ထိုက်ချင်း လျှို့ဝှက်နယ်မြေ။
ဝမ်ပေါင်လဲ့ နှင့် နန်ကုန်းယွီတို့သည် စစ်မှန်ကံကြမ္မာအဆင့်ရှိ တပည့်အချို့နှင့်အတူ စုဝေးနေကြ၏။
လျှို့ဝှက်နယ်မြေအတွင်း အချိန်ကြာလာသည်နှင့်အမျှ ဘေးကင်းရေးအတွက် အားလုံးက အုပ်စုဖွဲ့၍ စုစည်းလာကြသည်။
ထိုနေ့တွင် ကျင့်ကြံသူအများအပြား နေရာတစ်ခုသို့ ဦးတည်ပျံသန်းနေကြသည်ကို လူများက မြင်လိုက်ရသဖြင့် ဘာညာစဉ်းစားမနေတော့ဘဲ နောက်ကသာ လိုက်ပါသွားကြလေ၏။
ခေတ္တမျှ ပျံသန်းပြီးနောက် လီအနည်းငယ်အကွာရှိ ချိုင့်ဝှမ်းတစ်ခုအထက်၌ ဝဲကတော့သဖွယ် လည်ပတ်နေသည့် ဧရာမဝိညာဉ်စွမ်းအင်စက်ကွင်းကြီးကို တွေ့လိုက်ရသည်။ ကောင်းကင်နှင့် မြေကြီးကြားရှိ ဝိညာဉ်စွမ်းအင်တို့မှာ ထိုချိုင့်ဝှမ်းဆီသို့ အဆက်မပြတ် စုပြုံရောက်ရှိနေပုံပင်။
နန်ကုန်းယွီက ဝဲကတော့နားတွင် တွန့်ဆုတ်နေသော ကျင့်ကြံသူတစ်ဦးကို ကြည့်ကာ မေးလိုက်သည်။
“ဒီမှာရှင့်... ရှေ့က ချိုင့်ဝှမ်းက ဘာလဲဆိုတာ သိလား။ ထိုက်ချင်း လျှို့ဝှက်နယ်မြေရဲ့မြေပုံပေါ်မှာ ဒီလို ဝိညာဉ်စွမ်းအင် ကြွယ်ဝတဲ့နေရာမျိုးကို ကျွန်မ မတွေ့ဖူးသလားလို့”
ထိုတပည့်သည် မေးသံကြား၍ မထီမဲ့မြင်ပြုဟန်ဖြင့် လှည့်ကြည့်သော်လည်း နန်ကုန်းယွီ ဝတ်ဆင်ထားသည့် ဝမ်တောက်ကျောင်းတော်ဝတ်စုံကို မြင်လိုက်ရသောအခါ အမူအရာမှာ ချက်ချင်းပြောင်းလဲသွားပြီး ရိုရိုသေသေ ပြန်ဖြေရှာသည်။
“အလှလေး... ရှေ့က ချိုင့်ဝှမ်းကို ထိုက်ယင်ချိုင့်ဝှမ်းလို့ ခေါ်တယ်။ မူလကတော့ ထိုက်ယင်ကျောက်တုံးတွေပဲ ရှိတာ။ ဒါပေမဲ့ ဝတ်ရုံဖြူ ဇီသာနတ်ဆိုးလို့ ခေါ်တဲ့ အမျိုးသမီးကျင့်ကြံသူတစ်ယောက်က ဘာအတတ်သုံးလိုက်လဲမသိဘူး၊ ပတ်ဝန်းကျင်က စိတ်ဝိညာဉ်စွမ်းအင်အားလုံးကို သူ့ကျင့်ကြံမှုအတွက် ဆွဲယူလိုက်တာ။ အဲဒါကြောင့် အခုလို ဖြစ်သွားရတာ”
“ဝတ်ဖြူဇီသာနတ်ဆိုး ဟုတ်လား”
ထိုအမည်ကို ကြားလိုက်ရသောအခါ ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး သူ့တတိယမြောက် စီနီယာအစ်မ၏ပုံရိပ်မှာ စိတ်ထဲ၌ ချက်ချင်း ပေါ်လာတော့သည်။
