ဟတ်ချိုး
ထိုက်ရွှီလျှို့ဝှက်နယ်မြေအတွင်းရှိ ဂူတစ်ခုထဲတွင် ဖြစ်သည်။
ခေါင်းဆောင်တစ်ဦး၏ အရှိန်အဝါ အပြည့်အဝရှိပြီး လှုပ်ရှားမှုတိုင်းက အမိန့်ပေးနိုင်ပုံရသော လူငယ်တစ်ဦးသည် သူ၏နှာခေါင်းကို မသိစိတ်ဖြင့် ပွတ်သပ်လိုက်၏။
“ထူးဆန်းလိုက်တာ။ ငါ လဲ့အောက်ကျယ်က စိတ်ဝိညာဉ်ပြည့်အင့်ခြင်းနယ်ပယ် ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ၊ ဘယ်လိုလုပ်ပြီး အအေးမိနိုင်မှာလဲ”
သူသည် တိတ်ဆိတ်နေသော ဂူအတွင်းကို ကြည့်ကာ ပြော၏။ “ငါ တံခါးပိတ်ကျင့်ကြံနေတာ ဘယ်လောက်တောင် ကြာသွားပြီလဲ မသိဘူး။ ဒီတစ်ခါတော့ ငါ့ရဲ့ ဓားဆန္ဒက ပြီးပြည့်စုံဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ ပြန်ရောက်လို့ နောက်ထပ် တစ်နှစ်ခွဲလောက် ထပ်ပြီး တံခါးပိတ်ပိတ်ကျင့်လိုက်ရင် စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့်ကို တက်နိုင်တော့မယ်။ဓားဆန္ဒလည်း ပြည့်စုံသွားလိမ့်မယ် “
“ အဲဒီ့အချိန်ကျ လူကြမ်းကြီး ချောင်ရှို့က ငါ့ရဲ့ ကောင်းကင်မိုးကြိုးဓားကွက် ကို ဘာနဲ့ တားနိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့”
ဤသို့ပြောပြီးနောက် လဲ့အောက်ကျယ်သည် စိတ်ကြည်လင်စွာဖြင့် အပြင်သို့ထွက်ကာ တာ့ယန်မြင့်မြတ်နယ်မြေမှ တပည့်များကို စုစည်းပြီး ထိုက်ရွှီလျှို့ဝှက်နယ်မြေမှ အချိန်မရွေး ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
သူ၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားနှင့် မာနထောင်လွှားသော စရိုက်ကြောင့် လဲ့အောက်ကျယ်သည် သူမည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ရန် အစီအစဉ်မရှိပေ။ သို့သော် မကြာမီမှာပင် တစ်ခုခု မှားယွင်းနေကြောင်း သူ ခံစားလိုက်ရသည်။
ဘေးပတ်ဝန်းကျင်မှ ဖြတ်သွားဖြတ်လာများက သူ့ကို လှောင်ပြောင်သရော်သော အကြည့်များဖြင့် ကြည့်နေကြ၏။
လဲ့အောက်ကျယ်က တစ်ယောက်ယောက်ကို ဖမ်းဆွဲပြီး ဘာဖြစ်နေတာလဲဟု မေးမြန်းတော့မည့်ဆဲဆဲမှာပင် ရင်းနှီးသော အသံတစ်ခုက စိတ်အာရုံ ဆက်သွယ်မှုမှတစ်ဆင့် သူ၏နားထဲသို့ ပျံ့လွင့်လာသည်။
“စီနီယာအစ်ကိုကြီး၊ ဟိုဟိုဒီဒီ ပျံမနေပါနဲ့တော့၊ မဟုတ်ရင် အစ်ကို ပစ်မှတ်ထားခံရလိမ့်မယ်”
“ဟင်”
