“တာ့ယန်မြင့်မြတ်နယ်မြေက အဖိုးကြီးကတော့ တော်တော်လေး အရောက်စောသားပဲ။”
ချူဖုန်းက ထိုဟိန်းဟောက်သံကြီးကို စိုးစဉ်းမျှပင် ဂရုမစိုက်ဘဲ ပြုံးရွှင်စွာ ပြောလိုက်သည်။
ဘုရင်ဟန်ကျန်းသည် ချူဖုန်း၏ တည်ငြိမ်လွန်းလှသော အမူအရာကို မြင်သော် အံ့ဩသွားသည်။
‘ဒီကောင်လေးက တကယ်ပဲ သတ္တိခဲလေးပဲ။’
“တာ့ယန်မြင့်မြတ်နယ်မြေကလူတွေ ရောက်လာပြီဆိုမှတော့ ငါတို့လည်း သွားပြီး တွေ့ဆုံနှုတ်ဆက်ကြတာပေါ့။”
“ကောင်းပါပြီ။”
ထိုသို့ပြောပြီးနောက် ချူဖုန်းက ဖိတ်ခေါ်သော အမူအရာဖြင့်
“စီနီယာ၊ အရင်သွားပါ။”
“ခေါင်းဆောင်ချူလည်းလိုက်ခဲ့ပါ”
ဘုရင်ဟန်ကျန်းက ပြန်ပြောကာ တဲအပြင်ဘက်သို့ ဦးဆောင်ထွက်ခွာသွားသည်။
ချူဖုန်းတို့အဖွဲ့ တဲအပြင်သို့ ထွက်လာသည်နှင့် ဝမ်တောက်ကျောင်းတော်မှ တပည့်များနှင့် အကြီးအကဲများအားလုံးလည်း အပြင်သို့ ထွက်လာကြသည်။
ကောင်းကင်ထက်တွင် တာ့ယန်မြင့်မြတ်နယ်မြေမှ လူတစ်ဒါဇင်ကျော်သည် လူအုပ်ကြီးကို အပေါ်စီးမှ ငုံ့ကြည့်နေကြသည်။ သူတို့၏ ရှေ့ဆုံးတွင် ဆံပင်များမုတ်ဆိတ်များဖြူနေသော အဘိုးအိုတစ်ဦး ရှိနေသည်။
ထိုအဘိုးအိုမှာ အခြားသူမဟုတ်၊ တိဝူချင်းယွင်ပင်။ ယခုအချိန်တွင် သူ၏မျက်နှာမှာ လူသတ်ချင်စိတ်များဖြင့် ပြည့်နှက်နေပြီး မျက်လုံးများမှာလည်း ဒေါသကြောင့် ပြူးကျယ်နေ၏။
အကယ်၍ အကြည့်ဖြင့် လူသတ်နိုင်စွမ်းရှိပါက သူသည် ဝမ်တောက်ကျောင်းတော် စခန်းတစ်ခုလုံးကို မြေလှန်ပစ်လိုက်ပြီး ဖြစ်ပေလိမ့်မည်။
စောစောက တိဝူချင်းယွင်၏ ဒေါသတကြီး ဟိန်းဟောက်သံကြောင့် အနီးအနားရှိ အဓိက ဂိုဏ်းအဖွဲ့အသီးသီး၏ အာရုံစိုက်မှုကို ခံလိုက်ရသည်။
ထိုက်ရွှီလျှို့ဝှက်နယ်မြေ ပြီးဆုံးချိန်တွင် ဂိုဏ်းအဖွဲ့များအကြား ပဋိပက္ခများ ဖြစ်ပွားလေ့ရှိသော်လည်း ၎င်းတို့မှာ အသေးအဖွဲ ရန်ပွဲများသာ ဖြစ်သည်။
သို့သော် ယခု တာ့ယန်မြင့်မြတ်နယ်မြေ၏ ဟန်ပန်အရ ဝမ်တောက်ကျောင်းတော်နှင့် အသေအလဲ တိုက်ခိုက်ရန် ပြင်ဆင်လာပုံရသည်။ တာ့ယန်မြင့်မြတ်နယ်မြေ၏ ခေါင်းဆောင်တစ်ဦးကို ဤမျှအထိ ဒေါသထွက်စေရန် လျှို့ဝှက်နယ်မြေအတွင်း၌ မည်သို့သောကိစ္စမျိုး ဖြစ်ပျက်ခဲ့သနည်းဟု အခြားဂိုဏ်းအသီးသီးမှ အကြီးအကဲများက သူတို့၏တပည့်များကို စတင်မေးမြန်းနေကြလေပြီ။