ဤသည်မှာ တကယ့်ကို သူ့စီနီယာအစ်မ လုပ်လေ့လုပ်ထရှိသည့် အလုပ်မျိုးပင်။
နန်ကုန်းယွီက ဆက်မေးသည်။ “ဒီလောက် အာရုံစိုက်ခံရအောင် လုပ်ထားတာ၊ ပြဿနာအရှာမခံရဘူးလား။ သူ့ကျင့်ကြံမှုကို အနှောင့်အယှက် မဖြစ်ဘူးလား”
ထိုကျင့်ကြံသူက ရယ်ကာဆို၏။ “ အလှလေး ပြောတာ မှန်တယ်။ ဒါပေမဲ့ အခုရက်ပိုင်းမှာ ဘယ်သူမှ ဝတ်ရုံဖြူဇီသာနတ်ဆိုးကို မနှောင့်ယှက်ရဲကြဘူး။ တာ့ယန်မြင့်မြတ်နယ်မြေက ကံဆိုးသူအချို့ သွားစမ်းကြည့်တာ တစ်ဖွဲ့လုံး အသတ်ခံလိုက်ရတယ်။ ကျင့်ကြံသူ အယောက် (၃၀) ကျော် သေသွားတယ်လေ။ အဲဒီထဲမှာ ကောင်းကင်ဇစ်မြစ်အဆင့်က လူတွေတောင် ပါသေးတယ်”
“တာ့ယန်မြင့်မြတ်နယ်မြေအပြင် တခြားအဖွဲ့အစည်းတွေက လူတွေလည်း ဝတ်ရုံဖြူ ဇီသာနတ်ဆိုးရဲ့ ဖိနှိပ်တာကိုကို ခံထားရတယ်။ အခုတော့ တာ့ယန်မြင့်မြတ်နယ်မြေရဲ့ ပါရမီရှင်တွေက သူတို့ တပည့်တွေကို လူစုလိုက်တဲ့အပြင် တခြားအဖွဲ့က ကျင့်ကြံသူတွေကိုပါ ခေါ်ပြီး အဲဒီနတ်ဆိုးကို နှိမ်နင်းဖို့ ပြင်နေကြပြီ”
“ဘယ်ပါရမီရှင်တွေ သွားကြတာလဲ” ဝမ်ပေါင်လဲ့က အနည်းငယ် စိတ်လှုပ်ရှားနေသော အသံဖြင့် ဝင်မေးလိုက်သည်။
ကျင့်ကြံသူက ပြောသည်။ “တာ့ယန်မြင့်မြတ်နယ်မြေက ကောင်းကင်ဓား တုကူးမင်၊ ကျားနက်သခင် ဝမ်လျဲ့နဲ့ စေတီဆောင်သူရဲကောင်း ချောင်ရှုတို့ပဲ။ ပေါ်မလာသေးတဲ့ မြင့်မြတ်သားတော် လဲ့အောက်ကျယ် ကလွဲရင် ကျန်တဲ့လူတွေ အကုန်ရောက်နေကြပြီ။ ပွဲကြီးပွဲကောင်း ဖြစ်တော့မှာ”
ထိုစကားကို ကြားသောအခါ ဝမ်ပေါင်လဲ့က အုပ်စုကို ပြောလိုက်သည်။ “သွားကြစို့၊ မြန်မြန်... ထိုက်ယင်ချိုင့်ဝှမ်းကို သွားကြမယ်”
နန်ကုန်းယွီသည် ဝမ်ပေါင်လဲ့ ဤမျှလောက် ပျာပျာသလဲဖြစ်နေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သော်လည်း ဘာမှ အများကြီးမမေးတော့ဘဲ နောက်ကသာ လိုက်ခဲ့တော့သည်။
အခြား ဝမ်တောက်ကျောင်းတော် တပည့်များလည်း အမှီလိုက်ရန် အလုအယက် ပြေးကြလေ၏။
