောစောက ငါ စကားပြောခဲ့တဲ့ ညီအစ်ကိုတစ်ယောက် ပြောတာကတော့ နယ်မြေ ၁၈၉ မှာ လူပေါင်း ၁၆၀၀ ကျော် ကျန်သေးတယ်တဲ့။ အခု ငါ သူနဲ့ သွားပြီး ဘဝအကြောင်းတွေ ပြောမလို့"
ဝမ်ကွေ့ရှင်း : "အင်း... ငါ သတ်လိုက်တဲ့ လူကလည်း အဲဒီလိုပဲ ပြောတယ်။ အဲဒီလောက် လူဦးရေ ရှိတာ အမှန်ပဲ။"
"ကဲ... ချပ်ဝတ်တန်ဆာတွေလည်း ပို့ပြီးပြီဆိုတော့ ခဏနားပြီးမှ အပြင်ထွက်ကြရအောင်။ ရှင့်ကို ကျွန်မရဲ့ သစ်ပင်အိမ်အကြောင်း ပြစရာရှိသေးတယ်"
လီဝမ်ရှီးကတော့ ဘယ်သူက ပိုသန်မာလဲဆိုသည်ကို စိတ်မဝင်စားဘဲ ရွှီရှင်းကို ကြည့်ကာ ပြုံးပြလိုက်သည်။
သူမသည် ရွှီရှင်းကို ထုတ်လုပ်ရေးအခန်းထဲမှ ဆွဲထုတ်လာပြီး မျက်နှာချင်းဆိုင်ရှိ သတ္တုအရည်ကျိုခန်း တံခါးကို တွန်းဖွင့်လိုက်၏။
"မြန်မြန်လာကြည့်၊ ကျွန်မရဲ့ အရည်ကျိုခန်းနဲ့ မီးဖိုအသစ်ကြီးကို"
အရည်ကျိုခန်းမှာ လီဝမ်ရှီး၏ အဓိက အဆင့်မြှင့်တင်ထားသော နေရာဖြစ်ပြီး ဘေးရှိ ထုတ်လုပ်ရေးခန်းထက် ပိုကျယ်ကာ ၄၀ စတုရန်းမီတာခန့် ရှိသည်။
တံခါးပွင့်သွားသောအခါ ရွှီရှင်း အထဲသို့ လှမ်းကြည့်လိုက်ပြီး ရှေ့ရှိ မီးဖိုကြီးကို မြင်ကာ ကြောင်အမ်းသွားရတော့သည်။
လီဝမ်ရှီး၏ အရည်ကျိုခန်းထဲတွင် မီးဖိုစုစုပေါင်း ငါးလုံး ရှိကာ လေးလုံးမှာ ထောင့်လေးထောင့်တွင် ရှိပြီး ရွှီရှင်း၏ သစ်ပင်အိမ်မှ မီးဖိုများနှင့် ဆင်တူသည်။
သို့သော် အခန်းအလယ်တွင်မူ ကျန်လေးလုံးနှင့် လုံးဝမတူသော ဧရာမ မီးဖိုကြီး တစ်လုံး ရှိနေ၏။
ထိုထူးခြားသော မီးဖိုမှာ အခြားမီးဖိုများထက် သိသိသာသာ ပိုကြီးမားသည်။
အပြင်ပန်းကြည့်ရုံနှင့်ပင် လေမှုတ်ဖို၊ ကြိတ်စက်နှင့် ရေအေးပေးစနစ်များပါရှိကာ အဆင့်မြင့်လှသည်ကို သိသာစေသည်။
အထူးခြားဆုံးအချက်မှာ ထိုမီးဖိုကြီးထံမှ အပြာရောင် အလင်းတန်းများ ဖြာထွက်နေခြင်းပင်။
"... အပြာရောင်အဆင့် မီးဖိုကြီးလား"
ရွှီရှင်း အံ့သြတကြီး ရေရွတ်မိ၏။
မီးဖိုတွေကို အစိမ်းရောင်အဆင့်ပဲ လုပ်လို့ရတာ မဟုတ်ဘူးလား...။
"ဟီးဟီး... မကြာသေးခင်ကမှ လုပ်ထားတာ။ အထင်ကြီးစရာပဲ မဟုတ်လား"
လီဝမ်ရှီးက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြုံးလိုက်သည်။
"ဒါက..."
