ကျူးဟုန်ရွှဲ့က ပြောလိုက်၏။ “အရှင်... အရှင် ခွင့်လွှတ်ပေးရမယ့် ကိစ္စတစ်ခု ရှိပါတယ်။”
ရှမ့်လန်က ပြောလိုက်သည်။ “ပြောပါ။”
ကျူးဟုန်ရွှဲ့က ပြောလိုက်၏။ “တော်ဝင်ရန်အင်ပါယာနဲ့ ကျူးဟုန်ကျူးတို့ သေဆုံးပြီးနောက် အရှင်က ကျူးကျွင်း၊ ကျူးဟုန်ပင်း၊ ကျူးနင် နဲ့ တခြားသူ အားလုံးကို လွှတ်ပေးခဲ့ပါတယ်။ သူတို့ကို အပြစ်မပေးခဲ့သလို ဘွဲ့ထူးတွေကိုလည်း မရုပ်သိမ်းခဲ့ပါဘူး။”
ရှမ့်လန်က ပြောလိုက်သည်။ “အဲလိုကိစ္စ ရှိခဲ့တာပဲ။ ဘာဖြစ်လို့လဲ။”
ကျူးဟုန်ရွှဲ့က ပြောလိုက်၏။ “ကျုပ်က ကျူးမိသားစုရဲ့ မွေးစားသားဖြစ်ပေမဲ့ ကျူးမိသားစုရဲ့ သား တစ်ယောက်ပါပဲ။ ဒါကြောင့် မြောက်ဝင်ရိုးစွန်း အပြောင်းအလဲ ဖြစ်တော့ ကျူးမိသားစုအားလုံးကို မိုကျင်းဆီ ခေါ်လာခဲ့ပါတယ်။ အရည်အချင်းရှိသူ လိုအပ်ချက်ကြောင့် ကျူးကျွင်းက အတွင်းဝန်ရုံးကို ပြန်ဝင်ပြီး အင်ပါယာရဲ့ ယာယီ ဒုတိယ ဝန်ကြီးချုပ် ဖြစ်လာပါတယ်။”
ရှမ့်လန်က မေးသည်။ “ပထမ ဝန်ကြီးချုပ်က ဘယ်သူလဲ။”
ကျူးဟုန်ရွှဲ့က ပြောလိုက်၏။ “ဆရာ ကျိုးရှီက တာဝန်ယူထားပါတယ်။ ဒုတိယ ဝန်ကြီး နှစ်ယောက်လည်း ရှိပါတယ်။ သူတို့က ကောင်းကင်ပင်လယ်နန်းဆောင်က ပညာရှင်တွေ ဖြစ်တဲ့ ကျိုးယန်နဲ့ လီကွမ်းတို ပါ။ အရှင် ကျန်ကျောင်း ကို မှတ်မိသေးလား။”
ရှမ့်လန် ခေတ္တမျှ စဉ်းစားပြီးမှ ဤလူကို မှတ်မိလိုက်သည်။ အစတုန်းက ကျန်းကျောင်းသည် ရေတပ်မှုးဖြစ်သည်။ သူသည် အိမ်ရှေ့စံကို အမြဲသစ္စာစောင့်သိခဲ့သူ ဖြစ်၏။ အိမ်ရှေ့စံ နင်ယီ အာဏာလက်လွတ် ဖြစ်သွားချိန်မှာတော့ သူသည် ကျူးကလန်ကို သစ္စာခံလိုက်သည်။ ထိုအချိန်မှစ၍ ဘက်မပြောင်းတော့ချေ။
ထျန်းရွှဲ့မြို့တိုက်ပွဲ ပြီးချိန်မှာတော့ သူလည်း အကျဉ်းချခံရသည်။ ရှမ့်လန် တော်ဝင်ရန်အင်ပါယာကို အနိုင်ယူပြီးနောက် ကျူးကလန်၏ အကျဉ်းသားအားလုံးကို လွှတ်ပေးခဲ့သည်။ ကျန်းကျောင်းလည်း လွတ်မြောက်လာပြီး သာမန်အရပ်သားအဖြစ် ရာထူးလျှော့ခံလိုက်ရသည်။
