တစ်ရက်တာအချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
အနီရောင်ထိုက်ဆွေ့၏ အရှိန်အဝါသည် ဂူအတွင်းသို့ တစ်ဖန်ပြန်လည် လွှမ်းမိုးလာပြီး ၎င်း၏အကြည့်များက သူတို့၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသည်။
၎င်းသည် ပထမဦးစွာ နန်ကုန်းယွီကို စူးစိုက်ကြည့်ကာ အေးစက်စွာဖြင့် ပြောသည်။ “တစ်ရက်မှာ ငါးချိပဲ စားနိုင်တာလား။ ကလေးတွေတောင် နင့်ထက် ပိုစားသေးတယ်။ ငါးချိရှိတဲ့ ထိုက်ဆွေ့တစ်ကောင်ကို ရွေးပြီး ယူသွားတော့။ လျော့ယူလို့ရတယ်။ ဒါပေမဲ့ ပိုယူလို့မရဘူး။ နားလည်လား “
( တစ်ချိမှာ တစ်ပေရှိပါတယ် )
“...” နန်ကုန်းယွီသည် အလွန်အမင်း အရှက်ရသွားသော်လည်း ပြန်လည်မချေပနိုင်ပေ။
ထို့နောက် အနီရောင်ထိုက်ဆွေ့သည် ဝမ်ပေါင်လဲ့ဘက်သို့ လှည့်ကြည့်ပြီး ပြော၏။
“တစ်ရက်မှာ သုံးကျန့်တောင် စားပစ်တာလား။ ကောင်လေး မင်းက တိရစ္ဆာန်လား”
( တစ်ကျန့်မှာ ဆယ်ချိ သုံးကျန်းမှာ သုံးဆယ်ချိဆိုတော့ ၃၀ပေပါ )
ဝမ်ပေါင်လဲ့က ပြုံးကာ ပြော၏။ “စီနီယာကလည်း ချီးမွမ်းလွန်းနေပါပြီ။ ကျွန်တော်က ငယ်ငယ်ကတည်းက အစားကြီးတာပါဗျာ “
“ဟမ့်” အနီရောင်ထိုက်ဆွေ့က နှာခေါင်းရှုံ့လိုက်သည်။
“အစားကြူးတဲ့အကောင် မြန်မြန်ရွေးစမ်း။”
ဝမ်ပေါင်လဲ့ ခေါင်းကုတ်လိုက်မိသည်။ ဤသတ္တဝါအိုကြီးသည် ခန့်မှန်းရခက်လှသည်။ နည်းနည်းစားတော့လည်း လှောင်သည်၊ အများကြီးစားပြန်တော့လည်း ကဲ့ရဲ့၏။
မကြာမီမှာပင် သူသည် သုံးကျန့်အမြင့်ရှိသော အဖြူရောင် ထိုက်ဆွေ့အသားတစ်တုံးကို ရွေးချယ်လိုက်သည်။
သူတို့နှစ်ဦးလုံး ရွေးချယ်ပြီးစီးသောအခါ အနီရောင် ထိုက်ဆွေ့က ဆိုသည်။ “ကောင်းပြီ၊ စမ်းသပ်မှုက ဒီမှာတင် ပြီးဆုံးပြီ။ မင်းတို့ သွားလို့ရပြီ”
၎င်း၏စကားအဆုံးတွင် ပြင်းထန်သော လေပြင်းတစ်ချက်သည် ဂူအတွင်းသို့ တိုက်ခတ်လာပြီး ဝမ်ပေါင်လဲ့နှင့် နန်ကုန်းယွီတို့ အပြင်ဘက်သို့ လွင့်စင်ထွက်သွားကြတော့သည်။
ဝမ်ပေါင်လဲ့သည် ထိုဂူကို ပြန်ရှာကြည့်လိုက်သော်လည်း ထိုက်ဆွေ့ များရှိနေသည့် ဂူပေါက်ကို ရှာမတွေ့တော့ပေ။
“နှမြောစရာပဲ။”
