တကယ်တော့ ရွှီရှင်း ထုတ်မပြောလိုက်သည့် အချက်တစ်ချက် ရှိသေးသည်။
လီဝမ်ရှီး၏ မူလသစ်ပင်အိမ်မှာ အစားထိုးစိုက်ပျိုးခြင်း မပြုရသေးသဖြင့် သစ်ပင်အမြစ်များ ဖြန့်ကျက်မှုအရ ၆ ကီလိုမီတာ ပတ်လည်အထိ အမှန်တကယ် အကာအကွယ်ပေးနိုင်သော စစ်မှန်သည့်ဇုန် ရှိနေခြင်းပင်။
သစ်ပင်အိမ်က ဆက်လက်ကြီးထွားပြီး အဆင့်မြင့်လာသည်နှင့်အမျှ ထိုစစ်မှန်သော အကာအကွယ်ဇုန်မှာလည်း ထပ်မံကျယ်ပြန့်လာဦးမည်မှာ သေချာသည်။
သို့သော် ကပ်ပါးသစ်ပင်အိမ်များတွင်မူ မည်သည့်အကာအကွယ်ဇုန်မျှ မရှိတော့ပေ။
မူလသစ်ပင်အိမ်နေရာဟောင်းတွင် အကာအကွယ်ဇုန် ကျန်ရှိနေသေးသည်ဆိုစေဦးတော့ ၎င်းမှာ ဟန်ပြခြိမ်းခြောက်မှု သဘောမျိုးသာ ဖြစ်သည်။
ယခုလို အခြေအနေမျိုးတွင် အသုံးဝင်နိုင်သော်လည်း တကယ့် အကျပ်အတည်းနှင့် ကြုံလာရပါက ထိုဇုန်မှာ အလှပြသက်သက်သာ ဖြစ်သွားပေလိမ့်မည်။
အရေးကြီးဆုံးအချက်မှာ ထိုဟန်ပြဇုန်များသည် နောက်ထပ် မည်သည့်အခါမျှ ထပ်မံကျယ်ပြန့်လာတော့မည် မဟုတ်ခြင်းပင်။
နောင်တစ်ချိန်တွင် သူတို့ပတ်ဝန်းကျင်ရှိ သစ်ပင်အိမ်များ၏ အကာအကွယ်ဇုန်များမှာ အချင်းချင်း ချိတ်ဆက်မိသွားပြီး ဤနယ်မြေတစ်ခုလုံးကို လုံခြုံစိတ်ချရသော နယ်ပယ်တစ်ခုအဖြစ် ဖန်တီးနိုင်ရန် ရွှီရှင်းက မျှော်လင့်ထားသည်။
ထို့ကြောင့် အဖွဲ့အစည်း၏ အကျိုးစီးပွား ရှုထောင့်မှကြည့်လျှင် လီဝမ်ရှီးကို သူ့ဘက်သို့ ကပ်ပါးအဖြစ် ပြောင်းရွှေ့လာရန် သူ ခွင့်မပြုနိုင်ပေ။
"ကောင်းပါပြီ... ဒါဆိုလည်း ကျွန်မဘာသာပဲ ကြိုးစားကြည့်ပါ့မယ်။ ဒါပေမဲ့ ရှင်က တည်နေရာကူးပြောင်းစက်ကို မြန်မြန်လုပ်ပြီး ကျွန်မကို လာကူညီရမယ်နော်"
လီဝမ်ရှီးသည် သူမ၏ စိတ်ကူးကို လက်လျှော့လိုက်သော်လည်း ရှင်ကျန်သူများကို အုပ်ချုပ်ရန် ယုံကြည်မှု မရှိသေးပေ။
"စိတ်ချပါ၊ ငါ အဲဒီ ကပ်ပါးအိမ်တွေကို စောင့်ကြည့်ပေးပါ့မယ်။ တကယ်တော့ တည်နေရာကူးပြောင်းစက်သာ ပြီးသွားရင် ငါတင်မကဘူး၊ အားလုံးက တစ်ယောက်နဲ့တစ်ယောက် ကူညီလို့ရသွားပြီလေ"
