ဤအချိန်တွင် ညီလာခံအတွင်းရှိ အရာရှိ၊ အမှုထမ်းများသည် နိုင်ငံရေးကိစ္စရပ်များကို အလွန် လေးလေးနက်နက် ဆွေးနွေးနေကြ၏။ ဟန်ပြသတ်သတ် မဟုတ်ဘဲ အလွန် ကျွမ်းကျင်ပိုင်နိုင်စွာ ဆွေးနွေး နေကြခြင်း ဖြစ်သည်။
နန်းတော်အပြင်ဘက်ရှိ ရင်ပြင်တွင် ရွှေရောင် သံချပ်ကာ ဝတ်ဆင်ထားသော စစ်သည်တော် အများအပြား ရပ်နေကြ၏။
ဤသည်မှာ ရှမ့်လန် ယခင်က မြင်ဖူးသော မြင်ကွင်းတစ်ခု ဖြစ်၏။ စေတီတောင်၏ စေတီတောင်နန်းတော်တွင် ဖြစ်သည်။ ထိုစဉ်က ဂိုဏ်းချုပ်ရန်သည် စေတီတောင်ကို နန်းတော်အဖြစ် ပြောင်းလဲလိုပြီး အထူး အရာရှိများကို ခန့်အပ်ထားခဲ့သည်။
ကောင်းကင်ပင်လယ်နန်းဆောင်သည် ဤအချက်ကို ရှောင်ရှားလိုပုံ ရသည်။ ထို့ကြောင့် သူတို့သည် ညီလာခံတွင် ရွဲ့ပြည်နယ်မှ အရာရှိများကို တတ်နိုင်သမျှ ခန့်အပ်ထားကြ၏။ ကောင်းကင်ပင်လယ် နန်းဆောင်မှ လူများ အရာရှိ ဖြစ်လာခြင်းကို တတ်နိုင်သမျှ တားဆီးထားကြသည်။ သို့သော်ငြား ဤနေရာနှင့် စေတီတောင်ကြားတွင် အခြေခံကျသော ကွာခြားချက် တစ်ခု ရှိ၏။
ဂိုဏ်းချုပ်ရန်သည် စေတီတော်နန်းတော် တည်ဆောက်စဉ်က တော်ဝင်ချန် အင်ပါယာ ရှိနေသေး၏။ ချန်နိုင်ငံ ရှိနေသေးရုံသာမက နုရှောင့်မြို့လည်း ရှိနေသေးသည်။ ယခုအခါ နုရှောင့်မြို့ မရှိတော့ပေ။ ချန်နိုင်ငံ၊ ထျန်းယွဲ့မြို့၊ မီးတောက်မြို့နှင့် အခြားနေရာများ အားလုံး ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။ သန့်ရှင်းနယ်မြေ တစ်ခု အနေဖြင့် မိုကျင်းသည် တော်ဝင်ချန်အင်ပါယာ၏ တရားဝင် မြို့တော် အမှန်တကယ် ဖြစ်လာခဲ့သည်။
မင်မင်းဆက် နောက်ဆုံး နှစ်များတွင် မန်ချူးတို့က ဒေသ အများစုကို သိမ်းပိုက်ထားသော်လည်း ယုံလီ ဧကရာဇ်ရှိသော နေရာကသာ တောင်ပိုင်းမင်းဆက်၏ တရားဝင် မြို့တော် ဖြစ်ခဲ့သကဲ့သို့ပင်။
တော်ဝင်ချန်နန်းတော်သည် ရှမ့်လန်၏ မြင်ကွင်းနှင့် အလွန် ဝေးကွာနေသော်လည်း သူ့ခန္ဓာကိုယ်သည် အလွန်အားကောင်းသဖြင့် တစ်ချက်ကြည့်လိုက်ရုံဖြင့် ညီလာခံအတွင်းသို့ မြင်နိုင်၏။
