ထို့နောက် ရှမ့်လန်သည် မိုးကုပ်စက်ဝိုင်းကို ဆက်လက် ကြည့်ရှုနေခဲ့သည်။ နေမင်းကြီးသည် မကြာမီ လုံးဝ ဝင်ရောက်သွားပြီး ညဉ့်နက်ချိန် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သို့သော်ငြား မိုကျင်း မြို့တော် တစ်ခုလုံး လင်းထိန်နေ၏။ အထူးသဖြင့် ကောင်းကင်ကို မော့ကြည့်နေသော ရုပ်တုသည် နွေးထွေးပြီး တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်ကာ မြို့တော် တစ်ခုလုံးကို အလင်းပေးထားသည်။
‘ဒါက တကယ်ကို ထူးဆန်းတယ်။ အလင်းရောင်က နေမင်းကြီးလောက် မစူးရှပေမဲ့ လမင်းကြီးထက် ပိုလင်းနေတယ်။ ဒီရှေးဟောင်း မြို့တော်ကြီးက ရှေးကျတဲ့အချိန်တုန်းကတည်းက ညဘက် မီးထွန်းတဲ့ ပြဿနာကို လုံးဝ ဖြေရှင်းနိုင်ခဲ့တာပဲ။’
မိုကျင်းမြို့တော်၏ နေ့စဉ်ဘဝသည် အလွန်ပင် ပုံသေကားကျနိုင်လှပြီး တင်းကျပ်သော စည်းကမ်းများဖြင့် ဝန်းရံထားသည်။ မြို့သူမြို့သားများမှာ မိမိတို့၏ လုပ်ငန်းဆောင်တာများနှင့် ကိုယ်စီအလုပ်ရှုပ်လျက် ရှိကြပြီး၊ အထူးသဖြင့် ကလေးငယ်များ၏ စာသင်ချိန်မှစ၍ ညဘက်အိပ်စက်ချိန်အထိ စနစ်တကျ သတ်မှတ် ပြဋ္ဌာန်းထားသည်။ လူကြီးများမှာလည်း ဤစည်းကမ်းမှ ကင်းလွတ်ခွင့်မရှိဘဲ ညစဉ် (၁၁) နာရီတိတိတွင် တစ်မိနစ်မှ အလိုအပိုမရှိ အိပ်ရာဝင်ကြရ၏။
သာမန်အချိန်မျိုး၌ ထိုကဲ့သို့ ချုပ်ချယ်မှုများပြားသည့် လူနေမှုပုံစံသည် ငြီးငွေ့ဖွယ်ကောင်းလှသော်လည်း၊ ယခုကဲ့သို့ မျှော်လင့်ချက်ကင်းမဲ့နေသော ကာလမျိုးတွင်မူ စည်းကမ်းစနစ်ရှိခြင်းကပင် အဖွဲ့အစည်းတစ်ခုလုံး ရေရှည် ရှင်သန်နိုင်ရေးအတွက် အထောက်အကူဖြစ်စေသည်။
အချိန်နာရီအလိုက် လုပ်ဆောင်ရမည့် ညွှန်ကြားချက်များ ရှိနေခြင်းကြောင့် လူများအဖို့ စိတ်ဓာတ်ကျကာ တွေဝေ ငေးငိုင်နေမည့် အခွင့်အရေးလည်း နည်းပါးသွားစေသည်။ လုပ်ဆောင်နေသော အလုပ်များမှာ တစ်ခါတစ်ရံ အနှစ်သာရကင်းမဲ့နေပါစေ၊ ဘာမျှမလုပ်ဘဲ နေခြင်းထက်စာလျှင် လုပ်စရာတစ်ခုခု ရှိနေခြင်းက လူသားတို့၏ စိတ်ဓာတ်တည်မြဲရေးအတွက် ပိုမိုအရေးကြီးသော အချက်ဖြစ်သည် မဟုတ်ပါလား။
ရှမ့်လန် အကြာကြီး စောင့်ဆိုင်းနေခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် နင်ဟန်သည် ကွေ့ကောက် ရှုပ်ထွေးနေသော စွမ်းအင် လှိုဏ်ခေါင်းကို ဖြတ်သန်းပြီး လူများကို ခေါ်ဆောင်လာရသောကြောင့် ဖြစ်သည်။ အမှားအယွင်း အဖြစ်ခံ၍ မရပေ။ ထို့ကြောင့် ဖြောင့်တန်းနေပုံရသော်လည်း မိုကျင်း မြို့တော်၏ အာကာသ အတားအဆီး အတွင်းသို့ ဝင်ရောက်ရန် အလွန် ခက်ခဲလှသည်။ ထို့ကြောင့် အချိန်ကြာမြင့်မည်။