ကျူးဟုန်ရွှဲ့က ပြောလိုက်၏။ “ကျုပ်တို့ ကောင်းကင်ပင်လယ်နန်းဆောင်က မူလက သိုင်းပညာ အင်အားစုပါ။ နိုင်ငံတော် အင်အားစုတစ်ခု တည်ထောင်ဖို့ တကယ် ခက်ခဲပါတယ်။ ဒါကြောင့် ကျန်ကျောင်း ကိုလည်း ဆရာက နန်းတွင်းဆီ ဆင့်ခေါ်ပြီး ဝန်ကြီးများအဖွဲ့ရဲ့ ဒုတိယ လျှို့ဝှက်အတွင်းဝန် ခန့်ထားပါတယ်။”
ရှမ့်လန်က မေးလိုက်သည်။ “ဒါဆို... ပထမလျှို့ဝှက်အတွင်းဝန်က ဘယ်သူလဲ။”
ကျူးဟုန်ရွှဲ့က ပြောလိုက်၏။ “အဲဒီ နေရာကို ယူမယ့်သူ မရှိပါဘူး။ ဆရာ ကျိုးရှီကပဲ တာဝန်ယူထားပါတယ်။”
ရှမ့်လန်က မေးလိုက်ပြန်သည်။ “ခင်ဗျား ကိုယ်တိုင်ကရော...”
ကျူးဟုန်ရွှဲ့က ဖြေ၏။ “ကျုပ်က လျှို့ဝှက်ကောင်စီမှာ ရာထူး မယူထားပါဘူး။”
ကျူးဟုန်ရွှဲ့ ဘာဆိုလိုသနည်းဆိုသည်ကို ရှမ့်လန် နားလည်သည်။ တော်ဝင်ချန်အင်ပါယာ၏ ပြည်ပြေး နန်းတွင်းကို မူလက ကောင်းကင်ပင်လယ်နန်းဆောင်၏ အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်၏။ ကျူးကျွင်းက မူလက အကျဉ်းသား ဖြစ်သည်။ ယခု သူက ဝန်ကြီးများအဖွဲ့ထဲ ရောက်နေသဖြင့် ကျူးဟုန်ရွှဲ့က သံသယ ကင်းရှင်းအောင် လျှို့ဝှက်ကောင်စီထဲ မဝင်ခြင်း ဖြစ်သည်။ ထို့အပြင် သူက အပြင်တွင် အမြဲတမ်း တိုက်ခိုက်နေရသည့် ခံစားမှုကို ကြိုက်နှစ်သက်သည်။
ရှမ့်လန်က မေး၏။ “ဒါဆို ကျူးဟုန်ပင်း နဲ့ ကျူးနင် ကရော...”
ကျူးဟုန်ရွှဲ့က ဖြေလိုက်သည်။ “အဲဒီတုန်းက အရှင်က ကျူးဟုန်ကျူးကို စကားတစ်ခွန်း ပြောခဲ့ပါတယ်။ ကျူးဟုန်ပင်း နဲ့ ကျူးနင်ကို မသတ်ဘူး။ ဒါပေမဲ့ အသုံးလည်းပြုမှာ မဟုတ်ဘူးလို့ပါ။ ဒါကြောင့် သူတို့နှစ်ယောက်က ကြီးကျယ်တဲ့ ဘာရာထူးမှ မယူထားပါဘူး။ ကျူးဟုန်ပင်းက အတွင်းရေးမှူးပါ၊ ကျူးနင်ကတော့ ရှေးဟောင်း စာရွက်စာတမ်းတွေကို စုစည်းပြီး စာပေတိုက်ကို တာဝန်ယူထားပါတယ်။”
လူရာပေါင်းများစွာသည် မြို့တော်အထက်တွင် ပျံဝဲနေဆဲ ဖြစ်ပြီး ရှမ့်လန် မြို့တော်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်စေရန် ဖြစ်သည်။ ဤမြို့တော်သည် အမှန်တကယ်ပင် ကြီးမားလွန်းလှသည်။ မြို့တော်၏ အစွန်းပိုင်းများသည် အပျက်အစီးများ၊ သဲခုံများ ဖြစ်နေ၏။ မြို့တော်အလယ်ပိုင်းသို့ နီးကပ်လာလေ စိမ်းလန်းစိုပြေမှု ပိုထူထပ်လေပင်။ မြို့တော်၏ အလယ်ဗဟိုတွင်မူ အပူပိုင်းဒေသ ဥယျာဉ်ကြီး တစ်ခုကဲ့သို့ လုံးဝ စိမ်းလန်းစိုပြေနေ၏။