မကြာမီ သူသည် ရင်းနှီးသော မျက်နှာ အများအပြားကို တွေ့လိုက်ရ၏။ ထိုသူတို့သည် ရွှဲ့ပြည်နယ် နန်းတွင်းတွင် သူ မြင်ဖူးသော သူများ ဖြစ်ကြသည်။ အများစုမှာ ကျူးကလန်၏ အရာရှိများ ဖြစ်ကြသည်။ သို့သော်ငြား ထျန်းယွဲ့မြို့တိုက်ပွဲပြီးနောက် အပြစ်ရှိသော အရာရှိအားလုံး အသတ်ခံခဲ့ရသည်။ ကျန်ရှိနေသော ကျူးကလန်အရာရှိများသည် မည်သည့် ပြစ်မှုမှ မကျူးလွန်ခဲ့ကြပေ။ သူတို့သည် ရွှဲ့ပြည်နယ် ဘက်တော်သား များ ဖြစ်ခဲ့သောကြောင့်သာ ဖမ်းဆီး အကျဉ်းချခံခဲ့ရခြင်း ဖြစ်သည်။
ရှမ့်လန် တော်ဝင်ရန်အင်ပါယာကို အနိုင်ယူပြီးနောက် ပြစ်မှုမကျူးလွန်ခဲ့သော ဤအရာရှိအားလုံး လွတ်မြောက်လာခဲ့သည်။ သို့သော်ငြား ရွှဲ့ပြည်နယ်တွင် သူတို့ နေစရာနေရာ မရှိတော့သကဲ့သို့ ဖြစ်နေခဲ့၏။
ကျူးဟုန်ရွှဲ့သည် ကျူးကျွင်း၊ ကျူးဟုန်ပင်း၊ ကျူးနင်နှင့် အခြားသူများကို ခေါ်ဆောင်လာစဉ်က နေစရာ နေရာ မရှိသော ဤလူများကိုပါ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ ထိုသူတို့သည် ရှမ့်လန်နှင့် တော်ဝင်ချန် အင်ပါယာကို သစ္စာစောင့်သိသော နောက်ဆုံး အရာရှိများ ဖြစ်လာလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပေ။
ဤလောကကြီး၏ အပြောင်းအလဲများသည် အလွန် ထူးဆန်းလွန်းလှသည်။ ထိုစဉ်က သူနှင့် ဘက်ကန်ခဲ့သော ကျူးမိသားစုမှ အရာရှိများသည် သူ့ကို သစ္စာစောင့်သိသောအရာရှိများ ဖြစ်လာလိမ့်မည်ဟု ရှမ့်လန် လုံးဝမထင်ခဲ့ပေ။
ရှမ့်လန်သည် မသေဆုံးမီ ဒူးထောက်ခဲ့သော ကျူးဟုန်ကျူးကို ပြန်လည် သတိရလိုက်မိသည်။ ကျူးဟုန်ကျူး သည် အော်ဟစ်ခဲ့သည်။ “အရှင် သက်တော်ရာကျော် ရှည်ပါစေ။အရှင် အသက်ရာကျော် ရှည်ပါစေ။”