"ဒါဆိုရင်တော့ စိတ်အေးရတာပေါ့။ ကဲ... ဒီအကြောင်းတွေ ထားလိုက်ပါတော့။ ရှင့်ကို ကျွန်မရဲ့ အိမ်ထဲ လိုက်ပြမယ်။ အိမ်တွင်းအပြင်အဆင်ပိုင်းမှာတော့ ကျွန်မ တကယ်ကို ယုံကြည်မှု ရှိတယ်"
လီဝမ်ရှီးသည် စိတ်ရှုပ်စရာများကို မေ့ဖျောက်လိုက်ပြီး ရွှီရှင်းကို ဆွဲကာ အပေါ်ထပ်သို့ တက်လာခဲ့သည်။
"ဟော ဒါက ဒုတိယထပ်၊ ကျွန်မ အိပ်စက်အနားယူတဲ့နေရာပေါ့။ ဘယ်လိုလဲ။ ကျွန်မရဲ့ ဒီဇိုင်း မဆိုးဘူး မဟုတ်လား"
လီဝမ်ရှီးက ပြုံးစိစိဖြင့် ကြွားလုံးထုတ်လိုက်၏။
"ငါတို့ နေ့တိုင်း ဗီဒီယိုကော ပြောနေတာပဲဟာ၊ ရင်းနှီးပြီးသားပါ"
ရွှီရှင်းသည် သူ မြင်ဖူးနေကျ ဆိုဖာကို ချက်ချင်း မြင်လိုက်ရ၏။
လီဝမ်ရှီးသည် ထိုဆိုဖာပေါ်တွင် ထိုင်၍သော်လည်းကောင်း၊ လှဲ၍သော်လည်းကောင်း သူ့ကို ဗီဒီယိုဖြင့် စကားပြောလေ့ ရှိသည်။
သူမ၏ အိမ်တွင်းအပြင်အဆင်မှာ ရွှီရှင်းထက် ပို၍ လက်ရာမြောက်လှသည်။
အိပ်ခန်းတစ်ခန်း၊ ဧည့်ခန်းတစ်ခန်း၊ ရေချိုးခန်းနှင့် စာကြည့်ခန်းသေးသေးလေး တစ်ခန်းပါဝင်ရာ တစ်ယောက်စာ တိုက်ခန်းလေးတစ်ခုနှင့်ပင် တူနေ၏။
"ရှင်က ဆိုဖာကိုပဲ မြင်ဖူးတာလေ"
လီဝမ်ရှီးက ဧည့်ခန်းအလယ်ရှိ ဆိုဖာလေးကို ညွှန်ပြလိုက်သည်။
"ဒီမှာလေ... ကျန်တာတွေ ရှင်မမြင်ဖူးသေးဘူး၊ မြင်ဖူးရင်တောင် အခုက ပြောင်းလဲသွားပြီ"
"အီး"
ခဲခဲသည် သူတို့အိမ်က ဆိုဖာနှင့် ဆင်တူသည်ကို မြင်သည်နှင့် ရွှီရှင်း၏ ပုခုံးပေါ်မှ ခုန်ဆင်းကာ ဆိုဖာပေါ်တွင် လူးလှိမ့်တော့သည်။
"ဟဟ... ခဲခဲလည်း ဒီဆိုဖာကို ကြိုက်ပုံရတယ်"
လီဝမ်ရှီးကလည်း ခဲခဲရှိရာသို့ ဝင်ထိုင်ကာ ခဲခဲ၏ ဝမ်းဗိုက်လေးကို ပွတ်သပ်ပေးလိုက်၏။
ခဲခဲက သက်သောင့်သက်သာရှိစွာ အော်နေ၏။
ရွှီရှင်းကတော့ သစ်ပင်အိမ်အတွင်းရှိ အလှဆင်ပစ္စည်းများကို လိုက်လံကြည့်ရှုနေမိသည်။
ဧည့်ခန်းထဲတွင် အမှတ်ဆိုင် မှ ဝယ်ယူထားသော ပစ္စည်းများဖြင့် ပြည့်နှက်နေသော်လည်း သူလက်ဆောင်ပေးထားသည့် ရုပ်ထုလေးနှစ်ခုကိုတော့ မတွေ့ရပေ။
အခြားအခန်းထဲတွင် ရှိနေပေလိမ့်မည်။
ရွှီရှင်းသည် အားလပ်သည့်အခါ လီဝမ်ရှီးအတွက် ရုပ်ထုများ ထပ်မံထုလုပ်ပေးရန် စိတ်ကူးလိုက်သည်။