ထို့အပြင် ဤမြို့တော်၏ ဗိသုကာ လက်ရာ ပုံစံသည် ရှေးဟောင်း အရှေ့တိုင်းအင်ပါယာ၊ ပျောက်ဆုံးအင်ပါယာတို့နှင့် လုံးဝ မတူညီပေ။ ချော်ရည်ပင်လယ်အထက်ရှိ မီးလျှံမြို့တော်နှင့် အလွန် တူညီသည်။ ခမ်းနားထည်ဝါခြင်း မရှိသော်လည်း အလွန် ခန့်ညားသည်၊ ဆန်းကြယ်သည်၊ ရိုးရှင်းသည်။ ၎င်း၏သမိုင်းကြောင်းသည် အလွန် ရှည်လျားပုံရပြီး ရှေးဟောင်း အရှေ့တိုင်းအင်ပါယာထက်ပင် ပိုမို ရှေးကျနိုင်သည်။
အိမ်တိုင်းကို ကျောက်တုံးကြီးများဖြင့် တည်ဆောက်ထားပြီး သစ်သား လုံးဝ မပါဝင်ပေ။ အဆောက်အအုံ ပုံစံသည် ရှေးကျသော်လည်း အလွန် မြင့်မားပြီး မီတာဆယ်ချီ၊ ရာချီ မြင့်မားကြသည်။ အချင်း သုံး၊ လေးမီတာခန့် ရှိသော ဤကျောက်တိုင်ကြီးများသည် မိုးထိအောင် မြင့်မားသော ကျောက်စိမ်းတိုင် အစစ်များ ဖြစ်ကြသည်။ ဤတိုင်အနည်းငယ်သည် ခမ်းနားထည်ဝါသော အဆောက်အဦး တစ်ခုလုံးကို ထောက်မ ထားနိုင်၏။
မြို့တော်တစ်ခုလုံး၏ အလယ်ဗဟိုတွင် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ခမ်းနားထည်ဝါသော ပိရမစ်ကြီး တစ်ခု ရှိနေဆဲ ဖြစ်သည်။ တောင်ကြီးတစ်လုံး ကဲ့သို့ပင် ဖြစ်ပြီး မြို့တော် ဧရိယာတစ်ခုလုံး၏ အစိတ်အပိုင်း အနည်းငယ်ကို နေရာယူထားသည်။
ပိရမစ်၏ထိပ်ဆုံးတွင် ရုပ်တုတစ်ခု ရှိသည်၊ အလွန် ရင်းနှီးသော ရုပ်တုတစ်ခုပင်။ ရှေးဟောင်း ဘုရားကျောင်း တွင် ရှမ့်လန် တွေ့ခဲ့သော လူမျက်နှာနှင့် မြွေခန္ဓာကိုယ်ရှိသည့် အမျိုးသားဖြစ်ပြီး တိုက်ပွဲဝင်လိုစိတ် ပြင်းထန်နေပုံပေါ်၏။
သို့သော်ငြား ဤရုပ်တုသည် ပိုမို ကြီးမားပြီး ပိုမို ကြမ်းကြုတ်သည်။ လက်ထဲတွင် မိစ္ဆာတူတစ်ခု ကိုင်ဆောင်ထားပြီး ကောင်းကင်ကို စိုက်ကြည့်နေသည်။
ရှမ့်လန် နားမလည်နိုင် ဖြစ်သွားရ၏။ ဤရုပ်တုသည် အဘယ်ကြောင့် ဤနေရာတွင် ပေါ်လာသနည်း။