သူ သေရမှာကို မကြောက်ခဲ့ပေ။ အရှေ့ပိုင်း ရှေးရိုးစွဲဝါဒီများ၏ ဖယ်ကြဉ်ခြင်းခံရမည်ကိုသာ ကြောက်ရွံ့ ခဲ့သည်။ ကျူးဟုန်ကျူးသည် တော်ဝင်ရန်အင်ပါယာကို သစ္စာစောင့်သိခဲ့၏။ သို့သော်ငြား ရှမ့်လန်သည် တော်ဝင်ရန်အင်ပါယာကို အနိုင်ယူပြီး အရှေ့ပိုင်း ရှေးရိုးစွဲဝါဒီများ၏ ခေါင်းဆောင်နေရာကို အစားထိုး ရယူလိုက်ချိန်မှာတော့ ကျူးဟုန်ကျူးအနေဖြင့် ရှမ့်လန်ကို သစ္စာခံရမည်မှာ သဘာဝပင်။
သို့သော်ငြား သူ့တွင် အခွင့်အရေး မရှိတော့သကဲ့သို့ ဂုဏ်သိက္ခာလည်း မရှိတော့ပေ။ သေဆုံးရုံသာ ရှိတော့သည်။ သေဆုံးသွားလျှင်ပင် ကျူးဟုန်ကျူးသည် ရှမ့်လန်၏လက်ချက်ဖြင့် အရှေ့ပိုင်း ပညာရှင် အရာရှိ အဆင့်အတန်းမှ ထုတ်ပယ်ခြင်း မခံလိုခဲ့ပေ။
ထို့ကြောင့် ကျူးဟုန်ကျူး သေဆုံးပြီးနောက် ရှမ့်လန်သည် ကျူးဟုန်ကျူး၏ ပညာရှင်အရာရှိ အဆင့်အတန်းကို ရုပ်သိမ်းကြောင်း အမိန့် မထုတ်ခဲ့ပေ။ ထိုအစား သူ့အား အရှေ့ပိုင်း မင်းဆက်၏ ပညာရှင် အရာရှိ တစ်ဦး အဖြစ် အသိအမှတ်ပြုခဲ့သည်။
ကျူးဟုန်ရွှဲ့က တုန်ယင်သော အသံဖြင့် မေးလိုက်၏။ “အရှင်... အရှင်ရဲ့ အရာရှိတွေကို တွေ့ချင်ပါသလား။”
သူသည် ဤနေ့ရက်ကို အချိန်ကြာမြင့်စွာ အိပ်မက်မက်ခဲ့ရသည်။
ရှမ့်လန်သည် ဂိုဏ်းချုပ်ကျိုးရှီကို ခမ်းနားထည်ဝါသော ခန်းမကြီးထဲတွင် မတွေ့ရကြောင်း သတိပြုမိလိုက်၏။
မင်းသမီး နင်ဟန်က ပြောလိုက်သည်။ “ဆရာက ရှင့်ကို သွားရှာနေတာ။ ရှင် သေပြီလို့ သူ မယုံကြည်ဘူး။”
သူမက ဆက်ပြောသည်။ “ဘာလို့လဲဆိုတော့ ရှင် ရန်မြို့တော်ကို သွားပြီး တော်ဝင်ရန်အင်ပါယာနဲ့ မတိုက်ခိုက်ခင်တုန်းက သူ့ကို တွေ့ပြီး လျှို့ဝှက် စကားပြောခဲ့သေးတယ်။ အဲဒီ စကားဝိုင်းကပဲ သူ့ကို မျှော်လင့်ချက်တွေ ပေးခဲ့တာ၊ ကျွန်မတို့ကိုလည်း မျှော်လင့်ချက်တွေ ပေးခဲ့တာ။ ဒါကြောင့် လွန်ခဲ့တဲ့ ဆယ်နှစ်လုံးလုံး သူက ရှင့်ကို လောကအနှံ့ လိုက်ရှာနေခဲ့တာ။ အမှောင်အင်ပါယာရဲ့ ပြင်ပက ဆန်းကြယ်တဲ့ နေရာတိုင်းလိုလိုကို သူ ရှာဖွေခဲ့ပြီးပြီ။”
ကျူးဟုန်ရွှဲ့က ထပ်မံ မေးမြန်းလိုက်၏။ “အရှင်... အရှင်ရဲ့အရာရှိတွေကို တွေ့ချင်ပါသလား။ အရှင်ရဲ့ ပြည်သူ သောင်းချီကို တွေ့ချင်ပါသလား။”
