ချွမ်း
ရှောင်ယန်သည် သူ၏ ပြိုင်ဘက်ကင်းလှသော ဓားရှည်ကို ဆွဲထုတ်လိုက်ရာ တစ်ခဏချင်းမှာပင် သူ၏ အရှိန်အဝါနှင့် ဖိအားတို့သည် အထွတ်အထိပ်သို့ မြင့်တက်သွား၏။ သူသည် စစ်မှန်ကံကြမ္မာအဆင့်အလယ်အလတ်မှာသာ ရှိသေးသော်လည်း ထုတ်လွှတ်လိုက်သည့် စွမ်းအားမှာ စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးထက် မနိမ့်ပေ။
ချောင်ရှို့သည် ထိုထိတ်လန့်ဖွယ် အရှိန်အဝါကို ခံစားလိုက်ရပြီး မျက်နှာမှာ လူသေကောင်ကဲ့သို့ ဖြူလျော့သွားတော့သည်။ ဤမျှလောက်သော ခွန်အားမျိုးနှင့်ဆိုလျှင် လဲ့အောက်ကျယ် ပင် သူ့ကို ယှဉ်နိုင်ပါ့မလား မသေချာတော့။
ဝမ်တောက်ကျောင်းတော်က ဒီလိုမိစ္ဆာကောင်မျိုးကို ဘယ်လိုများ မွေးထုတ်လိုက်တာလဲ။
ဒီအတိုင်းဆိုလျှင် ရှောင်ယန်သည် ဤမျိုးဆက်၏ အခြားပါရမီရှင်အားလုံးကို ဖိနှိပ်သွားပေတော့မည်။
ထိုသို့တွေးမိသည်နှင့် ချောင်ရှို့သည် ဘာမှချန်မထားတော့ဘဲ အစွမ်းကုန်ထုတ်သုံးတော့၏။ သူ၏ သိုလှောင်လက်စွပ်မှာ ဝင်းခနဲဖြစ်သွားပြီး သူတော်စင်အဆင့် အကာအကွယ်ဝတ်စုံ တစ်စုံသည် သူ့ကိုယ်ပေါ်တွင် ချက်ချင်းပေါ်လာသည်။
“နက်နဲကိုးထပ်စေတီ နှိမ်နင်းစမ်း”
ချောင်ရှို့ ဟိန်းဟောက်လိုက်၏။ သူ့လက်ထဲရှိ စေတီတော်မှာ တောက်ပစွာလင်းလက်လာပြီး ကောင်းကင်ထက် ပေပေါင်းများစွာ မြင့်မားသော ဧရာမစေတီကြီးတစ်ဆူ ပေါ်ထွက်လာကာ ရှောင်ယန်ရှိရာသို့ အရှိန်အဟုန်နှင့် ပြိုကျလာတော့သည်။
ချွန်း
ရှောင်ယန်က ဓားကို ခပ်အေးအေးပင် တစ်ချက်ဝှေ့ယမ်းလိုက်ရာ ထိုစေတီကြီးမှာ အလွယ်တကူပင် နောက်သို့ လွင့်ထွက်သွား၏။
ဘုန်း
ကြီးမားသော အသံကြီးတစ်ခု ကောင်းကင်အနှံ့ ပဲ့တင်ထပ်သွားသည်။
စေတီတော် နောက်သို့ လွင့်သွားသည်ကို မြင်သောအခါ ချောင်ရှို့သည် လက်ကွက်များကို အမြန်ဖော်ဆောင်ကာ “လာစမ်း” ဟု အော်လိုက်၏။
ထိုစကားနှင့်အတူ စေတီတော်သည် ကောင်းကင်ထက်တွင် ပြန်လည်တည်ငြိမ်သွားပြီး ရှောင်ချန်းတစ်ကိုယ်လုံး ဝါးမြိုပစ်တော့မည့်အလား အလင်းတန်းတစ်ခု ထုတ်လွှတ်လိုက်လေ၏။
ရှောင်ယန်က ဓားကိုမြှောက်ကာ ရှေ့သို့ ထိုးလိုက်၏။
“ဓားတစ်သောင်းတို့အပြန်”