ယခုအခါ သူ၏ လက်ရာမှာ ပို၍ မြန်ဆန်လာပြီဖြစ်ရာ သူမ၏ အရည်ကျိုခန်းကို အဆင့်မြှင့်တင်ပေးနိုင်ပြီး ခရမ်းရောင်အဆင့် ပစ္စည်းများ ရရှိနိုင်ခြေကို မြှင့်တင်ပေးနိုင်ပေလိမ့်မည်။
လီဝမ်ရှီးကသာ ခရမ်းရောင်အဆင့် ပစ္စည်းများကို ပုံမှန်ထုတ်လုပ်နိုင်လာပါက သူ၏ သစ်ပင်အိမ်အမြုတေကို သတ္တုများအတွက် သုံးစရာမလိုတော့ဘဲ သစ်သား၊ ကျောက်တုံးနှင့် ဆေးဖက်ဝင်အပင်များကဲ့သို့ အခြေခံ အရင်းအမြစ်များအတွက်သာ အကျိုးရှိရှိ အသုံးချနိုင်တော့မည် ဖြစ်သည်။
"မင်းရဲ့ နွား ကော ဘယ်မှာလဲ"
လီဝမ်ရှီး၏ ဗီဇပြောင်းနွားကြီးကို မတွေ့သဖြင့် ရွှီရှင်းက မေးလိုက်သည်။
သူသည် ထိုနွားကြီးကို အတော်လေး စိတ်ဝင်စားသည်။
၎င်းမှာ ဗီဇပြောင်းဆေးရည်နှင့် ဗီဇပြောင်းသားရဲစာချုပ်ကို အသုံးပြုကာ ပထမဆုံး ဖန်တီးထားသည့် အပင်စားသတ္တဝါ မဟုတ်ပါလား။
ရွှီရှင်း၏ စာချုပ်ချုပ်ထားသော သားရဲများမှာ ငွေရောင်ဘုရင်မှလွဲ၍ ကျန်ရှိသည်များမှာ မူလကတည်းက ဗီဇပြောင်းပြီးသား သတ္တဝါများ ဖြစ်ကြသည်။
ငွေရောင်ဘုရင်မှာ ဗီဇပြောင်းဆေးရည် သုံးထားသော်လည်း ၎င်းမှာ စီးနင်းသူစာချုပ်သာ ဖြစ်၏။
ရွှီရှင်းသည် ဗီဇပြောင်းဆေးရည်နှင့် စာချုပ်များကို အသုံးပြုကာ သားရဲတပ်ဖွဲ့တစ်ခု ထူထောင်ရန် ရည်ရွယ်ထားသဖြင့် ထိုနွားကြီး၏ အခြေအနေကို ကြည့်ချင်နေခြင်း ဖြစ်သည်။
"နွားက တတိယထပ်မှာ၊ သွားကြည့်မလား"
လီဝမ်ရှီးက အပေါ်သို့ ညွှန်ပြလိုက်သည်။
"မင်းက သူ့ကို တတိယထပ်မှာ ထားတာလား။အောက်ထပ်ကို သက်ရောက်မှု မရှိဘူးလား"
"မရှိပါဘူး၊ သစ်ပင်အိမ်ရဲ့ ကြမ်းပြင်က အသံလုံတဲ့အပြင် နွားကလည်း လျှောက်သွားနေတာ မဟုတ်ဘူး။ လာ... လိုက်ပြမယ်"
လီဝမ်ရှီးက ဆိုဖာမှ ထကာ ရွှီရှင်းကို တတိယထပ်သို့ ခေါ်သွားပြီး ငွေရောင်ဘုရင်ကလည်း နောက်မှ လိုက်ပါလာသည်။
တတိယထပ်၏ အစိတ်အပိုင်းအတော်များများမှာ အအေးခန်း ဖြစ်ပြီး ပြီးခဲ့သည့်အကြိမ်က ရရှိထားသော သားရဲအသားများဖြင့် ပြည့်နေ၏။
ထို့ပြင် အပြာရောင်အဆင့် အသီးများ စိုက်ပျိုးထားသည့် အိုးအချို့လည်း ရှိ၏။