နန်ကုန်းယွီက ပြုံးကာ ဆို၏။ “သခင်လေးဝမ်၊ တကယ်တော့ နှမြောစရာမဟုတ်ဘူးနော်။ အနည်းဆုံးတော့ ဒီနေရာမှာ ထိုက်ဆွေ့ ရှိတယ်ဆိုတာနဲ့ စမ်းသပ်မှုရဲ့ ကြာချိန်ကို ကျွန်မတို့သိသွားပြီလေ။ ဂိုဏ်းကို ပြန်သတင်းပို့နိုင်ရင် ကြီးမားတဲ့ အကျိုးဆောင်မှုတစ်ခု ဖြစ်လာမှာ”
ဝမ်ပေါင်လဲ့ ခေါင်းငြိမ့်လိုက်ပြီး ပြောသည်။ “ထိုက်ဆွေ့ အသားတွေ အများကြီးစားထားတော့ ကျွန်တော့်ရဲ့ ကျင့်စဉ်အဆင့်က မထိန်းနိုင်တော့ဘူး။ မိန်းကလေးနန်ကုန်း၊ ကျွန်တော် ဒီနေရာမှာတင် စစ်မှန်ကံကြမ္မာအဆင့်ကို တက်နေတုန်း အကာအကွယ်အစီရင်နဲ့ စောင့်ရှောက်ပေးထားပါဦး”
“ရတာပေါ့ရှင်” နန်ကုန်းယွီသည် ပတ်ဝန်းကျင်တွင် အန္တရာယ်မရှိသည်ကို တွေ့ရသဖြင့် ဤနေရာသည် အဆင့်တက်ရန် အမှန်တကယ် ကောင်းမွန်သောနေရာဖြစ်ကြောင်း သဘောတူလိုက်သည်။
…
စမ်းသပ်မှုမျှော်စင်အတွင်း
တစ်ရက်ပြီးတစ်ရက်၊ ချောင်ရို့ချန်သည် မနားမနေ လေ့ကျင့်နေခဲ့သည်။ စမ်းသပ်မှုမျှော်စင်သည် သူ၏ နားလည်သဘောပေါက်မှုမှ အားနည်းချက်ကို ပြည့်စုံသည်အထိ ဖြည့်ဆည်းပေးနိုင်သည်။
ခုနစ်ရက်မပြည့်မီမှာပင် သူ အခြေခံအဆင့် သိုင်းကျမ်းတစ်ရာကို လေ့ကျင့်ပြီးသွား၏။
အခြေခံအဆင့် သိုင်းကျမ်းတစ်ရာသည် နောက်ဆုံးတွင် ပြည့်စုံသွားသည်။
ချောင်ရို့ချန်သည် မိမိကိုယ်ကိုယ် ရေရွတ်လိုက်ပြီးနောက် သူ၏ သိုလှောင်လက်စွပ်အတွင်းမှ ထိုက်ချီပုံဖော်ခြင်းကားချပ် ကို ထုတ်ယူလိုက်သည်။
တစ်ချိန်က နားလည်ရခက်ခဲ့သော ပုံချပ်သည် ယခုအခါ နက်နဲသည့် အဓိပ္ပာယ်များဖြင့် တောက်ပနေ၏။
သူ၏စိတ်ထဲတွင် စီနီယာအစ်မချင်း နှင့် စီနီယာအစ်ကိုရှောင်ယန်တို့ ထိုက်ချီလက်ဝှေ့ လေ့ကျင့်နေပုံများ ပေါ်လာသည်။ သူသည် ကားချပ်ကို ဘေးတွင်ထားကာ ထိုက်ချီလက်သီးကို စတင်ကစားတော့သည်။
အစီအစဉ်တစ်ခုချင်းစီကို ကစားနေစဉ် သူ၏ ကားချပ်အပေါ် နားလည်မှုသည် ပိုမိုနက်ရှိုင်းလာ၏။
ရက်ပေါင်းများစွာ ကုန်ဆုံးသွားပြီးနောက်၊ ချောင်ရို့ချန်သည် နောက်ဆုံး၌ ထိုက်ချီလက်သီး၏ဆန္ဒကို နားလည်သွားပြီး ကားချပ်အတွင်းရှိ ထိုက်ချီ၏ ပေါင်းစပ်ခြင်းသဘောသဘာဝကို သဘောပေါက်သွားသည်။
“ဒါဆို ဆရာက ဒီထိုက်ချီရဲ့ ပေါင်းစပ်ခြင်းကို သုံးပြီး လက်သီးသိုင်းကျမ်းအားလုံးကို ပြင်းထန်တာအိုနတ်ဘုရားလက်သီးထဲ ပေါင်းထည့်ဖို့ ရည်ရွယ်ခဲ့တာကိုး”