လဲ့အောက်ကျယ်၏ မျက်နှာက မကျေမနပ် ဖြစ်သွားသည်။ တာ့ယန်မြင့်မြတ်နယ်မြေ၏ သူတော်စင်သားတော်လောင်းလျာတစ်ဦးဖြစ်သည့် သူက အမဲလိုက်ခံရမှာကို ကြောက်နေရမှာလား
သူ နတ်ဘုရားအာရုံဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ရုတ်တရက် ရင်းနှီးသော အငွေ့အသက်တစ်ခုကို တွေ့ရှိသွားသည်။
‘ ဝမ်လျဲ့လား ဒီကောင်က အခုမှ ဘာဖြစ်လို့ သူ့ကို အစ်ကိုကြီးလို့ လာခေါ်နေရတာလဲ ပုံမှန်ဆိုရင် ဒီကောင်က သူ့ကို အသိအမှတ်တောင် ပြုချင်တာ မဟုတ်ဘူး ‘
သံသယရှိသော်လည်း လဲ့အောက်ကျယ်သည် ဖရိုဖရဲဖြစ်နေသော ညီငယ်နှစ်ဦးနှင့်အတူ ရှိနေသည့် ဝမ်လျဲ့၏ ဘေးသို့ ဆင်းသက်လိုက်သည်။
လဲ့အောက်ကျယ်က မျက်မှောင်ကြုတ်လျက်မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
“ညီငယ်ဝမ်၊ မင်းတို့အားလုံး ဘာဖြစ်ခဲ့ကြတာလဲ မင်းရဲ့ အနက်လေး ရော ဘယ်မှာလဲ”
ဝမ်လျဲ့က ခါးသီးသော အပြုံးဖြင့် ပတ်ဝန်းကျင်ကို ကြည့်ကာဖြေလိုက်သည်။
“မပြောပါနဲ့တော့ စီနီယာအစ်ကိုကြီးရယ်။ အနက်လေးရဲ့ ဦးနှောက်ကတော့ ဝမ်တောက်ကျောင်းတော်က ပြိုင်ဘက်ကင်း လက်သီးအရှင် ချောင်ရို့ချန်ရဲ့ ရိုက်ခံလိုက်ရလို့ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီ။ ကျွန်တော်တို့ တာ့ယန်မြင့်မြတ်နယ်မြေရဲ့ အခြေအနေကလည်း အနက်လေးထက် သိပ်မသာပါဘူး”
လဲ့အောက်ကျယ်က မျက်လုံးကို မှေးလိုက်ပြီး သူ၏မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ ဖြတ်ပြေးသွားသည်။ “ဂျူနီယာညီလေး မင်းပြောတာ ဘာအဓိပ္ပာယ်လဲ”
ဟူး...
ဝမ်လျဲ့က သက်ပြင်းရှည်ကြီး ချလိုက်ပြီး
“အဖြစ်အပျက်က ဒီလိုပါ...”
ဝမ်လျဲ့ ပြောပြပြီးနောက် လဲ့အောက်ကျယ်၏ မျက်လုံးများမှာ မျက်လုံးအိမ်ထဲမှ ထွက်မတတ် ပြူးကျယ်သွားသည်။
“မင်း အတည်ပြောနေတာလား ဝမ်တောက်ကျောင်းတော်က ရှောင်ယန်နဲ့ ချောင်ရို့ချန်တို့ နှစ်ယောက်လုံးက သူတို့ရဲ့ ဓားဆန္ဒနဲ့ လက်သီးဆန္ဒတွေကို အထွတ်အထိပ်အဆင့်အထိ ရောက်သွားကြပြီ ဟုတ်လား”
ဝမ်လျဲ့က ခါးသီးစွာ ခေါင်းညိတ်ပြသည်။
“အစ်ကိုကြီး၊ ဒီအဆင့်အထိ ရောက်နေမှတော့ ဘာဖုံးကွယ်ထားစရာ ရှိတော့မှာလဲ။ အခု ကျွန်တော်တို့လုပ်နိုင်တာက လျှို့ဝှက်နယ်မြေ ပိတ်တဲ့အထိ စောင့်ပြီး အပြင်ကို ထွက်ခွာသွားဖို့ပဲ၊ ပြီးရင်တော့ ဂိုဏ်းက အကြီးအကဲတွေကို ဒီအကြောင်း သတင်းပို့ရမှာပေါ့။ ကျွန်တော်တို့ပါ ဒီမှာတင် သေသွားရင် သွားလေသူ ညီအစ်ကိုတွေအတွက် ဘယ်သူမှ လက်စားချေပေးနိုင်မှာ မဟုတ်တော့ဘူး”
