အချိန်အတော်ကြာပြီးနောက်တွင် ဂူအတွင်း၌ ပြိုကျပျက်စီးမှုများမှာ နောက်ဆုံးတွင် ရပ်တန့်သွားတော့သည်။
ကျောက်နံရံနောက်ကွယ်မှ အလင်းတန်းတစ်ခု ဖြာထွက်လာပြီး ပိတ်မှောင်နေသော ဂူအတွင်းကို နေ့ခင်းအလား ထိန်လင်းသွားစေ၏။
ကျောက်နံရံအတွင်း၌ အလင်းလုံးတစ်ခုမှာ အဆက်မပြတ် ရုန်းကန်နေပြီး ချောင်ရို့ချန်နှင့် စုန်ကျောက်ယီတို့၏ မျက်လုံးများကို ကျိန်းစပ်သွားစေသည်။ ချောင်ရို့ချန်က သူ၏လက်သီးဖြင့် အလင်းလုံးကို ဖိနှိပ်လိုက်ရာ လက်သီးမှထွက်ပေါ်လာသော အရှိန်အဝါကြောင့် ထိုအလင်းလုံးမှာ ချက်ချင်းပင် ငြိမ်သက်သွားတော့၏။
ထိုအလင်းလုံးကို စိုက်ကြည့်ရင်း ချောင်ရို့ချန်က တီးတိုးရေရွတ်မိလေသည်။
“သတ္တုသွေးကြောမှာ ဝိညာဉ်ရှိတာပဲ။ အဘိုး ငါ့ကို မလိမ်ခဲ့ဘူး “
အဘိုး ဆိုသည့်စကားကို ကြားလိုက်ရသောအခါ စုန်ကျောက်ယီ ၏ မျက်လုံးများမှာ ဝမ်းသာအားရဖြင့် တောက်ပသွား၏။
“အစ်ကို ပြိုင်လက်ကင်းလက်သီးအရှင်၊ အစ်ကိုက ဒီလောက်တောင် အစွမ်းထက်တာဆိုတော့ အစ်ကို့ရဲ့ အဘိုးက ပိုပြီးတော့တောင် အစွမ်းထက်မှာပေါ့နော်၊ ဟုတ်တယ်မလား”
ချောင်ရို့ချန်က ခေါင်းညိတ်ပြပြီးနောက် ပြန်ခါယမ်းလိုက်သည်။
“အဘိုးက တကယ်ပဲ အစွမ်းထက်ပါတယ်။ သူတော်စင်တစ်ပိုင်းအဆင့် ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ။ ဒါပေမဲ့ ငါ့ဆရာနဲ့ ယှဉ်ရင်တော့ သူက နည်းနည်းလေး အားနည်းနေသေးသလိုပဲ”
စုန့်ကျောက်ယီမှာ ထိုစကားကြောင့် သိသိသာသာ ဆွံ့အသွားရသည်။ အကယ်၍ သူတော်စင်တစ်ပိုင်းအဆင့်နီးပါး ရောက်နေသည့် ပြိုင်ဘက်ကင်းလက်သီးအရှင်၏ အဘိုးကပင် သူ၏ဆရာလောက် အစွမ်းမထက်ပါက သူသည် သူတော်စင်တစ်ပိုင်း၏ တပည့်ဖြစ်နေသည်ဟုဆိုလိုခြင်း မဟုတ်ပါလော။
သူမ၏ စုန့်မိသားစုတွင်လည်း သူတော်စင်တစ်ပိုင်း ဘိုးဘေးတစ်ဦး ရှိသော်လည်း တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။ ယခုတစ်ကြိမ် ထိုက်ချင်းလျှို့ဝှက်နယ်မြေထဲသို့ ဝင်ခွင့်ရရန်ပင် သူမ၏ဖခင်ကို အတန်တန် တောင်းဆိုခဲ့ရခြင်း ဖြစ်သည်။
