လီဝမ်ရှီး၏ စွမ်းရည်မှာ သတ္တုရှာဖွေသူ ဟု ခေါ်ပြီး အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခု၏ အမည်နှင့် ဆင်တူလှသည်။
သို့သော်လည်း ဤမီးဖိုကြီးသည် ခရမ်းရောင်အဆင့် ပစ္စည်းများကို အရည်ကျိုနိုင်စွမ်း ရှိသော်လည်း အရာရာကိုတော့ မစွမ်းဆောင်နိုင်ပေ။
နှိုင်းယှဉ်ကြည့်လျှင် သစ်ပင်အိမ်အမြုတေက ပိုပြီး အသုံးဝင်မှုပိုများသည်။
မီးဖိုသည် သတ်မှတ်ထားသော သတ္တုပစ္စည်းများကိုသာ အရည်ကျိုနိုင်သော်လည်း သစ်ပင်အိမ်အမြုတေကမူ ကျောက်တုံးနှင့် သစ်သားကဲ့သို့သော အခြေခံပစ္စည်းများကိုပါ အဆင့်မြှင့်တင်ပေးနိုင်သည်။
ထို့ကြောင့် ဤထူးခြားသော မီးဖိုကြီးသည် သစ်ပင်အိမ်အမြုတေ၏ လုပ်ဆောင်ချက်ကို အပြည့်အဝ အစားမထိုးနိုင်ပေ။
အကယ်၍ လီဝမ်ရှီးသာ သစ်ပင်အိမ်အမြုတေကို အမှန်တကယ် အလိုမရှိပါကလည်း ကိစ္စမရှိချေ။
သူတို့ ပူးပေါင်းဆောင်ရွက်ကြသည့်အခါ သူမက ခရမ်းရောင်အဆင့် သံမဏိတုံးများ သို့မဟုတ် ဖန်ကဲ့သို့သော အရည်ကျိုရန် လိုအပ်သည့် ပစ္စည်းများကိုသာ အဓိက ထုတ်လုပ်ပေးလျှင် လုံလောက်ချေပြီ။
ကျန်သည့်ကိစ္စများကိုမူ အခြားသူများက တာဝန်ယူနိုင်သည် မဟုတ်ပါလား။
လီဝမ်ရှီးသည် သူမလက်ထဲမှ သံမဏိတုံးကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် အထက်သို့ မြှောက်ကစားနေရင်း လွတ်ကျလုနီးပါး ဖြစ်သွားသဖြင့် လက်နှစ်ဖက်ဖြင့် ကပျာကယာ ဖမ်းဆွဲလိုက်ရသည်။
သူမသည် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ရွှီရှင်းကို မော့ကြည့်ကာ ရင်ဘတ်ကို မတ်လိုက်ရင်း...
"ကဲ... ဘယ်လိုလဲ၊ ကျွန်မ တော်တယ် မဟုတ်လား" ဟု ဂုဏ်ယူစွာ မေးလိုက်၏။
"တော်တာပေါ့... တကယ် တော်ပါတယ်"
ရွှီရှင်း ခေါင်းညိတ်လိုက်၏။
ဤအချက်က အမှန်တကယ်ပင် အထင်ကြီးစရာ ကောင်းလှသည်။
ထို့နောက် သူက ဆက်မေးလိုက်သည်။
"မင်းရဲ့ မီးဖိုကနေ အဆင့်မြင့်ပစ္စည်းတွေ ထွက်လာနိုင်ခြေ က ဘယ်လောက်ရှိလဲ။ တွက်ချက်ထားတာမျိုး ရှိလား"
"အဲဒါက... ဟိုလေ..."