လက်ဖက်ရည်တစ်ခွက် သောက်စာမျှကြာသော အချိန်တွင် သူတို့ ထိုက်ယင်ချိုင့်ဝှမ်း အပြင်ဘက်သို့ ရောက်ရှိလာကြသည်။ အဖွဲ့အစည်းပေါင်းစုံမှ တပည့်များသည် ချိုင့်ဝှမ်းအထက်တွင် စုရုံးနေကြပြီ ဖြစ်၏။
ချိုင့်ဝှမ်းထဲတွင်မူ ဝတ်ရုံဖြူ ဇီသာနတ်ဆိုးဟု ခေါ်သောသူအပြင် ဝမ်တောက်ကျောင်းတော်မှ တပည့် အယောက်တစ်ဆယ်ကျော် ရှိနေသည်ကို တွေ့ရသည်။
၎င်းကိုမြင်တော့ နန်ကုန်းယွီက မသိစိတ်ဖြင့် ရေရွတ်လိုက်မိသည်။ “ ဇီသာနတ်ဆိုးက အဓိကအဖွဲ့အစည်းကြီးတွေက တပည့်တွေကို အများကြီး သတ်ပစ်တယ်ဆို။ ငါတို့ ဝမ်တောက်ကျောင်းတော်က တပည့်တွေကျတော့ ဘာလို့ အကောင်းအတိုင်း ဖြစ်နေတာလဲ”
ဘေးက ကြည့်နေသူတစ်ဦးက ပြောလာသည်။ “ထူးဆန်းတာကတော့ ဇီသာနတ်ဆိုးက ဝမ်တောက်ကျောင်းတော်ကတပည့်တွေကို မသတ်ဘူးဗျ။ သူတို့ကိုရေကန်ထဲပဲ တွန်းချလိုက်တာ။ တိုက်ပွဲပြီးရင်တော့ သေတဲ့လူတွေကို မြေမြှုပ်ဖို့ သူတို့ကိုပဲ ခိုင်းတယ်”
“ဝတ်ရုံဖြူ ဇီသာနတ်ဆိုးက ဝမ်တောက်ကျောင်းတော်က ဖြစ်နေနိုင်မလား” နန်ကုန်းယွီ ကိုယ့်ဘာသာ ရေရွတ်မိသည်။
သူ့ဘေးရှိ ဝမ်ပေါင်လဲ့က တည်ငြိမ်စွာဖြင့် ပြော၏။
“ငါ့အထင်သာ မှန်မယ်ဆိုရင် ဒါ ငါ့ရဲ့ တတိယစီနီယာအစ်မ ဖြစ်ရမယ်။ တာ့ယန်မြင့်မြတ်နယ်မြေကို သူလောက် မုန်းတဲ့လူ မရှိဘူး”
သူ ထိုသို့ ပြောလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ လူတိုင်း အံ့အားသင့်သွားကြပြီး အခြားအဖွဲ့အစည်းမှ လူများသည် မသိမသာဖြင့် ဝေးဝေးသို့ ခွာသွားကြတော့သည်။
နန်ကုန်းယွီက မေးလိုက်သည်။ “စီနီယာအစ်မ ချင်းကို ငါတို့ ကူညီသင့်လား”
ဝမ်ပေါင်လဲ့က “ဒါပေါ့။ ဒါပေမဲ့ မင်းတို့ကို အတင်းအကျပ်တော့ မတိုက်ခိုက်ခိုင်းပါဘူး။ တတိယစီနီယာအစ်မက ဒီလောက်အထိ ဆူဆူပူပူ လုပ်ထားမှတော့ စီနီယာအစ်ကိုကြီးနဲ့ ဒုတိယစီနီယာအစ်ကိုလည်း လမ်းမှာ ရောက်နေလောက်ပြီ”
ထွက်သွားရမလား၊ နေခဲ့ရမလား တွန့်ဆုတ်နေသော အတွင်းစည်းတပည့်အချို့သည် ထိုစကားကို ကြားသောအခါ မျက်နှာများ ချက်ချင်း ဝင်းပသွားကြသည်။