မိုကျင်းရှိ ညီလာခံသည် အလွန် ခမ်းနားလေးနက်လှသည်။ အရာရှိအားလုံး ဦးတိုက်ရုံသာမက ပြည်သူ သောင်းချီသည်လည်း တော်ဝင်ချန်နန်းတော် အပြင်ဘက်တွင် ဒူးထောက်နေကြရသည်။ ဆယ်စုနှစ်များသည် တစ်ရက်ကဲ့သို့ ကုန်ဆုံးသွားခဲ့၏။ ထို့ကြောင့် အသက်ရှင် ကျန်ရစ်သူ သိန်းချီသည် ရှမ့်လန်အပေါ် အလွန် သစ္စာရှိပြီး ရူးသွပ်မတတ် ကိုးကွယ်ကြသည်။
ကျိုးရှီသည် ဤထုံးတမ်းစဉ်လာ သဘောတရားကို အသုံးပြု၍ ရှမ့်လန်၏ အဆင့်အတန်းကို မြှင့်တင်ပေးခဲ့ပြီး ဘုရားသခင် နီးပါး ဖြစ်စေခဲ့သည်။ ဤအချိန်တွင် ဦးတိုက်ခြင်း ပြီးဆုံးသွားပြီ ဖြစ်သော်လည်း ညီလာခံ ဆက်လက် ကျင်းပနေဆဲ ဖြစ်၏။
သို့သော်ငြား နန်းတော် အပြင်ဘက်ရှိ ပြည်သူ သောင်းချီသည် ထွက်ခွာလိုစိတ် မရှိကြသေးပေ။ သူတို့သည် အင်ပါယာ၏ သွန်သင်ဆုံးမမှုကို နားထောင်ရန် စောင့်ဆိုင်းနေသကဲ့သို့ ရင်ပြင်တွင် တိတ်ဆိတ်စွာ ရပ်နေကြသည်။ အများအားဖြင့် တစ်သီးပုဂ္ဂလကိုးကွယ်မှုသည် မမှန်ကန်ပေ။ သို့သော်ငြား ဤကဲ့သို့ စိတ်ပျက်အားငယ်ဖွယ် ကောင်းသော အချိန်တွင် ၎င်းသည် ပြည်သူတို့၏ နှလုံးသားကို စည်းလုံးစေနိုင်သည်။
ရှမ့်လန် ခေါင်းခါလိုက်ပြီး ငြင်းဆိုလိုက်၏။ “ကျုပ် သူတို့ကို တွေ့ပါမယ်။ ဒါပေမဲ့ အခု မဟုတ်သေးဘူး။ သူတို့ကို မတွေ့ခင် ကျုပ်ရဲ့ မူလရုပ်ရည်နဲ့ ပုံစံကို ပြန်ပြောင်းချင်တယ်။ သူတို့ကို စိတ်မပျက်စေချင်ဘူး။”
“ကောင်းပါပြီ အရှင်...”
ကျူးဟုန်ရွှဲ့က မေးလိုက်သည်။ “ဘယ်တော့လောက်လဲ အရှင်...”
သူ အမှန်တကယ် မစောင့်နိုင်တော့ပေ။
ရှမ့်လန် ခေတ္တမျှ စဉ်းစားပြီး ဖြေလိုက်၏။ “အနည်းဆုံး သုံးရက် နောက်ပိုင်းပေါ့။ ဒီ သုံးရက်အတွင်း ပြဇာတ်ကြီး တစ်ပုဒ် ကပြလိမ့်မယ်။ အရမ်း စိတ်ဝင်စားဖို့ ကောင်းလိမ့်မယ်။”
ကျန်းလီ၏လျှို့ဝှက်စာတွင် သူသည် အယောင်ဆောင် တစ်ယောက်နှင့်အတူ မိုကျင်း အတွင်းသို့ ထိုးဖောက် ဝင်ရောက်ထားကြောင်း ရေးသားထားသည်။ ရှမ့်လန် အနေဖြင့် သုံးရက်အတွင်း ထိုသူကို မဖော်ထုတ်နိုင်ပါက မိုကျင်းသည် ကပ်ဘေးနှင့် ရင်ဆိုင်ရပေလိမ့်မည်။