လီဝမ်ရှီး၏ ဂုဏ်ယူနေသော မျက်နှာပေးမှာ ချက်ချင်းပင် တောင့်ခဲသွားတော့သည်။
သူမက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ပြန်ပြော၏။
"တကယ်တော့ ကျွန်မလည်း အဲဒီ အခွင့်အလမ်းက ဘယ်လောက်လဲဆိုတာ သေချာမသိဘူး။ ဒါပေမဲ့ သေချာတာကတော့ သိပ်မများဘူးရှင့်။ ဒီမီးဖိုကို မနေ့ညကမှ လုပ်ပြီးတာလေ။ ပထမဆုံး အရည်ကျိုလိုက်တဲ့အချိန်မှာတင် ခရမ်းရောင်အဆင့် သံမဏိတုံး တစ်တုံး ထွက်လာတာ"
သူမသည် လက်ထဲမှ သံမဏိတုံးကို မြှောက်ပြရင်း စိတ်လှုပ်ရှားစွာဖြင့်
"အဲဒီတုန်းက ကျွန်မ သိပ်ပျော်သွားတာ၊ ရှင့်ဆီကို ဗီဒီယိုတောင် ချက်ချင်း ပို့မလို့ပဲ။ ဒါပေမဲ့ ဒီနေ့ ရှင်လာမယ်ဆိုတာ သိနေတော့ အံ့သြသွားအောင်လို့ ဘာမှမပြောဘဲ နေလိုက်တာ။ ရှင်ရောက်လာတဲ့အခါ ခရမ်းရောင်တုံးတွေ အများကြီးပြပြီး မှင်သက်သွားအောင် လုပ်မလို့ ကြံထားတာပေါ့"
"အဲဒီနောက်ပိုင်းတော့ ခရမ်းရောင်တစ်တုံးမှ ထပ်မထွက်တော့ဘူးပေါ့"
ရွှီရှင်းက သူမပြောပုံကိုကြည့်ကာ အဖြေကို ကြိုတင်မှန်းဆလိုက်မိသည်။
"ဟုတ်တယ်။ စောစောက အလုပ်ခန်းထဲမှာ ရှင့်ကိုပေးလိုက်တဲ့ အိတ်ထဲက သံမဏိတုံးတွေ အားလုံးက ဒီမီးဖိုနဲ့ ကျိုထားတာလေ။ အပြာရောင်အဆင့်တွေ အများကြီး ထွက်လာပေမဲ့ ခရမ်းရောင် တစ်တုံးမှ ထပ်မထွက်လာတော့ဘူး"
လီဝမ်ရှီးက စိတ်ပျက်လက်ပျက်ဖြင့်
"ကျွန်မဆီမှာ ရှိသမျှ အပြာရောင်သတ္တုရိုင်းတွေလည်း အကုန်ကုန်သွားပြီ။ ခရမ်းရောင်အဆင့် တစ်ခါပဲ အဆင့်မြင့်သွားတာကို ကျွန်မက အခွင့်အလမ်းများတယ် ထင်နေမိတာ"
"ဒါဆို အစိမ်းရောင်ကနေ အပြာရောင်ကို ပြောင်းသွားတာမျိုးကော ရှိလား"
"အာ... အဲဒါတော့ ရှိတယ်။ မနေ့က အစိမ်းရောင်သံတုံး ၂၀၀ ကျော် ကျိုလိုက်တာ အပြာရောင် ၇ တုံး ထွက်လာတယ်။ အစိမ်းကနေ အပြာဖြစ်ဖို့ကတော့ အခွင့်အလမ်း တော်တော်များပုံရတယ်"
ဤနှုန်းကတော့ မနည်းလှပေ။
မီးဖိုသည် ကွဲပြားသော အဆင့်ရှိ သတ္တုရိုင်းများကို အရည်ကျိုသည့်အခါ အဆင့်မြင့်ပစ္စည်း ထွက်လာနိုင်ခြေမှာလည်း ကွာခြားပုံရသည်။
အဆင့်နိမ့်ပစ္စည်းများမှာ အဆင့်မြင့်သွားရန် အခွင့်အလမ်း ပိုများနေခြင်း ဖြစ်သည်။
"ဒါက တော်တော်လေး ကောင်းပါတယ်။ ငါတို့ အဓိက လိုအပ်နေတာက အပြာရောင် အရင်းအမြစ်တွေပဲ"
ရွှီရှင်း မီးဖိုကြီးကို လှည့်ကြည့်ရင်း...