ရှမ့်လန်သည် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့၏။ သူ့သမီး ရှမ့်မီသည် အိပ်ပျော်နေပြီဖြစ်ပြီး အလွန် နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။
ကျူးဟုန်ရွှဲ့သည် ရှမ့်လန်၏ အနောက်သို့ ရောက်ရှိလာပြီး မေးလိုက်၏။ “အရှင်... နောက်ဘာဆက်ဖြစ်မလဲ။”
ရှမ့်လန်က ဖြေသည်။ “အရမ်း စိတ်ဝင်စားဖို့ ကောင်းမှာပါ။”
ကျူးဟုန်ရွှဲ့က မေးလိုက်၏။ “အန္တရာယ် ရှိလား။”
ရှမ့်လန်က ပြောလိုက်သည်။ “အန္တရာယ် မရှိပါဘူး။ ဒါပေမဲ့ အရမ်း ပြောင်းလဲသွားလိမ့်မယ်။”
ကျူးဟုန်ရွှဲ့ ခေတ္တလောက် တိတ်ဆိတ်နေပြီးမှ ပြောလိုက်၏။ “အရှင်... ကျုပ် အရှင်ဘက်မှာ အမြဲ ရပ်တည်နေမှာပါ။”
ထိုအချိန်၌ ရုတ်တရက် အနက်ရောင် ပုံရိပ်သုံးခုသည် သူ့မြင်ကွင်းနယ်ပယ် အတွင်းသို့ ပေါ်လာခဲ့၏။ အပြင်ဘက် အမှောင်ထုထဲမှ မိုကျင်း၏ တောက်ပသော မြင်ကွင်းနယ်ပယ်ထဲသို့ ပြေးဝင်လာသကဲ့သို့ပင်။ ဤအကွာအဝေးတွင်ပင် သူတို့ကို ရှင်းလင်းစွာ မြင်နိုင်သည်။
ဤသုံးဦးမှာ မင်းသမီး နင်ဟန်၊ ဂိုဏ်းချုပ်ကျိုးရှီ နှင့် နောက်ဆုံးတစ်ဦးမှာ အမှန်တကယ် ရှမ့်လန် ဖြစ်နေခဲ့သည်။ မှန်ပေသည်၊ ရှမ့်လန် ဖြစ်၏။ ရှမ့်လန်၏ ပုံပန်းသဏ္ဍာန်သည် ယခင်နှင့် ရာနှုန်းပြည့် တူညီနေ၏။
ကျူးဟုန်ရွှဲ့သည် တစ်ချက်ကြည့်လိုက်ရုံဖြင့် ချက်ချင်း ကြောင်အသွားရသည်။ သူ့မျက်လုံးများ ပြူးကျယ်သွားပြီး ရှေ့မှမြင်ကွင်းကို မယုံနိုင်သကဲ့သို့ ဖြစ်သွားရ၏။ သူ ထိုရှမ့်လန်ကို ခေတ္တမျှ ကြည့်လိုက်ပြီးနောက် သူ့ဘေးရှိရှမ့်လန်ကို တစ်ချက် ကြည့်လိုက်သည်။ သူ့အကြည့်များ ဝေဝါးနေပြီး တစ်ကိုယ်လုံး တွေဝေငေးငိုင်နေသကဲ့သို့ ဖြစ်သွားရသည်။ သို့သော်ငြား လျင်မြန်စွာပင် သူ့အကြည့်များ ပြတ်သားသွားခဲ့သည်။
“ကျုပ် စကားတစ်ခွန်းတည်းပဲ ရှိတယ်။ အရှင်ကို အမြဲတမ်း ယုံကြည်ပါတယ်။”
နင်ဟန်၊ ကျိုးရှီ နှင့် ထိုရှမ့်လန်တို့သည် မိုကျင်း မြို့တော်၏ ရင်ပြင်တွင် ဆင်းသက်လိုက်ကြသည်။ ခဏအကြာတွင် မိုကျင်း တစ်ခုလုံး ဆူညံသွားခဲ့၏။ လူပေါင်းများစွာ ရေလှိုင်းပမာ တိုးထွက်လာကြသည်။ အရာရှိ၊ အမှုထမ်း အားလုံး၊ စစ်သည်တော် အားလုံး၊ အသက်ရှင် ကျန်ရစ်သူ အားလုံး၊ လူ သိန်းချီသည် ရဲရဲဝံ့ဝံ့ ထွက်လာကြပြီး ထိုရှမ့်လန်ကို ဒူးထောက် ဦးတိုက်က်ကြ၏။