ဤသည်မှာ ရှမ့်လန်နှင့် ကျန်းလီကြားက ပထမဆုံး ကစားပွဲ ဖြစ်သည်။ ထို့အပြင် ဤနေရာသည် ရှမ့်လန်၏ ပိုင်နက် ဖြစ်၏။ သူသည် မိုင်သောင်းချီ ဝေးကွာသော နေရာမှ ကျန်းလီကို အနိုင်မယူနိုင်ပါက နောက်တစ်ပွဲ အတွက် မည်သည့် မျှော်လင့်ချက် ရှိမည်နည်း။
ရှမ့်လန်က အမိန့်ပေးလိုက်သည်။ “ကျုပ်ကို လျှို့ဝှက်တဲ့နေရာတစ်ခုဆီ ခေါ်သွားပေးပါ။ ကျုပ် ဘယ်သူ့ကိုမှ မတွေ့ချင်ဘူး။”
သူက ဆက်ပြော၏။ “ဘာ အံ့ဩစရာမှ မရှိရင် ဒီညနေမတိုင်ခင် ပြဇာတ်ကြီး စတင်လိမ့်မယ်။”
ကျူးဟုန်ရွှဲ့က ပြောလိုက်သည်။ “ကောင်းပါပြီ အရှင်...”
ထို့နောက် ကျူးဟုန်ရွှဲ့နှင့် နင်ဟန်တို့သည် ရှမ့်လန်ကို ပိရမစ်ကြီး၏ အနောက်ဘက်ရှိ အဆောက်အအုံ တစ်ခုသို့ ခေါ်ဆောင်သွားပြီး ထိုနေရာတွင် တည်းခိုစေ၏။
ကျူးဟုန်ရွှဲ့က ရှင်းပြလိုက်သည်။ “အရှင်... အရှင်က နန်းတော်ထဲမှာ ဒါမှမဟုတ် အလယ်ဗဟိုက ပိရမစ်ကြီး ထဲမှာ တည်းခိုသင့်တာပါ။ ဒါပေမဲ့ အရှင်က ကိုယ်ထင်မပြချင်သေးတော့ နန်းတော်ဆီသွားလို့ မရဘူး။ ပိရမစ်ကြီးကိုလည်း ဆရာကပဲ ဖွင့်လို့ရတာမို့ ဒီမှာပဲ တည်းခိုစေရတာပါ။ ခွင့်လွှတ်ပေးပါ အရှင်...”
ရှမ့်လန်က ပြောလိုက်၏။ “ကိစ္စ မရှိပါဘူး။”
ထို့နောက် ရှမ့်လန်နှင့် မင်းသမီးလေးရှမ့်မီတို့သည် ဤရှေးဟောင်း အဆောက်အအုံတွင် တည်းခိုလိုက်ကြ၏။ မင်းသမီးနင်ဟန်၏ အမျိုးသမီး စစ်သည်တော်များသည် သူတို့၏ နေထိုင်စားသောက်ရေးကို ဂရုစိုက်ရန် ယာယီအိမ်ဖော်များ ဖြစ်လာကြသည်။
မရေမတွက်နိုင်သော အရသာရှိသော အစားအစာများ၊ အဝတ်အစားများနှင့် ပစ္စည်းများကို ရေစီးကမ်းပြိုသကဲ့သို့ ပို့ဆောင်ပေးကြ၏။
ထို့အပြင် ကျူးဟုန်ရွှဲ့ကဲ့သို့သော ခန့်ညားထည်ဝါသည့် တပ်မှုးကြီးသည် တံခါးစောင့် ဖြစ်လာပြီး တံခါးဝတွင် စောင့်ကြပ်ကာ မည်သူ့ကိုမှ ဝင်ထွက်ခွင့် မပြုပေ။
...