ချောင်ရို့ချန်က သူ၏လက်ကြီးကို ဆန့်ထုတ်လိုက်ပြီး ကျောက်နံရံထဲမှ ရွှမ်ယင်း သတ္တုအဆီအနှစ်ကို တိုက်ရိုက် ဆွဲထုတ်လိုက်၏။
ထို့နောက် သူ၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်သည်။
‘အခုတော့ ငါ့အတွက် လိုအပ်တဲ့ ပစ္စည်းတွေ အကုန်စုံပြီ။ ဒါပေမဲ့ ရွှမ်ယင်းသတ္တုအဆီအနှစ် တစ်မျိုးတည်းနဲ့ သူတော်စင်အဆင့် လက်နက်ကို သွန်းလုပ်မယ်ဆိုရင် အနိမ့်စားအဆင့်မဟုတ်ရင် သူတော်စင်တစ်ပိုင်း လက်နက်လောက်ပဲရမှာ။ သူတော်စင်လက်နက်တစ်ခု သွန်းလုပ်နိုင်ဖို့ဆိုရင် တခြားပစ္စည်းတွေကိုလည်း ထပ်ရှာဖို့ လိုသေးတယ်’
ထိုသို့တွေးရင်း သူက စုန့်ကျောက်ယီ၏ ရင်ဘတ်ကို မသိမသာ ဝေ့ကြည့်လိုက်၏။
စုန့်ကျောက်ယီမှာ သူ၏အကြည့်အောက်တွင် တစ်ကိုယ်လုံး စိမ့်တက်သွားသလို ခံစားလိုက်ရပြီး ဗီဇအရ သူမ၏လက်နှစ်ဖက်ဖြင့် ရင်ဘတ်ကို ကာလိုက်မိသည်။
မမျှော်လင့်ဘဲ အဖိခံလိုက်ရသဖြင့် သူမရင်ဘတ်ပေါ်ရှိ အဖြူရောင်သတ္တဝါလေးမှာ ရင်ခွင်ထဲမှ ချက်ချင်း ခုန်ထွက်သွားတော့၏။
ချောင်ရို့ချန်က ထိုအဖြူရောင်သတ္တဝါလေးကို အသာအယာ ဖမ်းဆီးလိုက်ပြီး အာရုံစိုက်ကာ ကြည့်လိုက်သည်။
ဤသည်ကို မြင်သောအခါ စုန့်ကျောက်ယီမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။ ‘ငါက ဒီကြွက်ကလေးလောက်တောင် ဆွဲဆောင်မှုမရှိတာလား”
“ရှောင်ပိုင် မင်း ဒီရွှမ်ယင်းသတ္ထုတွေကို စားချင်သေးလား” ချောင်ရို့ချန်က သတ္တုရိုင်းတစ်တုံးကို ပေါ့ပေါ့ပါးပါး ချေမွလိုက်ပြီး ရှောင်ပိုင်၏ ရှေ့တွင် ဝေ့ယမ်းပြလိုက်သည်။
ပထမတွင် ရှောင်ပိုင်မှာ ဤလူကို အလွန်ကြောက်ရွံ့နေသော်လည်း ရွှမ်ယင်သတ္ထုကို မြင်လိုက်ရသည်နှင့် ကြောက်စိတ်များမှာ အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ခေါင်းကို အဆက်မပြတ် ညိတ်ပြတော့၏။
“ဒါဆိုရင် နောက်ထပ် သတ္တုရိုင်းတွေရှာဖို့ လမ်းပြစမ်း။ လမ်းတစ်လျှောက်မှာတွေ့တဲ့ ရွှမ်ယင်းသတ္ထုတွေ အကုန်လုံးက မင်းအပိုင်ပဲ။ ဘယ်လိုလဲ” ချောင်ရို့ချန်က တောက်ပသောအပြုံးဖြင့် မေးလိုက်သည်။