အားလုံးထဲတွင် အသိသာဆုံးမှာ ထောင့်တစ်နေရာတွင် ခွေအိပ်နေသော ညိုဝါရောင်ရှိတဲ့ သွေးအစင်းရောင်နွားကြီး ပင်။
ကြမ်းပြင်ပေါ်တွင် မြက်ပင်နှင့် သစ်ရွက်များကို အိပ်ရာအဖြစ် ခင်းကျင်းထားသည်။
ဤနွားကြီးမှာ ကီလိုဂရမ် ၁၀၀၀ ကျော်ခန့် ရှိပုံရပြီး ငွေရောင်ဘုရင်ထက်ပင် ပိုကြီးမားသည်။
သို့သော် ၎င်း၏ ကိုယ်ပေါ်ရှိ သွေးရောင်များမှာ ငွေရောင်ဘုရင်လောက် မထင်ရှားဘဲ အရေအတွက်လည်း နည်းပါးလှရာ အဆင့်နိမ့် ဗီဇပြောင်းသတ္တဝါ ဖြစ်ကြောင်း သိသာ၏။
အပင်စားသတ္တဝါများ ခန္ဓာကိုယ် ကြီးမားခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။
သွေးရောင်နွားကြီးသည် ငွေရောင်ဘုရင်ကို မြင်သောအခါ ဗီဇအရ ထရပ်လိုက်ပြီး နောက်သို့ ဆုတ်သွားကာ "မူး..." ဟု သတိကြီးစွာဖြင့် အော်မြည်လိုက်၏။
၎င်းက ပိုကြီးမားသော်လည်း ငွေရောင်ဘုရင်မှာ အလယ်အလတ်အဆင့် ဗီဇပြောင်းသားရဲ ဖြစ်သဖြင့် အဆင့်နိမ့် သားရဲများအပေါ် သဘာဝအတိုင်း သြဇာလွှမ်းမိုးမှု ရှိနေခြင်း ဖြစ်သည်။
"နွား... မကြောက်နဲ့၊ ဒါတွေက သူငယ်ချင်းတွေပါ"
လီဝမ်ရှီးက ရှေ့သို့တက်ကာ နွား၏ ကျောကို ပွတ်သပ်ပေးလိုက်ပြီး ရွှီရှင်းဘက်သို့ လှည့်ကာ ကြွားလိုက်သည်။
"ဘယ်လိုလဲ။ နွားက တကယ်ကြီးတာ မဟုတ်လား။ သူက ပစ္စည်းအလေးကြီးတွေကို သယ်နိုင်တယ်လေ။ နွား မရှိခင်တုန်းကဆို ကျွန်မ တကယ် ဒုက္ခရောက်တာ။ သတ္တုတူးတိုင်း ကိုယ်တိုင် သယ်လာရတာကိုး။ အခုတော့ နွားက ကျွန်မထက် ဆယ်ဆမက ပိုသယ်နိုင်ပြီ"
"ဒီနွားရဲ့ ဦးချိုတွေက သေးလှချည်လား၊ ဒါက နွားမ မဟုတ်လား။မင်း နွားနို့ညှစ်ချင်တယ်လို့ ပြောခဲ့တာ ငါ မှတ်မိသေးတယ်။ အောင်မြင်လား"
ရွှီရှင်းက စူးစမ်းစွာ မေးလိုက်သည်။
သူသည် ကမ္ဘာမြေပေါ်တွင် နွားနို့သောက်ပြီး ကြီးပြင်းလာသူ ဖြစ်ရာ နွားနို့အကြောင်း ပြောလိုက်သည်နှင့် ချက်ချင်းပင် သောက်ချင်စိတ် ပေါက်လာတော့သည်။
"ဘယ်ဟုတ်မှာလဲ၊ နွားမဆိုတာ သားမွေးပြီးမှ နို့ထွက်တာလေ။ နွားလေးက ခုမှ အရွယ်ရောက်တာရှိသေးတယ်၊ သားလည်း မရဖူးသေးတော့ ဘယ်လိုလုပ် နို့ထွက်မှာလဲ"
