မင်းသမီး နင်ဟန်က တည့်တိုးပင် ပြောလိုက်၏။ “ဒါပေမဲ့ ရှင့်ကို မသတ်နိုင်ရုံတင် မကဘူး။ ကျွန်မတောင် ရှင့်လက်ချက်နဲ့ သေမလို ဖြစ်ခဲ့တယ်။ တကယ်တော့ ကျွန်မ ဒီခန္ဓာကိုယ်ကိုလဲဖို့ တော်တော် တွန့်ဆုတ်ခဲ့တာ။ ဘာလို့လဲဆိုတော့ သူက ကျွန်မကို အချိန်တိုင်း ခေါ်နေသလိုပဲ။ ကျွန်မ ခေါင်းထဲမှာ ခေါ်သံတစ်ခု ကြားနေရတယ်။ ခန္ဓာကိုယ်အသစ်ထဲ ဝင်ဖို့လေ။ ဒါပေမဲ့ ကျွန်မ မလိုချင်ခဲ့ဘူး။ မလိုချင်ခဲ့ဘူး။ ကိုယ့်ဘာသာကိုယ် ဖြစ်ခွင့်ရှိရင် ဘယ်သူက သူများ ဖြစ်ချင်မှာလဲ။”
မှန်ပေသည်။ ရှမ့်လန်လည်း အစအဆုံး သူ့ဘာသာ သူသာ ဖြစ်ချင်ခဲ့သည်။
မင်းသမီး နင်ဟန်က ပြောလိုက်၏။ “နောက်ဆုံးတော့ ရှင်နဲ့တိုက်ပွဲအပြီးမှာ ကျွန်မ မီးလောင်သွားလို့ ခန္ဓာကိုယ် လဲလိုက်ရတော့တာပဲ။ ရှမ့်ကုန်းဘုရားကျောင်းက ဆရာတော်ရဲ့ အကူအညီနဲ့ ဆရာက ဒီခန္ဓာကိုယ်ကို လဲပေးခဲ့တာ။”
‘ကန်ဝမ် ပါလာပြန်ပြီလား။ သူက နေရာတိုင်းမှာပါလား။’
“အရာအားလုံးက ကံစီမံရာအတိုင်း ဖြစ်ပုံရတယ်။”
မင်းသမီး နင်ဟန် သက်ပြင်းချလိုက်၏။ “မူလက ကျွန်မ ခေါင်းထဲက ဝိညာဉ် သတင်းအချက်အလက်တွေကို နားမလည်ခဲ့ပေမဲ့ ခန္ဓာကိုယ်လဲပြီးတဲ့နောက်မှာ အရာအားလုံးကို နားလည်သွားခဲ့တယ်။”
ရှမ့်လန်က မေးလိုက်သည်။ “ဘုရင်မမီဒူဆာ ခင်ဗျားကို ပေးခဲ့တဲ့ ဝိညာဉ် သတင်းအချက်အလက်က ဘာလဲ။”
မင်းသမီး နင်ဟန်က ဖြေ၏။ “ရှင်က အရမ်း ဉာဏ်ကောင်းတာပဲ။ စမ်းပြီး မခန့်မှန်းကြည့်ဘူးလား။”
ရှမ့်လန်က ပြောလိုက်သည်။ “မိုင်တစ်သောင်း သဲကန္တာရ အပျက်အစီး အမွေအနှစ်ရဲ့ လိပ်စာလား။”
မင်းသမီး နင်ဟန်က ပြောလိုက်သည်။ “ဟုတ်တယ်။ အဲဒီအချိန်တုန်းက အလင်းတန်းက ကျွန်မ ဦးနှောက်ထဲ ဝင်လာပြီး ပေါက်ကွဲထွက်မတတ် ဖြစ်သွားပေမဲ့ ကျွန်မကို အရာတစ်ခုတည်း ပေးခဲ့တယ်။ အဲဒါက မိုင်တစ်သောင်း သဲကန္တာရ အပျက်အစီးရဲ့ ဝင်ပေါက်ပဲ။”
အံ့ဩဖွယ်ရာ မရှိတော့ပေ။ မိုင်တစ်သောင်း သဲကန္တာရအတွင်းရှိ ရှေးဟောင်း အပျက်အစီးများကို မည်သူမှ ရှာမတွေ့နိုင်သော်လည်း ကောင်းကင်ပင်လယ်နန်းဆောင်က ရှာတွေ့သွားခြင်းမှာ ထူးဆန်းသောအမှု မဟုတ်တော့ချေ။
