“ဘယ်သူလဲဟေ့”
“စီနီယာအစ်ကို ပြိုင်ဘက်ကင်းလက်သီးအရှင် “
“…”
အားလုံး အသံလာရာဆီ လှည့်ကြည့်လိုက်ကြရာ တောင်ထိပ်ပေါ်တွင် တစ်ကိုယ်တည်း ရပ်နေသော ဝတ်ရုံနက်ဝတ်ဆင်ထားသည့် လူသန်ကြီးတစ်ဦးနှင့် ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော နုနယ်သည့် မိန်းမပျိုလေးတစ်ဦးကို တွေ့လိုက်ရ၏။
သူတို့ပတ်ဝန်းကျင်ရှိ လူများမှာ ထိုလူနှင့် ဘာမှမပတ်သက်သကဲ့သို့ အလိုအလျောက်ပင် ခြေလှမ်းပေါင်းများစွာ နောက်သို့ ဆုတ်ခွာသွားကြတော့သည်။
စုန်ကျောက်ယီမှာမူ လုံးဝကို ကြောင်တောင်တောင် ဖြစ်နေရှာ၏။ ထိုက်ချင်းလျှို့ဝှက်နယ်မြေထဲတွင် သူ ဖြတ်သန်းခဲ့ရသည့် နေ့ရက်များမှာ ပျော်ရွှင်စရာကောင်းသလို စိတ်ကျေနပ်မှုလည်း ရှိခဲ့သည်။
စီနီယာအစ်ကို ပြိုင်ဘက်ကင်းလက်သီးအရှင်က ရက်အနည်းငယ်ခြားတစ်ခါ သူ့ကို အရင်းအမြစ်များ ရှာခိုင်းတတ်သော်လည်း ကောင်းမွန်သည့်အရာတစ်ခုခု တွေ့တိုင်း အမြဲတမ်း မျှဝေပေးလေ့ရှိသည်။
စီနီယာအစ်ကို ပြိုင်ဘက်ကင်းလက်သီးအရှင်နောက် လိုက်ခဲ့သည့် ရက်ပေါင်းတစ်ရာကျော်အတွင်း စုန်ကျောက်ယီ ရရှိခဲ့သော ရတနာများမှာ သူအရင်က ရဖူးသည်ထက် များစွာ သာလွန်ခဲ့၏။
လွန်ခဲ့သည့် နာရီဝက်ခန့်က စီနီယာအစ်ကို ပြိုင်ဘက်ကင်းလက်သီးအရှင်က ပွဲကောင်းကြည့်ဖို့ လိုက်ခဲ့ရန် ပြောသဖြင့် စုန်းကျောက်ယီမှာ တွန့်ဆုတ်မနေဘဲ သဘောတူလိုက်ခြင်း ဖြစ်သည်။
သို့ပေမဲ့ ရောက်ရောက်ချင်းမှာတင် တာ့ယန်မြင့်မြတ်နယ်မြေ၏ ထိပ်သီးပါရမီရှင် သုံးယောက်လုံးကို စီနီယာအစ်ကိုက ရန်စလိုက်လိမ့်မည်ဟု လုံးဝမထင်ထားခဲ့။ တစ်ယောက်တည်းနဲ့ သုံးယောက်လုံးကို ရင်ဆိုင်ဖို့များ စိတ်ကူးနေတာလား။
သူက သုံးယောက်လုံးကို ယှဉ်နိုင်ခဲ့ရင်တောင် တာ့ယန်မြင့်မြတ်နယ်မြေမှ ကျန်သည့်တပည့်တွေကို သူမရဲ့ နုနယ်တဲ့ကိုယ်လေးနဲ့ မယှဉ်နိုင်တာတော့ အမှန်ပင်။
ယခုအချိန်မှာ ထွက်ပြေးချင်စိတ် ပေါက်နေပြီး ခြေထောက်များပင် ထိန်းမရအောင် တုန်ယင်နေပါ၏။
စီနီယာအစ်ကို သူ့ကို ထားပစ်ခဲ့မှာ စိုးရိမ်သဖြင့် ဝတ်ရုံစကိုသာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရတော့သည်။
တုကူးမင်သည် စမ်းသပ်မှု အဆင့်ကိုးဆင့်လုံးကို အောင်မြင်ခဲ့သည့် ဤပါရမီရှင်အကြောင်းကို ကြားဖူးသည်မှာ အမှန်ပင်။