ရှေ့ဆုံးမှ အဘိုးအိုကို မြင်လိုက်သည်နှင့် ဘုရင်ဟန်ကျန်းသည် မသိစိတ်ဖြင့် မျက်မှောင်ကြုတ်လိုက်မိပြီး အမူအရာမှာ တည်ကြည်လေးနက်သွားသည်။
“မဟာသူတော်စင် တိဝူ”
“ဟမ့်”
တိဝူချင်းယွင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ “ကောင်လေးဟန်၊ မင်း ငါ့ကို မှတ်မိနေသေးရင် ငါ ဘာကြောင့် ဒီကို ရောက်လာရသလဲဆိုတာလည်း မင်းသိသင့်တာပေါ့”
ဘုရင်ဟန်ကျန်းက ပြုံးလျက် ပြန်ဖြေသည်။ “ဒါက မျိုးဆက်သစ်တွေကြားက အသေးအဖွဲ ရန်ပွဲလေးတွေ မဟုတ်ဘူးလား မဟာသူတော်စင် တိဝူ အနေနဲ့ ဒါလေးနဲ့ မြင့်မြတ်နယ်မြေချင်း စစ်ခင်းဖို့ လိုလို့လား”
တိဝူချင်းယွင်က စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ “မှန်တယ် ဒီနေ့ ငါစစ်ခင်းမယ်ကွ။ ငါ့ရဲ့ တာ့ယန်မြင့်မြတ်နယ်မြေက တပည့်တွေကို အလွယ်တကူ သတ်လို့မရဘူးဆိုတာ မင်းတို့ကို နားလည်အောင် ငါပြမယ်။ ဘယ်သူ အရင်ဆုံး အသေခံမှာလဲ”
သူ၏စကားအဆုံးတွင် ပတ်ဝန်းကျင်မှ ဖိအားများ မြင့်တက်လာသည်။ ဝမ်တောက်ကျောင်းတော် စခန်းကို အကာအကွယ်အစီရင်ဖြင့် ဖုံးအုပ်ထားသော်လည်း တိဝူချင်းယွင်၏ အရှိန်အဝါကြောင့် ရှိနေသည့်တပည့်များမှာ အသက်ရှူပင် ကျပ်လာကြသည်။
ဘေးမှ စောင့်ကြည့်နေသူများက တိုးတိုးတိတ်တိတ် စကားဆိုလာကြသည်။
“ဒီတစ်ခါ ဝမ်တောက်ကျောင်းတော် တပည့်တွေ လက်လွန်သွားတာ ဖြစ်မယ်၊ တိဝူချင်းယွင်ကို ဒီလောက်အထိ ဒေါသထွက်အောင် လုပ်မိတယ်ဆိုတော့။”
“ဆရာကြီး၊ ဒီသူတော်စင် တိဝူဆိုတာက တကယ်ပဲ အဲဒီလောက် ကြောက်ဖို့ကောင်းတာလား”
“ဒါပေါ့။ သူက လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ဆယ်ကတည်းက သူတော်စင်တစ်ပိုင်းအဆင့်ကို ချိုးဖျက်ခဲ့တာ။ အဲဒီတုန်းက သူ့အသက်က ခုနစ်ရာကျော်ပဲ ရှိသေးတယ်။ မြင့်မြတ်နယ်မြေတစ်ခုမှာ အဲဒီအသက်အရွယ်နဲ့အဆင့်ချိုးဖျက်နိုင်တာက တကယ့်ကို ထူးခြားတဲ့ပါရမီပဲ။ နှစ်ပေါင်း ခြောက်ဆယ်ကြာ ကျင့်ကြံပြီးတဲ့နောက်မှာ သူ ဘယ်လောက်တောင် အစွမ်းထက်နေမလဲဆိုတာ ဘယ်သူသိမှာလဲ”
“…”
ဆွေးနွေးသံများမှာ ကျယ်လောင်လှသည်မဟုတ်သော်လည်း တိတ်ဆိတ်ငြိမ်သက်နေသော ဝန်းကျင်တွင် လူတိုင်းက ရှင်းလင်းစွာ ကြားနေရသည်။