ရွှီရှင်း ခေတ္တမျှ စဉ်းစားလိုက်မိသည်။
မီးဖိုလုပ်ရန် အစိမ်းရောင်အဆင့် ကျောက်တုံး ၁၀၀ လိုအပ်ပြီး ပစ္စည်းထုတ်လုပ်သည့်ခုံ၏ သတ်မှတ်ချက်အရ အပြာရောင်အဆင့် ကျောက်တုံးများဖြင့် အဆင့်မြှင့်၍ မရနိုင်ပေ။
ဒါဆို ဒီအပြာရောင်မီးဖိုက ဘယ်က ရောက်လာတာလဲ...။
"ဒါက... မင်းရဲ့ သီးသန့်ပုံစံထုတ်လုပ်နည်း လား"
ရွှီရှင်း ချက်ချင်း သဘောပေါက်သွားသည်။
သူ၏ အဂ္ဂိရတ်ပေါင်းစပ်ခုံကဲ့သို့ပင် ဤမီးဖိုမှာလည်း လီဝမ်ရှီး၏ စွမ်းရည်နှင့် ပေါင်းစပ်ထားသော သီးသန့်ပုံစံ ဖြစ်ပေလိမ့်မည်။
"ဟုတ်တယ်။ ဒီကမ္ဘာမှာ ဒီလိုမီးဖိုမျိုး လုပ်နိုင်တာ ကျွန်မတစ်ယောက်တည်းပဲ ရှိမှာ။ အင်း... မဟုတ်သေးပါဘူး၊ ကျွန်မလို စွမ်းရည်မျိုး ရှိတဲ့သူတွေ ရှိနိုင်ပေမဲ့ တကယ်ကို ရှားလိမ့်မယ်"
လီဝမ်ရှီးက အဆင့်မြင့်မီးဖိုကြီးနား သွားကာ ပုတ်ပြလိုက်သည်။
ရွှီရှင်းသည် မီးဖိုကြီးနားသို့ လှမ်းကြည့်လိုက်သောအခါ ခဲခဲက အထဲကို ဝင်ဖို့ ကြိုးစားနေသဖြင့် ရွှီရှင်းက လည်ပင်းကနေ ဆွဲကာ ပြန်ခေါ်လိုက်ရသည်။
"အထဲမဝင်နဲ့လေ၊ မီးတွေ တောက်လာရင် မင်း အရည်ပျော်သွားဦးမယ်" ဟု ရွှီရှင်းက သတိပေးလိုက်သည်။
"အီးးး"
ခဲခဲက ကြောက်လန့်တကြား အော်ဟစ်ကာ ရွှီရှင်း၏ ပုခုံးပေါ်သို့ ခုန်တက်သွားပြီး မီးဖိုနားကို မချဉ်းကပ်ရဲတော့ပေ။
ရွှီရှင်းသည် ခဲခဲ၏ အမြီးကြီးကို ပုတ်ပေးရင်း ထူးဆန်းသော မီးဖိုကြီးကို ကြည့်ကာ မေးလိုက်၏။
"ဒီမီးဖိုမှာ ဘာထူးခြားတဲ့ စွမ်းရည်တွေ ရှိလို့လဲ"
"ဟီးဟီး... ကျွန်မကို ပြန်ကြည့်လိုက်ဦး"
လီဝမ်ရှီး၏ အသံက နောက်ကနေ ထွက်လာသည်။
ရွှီရှင်း လှည့်ကြည့်လိုက်သည့်အခါ ခရမ်းရောင် အလင်းတန်းများက သူ့မျက်လုံးကို စူးရှသွားစေသည်။
လီဝမ်ရှီး၏ ညာဘက်လက်တွင် ခရမ်းရောင် အလင်းတန်းများ ထွက်နေသော သံမဏိတုံး တစ်တုံး ရှိနေ၏။
"ခရမ်းရောင်အဆင့် သံမဏိတုံးလား"