“ပြိုင်ဘက်ကင်းလက်သီးအရှင်... မင်း သန်မာတယ်ဆိုတာ ငါသိတယ်၊ ဒါပေမဲ့ တာ့ယန်မြင့်မြတ်နယ်မြေရဲ့ ကိစ္စတွေမှာ ဝင်ပါဖို့ မင်းမှာ အရည်အချင်း မရှိသေးဘူး”
အခြား တာယန်မြင့်မြတ်နယ်မြေ ပါရမီရှင်နှစ်ဦးက ဘာမှဝင်မပြောသော်လည်း တုကူးမင်၏ ဘေးသို့ တိုးကပ်လာကြသည်။
ထိုသိမ်မွေ့သည့် လှုပ်ရှားမှုက သူတို့၏ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြသနေ၏။
ချောင်ရို့ချန်က တဟားဟား ရယ်မောလိုက်ပြီး ပြော၏။“အထင်မမှားပါနဲ့။ ငါက တာယန်မြင့်မြတ်နယ်မြေရဲ့ ကိစ္စတွေကို နှောင့်ယှက်ဖို့ လာတာမဟုတ်ဘူး။ ငါ့ရဲ့ ဂျူနီယာညီမလေးအတွက် ဂိုဏ်းဖျက်ဆီးခံရတဲ့ ကိစ္စမှာ လက်စားချေပေးဖို့ လာတာ”
သူတို့သုံးယောက်လုံး ဇဝေဇဝါ ဖြစ်သွားကြသည်။
ဘေးက ကြည့်နေသူများမှာမူ မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေကြပြီး အချို့ဆိုလျှင် ထိုင်ခုံများပင် ထုတ်ကာ ထိုင်ကြည့်နေကြ၏။
စီနီယာအစ်ကို ပြိုင်ဘက်ကင်းလက်သီးအရှင်ဖြစ်စေ၊ ဝတ်ရုံဖြူဇီသာနတ်ဆိုးဖြစ်စေ၊ တာ့ယန်မြင့်မြတ်နယ်မြေမှ ပါရမီရှငများဖြစ်စေ အားလုံးမှာ ထိုက်ချင်းလျှို့ဝှက်နယ်မြေတွင် နာမည်ကြီးသူများ ဖြစ်ကြသဖြင့် သူတို့ကြားက တိုက်ပွဲမှာ ကြည့်ရကျိုးနပ်ပေလိမ့်မည်။
ဝမ်လျဲ့က အေးစက်စွာ မေးလိုက်သည်။ “ဝတ်ရုံဖြူဇီသာနတ်ဆိုးက မင်းရဲ့ ဂျူနီယာညီမပေါ့လေ့။ ငါတို့ တာ့ယန်မြင့်မြတ်နယ်မြေက သူ့ဂိုဏ်းကို ဖျက်ဆီးခဲ့တာလို့ ပြောချင်တာလား”
“မှန်တာပေါ့” ချောင်ရို့ချန်က ပြုံးလျက် ပြန်ဖြေ၏။ “ကံမကောင်းတာကတော့ မင်း အဖြေမှန်ပေမဲ့ ဆုတော့မရှိဘူး”
စကားပြောနေရင်း သူက ဝတ်ရုံနက်ကို ချွတ်ချလိုက်ရာ ခိုင်မာပြတ်သားပြီး ထောင်လွှားသော မျက်နှာတစ်ခု လူအများရှေ့တွင် ပေါ်ထွက်လာသည်။
ချောင်ရို့ချန်က ဟိန်းဟောက်လိုက်၏။ “ဝမ်တောက်ကျောင်းတော်က တပည့်တွေ ဘယ်မှာလဲ”
ကြည့်နေကြသည့် ဝမ်တောက်ကျောင်းတော် တပည့်များအားလုံး တုန်လှုပ်သွားကြသည်။ အတွင်းရေးကို မသိသောသူများမှာ ဝတ်ရုံဖြူဇီသာနတ်ဆိုးသည် ဝမ်တောက်ကျောင်းတော် တပည့်များကို အဘယ်ကြောင့် မသတ်ခဲ့တာလဲဆိုသည်ကို ချက်ချင်း သဘောပေါက်သွား၏။ သူသည် သောင်းပြောင်းပညာရပ်ဌာနမှ ဇီသယနတ်ဆိုးဖြစ်နေသည်ပင်။
“စီနီယာအစ်ကို ချောင်... ကျွန်တော်တို့ ဒီမှာပါ”