ချူဖုန်းက စိတ်ထဲမှ ရေရွတ်လိုက်သည်။ ‘ငါ့ရှေ့က ဒီအဘိုးကြီးက အများဆုံးရှိလှ ရှစ်ရာကျော်ပေါ့။ သူတော်စင်တစ်ပိုင်း ဆိုတာက တာအိုရဲ့ အမှန်တရားကို သိမြင်ထားတာကို ဆိုလိုတာ၊ ဒါပေမဲ့ သူက ကိုယ်ပိုင်တာအိုလမ်းစဉ်ကိုတော့ အပြည့်အဝ မဖော်ထုတ်နိုင်သေးဘူး။ ဒီပွဲကတော့ ငါ သေချာပေါက် နိုင်မှာပါ။’
ထိုသို့တွေးတောရင်း ချူဖုန်းက ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ ဟိန်းကျန်းဘုရင်ကလည်း ဝင်ပြောလိုက်၏။ “မဟာသူတော်စင်တိဝူ၊ စီနီယာရဲ့ တာအိုကို ကျွန်တော့်ကို မြည်းစမ်းခွင့်ပြုပါဦး။”
“မင်းတစ်ယောက်တည်းလား မလုံလောက်သေးဘူး”
တိဝူချင်းယွင်သည် ဝမ်တောက်ကျောင်းတော်မှ အကြီးအကဲအားလုံးကို အထင်သေးသောအကြည့်ဖြင့် ဝေ့ကြည့်လိုက်သည်။
“ငါက ခွန်အားသုံးပြီး အားနည်းသူကို နှိပ်စက်တယ်လို့ သူများတွေ မပြောရအောင် မင်းတို့အားလုံး တစ်ပြိုင်တည်း လာခဲ့ကြတာက ပိုကောင်းမယ်”
ပုံမှန်ဆိုလျှင် မည်သူမဆို ၎င်းတို့အား ဤသို့ စော်ကားလာပါက ဝမ်တောက်ကျောင်းတော်မှ အကြီးအကဲများသည် ၎င်းကို သင်ခန်းစာပေးရန် ချက်ချင်း တိုက်ခိုက်ကြလိမ့်မည်။
သို့သော် ယခု သူတို့ရှေ့တွင် ရပ်နေသူမှာ မဟာသူတော်စင်တစ်ဦး ဖြစ်သည်။ နီဗားနားရှင်သန်ခြင်း နယ်ပယ်နှင့် သူတော်စင်တစ်ပိုင်းနယ်ပယ် တို့မှာ တစ်ဆင့်သာ ကွာခြားသော်လည်း ထိုကွာဟချက်မှာ တစ်ဆင့်ထက်မက များစွာ ကြီးမားလှ၏။
အဓိက အကြောင်းရင်းမှာ သူတော်စင်တစ်ပိုင်းနယ်ပယ် တစ်ဦးသည် တာအို၏အနှစ်သာရကို သိမြင်ထားပြီး တိုက်ပွဲတွင် တာအို စွမ်းအားကို အသုံးချနိုင်ခြင်းကြောင့် ဖြစ်သည်။
ဓားဆန္ဒဖြစ်စေ၊ လက်သီးဆန္ဒဖြစ်စေ တာအို၏ အနှစ်သာရရှေ့မှောက်တွင် ပြောပလောက်စရာ မရှိပေ။
အကြီးအကဲများသည် တစ်ဦးကိုတစ်ဦး ကြည့်ကာ အံကြိတ်လျက် ရှေ့သို့ တစ်လှမ်းတိုးလိုက်ကြသည်။ သူတို့အားလုံးသည် သေမင်းထံ သွားနေသည့် လူများကဲ့သို့ အမူအရာရှိနေသည်။
တင်းမာမှုများ အထွတ်အထိပ်သို့ ရောက်နေစဉ်မှာပင် နောက်ပြောင်ကျီစယ်သော အသံတစ်ခု ထွက်ပေါ်လာသည်။
“အရင်ဆုံး ကလေးတွေကို ရိုက်တယ်၊ ပြီးမှ လူကြီးတွေကို ထုတ်လာတယ်။ တာ့ယန် မြင့်မြတ်နယ်မြေရဲ့ အရည်အချင်းက ဒီလောက်ပဲလား”
ဤစကားများကို ပြောလိုက်သည့် ခဏတွင် တိဝူချင်းယွင်၏ မျက်ဝန်းထဲမှ ဒေါသအဟုန်မှာ ပိုမိုပြင်းထန်လာသည်။ ရှိနေသူအားလုံးမှာ ထိုအသံလာရာဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