"တည်နေရာကူးပြောင်းစက် တစ်ခုလုပ်ဖို့ အပြာရောင်သံမဏိတုံး ၁၀ တုံးနဲ့ အပြာရောင်သံတုံး ၁၀ တုံး လိုတယ်။ ဒီမီးဖိုသာ ရှိရင် ငါတို့ ကိရိယာတွေကို ပိုမြန်မြန် ထုတ်နိုင်မှာပဲ"
"တည်နေရာကူးပြောင်းစက် လား။ အော်... ဟုတ်သားပဲ၊ မနေ့က ကျွန်မ ပေးလိုက်တဲ့ ပစ္စည်းတွေနဲ့ လုပ်ပြီးပြီလား"
လီဝမ်ရှီးသည်လည်း ထိုကိရိယာကို စိတ်ဝင်စားနေသဖြင့် ရွှီရှင်း ပြောလိုက်သည်နှင့် တက်တက်ကြွကြွ မေးမြန်းတော့၏။
"အင်း... မလုပ်ရသေးဘူး။ အဂ္ဂိရတ်ပညာက အောင်မြင်မှုနှုန်း ရှိနေလို့။ အရင်ဆုံး အိမ်အပြင်အဆင် အဆင့်မြှင့်တင်မှုနဲ့ အောင်မြင်မှုနှုန်းကို မြှင့်ရဦးမယ်။ သိပ်တော့ မကြာပါဘူး၊ ဒီနေ့ ပြန်ရောက်ရင် လုပ်လို့ရပြီ။ အဲဒီ ကိရိယာသာ ပြီးသွားရင် ငါတို့က အိမ်နီးနားချင်းတွေလို ဖြစ်သွားပြီး အချိန်မရွေး တွေ့လို့ရပြီလေ"
ထို့ကြောင့် ယခုအကြိမ် ပြန်ရောက်လျှင် အဂ္ဂိရတ် အောင်မြင်မှုနှုန်းကို ၈၀ ရာခိုင်နှုန်းအထက် ရောက်အောင် အရင်လုပ်ပြီး တည်နေရာကူးပြောင်းစက် ကိရိယာကို စတင် ထုတ်လုပ်ရမည်။
ဤမီးဖိုကြီးသာ ရှိနေလျှင် အပြာရောင်အဆင့် သံနှင့် သံမဏိတုံးများအတွက် ပူစရာမလိုတော့ပေ။
ကျိချောင်းယန်၊ သူနှင့် လီဝမ်ရှီးတို့မှာ နီးကြသည်ဟု ထင်ရသော်လည်း သစ်ပင်အိမ်တစ်ခုနှင့်တစ်ခုမှာ အနည်းဆုံး ကီလိုမီတာ ၂၀ ကျော် ကွာဝေးနေသည်။
ဤအကွာအဝေးမှာ မြို့လယ်ခေါင် နှစ်ခုကြား အကွာအဝေးနှင့် တူညီနေသဖြင့် ဆက်သွယ်ရန်အတွက် တည်နေရာကူးပြောင်းစက် ကိရိယာမှာ မရှိမဖြစ် လိုအပ်လှသည်။
"အော်... အဲဒီလိုလား..."
လီဝမ်ရှီးက တစ်စုံတစ်ခုကို စဉ်းစားနေပြီး သူ့ကို ခိုး ခိုး ကြည့်နေ၏။
"ဘာဖြစ်လို့လဲ"
လီဝမ်ရှီးက တစ်ခုခုပြောချင်နေသလို ဝေခွဲမရဖြစ်နေသည်ကို မြင်သဖြင့် ရွှီရှင်းက ချက်ချင်း မေးလိုက်သည်။
"ဟိုလေ... ရွှီရှင်း၊ တကယ်တော့ ကျွန်မ မနေ့ညကတည်းက ပြောချင်နေတာက... အင်း... တကယ်လို့ ကျွန်မရဲ့ သစ်ပင်အိမ်ကို ရှင့်ဘက်ကို ရွှေ့လာရင် ရှင့်အနေနဲ့ ကျွန်မကို လက်ခံမှာလား"
လီဝမ်ရှီးက ရွှီရှင်းကို မော့ကြည့်လိုက်သည်။
"ဟင်"
ရွှီရှင်း မျက်လုံးပြူးသွားပြီး ခေတ္တစဉ်းစားလိုက်ကာ သူမ၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားသည်။
"မင်းက မင်းရဲ့ သစ်ပင်အိမ်ကို ငါ့ရဲ့ အကာအကွယ်ဇုန်ထဲမှာ ကပ်ပါးအိမ်လာလုပ်ချင်တာလား"
"ဟုတ်တယ်... အဲဒီလို ပြောတာ"
"မရဘူး... အဲဒါတော့ လုံးဝ မဖြစ်နိုင်ဘူး"
ရွှီရှင်း ပြတ်ပြတ်သားသား ငြင်းလိုက်၏။
"ရှင်..."