ထိုးချက်တစ်ချက်တည်းနှင့်ပင် မရေမတွက်နိုင်သော ဓားချီများ ပျံလွင့်ထွက်သွားတော့သည်။
ဓားချီတစ်လက်ချင်းစီတွင် သိပ်သည်းလှသော ဓားဆန္ဒဖြင့် ဖွဲ့စည်းထား၏။
ခဏချင်းမှာပင် ကောင်းကင်တစ်ခုလုံး ဓားမိုးရွာသွန်းမှုများဖြင့် ပြည့်နှက်သွားတော့သည်။
ချောင်ရှို့၏ မျက်ဆန်များမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားရ၏။
‘ ဓားအဆန္ဒကို ရုပ်လုံးဖော်နိုင်တာပဲ။ ဒီလူက ကောင်းကင်ဇစ်မြစ်အဆင့် မှာတင် သူ့ရဲ့ဓားဆန္ဒကို အထွတ်အထိပ်ထိ ပိုင်နိုင်နေပြီလား ‘
သူက မန္တာန်ကို အလျင်အမြန် ရွတ်ဆိုတော့သည်။
“စစ်သည်၊ တိုက်ပွဲ၊ ရပ်တည်သူ၊ ဖွဲ့စည်းမှု၊ ထိုးဖောက်၊ ရှေ့သို့”
စကားတစ်လုံးချင်းစီ ထွက်လာတိုင်း စေတီတော်၏ အလင်းမှာ ပိုမိုတောက်ပလာသော်လည်း သူ၏ မျက်နှာမှာမူ ပို၍ပင် ဖြူလျော့လာ၏။
ချောင်ရှို့သည် ခန္ဓာကိုယ်ကျင့်ကြံမှုနှင့် မန္တာန်ညာ နှစ်မျိုးလုံးကို ကျင့်ကြံထားသူဖြစ်ရာ ပြီးပြည့်စုံသော ခုခံမှုအပြင် အစွမ်းထက်သော မန္တန်များကိုလည်း ပိုင်ဆိုင်ထားသည်။
သို့သော် ရှောင်ယန်၏ တရစပ်ကျလာသော ဓားမိုးများရှေ့တွင် ထိုအရာအားလုံးမှာ အဓိပ္ပာယ်မဲ့သွားရ၏။
ချွန်း၊ ချွန်း၊ ချွန်း...
ဓားချီတစ်ခုချင်းစီတိုင်း စေတီတော်ကို ထိမှန်တိုင်း ပြတ်သားသော အသံများ ထွက်ပေါ်လာသည်။ စေတီတော် မျက်နှာပြင်ပေါ်တွင် အက်ကြောင်းများ ပျံ့နှံ့သွားပြီး မကြာမီမှာပင် ဤစေတီမှာ သံပုံဘဝ ရောက်တော့မည်မှာ အသေအချာပင်။
တစ်ဖက်တွင်လည်း ဝမ်လျဲ့နှင့် ချောင်ရို့ချန်တို့ တိုက်ပွဲ စတင်နေပြီ ဖြစ်၏။
ကျားနက်ကြီးသည် လေထဲသို့ မြင့်မားစွာ ခုန်တက်လိုက်သည်။ ၎င်း၏ ဧရာမခြေသည်းများမှာ မြေသို့မကျမီမှာပင် ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်နေပြီ ဖြစ်သည်။
ထိုခြေသည်းများသည် တောင်များကို ဖြိုခွဲနိုင်ပြီး ရွှေကိုပင် ပိုင်းဖြတ်နိုင်စွမ်းရှိရာ လူတိုင်းကို အားကိုးရာမဲ့သည့် ခံစားချက်မျိုး ပေးစွမ်းနေ၏။
ဝမ်လျဲ့ကလည်း ဒီအတိုင်း ငြိမ်မနေဘဲ လက်ကွက်ကို အမြန်ဖော်ဆောင်လိုက်သည်။ “နေမင်းတောက်လောင် မီးတောက်လက်ဝါး”