မြင့်မားသော ပြတင်းပေါက်အတွင်းတွင် ရှမ့်လန်နှင့် မင်းသမီးနင်ဟန်တို့သည် ယှဉ်တွဲ ရပ်နေပြီး အပြင်ဘက် ရှုခင်းကို ကြည့်နေကြသည်။
မင်းသမီးနင်ဟန်က ပြောလိုက်၏။ “ဒီမြို့က အရမ်းရှေးကျပြီး ရိုးရှင်းတယ်။ အရှေ့တိုင်းအင်ပါယာနဲ့ ပျောက်ဆုံးအင်ပါယာ လောက် လက်ရာမမြောက်ပေမဲ့ ရင်သပ်ရှုမောဖွယ်ရာကောင်းတဲ့ အလှတရား တစ်မျိုး ရှိတယ်။”
ရှမ့်လန်က ထောက်ခံလိုက်သည်။ “သူတို့က ပိုမို သန့်စင်တဲ့ အလှအပဆိုင်ရာ အမြင်ကို စွဲကိုင်ထားကြတယ်။”
မင်းသမီး နင်ဟန်က မေးလိုက်၏။ “အရှင်... ဒီညနေမတိုင်ခင် ပြဇာတ်ကြီး တစ်ပုဒ် စတင်မယ်လို့ ပြောခဲ့တယ်နော်။”
ရှမ့်လန်က ဖြေသည်။ “ဟုတ်တယ်။ မထင်မှတ်ထားတာ ဘာမှ မဖြစ်ရင် အဲဒီလို ဖြစ်လာမှာပါ။”
နင်ဟန်က ပြောလိုက်၏။ “ပြဇာတ် မအောင်မြင်ရင် ဘာဖြစ်မလဲ။”
ရှမ့်လန်က ပြောလိုက်သည်။ “မိုကျင်းတစ်ခုလုံး ပျက်စီးသွားလိမ့်မယ်။ ပြီးတော့ လူသားတွေရဲ့ နောက်ဆုံး မျှော်လင့်ချက် လုံးဝ ပျောက်ဆုံးသွားလိမ့်မယ်။”
မင်းသမီး နင်ဟန်က ပြောလိုက်၏။ “ဒါက ရှင်နဲ့ အင်ပါယာကျန်း ကြားက ကစားပွဲလား။”
ရှမ့်လန်က ပြောလိုက်သည်။ “ဟုတ်တယ်။ ပြီးတော့ ဒါက ကျုပ်ပိုင်နက်ပဲ။ သူက ကျုပ်ပိုင်နက်မှာ ကျုပ်ကို စိန်ခေါ်နေတာ။”
မင်းသမီးနင်ဟန်သည် ကောင်းကင်ယံရှိ နေမင်းကြီးကို ကြည့်လိုက်၏။ မွန်းတည့်ချိန် ကျော်လွန်နေပြီ ဖြစ်သောကြောင့် နေမင်းကြီးသည် အနောက်ဘက်သို့ အနည်းငယ် ယိမ်းနေသည်။ သူတို့နှစ်ဦးသည် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြ၏။
နင်ဟန်က မေးလိုက်သည်။ “နေဝင်ရင် ဖြစ်လာမှာလား။”
ရှမ့်လန်က ဖြေ၏။ “ဟုတ်တယ်။”
သူက ဆက်ပြောသည်။ “အဲဒီလူက အမြဲတမ်း ထုံးတမ်းစဉ်လာကို အလေးထားတယ်။ ကျုပ် သူ့ကို တဖြည်းဖြည်း နားလည်လာပြီ။ သူက သေချာပေါက် နေဝင်ချိန်မှာ ပြဇာတ်ကြီးကို စတင်လိမ့်မယ်။ ကစားပွဲကို စတင်လိမ့်မယ်။”
နေမင်းကြီးသည် တဖြည်းဖြည်း အနောက်ဘက်သို့ ယိမ်းလာခဲ့၏။ ကျယ်ပြောလှသော သဲကန္တာရကြီးထဲတွင် နေဝင်ဆည်းဆာသည် အထူးပင် လှပနေ၏။