မင်းသမီး နင်ဟန်က ပြောလိုက်၏။ “သူ့နာမည် ဘယ်သူလဲဆိုတာ ကျွန်မတို့ မသိဘူး။ ဒါကြောင့် သူ့ကို ဝမ်ထျန်းလို့ ခေါ်ကြတယ်။”
သူမက ဆက်ပြောသည်။ “သူက ရှေးဟောင်း အရှေ့တိုင်းအင်ပါယာတစ်ခုလုံးရဲ့ ကိုးကွယ်ရာရုပ်တု ဖြစ်ပြီး ဘိုးဘေး တစ်ယောက် အနေနဲ့ သတ်မှတ်ကြတယ်။”
ဤသည်မှာ ရှမ့်လန်ကို အမြဲတမ်း နားမလည်နိုင်အောင် ဖြစ်စေခဲ့သော အရာပင်။ ရှေးဟောင်း အင်ပါယာက အဘယ်ကြောင့် ဤရုပ်တုကို ကိုးကွယ်သနည်း၊ အဘယ်ကြောင့် သူ့ကို ဘိုးဘေးတစ်ယောက်အနေဖြင့် သတ်မှတ်ကြသနည်း။
ကျင်းကန်တောင် ရှေးဟောင်းအပျက်အစီးမှာတုန်းက ရှမ့်လန် နားမလည်နိုင် ဖြစ်ခဲ့ဖူးသည်။ မီဒူဆာက လူမျက်နှာနှင့် မြွေခန္ဓာကိုယ်ရှိသည့် အမျိုးသမီးဖြစ်ပြီး သူ့ရှေ့က ဘိုးဘေးက လူမျက်နှာနှင့် မြွေခန္ဓာကိုယ် ရှိသည့် အမျိုးသား ဖြစ်နေသည်။ သို့သော်ငြား ရှေးဟောင်းအရှေ့တိုင်းအင်ပါယာမှ လူသားများတွင် လူမျက်နှာနှင့် မြွေခန္ဓာကိုယ် လက္ခဏာ ဘာတစ်ခုမှ မရှိပေ။
‘ဒါက အရမ်းအရေးကြီးတယ်။ အရှေ့တိုင်းအင်ပါယာ ကိုးကွယ်တဲ့ဘိုးဘေးက ဘာလို့ မီဒူဆာ တော်ဝင်မိသားစုနဲ့ ဒီလောက် တူနေရတာလဲ။’
မင်းသမီး နင်ဟန်က ပြောလိုက်သည်။ “အရှင်... အရှင်က အရမ်း ဉာဏ်ကောင်းတာပဲ၊ ရင်ထဲမှာ အဖြေ ရှိနေလောက်ပြီ မဟုတ်လား။”
ရှမ့်လန် မင်းသမီးနင်ဟန်ကို နောက်တစ်ကြိမ် မကြည့်ဘဲ မနေနိုင် ဖြစ်သွားရသည်။ သူမ မျက်နှာကို ကြည့်လိုက်၊ ပြီးတော့ သူမ ခါးကို ငုံ့ကြည့်လိုက်သည်။ လူသားတစ်ယောက် အနေနှင့် မင်းသမီး နင်ဟန်၏ ကိုယ်လုံးသည် အလွန် ညှို့ဓာတ်ပြင်းလွန်းသည်။ အလွန် မိစ္ဆာဆန်လွန်းသည်။ အထူးသဖြင့် သူမ၏ ခါးသေးသေးလေးက လူသား တစ်ယောက်နှင့် မတူပေ။ သူမ၏ ဤခန္ဓာကိုယ်အသစ်သည် အမှန်တကယ် အံ့ဩဖွယ်ရာပင်။
မင်းသမီး နင်ဟန်သည် အများကြီး သိနေပုံ ရသည်၊ အဘယ်ကြောင့်ဆိုသော် ဘုရင်မ မီဒူဆာက အဓိက သတင်းအချက်အလက် အချို့ကို သူမထံ ထုတ်ဖော်ပြသခဲ့သောကြောင့် ဖြစ်သည်။ ထို့အပြင် ဘုရင်မ မီဒူဆာ၏ အင်ပါယာကို အဘယ်ကြောင့် ပျောက်ဆုံးအင်ပါယာ ဟု ခေါ်သနည်း။ ဤသည်မှာ သူတို့ အင်ပါယာ ၏ နာမည်ရင်း ဖြစ်ပြီး နောင်လာနောက်သားများ ပေးသော နာမည်မဟုတ်ပေ။