တောင်ထိပ်ပေါ်မှ ကျယ်လောင်သော အော်ဟစ်သံများနှင့်အတူ ချောင်ရို့ချန်၏ ဘေးတွင် လူဆယ်ယောက်ကျော် ပေါ်လာလေသည်။
ခုနက သေလုအောင် ကြောက်နေသော စုန်ကျောက်ယီမှာ ယခုတော့ သူ့ရှေ့က လူကို ကြည်ညိုအားကျသော အမူအရာများဖြင့် တောက်ပစွာ ကြည့်နေတော့သည်။ စီနီယာအစ်ကို ပြိုင်ဘက်ကင်းလက်သီးအရှင်က တကယ့်ကို ခန့်ညားလွန်းလှသည်။
ခဏချင်းမှာပင် ထိုက်ယင်ချိုင့်ဝှမ်းအတွင်း၌ သတ်ဖြတ်လိုသော အရှိန်အဝါများ ဖုံးလွှမ်းသွား၏။ ဝမ်တောက်ကျောင်းတော် တပည့် (၃၀) ကျော်နှင့် တာ့ယန်မြင့်မြတ်နယ်မြေ တပည့် (၅၀) ကျော်တို့သည် ဘက်နှစ်ဘက် ရှင်းရှင်းလင်းလင်း ကွဲပြားသွားကာ ထိပ်တိုက်အနေအထားဖြစ်သွားသည်။
ကြည့်နေသူများမှာလည်း စိတ်လှုပ်ရှားစွာဖြင့် မရှိမဲ့ ရှိမဲ့အလံများကို ဝှေ့ယမ်းကာ အားပေးနေကြတော့၏။
ဤမျှ ရုတ်တရက် အခြေအနေပြောင်းလဲသွားမှုကြောင့် တာ့ယန်မြင့်မြတ်နယ်မြေဘက်က လုံးဝ အငိုက်မိသွားသည်။ သူတို့က ဝတ်ရုံဖြူဇီသာနတ်ဆိုးကို ဝိုင်းသတ်ရန်သာ ပြင်ဆင်လာခဲ့ခြင်း ဖြစ်သော်လည်း အခုတော့ ဝမ်တောက်ကျောင်းတော်နှင့် ထိပ်တိုက်ရင်ဆိုင်ရသည့် အခြေအနေသို့ ရောက်သွားလေပြီ။
တကယ်လို့ နှစ်ဖက်တိုက်ကြမည်ဆိုလျှင် တာ့ယန်မြင့်မြတ်နယ်မြေဘက်က အနိုင်ရခဲ့ရင်တောင် အထိအခိုက် အကျအဆုံး များလှပေမည်။ ဒီတစ်ကြိမ် ထိုက်ချင်းလျှို့ဝှက်နယ်မြေတွင် တာ့ယန်မြင့်မြတ်နယ်မြေမှာ အရှုံးကြီး ရှုံးရမည့်သူ ဖြစ်နေသည့်ပုံပင်။
ချောင်ရို့ချန်က တစ်ဖက်လူတွေ တုန်လှုပ်နေသည်ကို မြင်ရသည်။ သူက လှောင်ပြုံးပြုံးရင်း ပြော၏။ “အခွင့်အရေး မပေးဘူးလို့ မပြောနဲ့ဦး။ မင်းတို့ရဲ့ သိုလှောင်အိတ်တွေနဲ့ လက်စွပ်တွေကို အကုန်ပေးခဲ့၊ ပြီးရင် ငါ့ရဲ့ တတိယဂျူနီယာညီမရှေ့မှာ ဦးတိုက်ပြီး ခွင့်လွှတ်ဖို့ တောင်းပန်ကြရင် မင်းတို့ အသက်ကို ချမ်းသာပေးမယ်”
ထိုက်ချင်းလျှို့ဝှက်နယ်မြေကို ဝင်ရောက်ကျင့်ကြံနိုင်သူတိုင်းမှာ ဂိုဏ်းအသီးသီး၏ ထိပ်သီးတပည့်များ ဖြစ်ကြပြီး မာန်မာန ရှိသူများသာ ဖြစ်ကြ၏။ ချောင်ရို့ချန်၏ ဤသို့ နှိမ့်ချစော်ကားမှုကို သူတို့ မည်သို့ ခံနိုင်ရည် ရှိပါမည်နည်း။