တစ်စုံတစ်ယောက်က သူတို့အား လမ်းပြပေးခဲ့ခြင်း ဖြစ်နိုင်၏။ ဤအရာသည် အမှန်တကယ်ပင် ဆန်းကြယ်လွန်းလှသည်။ ခြေလှမ်းတိုင်းသည် ကြိုတင်စီစဉ်ထားသည့် အတိုင်း ဖြစ်ပျက်နေသကဲ့သို့ ရှိသည်။
ရှမ့်လန်က မေးမြန်းလိုက်၏။ “ဒါဆို ခင်ဗျား မိုင်တစ်သောင်းသဲကန္တာရရဲ့ ဝင်ပေါက်ကို ဘယ်လို ရှာတွေ့ခဲ့တာလဲ။”
မင်းသမီးနင်ဟန်သည် ပြုံးလိုက်ပြီး စကားတစ်ခွန်းမှ မဆိုဘဲ နေလိုက်၏။ အမှန်တရားမှာ ရိုးရှင်းလှသည်။ သူမအဖို့ ရှာဖွေနေရန် မလိုအပ်ချေ။ သူမ မျက်တောင်ခတ်လိုက်သည်နှင့် လောကကြီး တစ်ခုလုံး၏ ပုံရိပ်သည် လုံးဝ ပြောင်းလဲသွားပြီး အလွန် ထူးဆန်းသော မြင်ကွင်းနယ်ပယ်ထဲသို့ ရောက်ရှိသွားသောကြောင့်ပင်။
ထိုမြင်ကွင်းနယ်ပယ်ထဲတွင် ကျယ်ပြောပြီး အဆုံးမရှိသောမြို့တော်ကြီး တစ်ခု တည်ရှိနေ၏။ မိုင်ပေါင်း ထောင်ချီ ရှည်လျားသော ခမ်းနားထည်ဝါသည့် မြို့တော်ကြီး၊ ခမ်းနားထည်ဝါသည့် နိုင်ငံတော်ကြီး တစ်ခု ဖြစ်သည်။
သူမ၏အထူး မြင်ကွင်းနယ်ပယ်ထဲတွင် ဤနေရာသည် မိုင်တစ်သောင်း သဲကန္တာရ မဟုတ်တော့ဘဲ စိမ်းလန်းသော သစ်ပင်များ၊ ပန်းများ၊ ငှက်များနှင့် ပန်းရနံ့များ ပြည့်နှက်နေသော မြို့တော်ကြီးတစ်ခု ဖြစ်၏။ ပျားရည်များ စီးဆင်းနေသော မြို့တော်ကြီး တစ်ခု ကဲ့သို့ပင်။
ပို၍ထူးဆန်းသည်မှာ ဤမြို့တော်ကြီးသည် အဆက်မပြတ် ရွေ့လျား ပြောင်းလဲနေခြင်း ဖြစ်သည်။ မြို့တော်ထဲရှိ အိမ်တိုင်းသည် အချိန်တိုင်း ရွေ့လျားနေကြ၏။ မြို့တော်ထဲရှိ မြို့ငယ်တိုင်းသည်လည်း အချိန်တိုင်း ရွေ့လျားနေကြပြီး မည်သည့် ပုံသေနည်းမှ မရှိချေ။
သေချာသည်မှာ ဤအမြင်အာရုံ သက်ရောက်မှုသည် ခေတ်သစ် ကမ္ဘာမြေဂြိုဟ်ပြာပေါ်ရှိ AR (Augmented Reality) နည်းပညာနှင့် ဆင်တူနေပေသည်။
(AR ဆိုသည်မှာ လက်တွေ့မြင်ကွင်းပေါ်တွင် ကွန်ပြူတာ နဲ့ ဖန်တီးထားသော ပုံရိပ်များ ၊ အသံများနှင့် တခြား အချက်အလက်များ ထည့်ပေါင်းထည့်ထားခြင်း ဖြစ်သည်။
VR နှင့် မတူပေ။ VR က သုံးစွဲသူကို အတုအယောင်ကမ္ဘာထဲ ရောက်ရှိသွားစေခြင်းဖြစ်သည်။ ထိုသို့ရောက်စေရန် မျက်မှန်ကို သုံးကြသည်။)