မည်သို့သော အခြေအနေမျိုးတွင် ပျောက်ဆုံးအင်ပါယာဟု ခေါ်ဆိုမည်နည်း။ တစ်ချိန်က ပျက်စီး သွားခဲ့သော်လည်း ပြန်လည် မွေးဖွားလာသည်၊ သို့သော်ငြား ဘိုးဘေးများ၏ ဘုန်းအသရေကို ပြန်ရှာမတွေ့သောကြောင့် ပျောက်ဆုံးအင်ပါယာဟု ခေါ်ဆိုခြင်း ဖြစ်သည်။
ထို့အပြင် မီဒူဆာမျိုးနွယ်တွင် အဘယ်ကြောင့် အမျိုးသား မရှိသနည်း။ ကျားမ မပေါင်းဖက်ဘဲ မည်သို့ မျိုးပွားကြသနည်း။
ရှမ့်လန်က ပြောလိုက်၏။ “ပျောက်ဆုံးအင်ပါယာရဲ့ မီဒူဆာတော်ဝင်မိသားစုက ရှေးဟောင်း အရှေ့တိုင်း အင်ပါယာရဲ့ လူသားတွေထက် သမိုင်းကြောင်း ပိုရှည်လျားတယ် မဟုတ်လား။”
မင်းသမီး နင်ဟန်က ဖြေလိုက်သည်။ “ဟုတ်ပါတယ်။”
ရှမ့်လန်က ပြော၏။ “တကယ်တော့ ဒီလောကကြီးမှာ မဟာနိဗ္ဗာနပျက်သုန်းခြင်း တစ်ကြိမ်တည်း ရှိခဲ့တာ မဟုတ်ဘူး။ နှစ်ကြိမ် ရှိခဲ့တာ။”
မင်းသမီး နင်ဟန်က ပြောလိုက်သည်။ “ဟုတ်ပါတယ်။”
ဟုတ်ပေသည်။ ဤသည်မှာ အဓိပ္ပာယ် ရှိသည်။ နေမင်းကြီး သေဆုံးခြင်း အဆင့်ကို ဝင်ရောက်လာ ချိန်မှာတော့ တစ်ကြိမ်ထက်မက တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်လိမ့်မည်၊ သို့သော်ငြား ပို၍ပို၍ ပြင်းထန်လာမည်၊ ပို၍ပို၍ ဆိုးရွားလာမည်။ နောက်ထပ် အနှစ် ၉၀ ကြာချိန် မသေမီ နောက်ထပ် တစ်ကြိမ် တန်ပြန် တိုက်ခိုက်ဦးမည်၊ ရလဒ်မှာမူ ဂြိုဟ်ကြီးတစ်ခုလုံး ပျက်စီးသွားခြင်းပင်။
ရှမ့်လန်က ပြောလိုက်၏။ “အရင် ကြီးမားတဲ့ ပျက်သုဉ်းခြင်း နှစ်ကြိမ်တုန်းက လူသားယဉ်ကျေးမှု ပြန်လည် မွေးဖွားခဲ့တယ်။ ပျောက်ဆုံးအင်ပါယာလည်း ပြန်လည် မွေးဖွားခဲ့တယ်။ ဒါပေမဲ့ လူသားအင်ပါယာတွေ ပြောင်းလဲနေခဲ့ပေမဲ့ ပျောက်ဆုံးအင်ပါယာက လုံးဝ မပြောင်းလဲခဲ့ဘူး။ သူ့ရဲ့ အခြေခံအကျဆုံး အခြေအနေကို ထိန်းသိမ်းထားတယ်။ အတိုင်းအတာတစ်ခုအထိ ပြောရရင် လူသား အင်ပါယာတွေက ယိုယွင်း ပျက်စီးလာခဲ့တာ။”