ချောင်ရှို့၏ မျက်နှာမှာ မှောင်ကျသွားပြီး အေးစက်စွာ ပြောလိုက်သည်။ “ပြိုင်ဘက်ကင်းလက်သီး... မင်းရဲ့ ပါးစပ်က တကယ့်ကို အပေါစားဆန်တာပဲ။ မင်းက ဝမ်တောက်ကျောင်းတော်ကို ကိုယ်စားပြုပြီး တာ့ယန်မြင့်မြတ်နယ်မြေကို စစ်ကြေညာနိုင်တယ်လို့ ထင်နေတာလား။ ကိုယ့်အဆင့် ကိုယ် သိရင် ဝတ်ရုံဖြူ ဇီသာနတ်ဆိုးကို အခုချက်ချင်း လွှဲပေးလိုက်။ မဟုတ်ရင်တော့ တာ့ယန်မြင့်မြတ်နယ်မြေရဲ့ မိုးကြိုးအစွမ်းကို မင်း တွေ့ရလိမ့်မယ်”
သူ ပြောပြီးသည်နှင့် တစ်ပြိုင်နက် မိုးကုပ်စက်ဝိုင်းဆီမှ ပေါ့ပေါ့ပါးပါး အသံတစ်ခု လွင့်ပျံလာသည်။ “ဂျူနီယာညီလေး ချောင်က ဝမ်တောက်ကျောင်းတော်ကို ကိုယ်စားမပြုနိုင်ဘူး ဆိုရင်တောင် ငါ ‘ရှောင်ယန်’ ကရော ကိုယ်စားပြုနိုင်မလား”
ထိုအသံနှင့်အတူ ဝတ်ရုံနက်ခြုံထားသော ကျင့်ကြံသူနှစ်ဦး ရောက်ရှိလာသည်။ တစ်ဦးက အနက်ရောင်၊ တစ်ဦးက အဖြူရောင် ဝတ်ဆင်ထား၏။
သူတို့နှစ်ဦးသည် ထိုက်ယင်ချိုင့်ဝှမ်း၏ အထက်တွင် ပေါ်လာပြီး ဝတ်ရုံများကို တစ်ပြိုင်နက်တည်း ချွတ်လိုက်ရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၏ မျက်နှာများ ပေါ်ထွက်လာသည်။
အမျိုးသားမှာ ခန့်ညားပြီး တည်ငြိမ်အေးစက်နေသလို အမျိုးသမီးမှာလည်း လှပပြီး ကျော့ရှင်းလှသည်။
“ရှောင်ယန်... တကယ့်ကို ရှောင်ယန်ပဲ”
ထိုနှစ်ဦးကို မြင်လိုက်ရသောအခါ ဘေးက ကြည့်နေသူများမှာ အံ့အားသင့်စွာ အော်ဟစ်မိကြ၏။
တာ့ယန်မြင့်မြတ်နယ်မြေမှ တပည့်များမှာမူ တင်းမာသွားကြတော့သည်။ ရှောင်ယန်၏ ကျော်ကြားမှုကို သူတို့ ကြားဖူးထားကြသည်။ ဝမ်တောက်ကျောင်းတော်၏ သူတော်စင် လောင်းလျာဖြစ်ပြီး မျိုးဆက်သစ်လူငယ်များအကြား ထိပ်သီးခေါင်းဆောင်တစ်ဦး ဖြစ်သည်။ သူ ရောက်လာပြီဆိုမှတော့ ဒီတိုက်ပွဲကို ရှောင်လွှဲဖို့ လမ်းမရှိတော့။
“စီနီယာအစ်ကိုကြီးကို နှုတ်ခွန်းဆက်သပါတယ်”
ဝမ်တောက်ကျောင်းတော် တပည့်များက ကျယ်လောင်စွာ အော်ဟစ်နှုတ်ဆက်ကြ၏။
ရှောင်ယန် ရောက်ရှိလာခြင်းက ဝမ်တောက်ကျောင်းတော် တပည့်များအတွက် ယုံကြည်မှုများစွာ တိုးပွားစေသည်မှာ ယုံမှားသံသယ ရှိစရာ မလိုပေ။
တာယန်မြင့်မြတ်နယ်မြေ၏ ထိပ်သီးပါရမီရှင် သုံးဦးမှာမူ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ပြိုင်ဘက်ကင်းလက်သီးအရှင် တစ်ယောက်တည်းနှင့်တင် ရင်ဆိုင်ရခက်နေသည်ကို အခု ရှောင်ယန်ပါ ထပ်ရောက်လာပြီ။ ဒီတိုက်ပွဲက ပို၍ ခက်ခဲတော့မည်။