ယပ်တောင်ကို ခတ်ရင်း လူအုပ်ထဲမှ ထွက်လာသော လူငယ်တစ်ဦးသည် တိဝူချင်းယွင်ကို ခေါင်းစောင်းလျက် ပြုံးပြနေသည်။
ဝမ်တောက်ကျောင်းတော်မှ လူငယ်တစ်ဦး ထွက်လာသည်ကို မြင်သောအခါ တိဝူချင်းယွင်က လှောင်ပြောင်လိုက်သည်။
“ဟန်ကျန်း၊ ကလေးတစ်ယောက်ကို အသေခံခိုင်းလိုက်ရုံနဲ့ ငါ့ရင်ထဲက ဒေါသတွေ ပြေလျော့သွားမယ်လို့ မင်း တကယ်ပဲ ထင်နေတာလား”
ချူဖုန်းက လောကရှိ ကျင့်ကြံသူများအားလုံး၏ ရှေ့မှောက်တွင် တိဝူချင်းယွင်ကို ဗြောင်ကျကျ ရန်စလိမ့်မည်ဟု ဘုရင်ဟန်ကျန်းလုံးဝ မထင်ထားခဲ့ပေ။ သူ၏ အမူအရာမှာ စိုးရိမ်တကြီး ဖြစ်သွား၏။ “ရှောင်ဖုန်း၊ မင်း ဘာလုပ်နေတာလဲ ဒါက မင်း ဝင်ပါရမယ့် ကိစ္စမဟုတ်ဘူး”
ဝမ်တောက်ကျောင်းတော်မှ အကြီးအကဲများလည်း ကြောင်အမ်းသွားကြသည်။ သူတို့စိတ်ထဲတွင် ချူဖုန်းမှာ ကံကောင်းလွန်းသော လူတစ်ယောက်မျှသာ ဖြစ်သည်။
သူသည် ရှောင်ယန်တို့ကဲ့သို့ ပါရမီရှင်များကို လမ်းညွှန်မှု ပေးနိုင်သည်ဆိုဦးတော့၊ ခွန်အားပိုင်းအရဆိုလျှင် ကျန်သော ခေါင်းဆောင်ကိုးဦးကိုပင် မမီသလို၊ အကြီးအကဲများဖြစ်သည့် သူတို့ကိုလည်း ယှဉ်နိုင်သူမဟုတ်ပေ။
ယခုကဲ့သို့ သူရဲကောင်းလုပ်ပြီး ထွက်လာခြင်းမှာ ကိုယ့်သေတွင်းကိုယ် တူးခြင်းမဟုတ်ပါလား
အကြီးအကဲပင်း တစ်ဦးတည်းသာ မျက်လုံးများ တောက်ပနေပြီး ချူဖုန်း၏ ဘေးတိုက်ပုံရိပ်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသည်။ ‘ဌာနမှူးချူက နောက်ဆုံးတော့ လှုပ်ရှားတော့မှာပဲ။ သူ ဘယ်လောက်တောင် သန်မာနေပြီလဲ၊ တာအို အမှန်တရားကို ဘယ်လောက်အထိ ကျွမ်းကျင်နေပြီလဲဆိုတာ ငါ တကယ် သိချင်မိတယ်’
ချူဖုန်းက ဘုရင်ဟန်ကျန်းဘက်သို့ လှည့်ကာ အသာအယာ ပြုံးပြလိုက်သည်။ “စီနီယာရဲ့ စိုးရိမ်မှုကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ဒီကိစ္စက ကျွန်တော့်တပည့်ကြောင့် စဖြစ်တာဆိုတော့ ဆရာတစ်ယောက်အနေနဲ့ ကျွန်တော် ဒီအတိုင်း ကြည့်မနေနိုင်ပါဘူး။ “
“ မဟုတ်ရင်တော့ သတင်းတွေပျံ့သွားတဲ့အခါ ကျွန်တော့်တပည့်တွေမှာ အားကိုးစရာမရှိဘူးလို့ သူများတွေ ထင်သွားကြလိမ့်မယ်၊ ပြီးတော့ လမ်းဘေးက ကြောင်တွေ ခွေးတွေကပါ သူတို့ကို လာနင်းနေကြဦးမယ်။”
“မင်း...”