မင်းသမီးနင်ဟန်က ပြောလိုက်သည်။ “ဟုတ်ပါတယ်။ လောကသစ်နဲ့ လိုက်လျောညီထွေ ဖြစ်အောင် ကုန်းမြေပေါ်က လူသားတွေက အမြဲတမ်း ပြောင်းလဲနေခဲ့တယ်။ စွမ်းအားကြီးတဲ့ ရှေးဟောင်းလူသား ပုံစံကနေ ဒီနေ့ခေတ် သာမန်လူသား ပုံစံအထိပေါ့။ ပျောက်ဆုံးအင်ပါယာကတော့ လူမျက်နှာ မြွေခန္ဓာကိုယ် မီဒူဆာ ပုံစံကို အမြဲ ထိန်းသိမ်းထားတယ်။ သူ့ရဲ့စွမ်းအားကြီးတဲ့ အင်အားနဲ့ ဝိညာဉ်ကို အားကိုးပြီးတော့လေ။”
ရှမ့်လန်က မေးလိုက်၏။ “ဒါဆို ဒီမိုကျင်းက ပိုပြီး ရှေးကျတဲ့အပျက်အစီး တစ်ခုလား။ ရှေးဟောင်း အရှေ့တိုင်း အင်ပါယာထက်တောင် ပိုစောသေးလား။ မဟာနိဗ္ဗာနပျက်သုန်းခြင်း မတိုင်ခင်က မြို့တော်လား။”
မင်းသမီး နင်ဟန်က ဖြေသည်။ “ဖြစ်လောက်ပါတယ် အရှင်...”
ရှမ့်လန် ခမ်းနားထည်ဝါသော မြို့တော်ကြီးကို ကြည့်လိုက်မိသည်။ အလွန် ရိုးရှင်းပုံရသော်လည်း မည်မျှ ရှေးကျမည်ကို စိတ်ကူးမကြည့်နိုင်လောက်အောင်ပင်။ မီးလျှံမြို့တော်တွင် ရှိစဉ်က ရှမ့်လန်သည် ထူးဆန်းသည်ဟု ထင်မှတ်ခဲ့ဖူးသည်။ ထိုအရာသည် သိသာထင်ရှားသော အနောက်လောက၊ ပျောက်ဆုံး အင်ပါယာ၏ ပိုင်နက် ဖြစ်လျက်၊ အဘယ့်ကြောင့် လူသား အင်ပါယာ ဖြစ်သည့် မီးလျှံမြို့တော်က အသက်ရှင် ကျန်ရစ်ခဲ့သနည်း။
ရှမ့်လန်သည် မြို့တော်အလယ်ဗဟိုမှ လူမျက်နှာနှင့် မြွေခန္ဓာကိုယ် ရုပ်တု ရှိသော ပိရမစ်ကြီးကို ဆက်လက် ကြည့်ရှုနေမိသည်။ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ကြီးမားသော စွမ်းအားကို သူ ခံစားလိုက်ရသည်၊ အထူးသဖြင့် ၎င်း၏ မျက်လုံးများ ... ကောင်းကင်ကို မော့ကြည့်နေသော မျက်လုံးများပင်။
ရှမ့်လန်သည် ဘုရင်မမီဒူဆာ၏ ရုပ်တုကို သတိရလိုက်မိသည်။ သူမသည် ထိုမျက်လုံးများကို အားကိုးပြီး အဝေးမှ ဝိညာဉ် သတင်းအချက်အလက်များကို ဆက်တိုက် ပို့လွှတ်ပြီး ဤလောကရှိ ပင်လယ်မွန်းစတားများ ကို ပြန်လည် စုစည်းခဲ့ခြင်း ဖြစ်သည်။ ပင်လယ်မွန်းစတားတချို့ကို ဆင့်ကဲပြောင်းလဲစေပြီး ဉာဏ်ရည် ရှိလာအောင် လုပ်ပေးခဲ့သည်၊ ပျောက်ဆုံးသွားသော အင်ပါယာကို ဆက်လက် တည်တံ့စေခဲ့သည်။