ထိုသို့တွေးတောရင်း သူသည် လက်သီးကျမ်းတစ်ရာကျော် ပါဝင်နေသော လက်သီးချက်တစ်ချက်ကို ရုတ်တရက် ပစ်လွှတ်လိုက်သည်။ ထိုလက်သီးချက်၏ ရိုက်ခတ်မှုကြောင့် စမ်းသပ်မျှော်စင်၏ကိုးဆင့်လုံး ပြင်းထန်စွာ တုန်ခါသွားခဲ့၏။
“တောက် ဒီကလေး၊ မင်း ငါ့မျှော်စင်ကို ဖြိုချဖို့ ကြိုးစားနေတာလား” မျှော်စင်ဝိညာဉ်တာ့လင်သည် မဆဲဘဲမနေနိုင်တော့ပေ။
‘ဒီကောင်က တကယ်ကို ကြွက်သားပဲရှိတဲ့ ဦးနှောက်မပါတဲ့ကောင်ပဲ။ ဘယ်သူက လက်သီးကို ဒီလိုမျိုး လေ့ကျင့်လို့လဲ’ သူ တွေးနေမိသည်။
လက်သီးပစ်လွှတ်ပြီးနောက် ချောင်ရို့ချန်က ပြုံးကာ ဆိုသည်။ “စီနီယာ၊ ခွင့်လွှတ်ပါ။ ကျွန်တော်က စိတ်စောသွားပြီး လက်သီးချက်ကို စမ်းကြည့်ချင်ရုံတင်ပါ”
တာ့လင်က သိခြင်စိတ်ဖြင့် မေးလိုက်သည်။ “နေဦး။ မင်းရဲ့ လက်သီးနည်းစနစ်က ပြည့်စုံသွားပြီလို့ ထင်ရပေမဲ့၊ သိုင်းပညာတွေ အများကြီး လေ့ကျင့်ထားပြီးမှ ဒီလောက်အင်အားပြင်းတဲ့ လက်သီးနည်းစနစ်ကို အပြီးသတ်နိုင်လိမ့်မယ်လို့ ယုံနေတာလား”
ချောင်ရို့ချန်က ပြုံးလျက် ပြောသည်။ “အပြင်လောကမှာဆိုရင်တော့ ဒါကို အပြီးသတ်ဖို့ နောက်ထပ် ဆယ်နှစ်လောက် လိုဦးမှာ။ ဒါပေမဲ့ ဒီမှာဆိုရင်တော့ အပြင်မထွက်ခင် ဒါကို ကျွမ်းကျင်သွားမယ်လို့ ကျွန်တော် ယုံကြည်တယ်”
“ဘယ်လိုလုပ်ဖို့ စီစဉ်ထားလို့လဲ” တာ့လင်က စူးစမ်းသည်။
“ပေါင်းစပ်ခြင်းနဲ့။”
ချောင်ရို့ချန်က ထိုစကားလုံးကို ဖြည်းဖြည်းချင်း ရေရွတ်လိုက်၏။
“ပေါင်းစပ်ခြင်း” တာ့လင်၏ မျက်နှာတွင် စူးစမ်းလိုစိတ်များ ပြည့်နှက်သွားသည်။ “မင်းသာ ထူးခြားတဲ့ နားလည်နိုင်စွမ်းရှိတဲ့ ပါရမီရှင်တစ်ယောက်ဆိုရင် ဒီနည်းစနစ်အားလုံးကို ပေါင်းစပ်နိုင်မယ်လို့ ငါယုံချင်ယုံမှာ။ ဒါပေမဲ့ မင်းက အဲဒီလိုလူမျိုး မဟုတ်ဘူးလေ။”
“စီနီယာ ပြောတာမှန်ပါတယ်။ ကျွန်တော့်ရဲ့ နားလည်နိုင်စွမ်းက ပုံမှန်ပါပဲ။ ဒါပေမဲ့ ကျွန်တော့်မှာ အနှိုင်းမဲ့ ဆရာတစ်ယောက်ရှိတယ်။ သူက ကျွန်တော့်အတွက် နည်းလမ်းတစ်ခုကို ဟိုးအရင်ကတည်းက ကြိုတင်စီစဉ်ပေးထားတာ။ စီနီယာ၊ ဒီကားချပ်ကို မှတ်မိလား”
ချောင်ရို့ချန်သည် ကားချပ်ကို တာ့လင်၏ရှေ့တွင် ပြလိုက်သည်။
တာ့လင်သည် လွန်ခဲ့သော ရက်အနည်းငယ်ကပင် ကားချပ်ကို လေ့လာနေသည်ကို သတိပြုမိသော်လည်း ဂရုမစိုက်ခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ ထိုက်ရွှီဂိုဏ်းတွင် သူသည် ပြိုင်ဘက်ကင်းတစ်ဦးဖြစ်ပြီး မည်သည့်နည်းစနစ်ကမျှ သူ့ကို အထင်ကြီးအောင် မလုပ်နိုင်ပေ။