ရှောင်ပိုင်က ချက်ချင်းပင် ခေါင်းညိတ်၏။ ၎င်းသည် စုန့်ကျောက်ယီနောက်သို့ လိုက်နေစဉ်က ရက်ပေါင်းများစွာ ငတ်မွတ်ခဲ့ရသော်လည်း၊ ယခုအခါ ဝဝလင်လင် ကျွေးမည့်သူရှိနေပြီဖြစ်ရာ ငြင်းပယ်နေလျှင် သူကငတုံးကြွက်သာ ဖြစ်ပေလိမ့်မည်။
“ကောင်းပြီ၊ ဒါဆိုရင် ပိုစားကောင်းတဲ့အရာတွေ သွားရှာကြစို့။”
ထိုသို့ပြောပြီးနောက် ချောင်ရို့ချန်က ရှောင်ပိုင်ကို မြေပြင်ပေါ်သို့ ချပေးလိုက်၏။
ရှောင်ပိုင်မှာ ဂူအပြင်ဘက်သို့ ချက်ချင်းပင် ပြေးထွက်သွားတော့သည်။
စုန့်ကျောက်ယီမှာ သူမ နှစ်ပေါင်းများစွာ မွေးမြူလာခဲ့သော အဖြူရောင်အိမ်မွေးတိရစ္ဆာန်လေးက ဤမျှမြန်မြန် သစ္စာဖောက်လိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးချေ။
ယခုအချိန်တွင် သူမ၏စိတ်ထဲ၌ အတွေးတစ်ခုသာ ရှိတော့၏။ ထိုက်ချင်းလျှို့ဝှက်နယ်မြေမှ ထွက်ခွာပြီးသည်နှင့် ဤသစ္စာဖောက်လေးကို အရေခွံဆုတ်ပြီး အရိုးထုတ်ပစ်မည် ဟူ၍သာ။
ချောင်ရို့ချန်က စုန့်ကျောက်ယွီ၏ အမူအရာကို သတိမထားမိပေ။ သူသည် အလွန်ပင် စိတ်ကြည်လင်နေသည်။ လိုအပ်သော ပစ္စည်းများကို လုံလောက်စွာရှာဖွေနိုင်ပြီး သူတော်စင်အဆင့်လက်နက်တစ်ခုကို သွန်းလုပ်နိုင်ပါက သူ၏စီနီယာအစ်ကိုကြီးကို စိန်ခေါ်ရန် ပို၍ပင် ယုံကြည်မှုရှိလာမည်ဖြစ်သည်။
‘မဟုတ်သေးဘူး၊ ငါ စိတ်မလွတ်သွားသင့်ဘူး။ စီနီယာအစ်ကိုကြီးက လူမဟုတ်တဲ့သူ။ ငါ မနိုင်မချင်း သေချာပေါက် အရက်သောက်ပြီး အောင်ပွဲခံနိုင်သေးဘူး’ ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်၏။
…
လျှို့ဝှက်နယ်မြေအတွင်းရှိ အချိန်စီးဆင်းမှုမှာ မတူညီပေ။ ၎င်း အတွင်းထဲ၌ တစ်နှစ်ကျော်သည် အပြင်တွင်တစ်လမျှသာရှိ၏။
ထိုက်ချင်းလျှို့ဝှက်နယ်မြေကို ဖွင့်လှစ်ခဲ့သည်မှာ ရက်ပေါင်း သုံးရာကျော်ပင် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
သို့သော် ရွှမ်ထျန်း တိုက်ကြီးပေါ်တွင်မူ တစ်လသာ ကုန်လွန်သေးသည်။
ဝမ်တောက်ကျောင်းတော်၏ ချူဖုန်းသည် တံခါးပိတ် ကျင့်ကြံနေသည်။