ဤသည်မှာ လွန်ခဲ့သည့်နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာမြင့်ခဲ့စဉ်က မိုင်တစ်သောင်း သဲကန္တာရ၏ မူလပုံစံ ဖြစ်၏။ ၎င်းသည် တစ်ချိန်က ကြီးမားသော အင်ပါယာမြို့တော်ကြီး တစ်ခု ဖြစ်ခဲ့သော်လည်း ကပ်ဘေးကြောင့် ကြီးမားသော သဲကန္တာရကြီး အဖြစ် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်၏။
ထိုနေရာရှိ မြို့တော်အားလုံးနီးပါး ပျက်စီးသွားခဲ့ပြီး တစ်ခု၊ နှစ်ခုလောက်သာ ကျန်ရစ်ခဲ့ကာ ကျန်သောအရာ အားလုံး သဲဝါများ အဖြစ် ပြောင်းလဲသွားခဲ့ရသည်။ ကျန်ရစ်ခဲ့သော ရှေးဟောင်း မြို့ပြနိုင်ငံများမှာမူ ဖရိုဖရဲနှင့် စည်းစနစ်မကျဘဲ ဆက်လက် ရွေ့လျားသွားကြ၏။ ထို့ကြောင့် ဝင်ပေါက်သည် အဆက်မပြတ် ပြောင်းလဲနေပြီး မည်သည့် ပုံသေနည်းမှ တွက်မရခြင်း ဖြစ်ပေသည်။
ထိုမျှမကသေးပေ။ ဤမြို့တော်ကြီးတွင် အားကောင်းသော ဝိညာဉ်စွမ်းအား ရှိနေဆဲဖြစ်ပြီး မြို့တော် အပျက်အစီးများကို လုံးဝနီးပါး ဖုံးကွယ်ထားနိုင်၏။ အာကာသခေါက်ချိုးခြင်း သဘောတရား တစ်မျိုး ကဲ့သို့ပင်။
(ဥပမာ - စက္ကူတစ်ရွက်၏ ထိပ်တစ်ဖက်စီတွင် အစက် နှစ်စက် ချထားသည်ဟု မြင်ယောင် ကြည့်နိုင်လေသည်။ ထိုအစက်နှစ်ခုကြားသို့ မျဉ်းဖြောင့်ဆွဲကသွားခြင်းသည် သာမန် ခရီးသွားခြင်း ဖြစ်၏။ သို့သော် ထိုစက္ကူကို ထက်ဝက် ခေါက်ချိုးလိုက်ပြီး အစက်နှစ်ခုကို ထိကပ်သွားစေခြင်းသည် အာကာသ ခေါက်ချိုးခြင်းပင် ဖြစ်သည်။ ထိုအခါ ခရီးအကွာအဝေးမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြီး တစ်နေရာမှ တစ်နေရာသို့ ချက်ချင်း ရောက်ရှိသွားပေမည်။ - ဘာသာပြန်သူ)
အတိုချုပ်ဆိုရသော် မိုင်တစ်သောင်း သဲကန္တာရ၏ ရှေးဟောင်း အပျက်အစီးများကို မည်သူမှ ရှာမတွေ့နိုင်ပေ။ ထို့ကြောင့် ကျန်းလီ၏အမှောင်အင်ပါယာသည် လူပေါင်းများစွာ စေလွှတ်ခဲ့သော်လည်း ဝင်ပေါက်ကို ရှာမတွေ့နိုင်ခဲ့ခြင်း ဖြစ်သည်။ အရေးအကြီးဆုံးမှာ ဤနေရာသည် အင်ပါယာကျန်းလီနှင့် လုံးဝ ဝေးကွာနေခြင်း ဖြစ်၏။ ငရဲသလင်းကျောက်၏ လွှမ်းခြုံမှုမရှိသကဲ့သို့ ကျန်းလီ၏ အာဏာစက်ဝန်း အတွင်း၌လည်း မရှိပေ။