ဟုတ်သားပဲ၊ စီနီယာအစ်ကို ရှောင် ကို သူတို့ ဘယ်လိုများ မေ့သွားရတာလဲ။ စီနီယာအစ်ကို ရှောင်သာ ရှိရင် တာ့ယန်မြင့်မြတ်နယ်မြေဆိုတာ ဘာမှ ကြောက်နေစရာမလိုတော့ပေ။
အားလုံးက တစ်ပြိုင်နက်တည်း ဝိုင်းပြောကြလေသည် “စီနီယာအစ်မ ချင်းကို ကူညီဖို့ ကျွန်တော်တို့ အသင့်ပါပဲ”
“ကောင်းပြီ”
ဝမ်ပေါင်လဲ့က သဘောတူလိုက်ပြီးနောက် အုပ်စုကို ဦးဆောင်ကာ ချိုင့်ဝှမ်းထဲသို့ ဆင်းခဲ့ကြသည်။
သူတို့ မြေပြင်ပေါ် နင်းလိုက်သည်နှင့် ဝမ်တောက်ကျောင်းတော်မှ တပည့်များက ဆီးကြိုနှုတ်ဆက်ကြ၏။
“ ဂျူနီယာညီမလေးနန်ကုန်း၊ ဘာလို့ ဒီကို ရောက်လာတာလဲ” ဂိုဏ်းတူ တပည့်တစ်ဦးက အနည်းငယ် နေရခက်စွာဖြင့် အနားတိုးလာရင်း မေးသည်။
ရေကန်ဘေးက နန်းဆောင်ထဲတွင် ရှိနေသူမှာ စီနီယာအစ်မချင်း ဖြစ်သည်ကို သူသိနှင့်ပြီးသား ဖြစ်သော်လည်း ကောင်းကင်ဇာစ်မြစ်အဆင့်ရှိသူတစ်ဦးအနေဖြင့် စစ်မှန်ကံကြမ္မာအဆင့်ရှိသူတစ်ဦးကို ရှုံးနိမ့်ခဲ့ခြင်းက သူ့သိက္ခာကို အနည်းငယ် ထိခိုက်စေ၏။
နန်ကုန်းယွီက ပြုံးကာပြောသည်။ “စီနီယာအစ်မချင်းကို ကူညီဖို့ လာတာပေါ့။ ကျွန်မတို့ ဝမ်တောက်ကျောင်းတော်ကို ဘယ်သူမှ လာမစော်ကားရဲအောင်လို့လေ”
သူ စကားပင် မဆုံးသေးမီ မိုးကုပ်စက်ဝိုင်းဆီမှ ကြွေးကြော်သံတစ်ခု ထွက်ပေါ်လာသည်။ “စီနီယာအစ်ကို တုကူး ရောက်လာပြီ”
လူတိုင်း ကောင်းကင်သို့ မော့ကြည့်လိုက်ကြရာ ကျော့ရှင်းခန့်ညားသော ကျင့်ကြံသူတစ်ဦးက ဓားပျံစီး၍ ပျံသန်းလာသည်ကို မြင်လိုက်ရသည်။
သူ မြေပြင်သို့ မဆင်းမီမှာပင် ပြင်းထန်သော ဖိအားတစ်ခုသည် ရေကန်ဘေးရှိ စင်မြင့်ဆီသို့ တိုးဝင်သွား၏။
ချင်းချင်းသည် ဘာကိုမျှ သတိမထားမိသကဲ့သို့ပင် သူ၏ဇီသာ ကိုသာ ဆက်လက် တီးခတ်နေသည်။
ဒေါင်
တေးသွားတစ်ချက် ထွက်ပေါ်လာပြီးနောက် ထိုဖိအားမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
“ဟမ့်”
တုကူးမင်က နှာခေါင်းရှုံ့ကာ ပြောသည်။ “မင်းမှာ စွမ်းရည်အချို့ ရှိတာပဲ။ ငါ့ တာ့ယန်မြင့်မြတ်နယ်မြေက တပည့်တွေကို သတ်ရဲတာ မဆန်းပါဘူး။ ဒီနေ့တော့ ငါ တုကူးမင်က တာ့ယန်နယ်မြေရဲ့ စွမ်းအားကို မင်းကို ပြရတာပေါ့”