အလွန် ကြီးမားသည်၊ အလွန် နီရဲသည်၊ အလွန် လှပသည်။ ဤနေရာသည် သဲကန္တာရ ဖြစ်သော်လည်း အင်ပါယာကျန်းလီ၏ လွှမ်းခြုံမှု မရှိပေ။ ငရဲသလင်းကျောက်များ မရှိ၊ နှင်းနှင့် ရေခဲများ မရှိ၊ အပူချိန် အနှုတ် ဆယ်ချီ၊ ရာချီ မရှိပေ။ ထို့ကြောင့် လူသားများအတွက် နတ်ဘုံတစ်ခု ကဲ့သို့၊ အလင်းနယ်မြေ ကဲ့သို့ ရှိနေဆဲ ဖြစ်သည်။
နေမင်းကြီးသည် မိုးကုပ်စက်ဝိုင်းအောက်သို့ ဝင်ရောက်တော့မည် ဖြစ်သည်။ သို့သော်ငြား ရှမ့်လန် ပြောခဲ့သော ပြဇာတ်ကြီး ဖြစ်မလာခဲ့ပေ။ မိုကျင်းတစ်ခုလုံးတွင် မည်သည့် အပြောင်းအလဲမှ မရှိသေးချေ။
လေထုသည် အနည်းငယ် တင်းမာနေသကဲ့သို့ ရှိ၏။
တင်းမာမှုကို လျှော့ချလိုသည့်အလား မင်းသမီး နင်ဟန်က ရုတ်တရက် ပြောလိုက်သည်။ “အရှင်... စိတ်ကို ပြင်ဆင်ထားပါ။ ဆရာ ပြန်ရောက်လာရင် ကျွန်မ ကိုယ်စား လက်ထပ်ခွင့် တောင်းပါလိမ့်မယ်။”
ရှမ့်လန် ကြောင်အသွားရသည်။ ‘လက်ထပ်ခွင့် တောင်းမယ် ဟုတ်လား။ အရင်တုန်းက စေ့စပ်မှုကို ဆက်ပြီး ထိန်းသိမ်းမှာလား။ ကျန်းလီနဲ့ နင်ယွမ်ရှန်းတို့ရဲ့ စေ့စပ်မှုကို ဆက်လက် ထိန်းသိမ်းပြီး သူ့ကို နင်ဟန်နဲ့ လက်ထပ်ခိုင်းမှာလား။ ဒါပေမဲ့ ကျန်းလီက လောကဖျက်ဆီးသူ ဖြစ်နေပြီလေ။ ဒီစေ့စပ်မှုကို ဆက်ပြီး ထိန်းသိမ်းဖို့ လိုအပ်သေးလို့လား။ လောကကြီး အရေးကြီးနေတဲ့အချိန်မှာ အချစ်ရေး ကိစ္စ သေးသေးမွှားမွှားလေးတွေကို ဘယ်သူက ဂရုစိုက်နေမှာလဲ။’
မင်းသမီးနင်ဟန်က ရှင်းပြ၏။ “ဒီ စေ့စပ်မှုက ကျွန်မ အဖေနင်ယွမ်ရှန်းနဲ့ ကျန်းလီတို့ သတ်မှတ်ခဲ့တာတင်မကဘဲ ပိုမို နက်ရှိုင်းတဲ့ မဟာမိတ်ဖွဲ့ခြင်းနဲ့လည်း သက်ဆိုင်ကောင်းသက်ဆိုင်နိုင် ပါတယ်။”
ထိုအချိန်၌ မိုးကုပ်စက်ဝိုင်းပေါ်ရှိ နေဝင်ဆည်းဆာ အရိပ်ထဲတွင် အနက်ရောင် အရိပ်နှစ်ခု ပေါ်လာခဲ့သည်။
ရှမ့်လန်က ပြောလိုက်၏။ “လာပြီ။ ပြဇာတ်ကြီး စတော့မယ်။”
ရှမ့်လန်နှင့် ကျန်းလီကြားက ပထမဆုံး ကစားပွဲ တရားဝင် စတင်တော့မည်။ သူသည် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေပြီး အနိုင်ရမည်ဟုလည်း ယုံကြည်ချက် အပြည့် ရှိနေသည်။
...............