ချောင်ရှို့က သွားကြိတ်ရင်း ပြောသည်။ “မိတ်ဆွေတို့... ဝမ်တောက်ကျောင်းတော်က ငါတို့ကို ဒီနေ့ လွှတ်ပေးမဲ့ပုံ မပေါ်ဘူး။ နောက်ဆုတ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ဒါ့အပြင် ငါတို့က (၅၀) သူတို့က (၃၀) ပဲ ရှိတာ၊ ငါတို့မှာ အသာစီး ရနေသေးတယ်။ ငါနဲ့အတူ ဘယ်သူ တိုက်မလဲ”
“တိုက်မယ် တိုက်မယ် တိုက်မယ်”
တာ့ယန်မြင့်မြတ်နယ်မြေ ကျင့်ကြံသူများက တညီတညွတ်တည်း အော်ဟစ်လိုက်ကြသဖြင့် သူတို့၏ စိတ်ဓာတ်မှာ ထိပ်ဆုံးသို့ ရောက်ရှိသွားတော့သည်။
၎င်းကို မြင်သောအခါ ရှောင်ယန်၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွှတ်သွားပြီး တည်ငြိမ်စွာပင် စကားနှစ်လုံးကို ဆိုလိုက်၏။ “နေရာ ဖယ်ပေးကြ။”
ထိုစကားကို ကြားသည်နှင့် ပွဲကြည့်ပရိသတ်များမှာ အမြန်ပင် လီပေါင်းများစွာ နောက်သို့ ဆုတ်ခွာသွားကြပြီး ထိုက်ယင်ချိုင့်ဝှမ်း တစ်ခုလုံးကို ဝမ်တောက်ကျောင်းတော်နှင့် တာ့ယန်မြင့်မြတ်နယ်မြေတို့ တိုက်ခိုက်နိုင်ရန် ရှင်းလင်းပေးလိုက်ကြလေသည်။
ဝမ်တောက်ကျောင်းတော် တပည့်များက ရှောင်ယန်ကို ဝန်းရံထားကြ၏။
ချောင်ရို့ချန်က သူ့နောက်က စုန်ကျောက်ယီဘက် လှည့်ကာပြောလိုက်သည်။ “ရှောင်ယီ... ဘေးကင်းတဲ့ နေရာတစ်ခုရှာပြီး အဲဒီမှာပဲ နေပါ။ ဒီပြဿနာလေးကို ရှင်းပြီးတာနဲ့ ငါ လာရှာမယ်”
“ဟုတ်ကဲ့။”
စုန်ကျောက်ယီက ခေါင်းညိတ်ပြီး ထိုက်ယင်ချိုင့်ဝှမ်းမှ ထွက်ခွာသွားတော့သည်။
တာ့ယန်မြင့်မြတ်နယ်မြေဘက်တွင် ထိပ်သီးပါရမီရှင် သုံးဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြန်၏။
တုကူးမင်က ပြောသည်။ “ငါက အားအနည်းဆုံးမို့ ဝတ်ရုံဖြူ ဇီသာနတ်ဆိုးကို ငါပဲ တိုက်မယ်”
ချောင်ရှု စကားမပြောရသေးမီ ဝမ်လျဲ့က ကြားဖြတ်၍ “ဒါဆိုရင် ငါက ပြိုင်ဘက်ကင်းလက်သီးအရှင်ကို ကိုင်တွယ်မယ်”
ချောင်ရှို့၏ မျက်နှာမှာ သူတို့စကားကို ကြားသောအခါ အိုးမည်းသုတ်ထားသကဲ့သို့ မည်းမှောင်သွားတော့၏။ စောစောက ဂုဏ်ယူဖို့ ပြောတုန်းကတော့ မင်းတို့နှစ်ယောက်လုံး ဒီလောက်ထိ မနှိမ့်ချခဲ့ကြပါဘူး။ အခု ရှောင်ယန် ရောက်လာတော့မှ ပြဿနာကို ရှောင်ပြေးတဲ့နေရာမှာ မြန်လိုက်ကြတာ။