“အရှင် သက်တော်ရာကျော် ရှည်ပါစေ။၊ အရှင် သက်တော်ရာကျော် ရှည်ပါစေ။၊ အရှင် သက်တော်ရာကျော် ရှည်ပါစေ။”
“တော်ဝင်ချန်အင်ပါယာ သက်တော်ရာကျော် ရှည်ပါစေ။၊ အရှင် သက်တော်ရာကျော် ရှည်ပါစေ။၊ အရှင် သက်တော်ရာကျော် ရှည်ပါစေ။”
လူ သိန်းချီသည် ပြိုင်တူ အော်ဟစ်ကြရာ သူတို့၏ အသံများသည် မိုးကောင်းကင်ကို တုန်ခါသွားစေခဲ့သည်။ သူတို့သည် လုံးဝ ဖော်ပြ၍ မရနိုင်လောက်အောင် စိတ်လှုပ်ရှားနေကြ၏။ ဤလူ သိန်းချီသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ အကြိမ်ကြိမ် အော်ဟစ်နေကြသည်။ နောက်ဆုံးတွင် သူတို့သည် ထိန်းချုပ်၍ မရနိုင်အောင် ရှိုက်ကြီးတငင် ငိုကြွေးကြပြီး မြေပြင်ပေါ်တွင် ဝပ်တွားကာ ပြန်မထနိုင်တော့ပေ။
စုစုပေါင်း ၂၉ နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်၏။ ကောင်းကင်ပင်လယ်နန်းဆောင်၏ အထက်ပိုင်း ခေါင်းဆောင် အားလုံးက အရှင်ရှမ့်လန် မသေသေးကြောင်း သူတို့ကို အကြိမ်ကြိမ် ပြောပြခဲ့သည်။ အရှင်ရှမ့်လန်သည် တစ်နေ့တွင် ဧကရာဇ်တစ်ပါး အနေဖြင့် ပြန်လာပြီး လောကကြီးကို ကယ်တင်မည်။ လူတိုင်းကို ဦးဆောင်ပြီး အမှောင်အင်ပါယာကို အနိုင်ယူမည်ဟု ပြောပြခဲ့သည်။
ထိုအချိန်ရောက်လျှင် လူတိုင်း မိမိတို့၏ ဇာတိမြေသို့ ပြန်နိုင်မည်။ လောကကြီး အလင်းရောင် ပြန်ရမည်ဟု ပြောပြခဲ့သည်။ မုသားတစ်ခုကို အကြိမ် ၁ သောင်း ပြောလျှင် အမှန်တရား ဖြစ်လာတတ်သည်။ ထို့အပြင် ရှမ့်လန်သည် အံ့ဖွယ်ရာများစွာ ဖန်တီးခဲ့ပြီး လောကကြီး အကြီးအကျယ် မပြောင်းလဲမီက သူသည် တော်ဝင်ရန်အင်ပါယာကို အမှန်တကယ် အနိုင်ယူခဲ့ပြီး အရှေ့လောက၏ အရှင်သခင် ဖြစ်လာခဲ့၏။
နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်၏။ အလားတူ စကားများကို အကြိမ်သောင်းချီ ထပ်ခါတလဲလဲ ပြောဆိုခဲ့ကြသည်။ လူသိန်းချီသည် ဘုရားသခင်ကို ကိုးကွယ်သကဲ့သို့ နေ့တိုင်း ဒူးထောက်ခဲ့ကြသည်။ သူတို့သည် အမှောင်ထုနှင့် မျှော်လင့်ချက်မရှိသော အခြေအနေတွင် ရှိနေသောကြောင့် ကယ်တင်ရှင် ရောက်လာမည်ကို အထူး တောင့်တနေကြသည်။ ထို့ကြောင့် ရှမ့်လန်ဆိုသော ရောင်ခြည်စက်ဝန်းသည် သူတို့၏ နှလုံးသားထဲတွင် နေ့တိုင်း ပိုမို ကြီးမားလာခဲ့သည်။