လီဝမ်ရှီးကနွား၏ ဦးချိုလေးများကို ပုတ်လိုက်၏။
"ဒီနားမှာ ယုန်တစ်ကောင်တောင် ရှာမရတာ၊ နွားထီးကြီးဆိုတာ ပိုတောင် ဝေးသေး။ နွားမလေးအတွက် အဖော်ရှာပေးဖို့ကတော့ လုံးဝ မဖြစ်နိုင်ဘူး"
"... အဲဒါလည်း ဟုတ်တာပဲ"
"ဒါ့အပြင် နွားမလေးက ဗီဇပြောင်းနွားမဆိုတော့ သာမန်နွားတွေထက် အများကြီး ပိုကြီးတယ်။ သာမန်နွားတွေနဲ့ဆို အဆင်မပြေလောက်ဘူး။ နောင်ကျရင် ဗီဇပြောင်းနွားလားတစ်ကောင်လောက် မွေးပြီး နွားမလေးနဲ့ မိတ်လိုက်ပေးရမယ်... အဲဒီကျရင်တော့ နွားနို့ရပြီပေါ့"
"အင်း... အဲဒါကတော့ ဖြစ်နိုင်ပေမဲ့ သားရဲတွေ ပြန်လာတဲ့အထိ စောင့်ရဦးမှာပဲ"
မိုးရာသီ ကုန်ဆုံးသွားကတည်းက ထိုသားရဲများကို မတွေ့ရတော့ပေ။
ယခု ရာသီဥတုကလည်း ပြန်အေးလာပြီ ဖြစ်ရာ မည်သည့်အချိန်တွင် ပြန်ပေါ်လာမည်ကို မသိနိုင်တော့ပေ။
ရွှီရှင်းသည် သစ်ပင်အိမ်အောက်တွင် တိရစ္ဆာန်များကို အုပ်စုလိုက် မွေးမြူရန် စိတ်အားထက်သန်နေ၏။
ထိုအခါမှသာ နွားနို့နှင့် ကြက်ဥများကို အလျှံပယ် စားနိုင်မည် မဟုတ်ပါလား။
၎င်းတို့အပေါ်တွင် ဗီဇပြောင်းဆေးရည်နှင့် စာချုပ်များကိုလည်း အသုံးပြုနိုင်သေးသည်။
ထို့ပြင် သူအရင်က တွေ့ဖူးသည့် ခေါင်းဖြူလင်းယုန်ကိုလည်း သူ အလွန်လိုချင်နေမိသည်။
အာဖုက ပျံသန်းနိုင်သည်ဆိုသော်လည်း ၎င်းမှာ အသံလှိုင်းဖြင့် တိုက်ခိုက်သည့် နို့တိုက်သတ္တဝါသာ ဖြစ်သဖြင့် သိမ်းငှက်တစ်ကောင်၏ ပုံရိပ်မျိုးတော့ မရပေ။
အကယ်၍ သူသည် ဗီဇပြောင်းသိမ်းငှက်တစ်ကောင်နှင့် စာချုပ်ချုပ်ပြီး ကြီးထွားလာအောင် မွေးမြူနိုင်ပါက သူ့ကို သယ်ဆောင်ကာ ပျံသန်းနိုင်ပေလိမ့်မည်။
ထိုအခါ သူသည် လေကြောင်းခရီးဖြင့် သွားလာနိုင်မည် မဟုတ်ပါလား။
ဤအချက်ကို အာဖုက မလုပ်နိုင်သော်လည်း ခေါင်းဖြူလင်းယုန်ကမူ လုပ်ဆောင်နိုင်ပေလိမ့်မည်။
ထိုစဉ် ငွေရောင်ဘုရင်နှင့် နွားမတို့မှာ တစ်ဦးကိုတစ်ဦး ရင်းနှီးသွားပုံရပြီး စကားပြောနေကြသည်။