သို့သော်ငြား အလွန် ထူးဆန်းနေပြန်သည်။ အဘယ်ကြောင့် နင်ဟန်ကို ရွေးချယ်ခဲ့သနည်း။ သူမ၌ မည်သို့သော ထူးခြားချက် ရှိနေသနည်း။ သေချာသည်မှာ သူမက သဘာဝလွန် အင်အားစု တစ်ခု၏ ဆက်ခံသူ ဖြစ်နေသဖြင့် ထူးခြားကောင်း ထူးခြားနိုင်သည်။ သို့သော်ငြား လောကကြီးတစ်ခုလုံးတွင် သူမသည် ထူးခြားသည့် တစ်ဦးတည်းသောသူ မဟုတ်ချေ။
သူမ၏ အထူးခြားဆုံး အချက်ကို ထောက်ပြရမည် ဆိုပါက သူမ၏ အထောက်အထားပင် ဖြစ်သည်။ သူမက ရှမ့်လန်၏ ပထမဆုံး စေ့စပ်ထားသူ ဖြစ်သည်။ မှန်ပေသည်။ သူမက ပထမဆုံး စေ့စပ်ထားသူ ဖြစ်၏။ ရှမ့်လန်နှင့် သူမ၏စေ့စပ်မှုသည် မင်းသမီး ကျိရွှမ်ထက်ပင် ပိုမို စောခဲ့သေးသည်။
ကျူးဟုန်ရွှဲ့ မျက်မှောင်ကြုတ်လိုက်ပြီး ပြောဆိုလိုက်၏။ “နင်ဟန်... ဘာလို့ အင်ပါယာကို ဂါရဝမပြုတာလဲ။ မင်းက တော်ဝင်ချန် အင်ပါယာရဲ့ လက်အောက်ငယ်သား မဟုတ်ဘူးလား။”
မင်းသမီးနင်ဟန်သည် ရှမ့်လန်ကို အချိန်ကြာမြင့်စွာ ဆက်လက် ကြည့်ရှုနေပြီး စကားတစ်ခွန်းမှ မဆိုဘဲ နေလိုက်သည်။
ကျူးဟုန်ရွှဲ့က ပြောလိုက်၏။ “ကျုပ်နဲ့ လိုက်ခဲ့...”
ထို့နောက် သူသည် မင်းသမီးနင်ဟန်ကို ဘေးသို့ ခေါ်ဆောင်သွားပြီး သူ မြင်တွေ့ကြားသိခဲ့ရသမျှ အရာအားလုံးကို ပြောပြလိုက်သည်။
မင်းသမီး နင်ဟန်သည် ရှမ့်လန်၏ ရှေ့သို့ တစ်ဖန် ရောက်ရှိလာပြီး သူ့ကို အချိန်ကြာမြင့်စွာ ကြည့်နေပြန်၏။ သူမသည် မျက်လုံးများကို မှိတ်ပြီး ရှမ့်လန်၏ ကိုယ်သင်းနံ့ကို ရှူရှိုက်ကာ သူ့ထံမှ ရင်းနှီးသော လူပါးဝသည့် အနံ့ကို အသည်းအသန် ရှာဖွေနေခဲ့၏။
သို့သော်ငြား ဝမ်းနည်းဖွယ်ကောင်းသည်မှာ အဖြစ်အပျက် များစွာကို ဖြတ်သန်းပြီးနောက် ရှမ့်လန်ထံမှ လူပါးဝသည့် အနံ့သည် အတော်လေး မှေးမှိန်သွားခဲ့သည်။ ထိုမျှမကဘဲ ရှမ့်လန်၏ ခန္ဓာကိုယ်နှင့် မျက်နှာသည်လည်း များစွာ ပြောင်းလဲသွားခဲ့သည်။
ရှမ့်လန် စကားမပြောပေ။ ထို့အစား သူသည် မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်လိုက်ပြီး စိတ်စွမ်းအား နည်းစနစ်ဖြင့် ဝိညာဉ် သတင်းအချက်အလက် အများအပြားကို ထုတ်လွှတ်လိုက်သည်။ သူ ထုတ်လွှတ် လိုက်သည်မှာ ဘုရင်မမီဒူဆာက သူ့ဦးနှောက်ထဲတွင် သိမ်းဆည်းထားသော သတင်းအချက်အလက်များ ဖြစ်၏။ မင်းသမီး နင်ဟန်သည် ချက်ချင်း လက်ခံရရှိပြီး ဖတ်ရှုလိုက်၏။
အတော်ကြာမှ မင်းသမီး နင်ဟန်သည် ဒူးထောက်ကာ ဦးတိုက်လိုက်တော့သည်။