သို့ဆိုလျှင် ဤရုပ်တုမှာလည်း တူညီသော ရည်ရွယ်ချက် ရှိနေသည်မှာ ထင်ရှားသည်။ သို့သော်ငြား သိသာ ထင်ရှားသည်မှာ သိပ်မအောင်မြင်ခဲ့ချေ။ အနည်းဆုံးတော့ မိုင်တစ်သောင်း သဲကန္တာရထဲမှ အင်ပါယာသည် လုံးဝ ပျက်စီးသွားခဲ့၏။
ရုတ်တရက် ရှမ့်လန်၏ခေါင်းထဲတွင် ဆန်းကြယ်မှုများ မရေမတွက်နိုင်အောင် ပေါ်လာခဲ့၏။ ဤလူမျက်နှာ မြွေခန္ဓာကိုယ် နှင့် မီဒူဆာ တော်ဝင်မျိုးနွယ်စုကြားမှ ဆက်စပ်မှုက အဘယ်နည်း။ သူတို့နှင့် ရှေးဟောင်း လူသားများကြားက ဆက်စပ်မှုမှာ အဘယ်နည်း။
ရှမ့်လန်က ပြောလိုက်သည်။ “ဒီ ကောင်းကင်မျှော်ရုပ်တုက မိုကျင်း တစ်ခုလုံးကို ကာကွယ်ပေးထားတာ မဟုတ်လား။”
မင်းသမီး နင်ဟန်က ဖြေ၏။ “ဟုတ်ပါတယ်။ ဒီ ရုပ်တုရဲ့ ကာကွယ်မှုကြောင့်ပဲ နောက်ဆုံးဒီမြို့တော်က မိုင်တစ်သောင်း သဲကန္တာရထဲမှာ အသက်ရှင် ကျန်ရစ်နိုင်ခဲ့တာပါ။ သဲမုန်တိုင်း တိုက်ခိုက်မှုတွေကို ခုခံနိုင်တဲ့ အိုအေစစ်ရှိရုံတင် မကဘဲ အရေးအကြီးဆုံးက လုံးဝ ဖုံးကွယ်ထားနိုင်ပြီး ဘယ်ရန်သူမှ ဝင်ပေါက်ကို ရှာမတွေ့နိုင်အောင် လုပ်ပေးထားတာပါ။”
မီဒူဆာ တော်ဝင်မျိုးနွယ်စုတွင် အားကောင်းသော ဝိညာဉ်စွမ်းအားရှိပြီး ပုံရိပ်ယောင်အမျိုးမျိုးကို ဖန်တီးနိုင်သည်။ ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်သည် ဘုရင်မမီဒူဆာ၏ ဝိညာဉ်စွမ်းအင် အနည်းငယ်မျှကိုသာ ရရှိခဲ့သော်လည်း ဒုတိယ ပျောက်ဆုံးအင်ပါယာကို တည်ထောင်နိုင်ခဲ့သည်။
သူမ သေဆုံးပြီးနောက် ပျောက်ဆုံးနိုင်ငံတော် အပျက်အစီးကို နှစ်ပေါင်း မရေမတွက်နိုင်အောင် အုပ်စိုးခဲ့သည်။ ပုံရိပ်ယောင်များ ဖန်တီးနိုင်သော သူမ၏စွမ်းရည်ကို ရှမ့်လန် ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီးဖြစ်၏။
သူတို့ရှေ့မှ ကြီးမားသောလူမျက်နှာ မြွေခန္ဓာကိုယ် အမျိုးသား ရုပ်တုသည် အားကောင်းသော ဝိညာဉ်စွမ်းအင် ကို ထုတ်လွှတ်ပြီး မိုကျင်းတစ်ခုလုံးကို ဖုံးကွယ်ထားခြင်း ဖြစ်သည်။ စိတ်ကူးကြည့်ရန် မခက်ခဲပေ၊ ကောင်းကင်မျှော်ရုပ်တု၏ စွမ်းအင် ကုန်ခမ်းသွားသည်အချိန်၌ မိုကျင်းတစ်ခုလုံး ပေါ်ထွက်လာပြီး အင်ပါယာ ကျန်းလီ၏ တပ်တော်က အလွယ်တကူ ရှာတွေ့သွားပေလိမ့်မည်။