လီဝမ်ရှီး၏ ကိုယ်လေး တုန်ယင်သွားပြီး သူမ၏ မျက်နှာတွင် ဝမ်းနည်းရိပ်များ ချက်ချင်း ဖုံးလွှမ်းသွားသည်။
ထို့နောက် စိတ်လည်းတိုရှက်လည်းရှက်သဖြင့်...
"ဘာလို့ ဒီလောက်တောင် မြန်မြန် ငြင်းရတာလဲ။ ကျွန်မက ရှင့်ရဲ့ လက်အောက်ငယ်သား လုပ်ပေးမှာလေ၊ အဲဒါ မကောင်းဘူးလား"
"ငါကြည့်ရတာတော့ မင်းက အလုပ်ကိုရှောင်ချင်နေတာပဲ။ မင်းရဲ့ ဇုန်ထဲက လူတွေကို မအုပ်ချုပ်ချင်လို့ မဟုတ်လား"
ရွှီရှင်းက သူမ၏ စိတ်ကူးကို ရိပ်မိနေသည်။
လီဝမ်ရှီးသည် သူမ၏ အကာအကွယ်ဇုန်ကို စီမံခန့်ခွဲရမည်ကို စိတ်ညစ်နေခြင်း ဖြစ်သည်။
အကယ်၍ သူမသာ ရွှီရှင်းဘက်သို့ ပြောင်းလာပါက ရွှီရှင်း၏ သြဇာကြောင့် အခြား ကပ်ပါးအိမ်ရှင်ကျန်သူများမှာ ရဲရဲဝံ့ဝံ့ မပြုမူရဲတော့ဘဲ သူမအနေဖြင့်လည်း လူများကို ခေါ်ကာ အေးအေးဆေးဆေး သတ္တုတူးဖော်သည့် အလုပ်ကိုသာ လုပ်နိုင်ပေလိမ့်မည်။
အချုပ်အားဖြင့်ဆိုရသော် ဤသို့ပြောင်းလာခြင်းဖြင့် သူမသည် ဘာကိုမျှ ပူစရာမလိုဘဲ သတ္တုတွင်းပိုင်ရှင် သူဌေးမလေးအဖြစ် အေးဆေးစွာ နေထိုင်နိုင်မည် ဖြစ်သည်။
"ဟိုလေ... ကျွန်မမှာ အဲဒီလို စိတ်ကူးလေး နည်းနည်းတော့ ရှိပါတယ်..."
လီဝမ်ရှီးက အပြစ်ရှိသလို မျက်နှာလွှဲလိုက်ပြီးနောက်...
"ဒါပေမဲ့ အဲဒါ မကောင်းဘူးလား။ ရှင်က သူတို့ကို ဟန့်တားထားနိုင်သလို ကျွန်မလည်း သူတို့ကို ပိုပြီး စနစ်တကျ စီမံနိုင်တာပေါ့။ တကယ်တော့ အဲဒီ ရှင်ကျန်သူတွေကို ကျွန်မ တကယ် မအုပ်ချုပ်တတ်ဘူး။ အထူးသဖြင့် တခြားနယ်မြေကနေ အတင်းအကျပ် ရောက်လာတဲ့သူတွေကို ခြိမ်းခြောက်လိုက်၊ ဖျားယောင်းလိုက် လုပ်ရတာ... တကယ်ကို အလုပ်ရှုပ်လွန်းလို့ပါ"
"ဒါတော့ မရဘူးလေ"
ရွှီရှင်းက ဘာမှမတတ်နိုင်သလို ပြောလိုက်သည်။
"မင်းသာ ဒီဘက်မှာ ကပ်ပါးအိမ်လာလုပ်ရင် မင်းလည်း သူတို့လိုပဲ ကပ်ပါးသစ်ပင်အိမ် ဖြစ်သွားမှာလေ။ အဲဒီတော့ သူတို့က ဘာလို့ မင်းစကားကို နားထောင်ရမှာလဲ"
"ရှင့်ကြောင့်ပေါ့။ ရှင်က သူတို့ကို လီဝမ်ရှီး ပြောတာကို နားမထောင်တဲ့သူမှန်သမျှ ငါ အပြတ်ရှင်းပစ်မယ် လို့ ပြောလိုက်ရင် ရပြီလေ"
လီဝမ်ရှီးက ခါးကို ထောက်ကာ ရှေ့က မီးဖိုကြီးကို ညွှန်ပြရင်း ရွှီရှင်း၏ အသံကို တုပကာ အော်ပြလိုက်သည်။
ရွှီရှင်း ရယ်ချင်သွား၏။
"ကပ်ပါးသစ်ပင်အိမ်ရဲ့ ကန့်သတ်ချက်တွေက ဘယ်လောက်တောင် များလဲဆိုတာ မင်း မသိဘူးလား"
"ဟင် ကျွန်မရဲ့ လုပ်ဆောင်ချက်တွေ ကန့်သတ်ခံရမှာကို ပြောတာလား။ ရှင်က ကျွန်မရဲ့ လုပ်ဆောင်ချက်တွေကို ကန့်သတ်မှာ မဟုတ်ဘူးမလား"
လီဝမ်ရှီးက တည်ငြိမ်စွာ ပြောလိုက်၏။
ဒီသူဌေးမလေးကတော့ အလကားရဖို့ကိုပဲ ကြံနေတာပဲ...