ယခုမူ ချောင်ရို့ချန်က လိုလိုလားလား ပြသလာသဖြင့် ၎င်းသည် ကားချပ်ကို ဝေဖန်ဆန်းစစ်သော မျက်လုံးများဖြင့် ကြည့်ရှုလိုက်သည်။
တစ်ချက်ကြည့်ရုံဖြင့် တာ့လင်သည် တုန်လှုပ်သွားတော့သည်။
“ဒါ... ဒီပုံချပ်ကို မင်းရဲ့ဆရာက ဆွဲပေးခဲ့တာလား”
“ဟုတ်ပါတယ်။”
တာ့လင်၏ အံ့သြသံကို ကြားရသောအခါ ချောင်ရို့ချန်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာ၏။
“ အံ့သြဖို့ ကောင်းလိုက်တာ၊ တကယ်ကို အံ့သြဖို့ကောင်းတယ်။ ရွှမ်ထျန်းတိုက်ကြီး ပေါ်က သာမန်လူသားတစ်ယောက်က ယင်ယန်တာအိုလမ်းစဉ်ကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားတဲ့ ကားချပ်မျိုး ဖန်တီးနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး “
တာ့လင်က ချီးကျူးသံဖြင့် သက်ပြင်းချလိုက်သည်။ “တကယ်ကို အံ့သြစရာပဲ။ မင်းရဲ့ဆရာက ထူးခြားလှတဲ့ သူပဲ။”
ချောင်ရို့ချန်က ရယ်မောကာ ပြောလိုက်သည်။ “ကျွန်တော့်ဆရာက သာမန်လူသားတစ်ယောက် မဟုတ်ဘူး”
ဤတစ်ကြိမ်တွင်မူ တာ့လင်က သူ့ကို ပြန်လည်မချေပတော့ပေ။ “ကောင်လေး၊ မင်း ဘယ်လောက်အထိ ကြီးထွားလာနိုင်မလဲဆိုတာ ငါစောင့်ကြည့်မယ်။ မင်းနေဖို့ အချိန်ကျန်သေးတယ်။ မင်း သိချင်တာရှိရင် ငါ့ကို အချိန်မရွေး မေးလို့ရတယ်။”
“ကျေးဇူးတင်ပါတယ် စီနီယာ”
ထို့နောက် ချောင်ရို့ချန်သည် သူ၏ ကျင့်ကြံခြင်းကို ပြန်လည်စတင်လိုက်တော့သည်။
အချိန်များ သတိမထားမိဘဲ ကုန်ဆုံးသွားလေပြီ။ ရက်ပေါင်း ရှစ်ဆယ့်တစ်ရက်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။
ဤနေ့တွင် ချောင်ရို့ချန်သည် သိုင်းနည်းစနစ်တစ်ရာကိုပြင်းထန်တာအို နတ်ဘုရားလက်သီးအတွင်းသို့ လုံးဝဥဿုံ ပေါင်းစပ်နိုင်သွားတော့၏။
သူ၏ အရှိန်အဝါ ပြောင်းလဲသွားသည်ကို ခံစားမိသောအခါ တာလင်သည် စမ်းသပ်မှုမျှော်စင်၏ ကိုးထပ်မြောက်မှနေ၍မေးလိုက်သည်
“ကောင်လေး၊ မင်း အောင်မြင်သွားပြီလား”
ချောင်ရို့ချန်းက ခေါင်းငြိမ့်ပြကာ ဆိုသည်။
“ဟုတ်တယ်၊ အောင်မြင်သွားပါပြီ”