ယုံကြည်မှုတွေ အပြည့်ရှိနေခဲ့သော လဲ့အောက်ကျယ်၏ မျက်နှာသည် ထိုစကားကို ကြားပြီးနောက် အမူအရာ အမျိုးမျိုး ပြောင်းလဲသွားသည်။ အတော်ကြာပြီးမှ သူက ပြောသည်။ “ဂျူနီယာညီလေးဝမ် မင်းလုပ်တာ မှန်ပါတယ်။ ဒီနေရာက ဘေးကင်းရဲ့လား”
“…”
ဝမ်လျဲ့နှင့် အခြားသူများမှာ အံ့အားသင့်သွားကြသည်။ “တော်တော်လေးတော့ ဘေးကင်းပါတယ်”
“ဒါဆိုရင်လည်း အတူတူပဲ စုနေကြတာပေါ့”
လဲ့အောက်ကျယ်က မျက်နှာမပျက်ဘဲ ဤသို့ပြောလိုက်သော်လည်း သူ၏ရင်ထဲတွင်မူ တိတ်တဆိတ် ကျိန်ဆိုနေမိသည်။ “ရှောင်ယန်၊ မင်း စောင့်နေလိုက်ဦး။ တစ်နေ့ကျရင် ဒီအကြွေးကို ငါ ပြန်ဆပ်မယ်”
……
“ထိုက်ရွှီလျှို့ဝှက်နယ်မြေ ပိတ်တော့မယ်။ အားလုံး ငါနဲ့အတူလိုက်ခဲ့ပြီး တပည့်တွေကို သွားကြိုကြရအောင်”
နန်းတော်အတွင်း၌ ဘုရင်ဟန်ကျန်းက ဟန်ပန်အပြည့်ဖြင့် လူအုပ်ကို ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ”
လူတိုင်းက ပြန်လည်ဖြေကြားပြီးနောက် ဘုရင် ဟန်ကျန်းနောက်သို့လိုက်ကာ ထိုက်ရွှီတောင်ကြားဆီသို့ ပျံသန်းသွားကြသည်။
ချူဖုန်းနှင့် သူ၏အဖွဲ့ ရောက်ရှိလာသောအခါ ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများမှာ အသင့်စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။
သို့သော်လည်း ဂိုဏ်းအသီးသီးမှ ခေါင်းဆောင်များ၏ မျက်နှာထားမှာ အမျိုးမျိုး ကွဲပြားနေကြသည်။ အချို့မှာ အလွန်အမင်း စိတ်ဓာတ်ကျနေကြပြီး၊ အချို့မှာ လူသတ်ချင်စိတ်များ ပြည့်နှက်နေကာ၊ အချို့မှာမူ ပြုံးပျော်နေကြသည်။
ဝမ်တောက်ကျောင်းတော် မှ လူများထဲတွင် အမြဲတမ်း တည်ငြိမ်နေသော ချူဖုန်းမှလွဲ၍ အားလုံးမှာ ပြုံးရွှင်နေကြသည်။
ဤတစ်ကြိမ်တွင် ဝမ်တောက်ကျောင်းတော်သည် တပည့်ငါးဦးသာ ဆုံးရှုံးခဲ့ရပြီး၊ ၎င်းမှာ လူတိုင်း၏ မျှော်မှန်းချက်ထက် များစွာ သာလွန်နေခဲ့သည်။
သူတို့ ပြန်ရောက်သည့်အခါ ကြွားလုံးထုတ်စရာ ပုံပြင်ကောင်းတစ်ပုဒ် ရရှိသွားကြပြီဖြစ်သည်။
ထိုစဉ်မှာပင် ထိုက်ရွှီလျှို့ဝှက်နယ်မြေ၏ တံခါးကြီး ပွင့်လာ၏။
ရှောင်ယန်သည် ဝမ်တောက်ကျောင်းတော် အဖွဲ့ကို ဦးဆောင်ကာ ခန့်ညားထည်ဝါစွာ ထွက်လာပြီး ၎င်းတို့နောက်တွင် အခြားမြင့်မြတ်နယ်မြေများမှ တပည့်များ လိုက်ပါလာကြသည်။