အမှန်အတိုင်း ပြောရလျှင် လီဝမ်ရှီး ပြောင်းလာချင်သည်ဟု ပြောသည့်အခါ သူ အနည်းငယ်တော့ စိတ်လှုပ်ရှားသွားမိသည်။
အကယ်၍ သူမသာ တကယ် ပြောင်းလာပါက သူမသည် သူ့လက်အောက်တွင် လုံးဝ ကန့်သတ်ခံရမည် ဖြစ်သည်။
ထို ဆန်းကြယ်သောအသံကလည်း သစ်ပင်အိမ်မရှိသော ရှင်ကျန်သူများသည် ဤကမ္ဘာတွင် အသက်မရှင်နိုင်ဟု ပြောခဲ့ဖူးသည်။
ဘာဖြစ်လာမည်ကို သေချာမသိရသော်လည်း ပုံမှန်သစ်ပင်အိမ် ဖြစ်စေ၊ ကပ်ပါးသစ်ပင်အိမ် ဖြစ်စေ ရှိနေရန် လိုအပ်သည်မှာ အမှန်ပင်။
လီဝမ်ရှီးသာ သူမ၏ သစ်ပင်အိမ်ကို ဤနေရာတွင် ကပ်ပါးအိမ်လာလုပ်ပါက သူမ၏ အသက်ရှင်သန်မှုမှာ သူ့လက်ထဲသို့ ရောက်ရှိသွားမည် ဖြစ်သည်။
သူ့လက်ခုပ်ထဲက ရေကဲ့သို့ ဖြစ်သွားပြီး လုံးဝ သူ့လူ ဖြစ်သွားမည်ဟု ဆိုလိုခြင်းပင်။
မိမိ အမြဲတမ်း နှစ်သက်ခဲ့ရသော ဤချစ်စဖွယ် မိန်းကလေးကို စိတ်မလှုပ်ရှားမိဟု ပြောလျှင် လိမ်ရာ ရောက်ပေလိမ့်မည်။
သို့သော်...
ပုံမှန်သစ်ပင်အိမ်မှ ကပ်ပါးသစ်ပင်အိမ်သို့ ပြောင်းလဲခြင်းမှာ လုပ်ဆောင်ချက်များ ကန့်သတ်ခံရရုံမျှသာ မဟုတ်ပေ။
"တကယ်လို့ မင်းသာ ဒီကို တကယ်ရောက်လာရင် မင်းရဲ့ ခွင့်ပြုချက် တွေ အားလုံးက ငါ့ဆီ ရောက်လာမှာ။ ငါက အချိန်မရွေး အမြစ်တွေကို ထိန်းချုပ်ပြီး မင်းရဲ့ သစ်ပင်အိမ်ထဲကို ဝင်လို့ရသလို၊ မင်းရဲ့ သစ်ပင်အိမ် စခရင်ကို ကြည့်တာ၊ ဖုန်းပြောထားတဲ့ မှတ်တမ်းတွေကို စစ်ဆေးတာတွေ လုပ်လို့ရတယ်။ ပြီးတော့... မင်းရဲ့ အိပ်ခန်းထဲကို အချိန်မရွေး ဝင်ပြီး မင်းရဲ့ ကုတင်ပေါ်အထိ တက်လို့ရတယ်ဆိုတာ မင်း သိရဲ့လား"
"ဟင်။ သစ်ပင်အိမ်ထဲ ဝင်တာ။ မှတ်တမ်းတွေ စစ်တာ။ အိပ်ခန်းထဲ ဝင်... ကုတင်ပေါ် တက်..."