ထူးဆန်းသည်မှာ ချောင်ရို့ချန်သည် သူ၏ လက်ဝါးချက်ကို လုံးဝဂရုမစိုက်ဘဲ ကျား၏ ခြေသည်းများဆီသို့ တိုက်ရိုက် လက်သီးတစ်ချက် ထိုးလိုက်ခြင်းပင်။
ဝမ်လျဲ့က စိတ်ထဲ၌ လှောင်ပြုံးပြုံးလိုက်၏။ ‘ငတုံးပဲ၊ မင်းရဲ့ သံလက်သီးက တကယ်ပဲ အနှိုင်းမဲ့တယ် ထင်နေတာလား။ အဲဒီ ကျားနက်ဘုရင်က မြင့်မြတ် သားရဲသွေးပါတဲ့ ဝိညာဉ်ကျားကွ’
“ပြိုင်ဘက်ကင်း နတ်ဘုရားလက်သီး”
ချောင်ရို့ချန်၏ လက်သီးချက်မှာ အသိစိတ်များ ကိန်းအောင်းနေပြီး လက်သီးစွမ်းအားကို အရိပ်တစ်ခုက လွှမ်းခြုံထားကာ အထက်ရှိ ကျားနက်ကြီးဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွား၏။
ထိုလက်သီးချက်မှာ နေကိုပင် ကွယ်သွားစေပြီး ကောင်းကင်ကြီးတွင် အပေါက်ကြီးတစ်ခု ဖောက်လိုက်တော့မည့်အလား။
ဝမ်လျဲ့၏ မီးတောက်လက်ဝါးချက်မှာ ချောင်ရို့ချန်ကို ထိမှန်သွားသည့်အချိန်မှာပင် သူ၏ လက်သီးချက်က ကျားခြေသည်းများကို အစိတ်စိတ်အမွှာမွှာ ဖြိုခွဲပစ်လိုက်သည်။
“မိပြီ”
မိမိရှေ့ကလူသည် ပြင်းထန်သော မီးတောက်များအတွင်း နစ်မြုပ်သွားသည်ကို မြင်သောအခါ ဝမ်လျဲ့က အော်ဟစ်လိုက်၏။
“ဒီလောက် ကလေးကလား လှည့်ကွက်လေးနဲ့ ငါ့ရှေ့မှာ လာကြွားနေတာလား။ မင်းရဲ့ ကျားလေးကိုပဲ သွားကြည့်လိုက်ပါဦး”
ချောင်ရို့ချန်က ခန္ဓာကိုယ်ကို တစ်ချက်ခါယမ်းကာ ပြောလိုက်ရာ သူ့ကိုယ်ပေါ်ရှိ မီးတောက်များမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
ဝမ်လျဲ့ သေချာကြည့်လိုက်သောအခါ ချောင်ရို့ချန်၏ တစ်ကိုယ်လုံးကို ခပ်ဖျော့ဖျော့အကာအကွယ်အတားအဆီးတစ်ခု ဝန်းရံထားသည်ကို မြင်လိုက်ရ၏။
အူး... ဝေါင်း...
ကောင်းကင်ထက်ရှိ ကျားနက်ကြီးထံမှ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာသဖြင့် ဝမ်လျဲ့ စိတ်ပူသွားရသည်။
သူ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ပါးစပ်ပင် အံ့အားသင့်စွာ ပွင့်သွားရ၏ ကျားနက်ဘုရင်၏ ခြေသည်းများမှာ ကြေမွသွားပြီး မေးရိုးမှလည်း သွေးများ တစစချင်း စီးကျနေလေသည်။
“မင်း... မင်းက ဘယ်လို မိစ္ဆာမျိုးလဲ”
ဟူး...