သို့ပေမဲ့ အခြေအနေတွေက ဒီလိုဖြစ်နေမှတော့ သူလည်း နောက်ဆုတ်ဖို့ လမ်းမရှိသည်ကို သိလိုက်သည်။ ချောင်ရှို့က ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ပြော၏။ “ရှောင်ယန်... မင်းရဲ့ ဓားသိုင်းက ပြိုင်ဘက်ကင်းတယ်လို့ ကြားဖူးတယ်။ ဒီနေ့တော့ မင်းရဲ့ စွမ်းရည်ကို ငါ မြင်ပါရစေ”
“နာမည်မရှိတဲ့သူကို ငါ မတိုက်ခိုက်ဘူး။ မင်းနာမည်ကို အရင်ပြော”
ရှောင်ယန်က စကားပြောနေရင်း ရှေ့သို့ တိုးလာရာ သူ့ထံမှ ဖိအားများက ပတ်ဝန်းကျင်သို့ ပြန့်လွင့်သွားလေသည်။
“စေတီဆောင်သူရဲကောင်း... ချောင်ရှို့”
ချောင်ရှို့က ဟစ်အော်လိုက်ရာ သူ၏ တစ်ကိုယ်လုံးမှာ ချက်ချင်းပင် တစ်ပေခန့် ပိုမို မြင့်မားလာပြီး ခန္ဓာကိုယ်မှာလည်း ကြီးမားလာတော့သည်။ စေတီတော်ကို လက်တွင် ကိုင်ဆောင်ထားရင်း သူသည် စေတီနတ်မင်းကြီးတစ်ပါးကဲ့သို့ မားမားမတ်မတ် ရပ်နေ၏။
ဝမ်လျဲ့က ချောင်ရို့ချန်ကို စိုက်ကြည့်လိုက်ပြီး ပြော၏။ “မင်းက ပြိုင်ဘက်ကင်းလက်သီးအရှင်လား။ ဒီနေ့တော့ မင်းရဲ့ လက်သီးတွေက မင်းပါးစပ်လောက် မာ၊ မမာ ကြည့်ရသေးတာပေါ့”
ချောင်ရို့ချန်က ပြုံးလိုက်ပြီး ဝမ်လျဲ့ဘေးက ကျားနက်ကြီးကို ကြည့်ကာ ပြောလိုက်သည်။ “ဒီကျားထီးကြီးက တော်တော်လေး ကောင်းတာပဲ။ သူ့ရဲ့ အင်္ဂါကို ဖြတ်ပြီး ဆရာအတွက် ဆေးအရက် နှပ်ပေးလို့ ရတာပေါ့”
ဝေါင်း
ကျားနက်ကြီးသည် မိုးခြိမ်းသံအလား ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ရာ ဝမ်တောက်ကျောင်းတော် တပည့်များထံသို့ ပုပ်စော်နံသော လေပြင်းများ တိုးဝင်သွားသဖြင့် သူတို့၏ ဆံပင်များမှာ ဖရိုဖရဲ ဖြစ်သွားရ၏။
“ဟမ့်”
ချောင်ရို့ချန်က ခပ်အေးအေး ဟစ်အော်လိုက်ရာ ကျားဟိန်းသံမှာ ပြတ်တောက်သွားပြီး သူ့ထံမှ အရှိန်အဝါများမှာ မီးတောင်ပေါက်ကွဲသကဲ့သို့ ထွက်ပေါ်လာတော့သည်။
တုကူးမင်က ဓားကို ဆွဲထုတ်လိုက်ပြီး ချင်းချင်းကို စိုက်ကြည့်ကာ “ဝတ်ရုံဖြူ ဇီသာနတ်ဆိုး.. ငါနဲ့ တစ်ယောက်ချင်း ယှဉ်ရဲသလား”
“ဘာလို့ မယှဉ်ရဲရမှာလဲ”
ပြောပြောဆိုဆိုနှင့် ချင်းချင်းက လေထဲသို့ ခုန်တက်ကာ တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး လက်များကို ဇီသာပေါ်တွင် တင်လိုက်၏။
ဝမ်တောက်ကျောင်းတော် နှင့် တာ့ယန်မြင့်မြတ်နယ်မြေမှ တပည့်များအားလုံး လက်နက်များကို အသီးသီး ဆွဲထုတ်လိုက်ကြပြီးနောက် တိုက်ပွဲကြီးမှာ ချက်ခြင်းပင် စတင်လေတော့သည်။
***