ပြောပြောဆိုဆိုနှင့် သူ ရှေ့သို့ တစ်လှမ်း တိုးလိုက်ရာ သူ၏ ပတ်ဝန်းကျင်ရှိ ဖိအားမှာ ပို၍ပင် ပြင်းထန်လာလေသည်။
ဝေါင်း
ရုတ်တရက် ကျားဟိန်းသံတစ်ချက် ကောင်းကင်အနှံ့ ပဲ့တင်ထပ်သွားပြီး တုကူးမင်၏ လှုပ်ရှားမှုကို ဖြတ်တောက်လိုက်သည်။ သူသည် ဟိန်းသံထွက်ပေါ်ရာဘက်သို့ မကျေမနပ် ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။
“ဝမ်လျဲ့... မင်း ဘာသဘောလဲ။ ငါ အရင်ရောက်တာနော်”
“အထင်မမှားပါနဲ့ စီနီယာအစ်ကို တုကူး။ ကျွန်တော်က အစ်ကို့အတွက် နောက်ထပ် အာမခံချက်တစ်ခု ထပ်တိုးပေးတာပါ။ ဒီမိန်းမက ဂီတနဲ့ သတ်တဲ့နေရာမှာ ကျွမ်းကျင်တယ်လေ။ အစ်ကို့ရဲ့ တိုက်ရိုက်တိုက်ခိုက်တဲ့ ဓားသိုင်းက အသာစီးရချင်မှ ရမှာ”
အသံနှင့်အတူ ခန့်ညားသော ကျားနက်ကြီးတစ်ကောင်သည် လေကိုစီး၍ မိုးကုပ်စက်ဝိုင်းမှ ရောက်ရှိလာပြီး ကျားကျောပေါ်တွင် အေးအေးဆေးဆေး ထိုင်နေသော လူငယ်တစ်ဦးကို တွေ့ရသည်။
သူသည် ခေါက်ယပ်တောင်တစ်ချောင်းကို ကိုင်ထားပြီး မျက်နှာတွင် နောက်ပြောင်လိုသော အမူအရာအပြည့်နှင့် တုကူးမင်ကိုရော၊ ချင်းချင်းကိုပါ ဂရုမစိုက်ဟန် ပြနေလေသည်။
“မင်း”
တုကူးမင်သည် ဤလူက လူအများရှေ့တွင် သူ့ကို စော်ကားလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ချက်ချင်းပင် ဒေါသထွက်သွားတော့သည်။
“ဘုံရန်သူရှိနေတာပဲ၊ ငါတို့အချင်းချင်း ရန်ဖြစ်နေဖို့ မလိုပါဘူး”
ကြမ်းတမ်းသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး တုကူးမင်၏ ဒေါသကို ပြေလျော့သွားစေသည်။
လူတိုင်း အသံလာရာသို့ ကြည့်လိုက်ကြရာ တောင်ထိပ်တစ်ခုပေါ်တွင် တင်ပလ္လင်ခွေထိုင်နေသော အရပ်ရှည်ရှည်၊ ကြမ်းကြမ်းတမ်းတမ်းနှင့် ပြတ်သားသည့် မျက်နှာထားရှိသည့် အမျိုးသားတစ်ဦးကို တွေ့လိုက်ရ၏။
သူသည် တောင်နှင့် တစ်သားတည်း ဖြစ်နေသကဲ့သို့ပင်။ သူ စကားမပြောလျှင် သူ ထိုနေရာ၌ ရှိနေသည်ကို မည်သူမျှ သတိထားမိကြမည် မဟုတ်ပေ။