“မြန်မြန်၊ ငါ့ကို လက်သီးတစ်ချက်လောက် ထိုးပြစမ်း” တာ့လင်သည် သူ၏ ဝိညာဉ်စွမ်းအားဖြင့် ကြီးမားသော ကြေးရုပ်တုကြီးတစ်ခုကို ဖန်တီးလိုက်သည်။
“စီနီယာ၊ စမ်းသပ်မျှော်စင်ကိုတော့ ထိန်းထားပေးပါဦး။”
အခြားစကားတစ်ခွန်းမျှ မဆိုတော့ဘဲ ချောင်ရို့ချန်သည် သူ၏လက်သီးကို ပစ်လွှတ်လိုက်သည်။ “ပြင်းထန်တာအို နတ်ဘုရားလက်သီး”
လက်သီးချက် ထိမှန်သွားသည်နှင့်အမျှ လက်သီး၏ နောက်ကွယ်တွင် ဒုတိယမြောက် စွမ်းအားပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် ကမ္ဘာကြီးကို ဖျက်ဆီးနိုင်သော စွမ်းအားများ ကိန်းအောင်းနေသည့် ပုံရိပ်ယောင်တစ်ခုဖြစ်ပြီး ဝိညာဉ်ကိုပင် တုန်လှုပ်သွားစေနိုင်၏။
ဝုန်း
တစ်ချက်တည်းနှင့်ပင် ကြေးရုပ်တုကြီးသည် ဖုန်မှုန့်များအဖြစ် ကြေမွပျက်စီးသွားခဲ့သည်။
“မင်းရဲ့ သိုင်းဆန္ဒက အစိုင်အခဲအဖြစ် သိပ်သည်းသွားပြီ။ ဒါက အောင်မြင်ခြင်းရဲ့ လမ်းစပဲ။ မင်းရဲ့ ဆန္ဒက အပြည့်အဝ သိပ်သည်းသွားရင် ပြင်းထန်တာအို နတ်ဘုရားလက်သီးကို အပြီးသတ်နိုင်လိမ့်မယ်။ အဲဒီကျရင် မင်းဟာ ကိုယ်ပိုင်လက်သီးလမ်းစဉ်ပေါ်ကို တကယ်တမ်း လျှောက်လှမ်းနိုင်မှာ။”
တာ့လင်၏ အသံသည် ကိုးထပ်မြောက်တွင် ဖြည်းဖြည်းချင်း ပဲ့တင်ထပ်နေသည်။
ချောင်ရို့ချန်က ပြောသည်။ “ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဆန္ဒကို ပုံဖော်ဖို့... အဲဒါက ဘယ်လိုပုံစံဖြစ်လာမလဲဆိုတာ ကျွန်တော် တကယ်ကို မျှော်လင့်မိတယ်”
“မင်းရဲ့ စမ်းသပ်မှု ပြီးဆုံးသွားပြီ။ အခု ငါ မင်းကို အပြင်ကို ပို့ပေးတော့မယ်”
“နေဦး စီနီယာ။”
တာ့လင်၏ နားမလည်နိုင်သော အကြည့်များအကြားတွင် ချောင်ရို့ချန်သည် သူ၏ ဝတ်ရုံနက်ကို ဝတ်ဆင်လိုက်သည်။
တာ့လင်က မစနောက်ဘဲ မနေနိုင်တော့ပေ။
“မင်းက ဒီလောက်တောင် စွမ်းအားကြီးနေပြီပဲ။ ဘာလို့ လှည့်ကွက်တွေသုံးနေသေးတာလဲ”
ချောင်ရို့ချန်က ပြုံးကာ ပြောသည်။ “စီနီယာက အသက်ကြီးနေပြီဆိုတော့ ကျွန်တော်တို့ လူငယ်တွေ ဝတ်ရုံခြုံရတာ ဘယ်လောက် ပျော်ဖို့ကောင်းလဲဆိုတာ နားမလည်ပါဘူး”
တာ့လင်သည် ကြောင်တောင်တောင်ဖြင့် ကြည့်နေမိပြီးနောက် သူ့ကို စမ်းသပ်မျှော်စင်အပြင်ဘက်သို့ ပို့ဆောင်ပေးလိုက်သည်။
ချောင်ရို့ချန် အပြင်သို့ ထွက်လာသောအခါ စောင့်ကြည့်နေသူတိုင်း၏ မျက်လုံးများတွင် ကြည်ညိုလေးစားမှုနှင့် မနာလိုမှုများ ပြည့်နှက်နေသည်။