“နင်ဟန်... အင်ပါယာကို ဂါရဝပြုပါတယ်။ သက်တော်ရာကျော် ရှည်ပါစေ၊ သက်တော်ရာကျော် ရှည်ပါစေ။”
နင်ဟန် ဒူးထောက်လိုက်သည်နှင့် သူမနောက်မှ စစ်သည်တော် ရာပေါင်းများစွာသည်လည်း စည်းစနစ်ကျနစွာ ဒူးထောက်လိုက်ကြ၏။
“အင်ပါယာ... သက်တော်ရာကျော် ရှည်ပါစေ၊ သက်တော်ရာကျော် ရှည်ပါစေ။”
ရှမ့်လန် ပြုံးလိုက်ပြီး နင်ဟန်၏ ခါးကွေးကွေးလေးကို အလိုအလျောက် ကြည့်လိုက်မိသည်။ သူ ထိုကဲ့သို့ မပြုမူမိသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူသည် အဖြစ်အပျက်များစွာကို ဖြတ်သန်းခဲ့ရသဖြင့် ဆန္ဒရမ္မက် မရှိသလောက် ဖြစ်နေသောကြောင့်ပင်။
သို့သော်ငြား နင်ဟန်သည် အလွန် ထူးခြားလှသည်။ သူမသည် သူ တစ်ချိန်က အမုန်းဆုံး အမျိုးသမီး ဖြစ်ခဲ့ဖူး၏။ အံကြိတ်ပြီး သူမကို မစင်ကန်ထဲ နှစ်ပစ်မည်ဟုပင် ကျိန်ဆိုခဲ့ဖူးသည်။ ဤအမျိုးသမီးက သူ့ရှေ့တွင် လိုလိုလားလားဖြင့် မည်သူ၏တိုက်တွန်းမှုမှ မပါဘဲ ဒူးထောက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဤလောကကြီး၏ ဖန်တီးမှုသည် အမှန်တကယ်ပင် ထူးဆန်းလွန်းလှသည်။ နင်ဟန်သည် မမြင်ရသော်လည်း ဤအချိန်တွင် ရင်းနှီးသော လူပါးဝသည့်အနံ့ကို အမှန်တကယ် ခံစားလိုက်ရ၏။
.........
ရှမ့်လန် မေးလိုက်သည်။ “မိုကျင်းမှာ အခု လူဘယ်နှစ်ယောက် ရှိလဲ။”
မင်းသမီး နင်ဟန် ဖြေ၏။ “၂ သိန်းလောက် ရှိပါတယ်။”
ဤအရေအတွက်သည် ရှမ့်လန် ခန့်မှန်းထားသည်နှင့် အတူတူလောက်ပင် ဖြစ်၏။ ကောင်းကင်ပင်လယ် နန်းဆောင် တစ်ခုလုံး ပေါင်းလိုက်လျှင် ၁ သိန်းခန့် ရှိပေသည်။ ထို့အပြင် မြောက်ဝင်ရိုးစွန်း အဖြစ်အပျက် မတိုင်မီ ကျိုးရှီက အရှေ့လောကမှ လူတစ်စုကို ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ဆိုလျှင် အဘယ်ကြောင့် ရှမ့်လန်က သူ့မိသားစုဝင် အားလုံးကို ကျိုးရှီနှင့် အတူတူ ကြိုတင်၍ ထွက်ခွာ မသွားခိုင်းခဲ့သနည်း။
မြောက်ဝင်ရိုးစွန်း အဖြစ်အပျက်သည် အလွန် ကြောက်မက်ဖွယ် ကောင်းပြီး အလွန် ရုတ်တရက် ဆန်သော်လည်း ရှမ့်လန်၏ ရင်ထဲတွင်မူ မျှော်လင့်ချက် ရှိပြီး ဖြစ်၏။