တုကူးမင်က မေး၏။ “ချောင်ရှို့... မင်းလည်း ပါဝင်ဦးမလို့လား”
“မဟုတ်ဘူး၊ အထင်မမှားနဲ့။ ပြင်ပလူတွေ ငါတို့ကို ကြည့်ပြီး ရယ်တာ မခံချင်ရုံပါ။ မင်းတို့နှစ်ယောက် မပြေလည်နိုင်ရင် ငါ့မှာ အကြံကောင်းတစ်ခု ရှိတယ်။ ပြိုင်ပွဲအဆင့်သတ်မှတ်ချက်အတိုင်း သွားကြတာပေါ့။ အဆင့်အနိမ့်ဆုံးလူက အရင်တိုက်”
ချောင်ရှို့က အေးစက်စက်အပြုံးဖြင့် ပြောလေသည်။ ခန္ဓာကိုယ်ကျင့်ကြံသူတစ်ဦးက ဤမျှအထိ လိမ္မာပါးနပ်လိမ့်မည်ဟု စိတ်ကူးမိရန် ခက်ခဲလှ၏။
တုကူးမင်၏ မျက်နှာမှာ ချက်ချင်းပင် မည်းသည်းသွားတော့သည်။ ပြီးခဲ့သည့် ပြိုင်ပွဲတွင် သူသည် ထိုနှစ်ယောက်လုံးကို ဆက်တိုက် ရှုံးနိမ့်ခဲ့သည်။ ချောင်ရှို့ကို ရှုံးနိမ့်ခဲ့ခြင်းအပေါ် သူ လက်ခံနိုင်သော်လည်း ဝမ်လျဲ့မှာမူ သူ ဒဏ်ရာအပြင်းအထန် ရနေချိန်မှ အနိုင်ယူသွားခြင်းဖြစ်၍ လုံးဝ လက်မခံနိုင်ပေ။
ဝမ်လျဲ့က လက်ခုပ်တီးကာ ပြော၏။ “စိတ်ကူးကောင်းပဲ တကယ့်ကို အကြံကောင်းပဲ။ တုကူးမင်... မင်းက အားအနည်းဆုံးဆိုတော့ မင်းပဲ အရင်သွားတော့”
တုကူးမင်၏ မျက်နှာအမူအရာမှာ အလွန်အမင်း ဆိုးဝါးသွားတော့၏။ ယခုအခါ သူ့ဂုဏ်သိက္ခာကို ပြန်လည်ဆယ်တင်ရန် တစ်ခုတည်းသောနည်းလမ်းမှာ ဝတ်ရုံဖြူဇီသာနတ်ဆိုးကို သတ်ဖြတ်ရန်သာ ရှိတော့သည်။
“ကောင်းပြီ၊ သိပ်ပြီး ဘဝင်မမြင့်နဲ့ဦး။ ငါ အခုပဲ သူ့ကို နှိမ်နင်းပြမယ်”
ပြောပြောဆိုဆိုနှင့် သူသည် ဓားကို ရုတ်တရက် ဆွဲထုတ်လိုက်ရာ တောက်ပသော ဓားအလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး လူတိုင်း၏ အာရုံမှာ သူ့ထံ၌ စုပြုံသွားလေသည်။
ထိုစဉ်တွင်ပင် အခြေအနေနှင့် လုံးဝ မအပ်စပ်သော မထီမဲ့မြင်ပြုသည့် အသံတစ်ခု ထွက်ပေါ်လာတော့၏။
“တာယန်မြင့်မြတ်နယ်မြေကတော့ ရှက်စရာကောင်းလိုက်တာ ယောက်ျားကြီး သုံးယောက်က မိန်းမတစ်ယောက်တည်းကို ဝိုင်းတိုက်ဖို့ ကြံနေတာတောင် အချင်းချင်း ငြင်းခုန်နေကြသေးတယ်။ တကယ်ကို ရယ်စရာကောင်းတဲ့ ပွဲပဲ”
***