မကြာသေးမီက ရှောင်ယန်သည် ဓားတစ်သောင်းတို့အပြန် နှင့် ထိုက်ချီဓားသိုင်း နှစ်မျိုးလုံးကို အထွတ်အထိပ်သို့ ရောက်အောင် ကျင့်ကြံနိုင်ခဲ့သည့်အတွက် သူ၏ ဓားဆန္ဒ ကိုလည်း ပြီးပြည့်စုံအောင်လုပ်နိုင်ခဲ့၏။ ချူဖုန်းသည် စနစ် ထံမှ ဆုလာဘ်ကို ရရှိပြီးနောက်တွင် သူ၏စိတ်ထဲရှိ ထိုက်ချီပုံရိပ်ကို အသုံးပြုကာ တာအိုသဘောတရားကို နားလည်သဘောပေါက်ရန် တံခါးပိတ်ကျင့်ကြံမှုကို ချက်ချင်း စတင်ခဲ့သည်။
ယခုအခါ သူ၏ အဓိကတပည့်ကြီး လေးဦးအနက် အားအနည်းဆုံးဖြစ်သော ဝမ်ပေါင်လဲ့ပင် ဓားမဆန္ဒနှင့် ယင်ယန် ထိုက်ချီလက်သီသိုင်းကို ကျွမ်းကျင်အောင် ကျင့်ကြံနိုင်ခဲ့ပြီး၊ သူ၏ ထိုက်ချီလက်သီးဆန္ဒမှာလည်း အစောပိုင်းအောင်မြင်မှုအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ချင်းချင်း သည်လည်း နောက်ကျမကျန်ခဲ့ပေ။ သူမ၏ ကျင့်ကြံမှုမှာ စစ်မှန်ကံကြမ္မာအဆင့်၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီပြီး သူမ၏ ဇီသာဆန္ဒ မှာလည်း ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားကာ ကမ္ဘာပျက်မျက်ဝန်းကို ကျွမ်းကျင်လာသည်နှင့်အမျှ ဖျက်ဆီးခြင်းဆန္ဒကိုလည်း နားလည်သဘောပေါက်သွားခဲ့၏။
အမှန်စင်စစ် ချူဖုန်းကို အပျော်ဆုံးဖြစ်စေသည့်အရာမှာ သူ၏ ကျင့်ကြံမှုသည် နှစ်တစ်ထောင်အဆင့်ကို ကျော်လွန်သွားပြီးနောက် သက်တမ်းမှာလည်း နှစ်တစ်ထောင်အတားအဆီးကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။
နောက်ထပ် သက်တမ်းတိုးရန်အတွက် ကျင့်ကြံမှု မည်မျှလိုအပ်မည်ကို သူ မသိသော်လည်း၊ ဤမျှ ထူးချွန်သော တပည့်များရှိနေသဖြင့် နောက်ထပ် အဆင့်တက်ရန်မှာ သေချာပေါက် မဝေးတော့ပေ။
တံခါးပိတ်ကျင့်ကြံမှုအတွင်း ချူဖုန်းသည် ဓားလမ်းစဉ်၊ လက်သီးလမ်းစဉ်နှင့် တာအို၏ နက်နဲအမှန်တရားများအပေါ် သူ၏နားလည်မှုကို ဂရုတစိုက် ပြန်လည်သုံးသပ်ခဲ့ပြီး နောက်ဆုံးတွင် ကောက်ချက်တစ်ခု ချနိုင်ခဲ့လေသည်။
ဓားလမ်းစဉ်ဖြစ်စေ၊ လက်သီးလမ်းစဉ်ဖြစ်စေ ၎င်းတို့မှာ ‘မဟာတာအိုလမ်းစဉ် သုံးထောင်’ ၏ မတူညီသော လမ်းကြောင်းများသာ ဖြစ်ကြ၏။