ထို့ကြောင့် ပို့သင့်သူများကို ပို့ဆောင်ခဲ့ခြင်း ဖြစ်၏။ ဥပမာအားဖြင့် ယောင်ယောင်သည် ဘုရင်မ မီဒူဆာ၏ ဝိညာဉ် ဆက်ခံသူ ဖြစ်သဖြင့် နုရှောင့်မြို့တွင် လုံးဝ မနေသင့်ပေ။ သို့သော်ငြား တချို့သော ဆွေမျိုးများကို ပို့ဆောင်၍ မရနိုင်သကဲ့သို့ ပို့ဆောင်ရန်လည်း မလိုအပ်ပေ။
အဘယ်ကြောင့်ဆိုသော် သူ ရင်ဆိုင်နေရသော ရန်သူသည် ကျန်းလီ ဖြစ်နေသောကြောင့် ဖြစ်သည်။ အကြောက်မက်ဖွယ် အကောင်းဆုံး ရန်သူ၊ မိစ္ဆာကောင် ဖြစ်သော်လည်း ကျန်းလီသည် တိရစ္ဆာန် မဟုတ်ပေ။ ကျန်းလီသည် မည်သူ့ကိုမဆို အလွယ်တကူ သတ်ဖြတ်နိုင်သော်လည်း ဒေါသဖြေရန် သတ်ဖြတ်ခြင်းမျိုး ဘယ်သောအခါမျှ ပြုလုပ်မည် မဟုတ်ချေ။
ထိုစဉ်က ရှမ့်လန်သည် မျှော်လင့်ချက် မီးရှူးတန်ဆောင်များကို တည်ထောင်ခဲ့သည်။ ကန်ဝမ် ထွက်ခွာသွား၏။ မင်းသမီးကျိရွှမ် ထွက်ခွာသွား၏။ မီးနတ်ဘုရားဂိုဏ်း ထွက်ခွာသွား၏။ ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်လည်း ထွက်ခွာသွားခဲ့၏။
သို့သော်ငြား ဤလူများသည် မည်သည့်နေရာသို့ သွားရမည်ကို မသိကြပေ။ လမ်းခရီးတွင် အခက်အခဲ အတားအဆီးများစွာ ရှိနေမည်။ သူတို့နှင့် အတူတူ လိုက်ပါသွားပါက ပိုမို၍ အန္တရာယ် များနိုင်သည်။ တစ်ခုတည်းသော စိတ်ချရသည့်နေရာမှာ မိုင်တစ်သောင်း သဲကန္တာရ အတွင်းရှိ ရှေးဟောင်း အပျက်အစီးသာ ဖြစ်သော်လည်း ဤနေရာသည် အချိန်မရွေး စစ်မြေပြင် ဖြစ်သွားနိုင်သည်။
ထို့ကြောင့် ရှမ့်လန်၏ မိသားစု အများစုအတွက် အရှေ့လောကတွင် နေထိုင်ရခြင်းက ပိုမို စိတ်ချရသည်။ အမှောင်အင်ပါယာ ဖြစ်နေသော်လည်း သူတို့ကို အလွန် ဆန်းကြယ်သော နေရာတစ်ခုတွင် အကျဉ်းချ ထားရုံမျှသာ ဖြစ်၏။
ရှမ့်မီက သူ့ကို ပြောပြဖူးသည်မှာ လွန်ခဲ့သော ၂၉ နှစ်လုံးလုံး သူမနှင့် သူမ၏ မိခင်ကို အလွန် ဆန်းကြယ်ပြီး ဘာမှန်း မသိရှိရသော နေရာတစ်ခုတွင် အကျဉ်းချထားသည် ဟူ၍ ဖြစ်သည်။ မည်သည့်နေရာ ဖြစ်ကြောင်း သူမ လုံးဝ မသိရှိပေ။
ထို့အပြင် ဤ ၂၉ နှစ် အတွင်း သူမသည် အချိန်အများစုကို အိပ်ပျော်နေခဲ့ပြီး ဆောင်းခိုခြင်းနှင့် တူညီသည်။ မကြာသေးမီကမှ သူမကို နှိုးလိုက်ပြီး သူမ၏ ခန္ဓာကိုယ်တစ်ဝက်ကို ရှေးဟောင်းလူသား ကျန်းချင်က ရယူထားခြင်း ဖြစ်သည်။