ရွှီရှင်း၏ မျက်လုံးများ ပြူးကျယ်သွားကာ မီးဖိုကြီးဘက်သို့ ချက်ချင်း ပြန်လှည့်ကြည့်လိုက်မိပေသည်။
"ဒါ... ဒါက ဒီမီးဖိုရဲ့ အာနိသင်လား"
လီဝမ်ရှီးမှာ သစ်ပင်အိမ်အမြုတေ မရှိသဖြင့် အပြာရောင်အဆင့်မှ ပစ္စည်းများကို အဆင့်မြှင့်နိုင်စွမ်း မရှိပေ။
"ဝါး... ဒါ ခရမ်းရောင်အဆင့်မှန်း တစ်ချက်ကြည့်ရုံနဲ့ သိတာပဲနော်"
လီဝမ်ရှီးက အနည်းငယ် အံ့သြသွားသည်။
"ကျွန်မဆိုရင် ပစ္စည်းစစ်ဆေးတဲ့ခုံပေါ် တင်ကြည့်မှ သိတာ။ ရှင့်ကိုလည်း အဲဒီခုံပေါ် တင်ပြမလို့ပဲ၊ အခုတော့ မလိုတော့ဘူးပေါ့"
ရွှီရှင်း မီးဖို၏ နံရံကို ထိကြည့်လိုက်ရာ အလုပ်မလုပ်သေးသဖြင့် အလွန်အေးမြနေသည်။
[သတ္တုရှာဖွေသူ၏ မီးဖို (အပြာရောင်): သတ္တုရှာဖွေသူများသာ ပြုလုပ်နိုင်သော ထူးခြားသည့် မီးဖိုဖြစ်သည်။ အခြေခံ သတ္တုအရည်ကျိုမှုနှုန်းကို အလွန်အမင်း မြှင့်တင်ပေးနိုင်ပြီး အဆင့်မြင့် ပစ္စည်းများ ရရှိနိုင်ခြေ ကို ပေးစွမ်းနိုင်သည်။ အရည်ကျိုခန်း၏ အဆင့်မြှင့်တင်မှု အမှတ်များပြားလေလေ ထိုအခွင့်အလမ်းမှာ ပိုမိုများပြားလေလေ ဖြစ်သည်။]
ထူးခြားတဲ့ မီးဖိုပဲ....။
အဆင့်မြင့် ပစ္စည်းတွေ ရနိုင်တဲ့ အခွင့်အလမ်း ရှိတာပေါ့...။
ရွှီရှင်း၏ မျက်လုံးများ ချက်ချင်း တောက်ပသွား၏။
သူသည် ဂုဏ်ယူနေသော လီဝမ်ရှီးကို လှည့်ကြည့်လိုက်မိသည်။
မထူးဆန်းတော့ပေ။
ဒီသူဌေးမလေးက သစ်ပင်အိမ်အမြုတေကို ဘာလို့ အလိုမရှိတာလဲဆိုတာ အခုမှ သဘောပေါက်တော့၏။
ဒါက သူမရဲ့ ရက်ရောမှုသက်သက်ကြောင့် မဟုတ်ဘဲ ခရမ်းရောင်အဆင့် ပစ္စည်းတွေကို အရည်ကျိုနိုင်စွမ်း ရှိနေလို့ပင်။
ဒီမီးဖိုနဲ့ အရည်ကျိုခန်းသာ ပေါင်းစပ်လိုက်လျှင် တကယ်ကို ကြောက်စရာကောင်းတဲ့ တည်ရှိမှု ဖြစ်လာမှာပင်။
သူမကတော့ တကယ့်ကို သူဌေးမလေး ဖြစ်ရကျိုးနပ်တာပဲ...။
---
အခန်း ၂၃၃ ပြီး။
***