ဆိုဖာပေါ်တွင် လူးလှိမ့်နေသော ခဲခဲကလည်း ပြေးတက်လာပြီး "အီးအီး" နှင့် ဝင်ရောက် ပြောဆိုနေလေသည်။
"ဟင် သူတို့ စကားပြောနေကြတာလား"
လီဝမ်ရှီးသည် တိရစ္ဆာန်များ စကားပြောနေသည်ကို တစ်ခါမှ မမြင်ဖူးသဖြင့် အံ့သြတကြီး ကြည့်နေမိသည်။
"သူတို့ အချင်းချင်း စကားပြောနိုင်တာ တကယ်ပဲ"
ရွှီရှင်းက ပုခုံးတွန့်ပြလိုက်၏။
"သူတို့က ငါပြောတာကို နားလည်ပေမဲ့ ငါကတော့ သူတို့ပြောတာကို နားမလည်ဘူး။ တစ်ခါတလေ သူတို့ရဲ့ အိုင်ကျူ က ငါ့ထက်တောင် မြင့်နေမလားလို့ တွေးမိတယ်"
"သူတို့က တကယ် စကားပြောနေကြတာပဲ"
လီဝမ်ရှီးလည်း မှင်သက်နေမိ၏။
"ဒီကမ္ဘာက တိရစ္ဆာန်တွေက ဒီလောက်တောင် ဉာဏ်ကောင်းနေကြပြီလား။ တိရစ္ဆာန်တွေမှာ ဘာသာစကား စနစ် မရှိဘူး မဟုတ်လား"
"ဘယ်သူကသိမှာလဲ"
ရွှီရှင်းလည်း ထိုအချက်ကို စူးစမ်းချင်နေသည်။
ဤကမ္ဘာက တိရစ္ဆာန်များမှာ အလွန်ဉာဏ်ကောင်းလှသည်။
ခဲခဲ၊ ငွေရောင်ဘုရင်၊ မီမီတို့သာမက မိုးရာသီအပြီး တင်ကျန်ခဲ့သည့် ငါးများပင် သူပြောသည်ကို နားလည်ကြသည်။
ဤတိရစ္ဆာန်များ ဘာကြောင့် ဉာဏ်ကောင်းလာသလဲဆိုသည်မှာ ထူးဆန်းလှသည်။
ဖြစ်နိုင်သည်မှာ လွန်ခဲ့သော နှစ်ပေါင်း ၅၀ က ကပ်ဘေးကြောင့် ဖြစ်ပေါ်လာသည့် ထူးခြားသော ဗီဇပြောင်းလဲမှုများကြောင့် ဖြစ်ပေလိမ့်မည်။
"ဟမ်"
ရွှီရှင်း တစ်စုံတစ်ခုကို သတိပြုမိသွားသည်။
ထူးဆန်းလိုက်တာ ဗီဇပြောင်းဆေးရည် သုံးထားတဲ့ သားရဲတွေက သူတို့ရဲ့ အသိစိတ် ပျောက်ဆုံးသွားပြီး ခိုင်းစေတဲ့အတိုင်း လုပ်ရတဲ့ ကိရိယာတွေ ဖြစ်သွားရမှာ မဟုတ်ဘူးလား။
ဒါဆို ဒီနွားမလေးက ဘာလို့ မီမီတို့၊ ငွေရောင်ဘုရင်တို့နဲ့ စကားပြောနိုင်နေရတာလဲ..။
ငွေရောင်ဘုရင်ကတော့ သူ့အုပ်စုထဲမှာ အကြီးဆုံးမို့လို့ အသိစိတ် ကျန်နေတာ ထားပါဦး၊ ဒီနွားမလေးက ဘာလို့ အသိစိတ် ရှိနေရတာလဲ...။
အာဖုမှာလည်း တစ်ချိန်က ကိုယ်ပိုင်အသိစိတ် ပေါ်ပေါက်လာခဲ့သည်ကို ရွှီရှင်း သတိရသွား၏။
"မင်းရဲ့ နွားမက အမြဲတမ်း ဒီလောက် ဉာဏ်ကောင်းနေတာလား"
ရွှီရှင်းက လီဝမ်ရှီးကို မေးလိုက်သည်။
"ဟင့်အင်း..."
လီဝမ်ရှီးက ဇဝေဇဝါဖြင့်...