ဆိုရိုးစကားတစ်ခု ရှိသည်မဟုတ်ပါလား ။”တာအိုသည်တစ်ခုကို မွေးဖွားသည်၊ တစ်ခုမှ နှစ်ခုကို မွေးဖွားသည်၊ နှစ်ခုမှ သုံးခုကို မွေးဖွားသည်၊ သုံးခုမှ ခပ်သိမ်းသောအရာတို့ကို မွေးဖွားသည်။ အသင်္ချေတမျှသောလမ်းစဉ်တို့သည် နောက်ဆုံးတွင် မူလအစတစ်ခုတည်းသို့သာ ပြန်လည်ရောက်ရှိသွားသည်”
သူ နောက်ထပ်လုပ်ဆောင်ရန် လိုအပ်သည်မှာ သူ ကျွမ်းကျင်ထားသော မတူညီသည့် တာအိုများကို လမ်းစဉ်တစ်ခုတည်းအဖြစ် ပေါင်းစည်းရန်ပင်။
ဤသို့တွေးရင်း ချူဖုန်းက သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ပြောသည်။
“ဆုံးဖြတ်လိုက်ပြီ။ ခပ်သိမ်းသောအရာတို့က အစသို့ ပြန်ခြင်းပဲ။ ငါ အာဒိကပ္ပတာအို( ကမ္ဘာဦးတာအို) လမ်းစဥ်ကို လျှောက်လှမ်းမယ်”
သို့သော် သူ ယခုအချိန်ထိ နားလည်ထားသော တာအိုများမှာ ပြည့်စုံသော လမ်းစဉ်တစ်ခုအဖြစ် ဖော်ထုတ်ရန် မလုံလောက်သေးပေ။
“မပြည့်စုံသေးဘူး။ ငါ့တပည့်တွေ ဆက်ပြီး ကြိုးစားကြရဦးမယ်”
ဤသို့ပြောပြီးနောက် ချူဖုန်းသည် မတ်တပ်ရပ်ကာ လျှို့ဝှက်ခန်းမထဲမှ ထွက်လာခဲ့၏။ သူ ထွက်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်းက ပြိုင်တူ စကားပြောလာကြတော့သည်။
“ဌာနမှူးချူ၊ ခင်ဗျား တံခါးပိတ်ကျင့်ကြံနေတုန်း အပြင်မှာ စိတ်လှုပ်ရှားစရာတွေ အများကြီး လွတ်သွားတယ်ဗျ။”
“ဟုတ်တယ်ဗျ။ ရက်ပိုင်းအတွင်းမှာတင် သူတော်စင်တစ်ပိုင်း အင်အားစု တော်တော်များများ ပရမ်းပတာတွေ ဖြစ်ကုန်ကြတာ။”
“……”
အကြီးအကဲများအားလုံး ဤမျှ ဝမ်းသာအားရ ဖြစ်နေသည်ကို မြင်သောအခါ ချူဖုန်း၏ သိချင်စိတ်မှာ ချက်ချင်းပင် နိုးကြားလာ၏။
“စီနီယာတို့၊ ဘာတွေဖြစ်ခဲ့တာလဲဆိုတာ မြန်မြန် ပြောပြကြပါဦး။”
ဘုရင်ဟန်ကျန်း က ရယ်မောရင်း ပြော၏။ “တာ့ယန်မြင့်မြတ်နယ်မြေနဲ့ ဆက်နွယ်နေတဲ့ သူတော်စင်တစ်ပိုင်းအင်အားစု တော်တော်များများ အမြစ်ပြတ် သုတ်သင်ခံလိုက်ရပြီလို့ ကြားတယ်။ အဲဒီကောင်တွေ ဒေါသထွက်လွန်းလို့ အခု ပျာပျာသလဲနဲ့၊ သူတို့ရဲ့ မျိုးဆက်သစ်တွေအတွက် လက်စားချေဖို့ လျှို့ဝှက်နယ်မြေပွင့်တဲ့အထိ ဒီမှာပဲ စောင့်နေကြမယ်လို့ ကြိမ်းဝါးနေကြတာ”
ချူဖုန်းသည် တာ့ယန်မြင့်မြတ်နယ်မြေဟူသော စကားကို ကြားလိုက်ရသောအခါ သူ၏မျက်နှာမှ အပြုံးများ ပျောက်ကွယ်သွား၏။