ရှောင်ယန်နှင့် အခြားသူများ ထွက်လာသည်ကို မြင်လိုက်ရသောအခါ ချူဖုန်း၏ မျက်နှာတွင် ပျော်ရွှင်သော အပြုံးတစ်ခု ပေါ်လာသည်။
ရှောင်ယန်သည် တပည့်များကို ဦးဆောင်ကာ ရိုသေစွာဖြင့် ဦးညွှတ်လိုက်သည်။ “ကျွန်တော်တို့ ဆရာသခင်တို့ကို ဂါရဝပြုပါတယ်”
“နေ... နေ... အဲဒါတွေ လုပ်မနေနဲ့”
ဘုရင်ဟန်ကျန်းက ပြုံးလျက်ပြောသည်။
“မင်းတို့အားလုံး ခရီးပန်းလာကြပြီ။ ပြောချင်တာရှိရင်လည်း စခန်းကို ပြန်ရောက်မှပဲ ဆွေးနွေးကြတာပေါ့”
“ဟုတ်ကဲ့ပါခင်ဗျာ”
ရှောင်ယန်က ပြန်လည်ဖြေကြားပြီးနောက် တပည့်များသည် ဘုရင်ဟန်ကျန်းနှင့် အခြားသူများနောက်သို့ လိုက်ကာ ဝမ်တောက်ကျောင်းတော် စခန်းသို့ ပြန်သွားကြသည်။
စခန်းသို့ ဆင်းသက်ပြီးနောက် ဌာနတစ်ခုချင်းစီသည် ၎င်းတို့၏ တပည့်ဦးရေကို စတင်စစ်ဆေးကြသည်။
ချူဖုန်းသည် ခရမ်းရောင်ဝတ်စုံဝတ် မိန်းကလေးတစ်ဦး ပိုနေသည်ကို သတိပြုမိသွားပြီး မေးလိုက်သည်။
“သူက ဘယ်သူလဲ”
ချောင်ရို့ချန်က ချက်ချင်းပင် ရှေ့သို့ တိုးလာကာ ပြောသည်။“ဆရာ၊ သူ့နာမည်က စုန်ကျောက်ယီ ပါ။ သူက ကျွန်တော့်ရဲ့ ညီမလေး အရင်းလိုပါပဲ”
ချူဖုန်းက အနည်းငယ် ခေါင်းညိတ်ပြသည်။ “ရှောင်ယီ၊ မင်းရဲ့ ဂိုဏ်းက အကြီးအကဲတွေဆီ အရင်သွားပြီး ဘေးကင်းကြောင်း သတင်းပို့လိုက်ဦး၊ ပြီးမှ တာ့ချန်ဆီကို ပြန်လာခဲ့ပေါ့”
“ဟုတ်ကဲ့ပါ ဌာနမှူး”
စုန်ကျောက်ယီသည်လည်း သူမ၏ အကြီးအကဲများကို တွေ့လိုပြီး ထိုက်ရွှီလျှို့ဝှက်နယ်မြေအတွင်း ဖြစ်ပျက်ခဲ့သမျှကို ပြောပြချင်နေသည်။
သူမသည် ချောင်ရို့ချန်ကို ချစ်ခင်မြတ်နိုးစွာ ကြည့်လိုက်ပြီး လက်ဝှေ့ယမ်းပြကာ ပြော၏။ “အစ်ကိုကြီး ပြိုင်ဘက်ကင်းလက်သီးအရှင် ကျွန်မ သွားလိုက်ဦးမယ်။ ခဏနေမှ တွေ့မယ်နော်”
“ဂရုစိုက်သွားပါ”
ချောင်ရို့ချန်က သူမကို လိုက်မပို့ဘဲ ထွက်သွားသည်ကိုသာ ငေးကြည့်နေခဲ့သည်။
ချူဖုန်းက သူမ ထွက်သွားသည်ကို ကြည့်ကာ ရယ်မောလျက် စနောက်လိုက်၏
“မင်းကတော့ မြန်မြန်ဆန်ဆန်ပဲ ချစ်သူသစ် ရှာနိုင်တာပဲနော် တာချန်”
ချောင်ရို့ချန်က ချက်ချင်းပင် ပျာပျာသလဲ ဖြစ်သွားသည်။ “ဆရာ၊ ကျေးဇူးပြုပြီး အောင်သွယ်တော်
မလုပ်ပါနဲ့ဗျာ။ သူက တကယ်ပဲ ကျွန်တော့်ရဲ့ ညီမလေးလိုပါပဲ”
ချူဖုန်းက နောက်ပြောင်သော အပြုံးဖြင့် ပြော၏။ “ခရမ်းရောင်ကတော့ ဆွဲဆောင်မှု တစ်မျိုးရှိသားပဲ”
ချောင်ရို့ချန်: “...”