ဘုရင်ဟန်ကျန်းက တစ်ခုခု ထပ်ပြောချင်သေးသော်လည်း ချူဖုန်း၏ မျက်ဝန်းထဲမှ ပြတ်သားမှုကို မြင်သောအခါ ခဏမျှ ဆွံ့အသွားပြီး ဤကောင်လေးကို မည်သို့ နားချရမည်ကို မသိတော့ပေ။
ကောင်းကင်ထက်ရှိ တိဝူချင်းယွင်သည် ချူဖုန်း၏ စကားများကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်သော အသံဖြင့် ပြောလိုက်သည်။ “ကောင်လေး၊ မင်း ဘာပြောနေလဲဆိုတာ မင်းသိရဲ့လား ဒီနေ့ကိစ္စက မင်းရဲ့ အသက်တစ်ချောင်းတည်းနဲ့တင် ပြေလည်သွားမှာ မဟုတ်ဘူးဆိုတာ ငါ မင်းကို ပြောပြထားမယ်”
ချူဖုန်းက သူ၏လက်ထဲရှိ ယပ်တောင်ကို ခတ်ရင်း ပြုံးလိုက်သည်။ “ဒါပေါ့၊ ကျွန်တော် သိတာပေါ့။ ဒီကိစ္စက ခင်ဗျားတို့ တာ့ယန်မြင့်မြတ်နယ်မြေက တစ်ယောက်က ကျွန်တော့်ရဲ့ တတိယတပည့် ချင်းချင်း ကို သတ်ဖို့ ကြိုးစားတာကနေ စတာ မဟုတ်ဘူးလား၊ နောက်တော့ ဝမ်တောက်ကျောင်းတော် က ကျွန်တော့်ရဲ့ ဂျူနီယာလေးတွေက သူ့ကို ပြန်သတ်လိုက်ရတာလေ။ ‘
‘ တာယန်မြင့်မြတ်နယ်မြေရဲ့ ဘိုးဘေးဖြစ်တဲ့ ခင်ဗျားက ခင်ဗျားတပည့်ဘက်က ရပ်တည်ပေးချင်တယ်ဆိုရင်၊ ဆရာတစ်ယောက်ဖြစ်တဲ့ ကျွန်တော်ကရော ကျွန်တော့်တပည့်ဘက်က ဘာလို့ မရပ်တည်ပေးနိုင်ရမှာလဲ”
ထိုသို့ပြောပြီးနောက် သူက ချင်းချင်းကို လှမ်းကြည့်လိုက်သည်။ “ချင်းအာ၊ ဒီနေ့ မင်းရဲ့ ဆရာက မင်းရဲ့ ဒေါသတွေ ပြေပျောက်သွားအောင် သူတော်စင်တစ်ပိုင်းတစ်ယောက်ကို သတ်ပြမယ်။ ရှေ့ဆက်ရမယ့်လမ်းကတော့ မင်းအပေါ်မှာပဲ မူတည်လိမ့်မယ်။”
ချင်းချင်းက ခေါင်းညိတ်ပြသည်။
“ကျေးဇူးတင်ပါတယ် ဆရာ”
အထင်သေးခြင်း။ ဗြောင်ကျကျ အထင်သေးခြင်းပင် ဖြစ်သည်။
တိဝူချင်းယွင်သည် မျိုးဆက်သစ် လူငယ်တစ်ဦး၏ ဤမျှအထိ လျစ်လျူရှုခြင်းကို ခံရလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။ သူ၏ မျက်နှာကြွက်သားများမှာ တုန်ယင်သွားသည်။
“ကောင်းတယ်၊ တကယ်ကို ကောင်းတယ်။ ဒီနေ့ မင်း ငါ့ကို ဘယ်လိုသတ်မလဲဆိုတာ ငါ စောင့်ကြည့်မယ်”