သူက မေးလိုက်သည်။
“ဒါဆို တာ့ယန်မြင့်မြတ်နယ်မြေ ကိုယ်တိုင်ကကော”
“ရှောင်ဖုန်း၊ တာ့ယန်မြင့်မြတ်နယ်မြေလည်း အထိနာသွားတယ်ဆိုတာ မင်း ဘယ်လိုသိတာလဲ” မြို့စားရီရှန်းက ပြုံးစိစိဖြင့် စနောက်လိုက်၏။
“သူတို့ ဘယ်လို ဆုံးရှုံးမှုမျိုး ကြုံခဲ့ရလို့လဲ” ချူဖုန်းသည် အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်မူ ခန့်မှန်းပြီးသား ဖြစ်သည်။ ၎င်းမှာ သေချာပေါက် ချင်းအာ၏ လက်ချက်သာ ဖြစ်ပေလိမ့်မည်။ သို့သော် ထိုမိန်းကလေးမှာ လူပေါင်းများစွာကို တစ်ချိန်တည်းတွင် မည်သို့ ရင်ဆိုင်နိုင်ခဲ့သနည်း။
ဘုရင်ဟန်ကျန်းက ပြုံးလိုက်ကာ ပြော၏။
“တာ့ယန်မြင့်မြတ်နယ်မြေက တပည့်ပေါင်း လေးဆယ်ကျော် ဆုံးရှုံးသွားတယ်လို့ ပြောကြတယ်။ ဒါ ထိုက်ချင်း လျှို့ဝှက်နယ်မြေပွင့်ပြီးကတည်းက သူတို့အတွက် အကြီးမားဆုံး အဆုံးရှုံးပဲ”
“လေးဆယ်ကျော်လေးပဲလား” ချူဖုန်းက ထိုသို့ပြောရင်း စိတ်ထဲတွင်တွေးနေသည်။
‘ကြည့်ရတာ တကယ့်ပွဲကြီးပွဲကောင်းက မလာသေးဘူးပဲ’
‘လျှို့ဝှက်နယ်မြေပိတ်ပြီးတဲ့နောက် ထိုက်ချင်းမြင့်မြတ်နယ်မြေက ကောင်တွေ ရူးသွပ်သွားကြမလား။ အကယ်၍ သူတို့ တကယ် ရူးသွားမယ်ဆိုရင်တော့ ငါ့ရဲ့ တကယ့်အစွမ်းက ဘယ်လောက်ရှိလဲဆိုတာ စမ်းသပ်ကြည့်ဖို့ အခွင့်အရေးပဲ။ စနစ်က သတ်မှတ်ထားသလို တိုက်ခိုက်ရေးစွမ်းရည်ငါးက အားမနည်းလောက်ပါဘူး။’
ချူဖုန်း၏ စကားကို ကြားလိုက်ရသော လူတိုင်းမှာ သူ့ကို နားမလည်နိုင်သော အကြည့်များဖြင့် လှည့်ကြည့်လာကြသည်။
ဘုရင်ဟန်ကျန်းက ပြော၏။ “ရှောင်ဖုန်း၊ ငါတို့အချင်းချင်း ဝမ်းသာအားရ ပြောတာက ထားပါတော့။ အပြင်မှာသွားပြီး ကြွားမနေနဲ့ဦး”
ချူဖုန်းက ခေါင်းညိတ်ကာပြောလိုက်သည်။
“စိတ်မပူပါနဲ့ စီနီယာ၊ ကျွန်တော် ဘာလုပ်ရမလဲဆိုတာ သိပါတယ်။ အချိန်တန်ရင် ဝမ်တောက်ကျောင်းတော်ရဲ့ မျက်နှာကိုတော့ အပျက်မခံပါဘူး”
လူတိုင်း :....
‘ဒီကောင်လေး စကားပြောတာ ဘာလို့ ဒီလောက် ထူးဆန်းနေရတာလဲ။ တာ့ယန်မြင့်မြတ်နယ်မြေရဲ့ ကံဆိုးမှုက သူနဲ့ ဘာဆိုင်လို့လဲ။’
***