“ကဲ၊ ထိုက်ရွှီလျှို့ဝှက်နယ်မြေထဲမှာ ဘာတွေဖြစ်ခဲ့လဲ ပြောပြပါဦး” ချူဖုန်းက စကားလမ်းကြောင်းကို ပြန်တည့်လိုက်သည်။
ရှောင်ယန်က ရှေ့သို့ တိုးကာပြောလာသည်။ “ဆရာ၊ ကျွန်တော်တို့ လျှို့ဝှက်နယ်မြေထဲမှာ တာ့ယန်မြင့်မြတ်နယ်မြေက ကျင့်ကြံသူတွေကို အမြစ်ပြုတ်သလောက် နီးပါးရှင်းလင်းခဲ့ပါတယ်”
လူတိုင်းက ချူဖုန်းကို သတိထားပြီး ကြည့်နေကြသော်လည်း သူတို့ အံ့ဩသွားရသည်မှာ သူ၏မျက်နှာတွင် လုံးဝ တုန်လှုပ်မှု မရှိခြင်းပင် ဖြစ်သည်။
ချူဖုန်းက ခေါင်းညိတ်လိုက်သည်။ “ငါ့တပည့်တွေ ဆိုတော့လည်း ဒီလိုပဲ ဖြစ်မှာပေါ့။ မင်းတို့က ရန်ကြွေးကို နောက်တစ်နေ့အထိ အချိန်မဆွဲကြဘူးပဲ။ တာ့ယန်မြင့်မြတ်နယ်မြေကတော့ မကြာခင် ပြဿနာလာရှာတော့မှာ သေချာတယ်။ ယန်အာ၊ ဘုရင်ဟန်ကျန်းနဲ့ ဘာတွေပြင်ဆင်ထားသင့်လဲဆိုတာ တိုင်ပင်ရအောင် ငါနဲ့ လိုက်ခဲ့ဦး”
ချင်းချင်းက ဝင်ပြောလိုက်သည်။ “ဆရာ၊ အစ်ကိုကြီးကို စိတ်မဆိုးဘူးလား”
ချူဖုန်းက ရယ်မောကာပြော၏။ “ငါက ဘာဖြစ်လို့ စိတ်ဆိုးရမှာလဲ မင်းတို့ လက်စားချေတာကို ငါက တားရမှာလား စိတ်ချပါ၊ မင်းတို့ ဘာပဲလုပ်လုပ် ငါ မင်းတို့ဘက်က ရှိနေမှာပါ။ သွားကြစို့”
“ဆရာ၊ ကျွန်တော်လည်း လိုက်ချင်တယ်”
ချောင်ရို့ချန် ပြောလို့အပြီးမှာပင် ချင်းချင်းနှင့် ရှောင်ယန်တို့ကလည်း ပြိုင်တူပင် ပြောလိုက်သည်။
“ဆရာ၊ ကျွန်မတို့လည်း လိုက်ချင်ပါတယ်”
ချူဖုန်းက မတတ်သာသလို ပြုံးပြလိုက်၏
“ကောင်းပြီ၊ အားလုံးပဲ လိုက်ခဲ့ကြ”
မကြာမီမှာပင် ချူဖုန်းသည် သူ၏ တပည့်လေးဦးကို ဘုရင်ဟန်ကျန်း၏ တဲအတွင်းသို့ ခေါ်ဆောင်သွားပြီး ထိုက်ရှုလျှို့ဝှက်နယ်မြေအတွင်း ဖြစ်ပျက်ခဲ့သမျှကို ပြောပြလိုက်သည်။
ရှောင်ယန်၏ ပြောကြားချက်ကို ကြားပြီးနောက် ဘုရင်ဟန်ကျန်းသည် ခဏမျှ ကြောင်အမ်းသွားသည်။ အတော်ကြာမှ သူက ပြော၏။ “ကောင်းတယ် တကယ်ကို ကောင်းတယ် ရှောင်ယန်၊ မင်းက ငါတို့ ဝမ်တောက်ကျောင်းတော်ရဲ့ မြင့်မြတ်သားတော် ဖြစ်ဖို့ ထိုက်တန်ပါတယ်။ ဒီတစ်ခါတော့ မင်း ငါတို့ကျောင်းတော် ရဲ့ အစွမ်းကို တကယ်ပြလိုက်တာပဲ”
“….”