“တာအိုမိတ်ဆွေရဲ့ နာမည်ကို သိပါရစေ” မြောက်ပိုင်ချောက်နက်၏ မြင့်မြတ်နန်းတော်မှ ဆယ့်လေးယောက်မြောက် မင်းသားက ရှေ့သို့ တက်လာသည်။
သူသည် စမ်းသပ်မျှော်စင်မှ ထွက်လာခဲ့သည်မှာ ရက်အတော်ကြာပြီဖြစ်သော်လည်း ကိုးထပ်မြောက်ကို တစ်စုံတစ်ယောက်က ကျော်ဖြတ်နိုင်ခဲ့သည်ဟု ကြားသဖြင့် စည်းရုံးရန် စောင့်ဆိုင်းနေခြင်းဖြစ်၏။
ချောင်ရို့ချန်က အေးစက်စွာ ပြန်ပြောလိုက်သည်။ “နာမည်ဆိုတာ အခေါ်အဝေါ်သက်သက်ပါ။ တခြားသူတွေကတော့ ကျွန်တော့်ကို ပြိုင်ဘက်ကင်းလက်သီးအရှင် လို့ ခေါ်ကြတယ်။ မင်းသားမှာ ဘာကိစ္စရှိလို့လဲ”
‘တကယ်ပဲ သူက မြင့်မြတ်နယ်မြေရဲ့ ပါရမီရှင်လား’
မင်းသားသည် မျက်တောင်ခတ်လျက် ဇဝေဇဝါ ဖြစ်သွားသော်လည်း အထွေအထူးမပြောတော့ပေ။ “ ဘာထူးထူးခြားခြားမှ မဟုတ်ပါဘူး မိတ်ဆွေဖွဲ့ချင်ရုံတင်ပါ”
“ရတာပေါ့။ အခုကစပြီး မင်းက ငါ့သူငယ်ချင်းပဲ။ တခြားကိစ္စမရှိရင် ငါသွားတော့မယ်။”
နှုတ်ဆက်စကား အတိုချုံးပြောပြီးနောက် ချောင်ရို့ချန် ပျောက်ကွယ်သွားရာ ဆယ့်လေးယောက်မြောက် မင်းသားမှာ အတွေးနက်ကာ ကျန်ခဲ့သည်။ ‘ဒီလူက တကယ်ကို စကားနည်းတာပဲ’
ချောင်ရို့ချန်ကတော့ မင်းသား၏ အတွေးများကို မသိရှိပေ။ သိခဲ့လျှင်လည်း ဂရုစိုက်မည်မဟုတ်။ သူ၏ စိတ်ထဲတွင် ဆန္ဒတစ်ခုသာ ရှိနေသည်။ ၎င်းမှာ စီနီယာအစ်ကိုရှောင်ကို ရှာဖွေပြီး သူ၏ လက်သီးချက် မည်မျှ ပြင်းထန်သည်ကို စမ်းသပ်ကြည့်ရန်ပင်။
ရှောင်ယန်သည် မကြာသေးမီက ထိုက်ရွှီလျှို့ဝှက်နယ်မြေတစ်ခုလုံးတွင် လူပြောအများဆုံး ပုဂ္ဂိုလ်ဖြစ်နေသည်။ သူနှင့် လျူယွဲ့အာတို့ ရောက်ရှိရာ နေရာတိုင်းတွင် အခြားသူများအားလုံး ထွက်ပြေးကြရပြီး မည်သူမျှ သူတို့၏ အင်အားကို မယှဉ်နိုင်ပေ။
ဆက်တိုက်ဆိုသလို ရှုံးနိမ့်မှုများ ကြုံတွေ့ရပြီးနောက် မြင့်မြတ်နယ်မြေ ဆယ်ခုမှ ပါရမီရှင်များသည် ရှောင်ယန်ကို ရှောင်ရှားလာကြပြီး ရတနာများ ရရှိထားသူများမှာလည်း ကျင့်ကြံရန် ဆုတ်ခွာသွားကြသည်။
ရတနာများနှင့် အမွေအနှစ်များကို ဆက်တိုက် ရရှိပြီးနောက် ရှောင်ယန်သည်လည်း သူ၏ ဓားဆန္ဒကို အပြီးသတ်နိုင်ရန် အချိန်အတန်ကြာ ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်လေတော့သည်။
***