လီဝမ်ရှီး ခဏမျှ မှင်သက်သွားပြီး...
"ကျိချောင်းယန်က နယ်မြေချန်နယ်ထဲမှာ အဲဒီအကြောင်းတွေ တစ်ခါမှ မပြောဖူးဘူး"
"သူ တမင်မပြောတာပေါ့။ တကယ်လို့ သူသာ အဲဒီလို ပြောလိုက်ရင် လာချင်တဲ့လူ၊ အထူးသဖြင့် မင်းတို့လို အမျိုးသမီးတွေထဲက ဘယ်သူ လာချင်တော့မှာလဲ။ ကိုယ့်ရဲ့ အခန်းထဲကို တခြားသူတစ်ယောက်က အချိန်မရွေး ဝင်လာနိုင်တယ်ဆိုတာ ဘယ်သူက လက်ခံမှာလဲ"
"အင်း... လာမယ့်လူက သိပ်တော့ နည်းသွားမှာ မဟုတ်ပါဘူး။ ဒီကမ္ဘာကြီးမှာ ဘေးကင်းလုံခြုံဖို့အတွက် ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ လဲလှယ်မယ့် အမျိုးသမီးတွေတောင် အများကြီး ရှိနေသေးတာပဲ"
လီဝမ်ရှီးက သူမ၏ နှုတ်ခမ်းလေးကို လက်ဖြင့်တို့ကာ စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။
ရွှီရှင်း : "..."
လီဝမ်ရှီး၏ ပါးစပ်မှ ထိုသို့သော စကားမျိုး ထွက်လာလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့သဖြင့် သူမကို ကြည့်သည့် မျက်လုံးများမှာ ထူးဆန်းသွားရသည်။
"အော်... ဒါက မမရွှယ်ဖေးက ကျွန်မနဲ့ စကားပြောရင်း ပြောပြဖူးတာပါ"
ရွှီရှင်း၏ အကြည့်များကို မြင်သောအခါ လီဝမ်ရှီး ပါးလေးများ နီမြန်းသွားပြီး..
"ကျွန်မက အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး"
ချီရွှယ်ဖေးက လီဝမ်ရှီးကို ဘာတွေ လျှောက်ပြောနေတာလဲဟ..။
"သာမန်အမျိုးသမီးတွေအတွက်တော့ အဲဒီလို ဖြစ်နိုင်တာပေါ့"
ရွှီရှင်းက ဘာမှမတတ်နိုင်သလို ရှင်းပြလိုက်သည်။
"ဒါပေမဲ့ ဒီလောက် ရက်စက်တဲ့ အဖြစ်အပျက်တွေကို ကျော်ဖြတ်လာနိုင်တဲ့ ရှင်ကျန်သူတွေကတော့ တခြားသူကိုပဲ အားကိုးပြီး အသက်ရှင်မယ့် လူစားမျိုးတွေ မဟုတ်ကြဘူး။ အခု ငါတို့ နယ်မြေက လူတွေ ဒီကို လာချင်ကြတာက ငါတို့က သူတို့ကို အကြိမ်ကြိမ် ကူညီပေးခဲ့လို့၊ အသက်ကိုတောင် ကယ်ခဲ့လို့ပဲ။ သူတို့က ငါတို့ကို ယုံကြည်လို့ အတူတူ ပူးပေါင်းပြီး ရှင်သန်ချင်ကြတာ"
"ဒါပေမဲ့ ပင်မသစ်ပင်အိမ် သာ မသေရင် ကပ်ပါးသစ်ပင်အိမ်က ပျက်စီးသွားရင်တောင် ပြန်ပြီး ရှင်သန်လာနိုင်တယ် မဟုတ်လား။ အဲဒါက တကယ်ကို အားကောင်းတဲ့ အသက်အာမခံချက်ပဲ။ ပင်မသစ်ပင်အိမ်ရဲ့ ပိုင်ရှင်ကသာ သန်မာနေရင် သူ့ဆီမှာ ကပ်ပါးနေရတာကလည်း မဆိုးလှပါဘူး"