ရှောင်ယန်နှင့် သူ၏အဖွဲ့သားများမှာ ဇဝေဇဝါ ဖြစ်သွားကြသည်။
ဆရာက သူတို့ကို အပြစ်မတင်တာကို နားလည်နိုင်သော်လည်း၊ ဘုရင်ဟန်ကျန်းကပါ ဘာလို့ စိတ်မဆိုးတာလဲ
ဘုရင်ဟန်ကျန်းသည် သူတို့၏ ဇဝေဇဝါဖြစ်မှုကို မြင်ပုံရပြီး ရယ်မောလိုက်သည်။
“ဘာလဲ၊ မင်းတို့ အခု နောင်တရနေတာလား”
ရှောင်ယန်က ခေါင်းခါလိုက်သည်။ သူ၏ အမူအရာက အလွန်ပင် ပြတ်သားနေ၏။
“ဓားကျင့်ကြံသူတွေအနေနဲ့ ဓားကို တစ်ခါ ဆွဲထုတ်လိုက်ပြီးရင် နောက်ပြန်လှည့်စရာ မရှိပါဘူး”
“ဟားဟား...”
ဘုရင်ဟန်ကျန်းက အကျယ်ကြီး ရယ်မောလိုက်သည်။ “လူငယ်ဘဝဆိုတာ တကယ့်ကို ကောင်းတာပဲ စိတ်မပူပါနဲ့၊ တာ့ယန်မြင့်မြတ်နယ်မြေက လက်စားချေဖို့ လာရင်တောင် ငါ မင်းတို့ဘက်က ရပ်တည်ပေးမယ်။”
“ငါ ဒီမှာပဲ နေရမယ်ဆိုရင်တောင် မင်းတို့အားလုံး ဝမ်တောက်ကျောင်းတော် ကို ဘေးကင်းကင်း ပြန်ရောက်အောင် ကိုယ်တိုင် စောင့်ရှောက်ပေးမယ်။ တာ့ယန်မြင့်မြတ်နယ်မြေက အဲဒီ အဘိုးကြီးတွေကို မင်းတို့ရဲ့ လက်ဖျားနဲ့တောင် ထိခွင့်မပေးစေရဘူး”
သူ ပြောပြီးပြီးချင်းမှာပင် အားကောင်းသော ဖိအားတစ်ခုသည် ဝမ်တောက်ကျောင်းတော် စခန်းတစ်ခုလုံးကို လွှမ်းခြုံသွားပြီး၊ ဒေါသတကြီး အော်ဟစ်လိုက်သော အိုမင်းလှသည့် အသံတစ်ခု ကောင်းကင်ထက်မှ ဟိန်းထွက်လာသည်။
“ဝမ်တောက်ကျောင်းတော်က ကောင်စုတ်တွေ၊ အခုချက်ချင်း အပြင်ကို ထွက်ခဲ့စမ်း”
***