"အများအားဖြင့်တော့ သူက ကျွန်မခိုင်းတာကိုပဲ လုပ်တာ။ ကျွန်မ ဘာမှမခိုင်းရင် သူက ငြိမ်နေတာပဲ။ ဒီနေ့ တခြား ဗီဇပြောင်းသတ္တဝါတွေကို တွေ့လို့ စကားတွေ များနေတာ ထင်ပါရဲ့"
ရွှီရှင်း မေးစေ့ကို ပွတ်ကာ စဉ်းစားနေမိသည်။
ငွေရောင်ဘုရင်ကြောင့်လား...။
ပြောရခက်လှသည်၊ နောင်တွင် စမ်းသပ်မှုများ ထပ်မံပြုလုပ်ရပေဦးမည်။
ကိုယ်ပိုင်အသိစိတ်ရှိသော ဗီဇပြောင်းသားရဲသည် အသံဖြင့်သာ ခိုင်းစေနေရသော သားရဲထက် အဆမတန် ပို၍ သန်မာသည် မဟုတ်ပါလား။
ရွှီရှင်းသည် နွားမကို ဆက်မကြည့်တော့ဘဲ ပြတင်းပေါက်နားသို့ သွားကာ တောင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
တောင်ဘက်အရပ်တွင် ထင်ရှားလှသော အစိမ်းရောင် အစုအဝေးတစ်ခုကို သူ မြင်လိုက်ရ၏။
ထို့နောက် အရှေ့ဘက်သို့ လှည့်ကြည့်လိုက်ရာ အစိမ်းရောင်အချို့ ရှိနေသော်လည်း တောင်ဘက်နှင့် နှိုင်းယှဉ်လျှင် အတော်လေး နိမ့်လှသည်။
ဤအခြေအနေအရဆိုလျှင် တောင်ဘက်ရှိ သစ်ပင်အိမ်မှာ အမှန်တကယ်ပင် မြင့်မားလှပြီး သုံးထပ်သစ်ပင်အိမ် ဖြစ်နိုင်ခြေ အလွန်များနေသည်။
"ကျွန်မ ပြောသားပဲ၊ မလိမ်ပါဘူးလို့။ တောင်ဘက်က အဲဒီသစ်ပင်အိမ်က တကယ်ကြီး သုံးထပ် ဖြစ်နိုင်တယ်"
လီဝမ်ရှီးက ရွှီရှင်း၏ နောက်မှ လိုက်လာရင်း ပြောလိုက်သည်။
"အင်း... သွားဖို့ အချိန်တန်ပြီ။ ကျိချောင်းယန်က အရှေ့ဘက်မှာ အလုပ်တွေ စနေလောက်ပြီ၊ ငါတို့က သစ်ပင်အိမ်ထဲကတောင် မထွက်ရသေးဘူး"
ကျိချောင်းယန်က တခြားနယ်မြေက သစ်ပင်အိမ်တွေကို လိုက်လံရှင်းလင်းပေးနေချိန်တွင် သူနှင့် လီဝမ်ရှီးက ဤနေရာတွင် အေးအေးဆေးဆေး စကားပြောနေမိသဖြင့် ရွှီရှင်း အနည်းငယ်တော့ ရှက်ကိုးရှက်ကန်း ဖြစ်သွားမိသည်။
"ဟီး... ဟုတ်သားပဲ၊ အဲဒါဆို သွားကြရအောင်။ ဘာများ ထပ်ယူဖို့ လိုသေးလဲ"
"ဘာမှမလိုတော့ပါဘူး၊ အခြေအနေ သွားကြည့်ကြတာပေါ့။ သာမန်သစ်ပင်အိမ်ဆိုရင်တော့ ချက်ချင်း ရှင်းလိုက်မယ်။ တကယ်လို့ သုံးထပ်သစ်ပင်အိမ်သာ ဖြစ်နေမယ်ဆိုရင်တော့..."
ရွှီရှင်း မျက်မှောင်ကြုတ်လိုက်မိသည်။
"တကယ်လို့ သုံးထပ်သစ်ပင်အိမ်သာ ဖြစ်နေမယ်ဆိုရင်တော့ ငါတို့ အစီအစဉ်သေချာဆွဲပြီးမှ လုပ်ရလိမ့်မယ်"
---
အခန်း ၂၃၅ ပြီး။
***