ချောင်ရို့ချန်သည် သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ပြီးနောက် ဝမ်လျဲ့ဘက် လှည့်ကာ ပြောလိုက်သည်။ “ငါ့ကိုယ်ငါ သေချာ မိတ်ဆက်ပေးပါရစေ။ ငါက စီနီယာအစ်ကို ပြိုင်ဘက်ကင်းလက်သီးအရှင် ချောင်ရို့ချန်၊ ဝမ်တောက်ကျောင်းတော် သောင်းပြောင်းပညာရပ်ဌာနရဲ့ ဒုတိယတပည့်ပဲ”
ဝမ်လျဲ့က သွားကြိတ်ကာ အေးစက်စွာ ပြောလိုက်၏။ “ဘဝင်မမြင့်နဲ့ဦး ကောင်လေး။ ငါ အတည်တိုက်တော့မယ် ကျားနက်ဘုရင်၊ အတူတူ တိုက်မယ်”
ဝေါင်း
ကျားနက်ကြီးက ထပ်မံဟိန်းဟောက်ကာ သွေးအလိမ်းလိမ်းနှင့် ပါးစပ်ကို ဟပြီး ချောင်ရို့ချန်ထံသို့ ခုန်အုပ်လိုက်သည်။ ၎င်းသည် ဝမ်လျဲ့နှင့်အတူ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့သူဖြစ်ရာ သူတို့၏ ပူးပေါင်းဆောင်ရွက်မှုမှာ အပြစ်ပြောစရာမရှိ။လူနှင့်ကျား တစ်သားတည်း ဖြစ်နေ၏။ ကျားကြီးသည် ဝမ်လျဲ့လည်း သူ၏ နောက်ဆုံးလှည့်ကွက်ကို ထုတ်သုံးလိမ့်မည်ဟု ယုံကြည်နေသည်။
သို့သော် ၎င်းမမြင်လိုက်ရသည်မှာ ကျားနက်ကြီး ရှေ့သို့ပြေးထွက်သွားသည်နှင့် ဝမ်လျဲ့သည် နောက်သို့ တစ်ချက်ပင် လှည့်မကြည့်တော့ဘဲ တိုက်ပွဲမြေပြင်မှ လှည့်ထွက်ပြေးသွားခြင်းပင်။
ချောင်ရို့ချန်သည် ကျားနက်ကြီး၏ ဟနေသော ပါးစပ်ဆီမှ ပြင်းထန်သော စုပ်ယူမှုအားကိုသာ ခံစားလိုက်ရပြီး တစ်ကိုယ်လုံး ဝါးမြိုခံရတော့မည့်အလား ခံစားလိုက်ရ၏။
သူ့မျက်လုံးထဲတွင် မထီမဲ့မြင်ပြုသည့် အရိပ်အယောင်တစ်ခု ဝင်းခနဲဖြစ်သွားပြီး လက်သီးကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ပြန်သည်။
တားဆီး၍မရသော ပြိုင်ဘက်ကင်းနတ်ဘုရားလက်သီး ကြောင့် ကျားနက်ကြီး၏ ဦးနှောက်များမှာ လွင့်ထွက်သွားတော့၏။
ဧရာမ ကျားအလောင်းကြီးသည် တောင်ထိပ်ပေါ်သို့ ကျယ်လောင်သော အသံနှင့်အတူ ကျဆင်းသွားပြီး ဖုန်မှုန့်များ ထပွသွားသည်။
ချောင်ရို့ချန်သည် “နောက်တစ်ယောက် ဘယ်သူလဲ” ဟု အော်လိုက်ချင်သော်လည်း ပါးစပ်ထဲမှ ထွက်လာသည်မှာ “သူ ဘယ်ကို ပြေးသွားတာလဲ” ဟူ၍ ဖြစ်၏။
တာ့ယန်မြင့်မြတ်နယ်မြေက ပါရမီရှင်တစ်ယောက်က ထွက်ပြေးဖို့ ရွေးချယ်လိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့။ တကယ့်ကို အရှက်မရှိပါဘိ။