လီဝမ်ရှီးမှာ ကပ်ပါးသစ်ပင်အိမ်၏ အယူအဆကို အတော်လေး စိတ်ဝင်စားနေပုံရသည်။
အကြိမ်ကြိမ် ပြန်လည် ရှင်သန်နိုင်သည့် သစ်ပင်အိမ်ဆိုသည်မှာ အမှန်တကယ်ပင် ဆွဲဆောင်မှု ရှိလှ၏။
ရွှီရှင်းတို့ကလည်း ထိုအချက်ဖြင့်ပင် ရှင်ကျန်သူများကို ဆွဲဆောင်ခဲ့ခြင်း ဖြစ်သည်။
"တကယ်လို့ ပင်မသစ်ပင်အိမ်သာ သေသွားရင်ကော"
"အဲဒါဆိုရင်တော့... အတူတူ သေရမှာပေါ့။ အသန်မာဆုံးလူတောင် သေသွားမှတော့ ကျန်တဲ့သူတွေက ဘယ်လို အသက်ရှင်နိုင်မှာလဲ"
"မဟုတ်ဘူး၊ ငါကတော့ မသေဘူး။ ဘာလို့လဲဆိုတော့ ငါ့ရဲ့ သစ်ပင်အိမ်က မျိုးစေ့တွေကို ပြန်တူးထုတ်ပြီး တစ်ဖန် ပြန်လည်မွေးဖွားလို့ ရသေးတယ်။ ဒါပေမဲ့ တခြား ကပ်ပါးသစ်ပင်အိမ်တွေကတော့ ပင်မသစ်ပင်အိမ်နဲ့အတူ အပြီးတိုင် သေဆုံးသွားလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့က နောက်ထပ်တစ်ကြိမ် ပြန်ပြီး အစားထိုးစိုက်ပျိုး လို့ မရတော့ဘူး"
ရွှီရှင်းက သူမကို စိတ်ရှည်လက်ရှည် ရှင်းပြနေမိသည်။
ဒါက နောက်ဆုံး ထွက်ပေါက်တစ်ခုပင်။
အကယ်၍ ရှုံးနိမ့်သွားလျှင်တောင် ပုံမှန်သစ်ပင်အိမ်ရှိသူများက မျိုးစေ့ကို ယူဆောင်ကာ တစ်ဖက်သို့ အညံ့ခံနိုင်သော်လည်း ကပ်ပါးသစ်ပင်အိမ်ရှိသူများကတော့ အားလုံး ပြီးဆုံးသွားပြီ ဖြစ်သည်။
ဤထွက်ပေါက်က အနည်းငယ်တော့ အရှက်ရစရာ ကောင်းသော်လည်း ရွှီရှင်းအနေဖြင့် လီဝမ်ရှီး၏ နောက်ဆုံး လွတ်လမ်းကိုတော့ မပိတ်ပင်လိုပေ။
"... ဪ... အဲဒီလိုလား..."
လီဝမ်ရှီးသည် ရွှီရှင်း၏ ဆိုလိုရင်းကို နားလည်သွားပြီးနောက် တိုးတိုးလေး သက်ပြင်းချလိုက်မိသည်။
သူက ငါ့ကို ငြင်းလိုက်တာဟာ ငါ့ရဲ့ အကျိုးအတွက်ကြောင့်ပဲကိုး..။
သူမကတော့ သူမကိုယ်သူမ အလကား ပေးတာတောင် အနှိမ်ခံပြီးလိုက်ရတယ် ထင်နေတာပင်...
ဒါဆိုရင် ပုံမှန်သစ်ပင်အိမ် ရှိနေတာက ပိုကောင်းတာပေါ့...
"ဒါပေမဲ့ တစ်နေ့နေ့မှာ မင်းရဲ့ သစ်ပင်အိမ် ပျက်စီးသွားလို့ အစားထိုးစိုက်ပျိုးဖို့ လိုအပ်လာရင်တော့ ငါ့ဘက်က မင်းကို အမြဲတမ်း လက်ကမ်းကြိုဆိုနေမှာပါ"
ရွှီရှင်းက ပြုံးလျက် ပြောလိုက်၏။
---
အခန်း ၂၃၄ ပြီး။
***