ထိုမျှမကသေးပေ။ ကောင်းကင်မျှော် ရုပ်တု၏ စွမ်းအင် ကုန်ခမ်းသွားသည်နှင့် ဤနေရာရှိ ဂေဟစနစ် လုံးဝ ပျက်စီးသွားလိမ့်မည်။ မြို့တော်တစ်ခုလုံး နှစ်အနည်းငယ် အတွင်း သဲမုန်တိုင်းများအောက် မြှုပ်နှံခံရပြီး အခြား သဲကန္တာရ နေရာများနှင့် အတူတူ ဖြစ်သွားလိမ့်မည်။
ရှမ့်လန် မျက်လုံးများကို ပြန်မှိတ်လိုက်မိသည်။ ဤသည်မှာ စတုရန်းကီလိုမီတာ သန်း ၁၃၀ ကျယ်ဝန်းသော ဤသဲကန္တာရကြီး သည် ရှေးဟောင်းခေတ်က စွမ်းအားကြီးသော အင်ပါယာတစ်ခု ဖြစ်ခဲ့သည်ဟု ဆိုလိုသည်လား။
ထို့အပြင် ဤနေရာကို အုပ်စိုးခဲ့သော မျိုးနွယ်သည် လူမျက်နှာနှင့် မြွေခန္ဓာကိုယ် ရှိသည့် မျိုးနွယ်၊ ပျောက်ဆုံးအင်ပါယာနှင့် အလွန် တူညီသည့် မျိုးနွယ်လား။ အမျိုးသား ဖြစ်နေသည်သာ ကွာခြားသည်လား။
...
ရှမ့်လန်သည် ကြီးမားသော ပိရမစ်ကြီး၏ တောင်ဘက်တည့်တည့်ရှိ နန်းတော်ကို မြင်တွေ့လိုက်ရသည်။ ထို့အပြင် ဤနန်းတော်သည် အမှန်တကယ် အသစ်စက်စက် တည်ဆောက်ထားခြင်း ဖြစ်၏။ တော်ဝင်ချန် နန်းတော်နှင့် ပုံစံချင်း အလွန် ဆင်တူသည်။ အလွန် တိကျသော ပုံတူတစ်ခု နီးပါးပင်။
ဤရှေးဟောင်း အပျက်အစီး မြို့ပြနိုင်ငံတော်ကြီးထဲတွင် နန်းတော်က အလွန် ထူးခြားနေသည်။
ဤအချိန်တွင် ညီလာခံ ကျင်းပနေဆဲ ဖြစ်၏။ နန်းတွင်းအရာရှိ၊ အမှုထမ်း အများအပြား တက်ရောက် နေကြသည်။ ရာဇပလ္လင်ပေါ်တွင် ရှမ့်လန်၏ရုပ်တုတစ်ခု အမှန်တကယ် ရှိနေသည်။ တကယ့်ကို တူလွန်းလှသည်။ မျက်နှာ၊ ပုံပန်းသဏ္ဍာန်နှင့် အငွေ့အသက်တို့သည် ယခင် ရှမ့်လန်နှင့် တစ်ထပ်တည်း တူညီနေ၏။
ထို့အပြင် ဤရုပ်တုသည် လုံးဝ ခန့်ညားထည်ဝါခြင်း မရှိပေ။ နဂါးဝတ်ရုံနှင့် သရဖူကို ဝတ်ဆင်ထား သော်လည်း အလွန် ပျင်းရိလေးတွဲ့နေပုံ ပေါက်နေသည်။ ထို့အပြင် လက်ဖြင့် မေးထောက်ထားသေး၏။ နားမထောင်ချင်သည့် ပုံစံမျိုး ပေါက်နေသည်။ သိပ်ကို သဘာဝကျလွန်းလှသည်။ ရုပ်တု ဖြစ်သော်လည်း လူအစစ် ကဲ့သို့ပင်။
***