သို့သော် ချောင်ရို့ချန် သူ့နောက်သို့ လိုက်မသွားတော့။ တိုက်ပွဲ၏ ရလဒ်မှာ မရေရာသေးသဖြင့် မည်သည့်နေရာတွင် အကူအညီလိုအပ်နေသလဲဆိုသည်ကို ကြည့်လိုက်သည်။
သူ ပထမဆုံး လုပ်လိုက်သည့်အရာမှာ စီနီယာအစ်ကို ရှောင်ယန်ဘက်ကို လှည့်ကြည့်လိုက်ခြင်းပင်။
ဓားဆန္ဒဖြင့် ဖွဲ့စည်းထားသော သောင်းနှင့်ချီသည့် ဓားချီများမှာ စေတီတော်ကို ထိုးဖောက်ပြီး ချောင်ရှို့ကို ထိမှန်သွားသည်ကို အချိန်မီ မြင်လိုက်ရ၏။
‘ ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ‘
အံ့ဩတုန်လှုပ်ဆုံးသူမှာ ချောင်ရှို့ ကိုယ်တိုင်ပင် ဖြစ်သည်။ စေတီတော် ပျက်စီးသွားချိန်တွင် သူ ချက်ချင်း ထွက်မပြေးခဲ့ပေ။
ဘာပဲဖြစ်ဖြစ် သူသည် ထိုက်ချင်းလျှို့ဝှက်နယ်မြေတွင် တွေ့ရှိခဲ့သည့် သူတော်စင်အဆင့် ခုခံရေးဝတ်စုံကို ဝတ်ဆင်ထားသည် မဟုတ်ပါလား။ ရှောင်ယန်၏ ဓားကို တားဆီးဖို့က လွယ်ကူလှသည် မဟုတ်လော။
အဆိုးဆုံးဖြစ်လာရင်တောင် ရှောင်ယန်ကို အနီးကပ်ပဲ တိုက်မည်ဟု သူ စိတ်ကူးထား၏။
သို့သော် ပထမဆုံးသော ဓားလှိုင်း သူ့ကို ထိမှန်လိုက်ချိန်တွင် သူ ကြောင်သွားရသည်။ သူတော်စင်အဆင့်ဝတ်စုံမှာ မမြင်ရသလောက် သေးငယ်သည့် အက်ကြောင်းလေးများ စတင်ဖြစ်ပေါ်လာသောကြောင့်ပင်။
‘ငါ အတုကြီးများ ရခဲ့တာလား’
တိုက်ပွဲ၏ အခြားတစ်ဖက်တွင်မူ တုကူးမင်သည် ဝတ်ရုံဖြူဇီသာနတ်ဆိုးကို မထီမဲ့မြင်ပြုသည့် မျက်လုံးများဖြင့် ကြည့်နေ၏။
သူမ၏ ဇီသာသံက သူ၏ စိတ်ကို နှောင့်ယှက်နိုင်သော်လည်း သူ အကွာအဝေးတစ်ခုမှာ နေသရွေ့ သူမ၏ သတ်ကွက်များကို ရှောင်ရှားနိုင်ပြီး ဓားဓာတ်ကို သုံးကာ အဝေးမှ တိုက်ခိုက်နိုင်မည် မဟုတ်ပါလား။ ဧကန်မုချ သူမကို အင်အားကုန်ခမ်းအောင် လုပ်နိုင်မည်ဟု သူ ယုံကြည်နေသည်။
“ကောင်းကင်ဓား ဆယ့်သုံးခုမြောက်သိုင်းကွက်”
တုကူးမင်သည် သူ၏ ဓားရှည်ကို ဆွဲထုတ်ကာ ပိုင်းချလိုက်၏။ ထိုစဉ်မှာပင် ဝတ်ရုံဖြူဇီသာနတ်ဆိုးသည် သူမ၏ မျက်လုံးစည်းကို ရုတ်တရက် ဖယ်ရှားလိုက်သည်ကို မြင်လိုက်ရသည်။ထူးခြားသော အရောင်နှစ်မျိုးရှိသည့် မျက်လုံးတစ်စုံမှာ ဆန်းပြားသော အလင်းတန်းများဖြင့် တောက်ပနေ၏။
“ကမ္ဘာပျက်သုဉ်းခြင်း”
ချင်းချင်းက တိုးတိုးလေး ဆိုလိုက်ရာ သူမ၏ မျက်လုံးများမှ ထွက်ပေါ်လာသော ဖျက်ဆီးအားပြင်းသည့် အလင်းတန်းသည် တုကူးမင်၏ ဓားချီများကို ဝါးမြိုသွားတော့သည်။
“မဖြစ်နိုင်ဘူး...”