သူ့ရှေ့မှ မြင်ကွင်းသည် အမှန်တကယ်ပင် အလွန် ထုံးတမ်းစဉ်လာ ဆန်လှသည်။ နေဝင်သွားသည်နှင့် နေဝင်ဆည်းဆာ အရိပ်ထဲတွင် အနက်ရောင် အစက်နှစ်စက် ရုတ်တရက် ပေါ်လာခဲ့၏။ နေပြောက်များနှင့်ပင် အနည်းငယ် တူညီနေသေး၏။
ခဏအကြာတွင် အနက်ရောင် အစက်နှစ်စက်သည် ပိုမို နီးကပ်လာပြီး လူရိပ်နှစ်ခုသည် ပိုမို ကြီးမား လာသကဲ့သို့ ရှိသည်။ သို့သော်ငြား သူတို့၏ မျက်နှာများကို ရှင်းရှင်းလင်းလင်း မမြင်ရသေးဘဲ ဝိုးတဝါး ပုံရိပ်များသာ မြင်ရသေးသည်။
မင်းသမီး နင်ဟန်က ပြောလိုက်၏။ “အရှင်... ဆရာ ပြန်ရောက်လာပါပြီ၊ ပြီးတော့ နောက်ထပ် လူတစ်ယောက်လည်း ပါလာပါတယ်။”
သူမ၏အကြည့်သည် ရှမ့်လန်ထံသို့ ရောက်ရှိနေပြီး ‘ရှင်ပြောတဲ့ ပြဇာတ်ကြီး စပြီလား။’ ဟု မေးမြန်းနေသကဲ့သို့ပင်။
ရှမ့်လန် ခေါင်းညိတ်လိုက်သည်။
မင်းသမီး နင်ဟန်က မေး၏။ “ကျွန်မ သွားကြိုဖို့ လိုမလား။”
ရှမ့်လန်က ပြန်မေးလိုက်သည်။ “အခုချိန်ထိ မင်းတစ်ယောက်တည်းပဲ ဒီနေရာကို ဝင်လို့ရတာလား။”
မင်းသမီး နင်ဟန် ခေါင်းညိတ်လိုက်၏။ “ဟုတ်ပါတယ်။ တခြားသူတွေရဲ့ မျက်လုံးထဲမှာ ကျွန်မတို့ မိုကျင်း မြို့တော်ကို လုံးဝ မမြင်ရပါဘူး။ အဆုံးမဲ့ သဲဝါတွေကိုပဲ မြင်ရတာပါ။ ဆရာလည်း ခြွင်းချက် မဟုတ်ပါဘူး။ ကျွန်မ သွားကြိုရမလား။ သွားကြိုရမယ်ဆိုရင် အခုပဲ သွားလိုက်ပါမယ်။ ရှင် သဘောမတူရင် နောက်ရက်နည်းနည်း ကြာမှ သွားပါမယ်။”
ရှမ့်လန် အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီးမှ အဖြေပေးလိုက်သည်။ “အခု သွားလိုက်ပါ။”
မင်းသမီး နင်ဟန်က မေး၏။ “သေချာရဲ့လား။”
ရှမ့်လန်က ဖြေလိုက်၏။ “သေချာပါတယ်။”
“ကောင်းပါပြီ။” မင်းသမီး နင်ဟန်သည် အပြင်သို့ ထွက်ခွာသွားပြီး အထူး စီးနင်းစရာ တစ်ခုကို စီးကာ ကျိုးရှီနှင့် အခြားသူစိမ်းတစ်ယောက်ကို ကြိုဆိုရန် အနောက်ဘက် ကောင်းကင်ယံသို့ ပျံသန်းသွားသည်။ မကြာမီ သူမသည် မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့၏။
***