သူ ပြောနေစဉ်မှာပင် သူ၏ ပတ်ဝန်းကျင်မှ ဖိအားများမှာ ပိုမိုပြင်းထန်လာသည်။ သူ၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို မိုင်တစ်ရာအတွင်း ခံစားနေရသည်။
ရုတ်တရက် ကောင်းကင်ထက်တွင် ဓားသံများ ဟိန်းထွက်လာသည်။
ရတနာဓား ကိုးလက်သည် တိဝူချင်းယွင်၏ ဘေးတွင် ပျံဝဲလာပြီး သူက အော်ဟစ်လိုက်သည်။
“အစီရင် ခင်းကျင်းစမ်း”
ဓားကိုးလက်သည် ချက်ချင်းပင် ဓားအစီရင် တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဝမ်တောက်ကျောင်းတော် စခန်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
“တာအိုကိုးပါးအမှန်တရား”
အဝေးမှ စောင့်ကြည့်နေသော အစွမ်းထက် ကျင့်ကြံသူတစ်ဦးသည် ဓားကိုးလက်စလုံးပေါ်ရှိ တာအိုအမှန်တရားကို မြင်သောအခါ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်မိသည်။
အခြားသော ကျင့်ကြံသူများလည်း အံ့အားသင့်ကာ ချီးကျူးမဆုံး ဖြစ်သွားကြသည်။
“မဟာသူတော်စင် တိဝူက တကယ်ကို ထူးခြားတာပဲ။ နှစ်ပေါင်း ခြောက်ဆယ်အတွင်းမှာတင် တာအိုကိုးပါးအမှန်တရားကို သိမြင်သွားတယ်ပေါ့။ သာမန် သူတော်စင်တစ်ပိုင်း တစ်ယောက်အတွက် ဆယ်နှစ်ဆိုရင်တောင် အမှန်တရား တစ်ခုသိမြင်ဖို့တောင် မလွယ်ဘူး။ သူသာ ဒီအတိုင်း ဆက်သွားရင် နောက်နှစ်ပေါင်း ငါးရာအတွင်းမှာ တာအိုရှစ်ဆယ့်တစ်ပါးအမှန်တရားကို သိမြင်ပြီး နတ်ဘုရားဘုရင်နယ်ပယ် ထဲကို သေချာပေါက် ဝင်လှမ်းနိုင်လိမ့်မယ်။”
“ငါ့အထင်တော့ ရှစ်ဆယ့်တစ်ပါးဆိုတာတောင် သူ့ရဲ့ အကန့်အသတ် မဟုတ်လောက်ဘူး။ သူက တာအိုကို ပြည့်စုံအောင် လုပ်ဖို့ တာအိုအမှန်တရား တစ်ရာအထိ ကြိုးစားပြီး သူတော်စင်လမ်းစဉ်မှာ ပိုပြီးတော့ ခရီးပေါက်အောင် လုပ်မဲ့ပုံပဲ။”
“ဝမ်တောက်ကျောင်းတော် ကတော့ ဒီနေ့ တကယ် အန္တရာယ်ကြီးနေပြီ။”
ဝမ်တောက်ကျောင်းတော် အတွင်းရှိ လူတိုင်းသည် ကောင်းကင်ထက်မှ ဓားအစီရင်ကို ကြည့်ကာ ချွေးစေးများ ပြန်နေကြသည်။
ချူဖုန်း တစ်ဦးတည်းသာ ကောင်းကင်ထက်သို့ တစ်လှမ်းချင်း တက်လှမ်းသွားပြီး ဓားအစီရင်၏ အလယ်ဗဟိုသို့ တည့်တည့် လျှောက်လှမ်းသွားလေတော့သည်။
***