တုကူးမင်သည် စမ်းသပ်သည့်အနေဖြင့်သာ တိုက်ခိုက်လိုခြင်း ဖြစ်သော်လည်း သူ မြင်လိုက်ရသည့်အရာကြောင့် မှင်တက်သွားရ၏။
သူ တုံ့ပြန်ဖို့ မပြင်နိုင်မီမှာပင် ထိုဖျက်ဆီးခြင်းအလင်းတန်းက သူ့ကို လွှမ်းခြုံသွားတော့သည်။
သူသည် သူ၏ မြင့်မြတ်ခန္ဓာကို ချက်ချင်း အသက်သွင်းလိုက်ပြီး ထိုထိတ်လန့်ဖွယ် အလင်းတန်းကို ခုခံရန် ရှိသမျှ စွမ်းအားအားလုံးကို ထုတ်သုံးလိုက်ရသည်။
၎င်းကို မြင်သောအခါ ချင်းချင်းက ရေရွတ်လိုက်၏။ “ပါရမီရှင်ဆိုတာ တကယ်ကို ပါရမီရှင်ပါပဲ။ နင့်ကို တစ်ချက်တည်းနဲ့ နှိမ်နင်းဖို့က မလွယ်ဘူးပဲ”
စကားပြောနေရင်း သူမက ဇီသာကြိုးများကို ခတ်လိုက်ပြန်သည်။ ဇီသာသံ ထွက်ပေါ်လာသည်နှင့် တုကူးမင်သည် ယင်-ယန် အလင်းဝဲဂယက်ကို ဓားနှင့်ပိုင်းဖြတ်ကာ အခွင့်အရေးတစ်ခု ရလိုက်၏။
သူက တရစပ် ပြန်လည်တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် သူ၏ အသိစိတ်မှာ ဝေဝါးလာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
ဇီသာသံသည် ထိုက်ယင်ချိုင့်ဝှမ်းအထက်တွင် ပဲ့တင်ထပ်နေပြီး တုကူးမင်၏ အကြည့်များမှာ ဟာလာဟင်းလင်း ဖြစ်သွားတော့၏။
ချင်းချင်းက ဆက်လက်တီးခတ်နေပြီး တုကူးမင်၏ ခန္ဓာကိုယ်မှာ ဇီသာသံ၏ ပြုစားမှုအောက်တွင် တာယန်မြင့်မြတ်နယ်မြေ လူအုပ်ကြီးရှိရာသို့ လွင့်မျောသွားလေသည်။
သူ လူအုပ်ကြားထဲ ဆင်းသက်လိုက်ချိန်တွင် သူ့ပတ်ဝန်းကျင်ရှိ လူအားလုံးမှာ ဝတ်ရုံဖြူဇီသာနတ်ဆိုးများ ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် သူ လန့်သွားရ၏။
“သတ်စမ်း”
သူသည် ဓားကို ရူးသွပ်စွာ ဝှေ့ယမ်းပြီး သူ့ပတ်ဝန်းကျင်ရှိ လူအုပ်ကို ပိုင်းဖြတ်တော့သည်။
မကြာမီမှာပင် တာ့ယန်မြင့်မြတ်နယ်မြေမှ တပည့်များထံမှ နာကျင်စွာ အော်ဟစ်သံများ ဆူညံစွာ ထွက်ပေါ်လာတော့၏။
“စီနီယာအစ်ကို တုကူး... မလုပ်ပါနဲ့”
***