ရှမ့်လန်က မေးလိုက်၏။ “တခြားအင်အားစုတွေ ခင်ဗျားတို့ဆီ လာပြီး လေ့ကျင့်တာမျိုး ရှိလား။”
မင်းသမီး နင်ဟန်က ဖြေသည်။ “ရှိပါတယ်။ ဥပမာအားဖြင့် မီးနတ်ဘုရားဂိုဏ်းရဲ့ သံတမန်၊ ဒါမှမဟုတ် တော်ဝင်ကပ်ဘေး ဘုရားကျောင်းရဲ့ သံတမန် ဆိုပြီး လာကြတယ်။ ဒါပေမဲ့ ကျွန်မတို့ ဘာမှ မတုံ့ပြန်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ အမှောင်အင်ပါယာရဲ့ ထောင်ချောက် ဖြစ်နိုင်ခြေများလို့ပဲ။”
ဤစကားကို ကြားချိန်မှာတော့ ရှမ့်လန် ဝမ်းသာသလိုလို စိုးရိမ်သလိုလို ဖြစ်သွားရသည်။ မြောက်ဝင်ရိုးစွန်း အပြောင်းအလဲ မတိုင်မီ သူသည် မျှော်လင့်ချက် မီးရှူးတန်ဆောင် ၅ ခု တည်ထောင်ခဲ့၏။ လောလောဆယ် သိရှိရသလောက် အသက်ရှင်ကျန်ရစ်သည်မှာ ကောင်းကင်ပင်လယ်နန်းဆောင် တစ်ခုတည်းသာ ရှိသေးသည်။ ဤလူ ၂ သိန်းသည် တော်ဝင်ချန် အင်ပါယာ၏ တစ်ခုတည်းသော မီးရှူးတန်ဆောင် နီးပါးပင် ဖြစ်၏။
ဤမိုကျင်း ရှေးဟောင်း အပျက်အစီးသည် တစ်ခုတည်းသော အလင်းရောင် ရှိသည့် နေရာ၊ မျှော်လင့်ချက် နယ်မြေ နီးပါးပင် ဖြစ်သည်။
ရှမ့်လန်က ပြောလိုက်၏။ “မိုကျင်းကို ပြန်ကြစို့။”
ချက်ချင်းပဲ ကောင်းကင်ပင်လယ်နန်းဆောင် စစ်သည်တော် ရာပေါင်းများစွာသည် ကောင်းကင်သို့ ပျံတက်လာပြီး ရှမ့်လန်နှင့် မင်းသမီးရှမ့်မီကို အလယ်မှ ကာကွယ်ထားလိုက်ကြသည်။ ဤသည်မှာ နဂါးတစ်ကောင် မိုကျင်းသို့ ပြန်လာခြင်းလား။
ကျူးဟုန်ရွှဲ့၏ သွေးများ တစ်ဖန် ဆူပွက်လာပြန်သည်။ မိုကျင်းမှ လူများ၊ အထူးသဖြင့် သူ့ဆရာ ဂိုဏ်းချုပ် ကျိုးရှီ၊ အရှင်ရှမ့်လန် ပြန်လာသည်ကို တွေ့မြင်လျှင် မည်မျှစိတ်လှုပ်ရှားကြမည်ကို သူ စိတ်ကူးမကြည့်နိုင်လောက်အောင်ပင် ဖြစ်မိသည်။
မိုကျင်းမှ လူ ၂ သိန်းသည် ဤနေ့ရက်ကို စောင့်မျှော်နေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။
လွန်ခဲ့သော ၂၉ နှစ်လုံးလုံး လောကကြီးတစ်ခုလုံး အမှောင်ကျနေခဲ့ခြင်း ဖြစ်သည်။ မျှော်လင့်ချက် မရှိဘဲ သူတို့ တောင့်မခံနိုင်တော့ပေ။ ကျန်းလီ၏ အင်ပါယာသည် အသက်ရှူကြပ်လောက်အောင် အစွမ်းထက်လွန်း လှ၏။ ကောင်းကင်ပင်လယ်နန်းဆောင်ထက် အနည်းဆုံး အဆ ၁ သောင်း ပိုမို အစွမ်းထက်သည်။
***