ဤအားဖြည့်ပေးမှုသည် နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်ခဲ့သည်။ ထို့ကြောင့် သူတို့၏ နှလုံးသားထဲတွင် ရှမ့်လန်သည် လူသား တစ်ယောက် မဟုတ်တော့ဘဲ ဘုရားသခင် နီးပါး ဖြစ်နေခဲ့သည်။ သူသည် အရာအားလုံး ကို စွမ်းဆောင်နိုင်သူဖြစ်ပြီး သူတို့၏မျှော်လင့်ချက်နှင့် ယုံကြည်ချက် အားလုံးကို သူ့အပေါ် ပုံအပ်ထားကြ၏။
ဤနည်းလမ်းသည် သေချာပေါက် မှားယွင်းသော်လည်း ကျိုးရှီတွင် အခြားရွေးချယ်စရာ မရှိခဲ့ပေ။ ကောင်းကင်ပင်လယ်နန်းဆောင်၏ အင်အားဖြင့် သူတို့သည် အမှောင်အင်ပါယာကို ဘယ်တော့မှ အနိုင်ယူနိုင်မည် မဟုတ်ချေ။ အရေးအကြီးဆုံးမှာ မိုကျင်းရှိ ရှေးဟောင်းရုပ်တု၏ စွမ်းအင်သည် ကြာရှည် ခံတော့မည် မဟုတ်ပေ။
ယခု ရှမ့်လန် ဤလူသိန်းချီ၏ ရှေ့မှောက်တွင် ပေါ်လာချိန်မှာတော့ ထာဝရ ညဉ့်နက်ချိန်တွင် နေမင်းကြီး ထွက်ပေါ်လာသကဲ့သို့ ဖြစ်နေခဲ့သည်။ သူတို့ မည်သို့ စိတ်မလှုပ်ရှားဘဲ နေမည်နည်း၊ မည်သို့ မငိုကြွေးဘဲ နေမည်နည်း။
ကျူးဟုန်ရွှဲ့နှင့် ရှမ့်လန်ကိုယ်တိုင်ပင် ပြင်းထန်စွာ ထိခိုက်ခံစားရပြီး ကြက်သီးမွေးညင်းများ ထလာခဲ့ရသည်။ လူသိန်းချီသည် သူတို့၏ ကိုးကွယ်မှုနှင့် မျှော်လင့်ချက်အားလုံးကို ပုံအောလိုက်ကြပြီ ဖြစ်သည်။ ဤဝိညာဉ်စွမ်းအား သည် အလွန် ပြင်းထန်လွန်းသဖြင့် ရှမ့်လန်သည် အမှန်တကယ်ပင် ပူလောင်မှုကို ခံစားလိုက်ရသည်။
ကျူးဟုန်ရွှဲ့က တုန်ယင်စွာဖြင့် ပြောလိုက်၏။ “အရှင်... ဒါ... ဒါကြောင့် အရှင်က မူလရုပ်ရည်ကို ချက်ချင်း ပြန်မပြောင်းတာလား။ မိုကျင်းက လူ သိန်းချီကို ချက်ချင်း မတွေ့တာလား။”
ရှမ့်လန် ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ဟုတ်တယ်။”
ကျူးဟုန်ရွှဲ့ ချက်ချင်း ဒူးထောက် ဦးတိုက်လိုက်၏။ “အရှင်က ဉာဏ်ပညာ ကြီးမားလှပါတယ်။ အရှင် သက်တော်ရာကျော် ရှည်ပါစေ။”
ယခုအခြေအနေတွင် ရှမ့်လန်သည် သူ၏မူလရုပ်သွင်ကို စောစီးစွာပြန်ပြောင်းကာ မိုကျင်းမြို့တော်ရှိ လူအပေါင်းရှေ့၌ ကိုယ်ထင်ပြခဲ့ပါက ၎င်းတို့၏ ကြည်ညိုလေးစားမှုနှင့် တစ်ခဲနက်ထောက်ခံ ကြွေးကြော်သံများကို မလွဲမသွေ ရရှိနိုင်မည်။
သို့သော်ငြား ပြဿနာမှာ ဂိုဏ်းချုပ်ကျိုးရှီကိုယ်တိုင် ခေါ်ဆောင်လာသည့် ရှမ့်လန်အတုတစ်ဦးကလည်း ညဘက်တွင် ထပ်မံရောက်ရှိလာမည်ဖြစ်ရာ လူထုရှေ့မှောက်၌ ရှမ့်လန်နှစ်ဦး တပြိုင်နက် ပေါ်ပေါက်လာမည့် အရေးပင် ဖြစ်သည်။ ထိုသို့ ရှမ့်လန်နှစ်ဦးကို မြင်တွေ့ရခြင်းသည် တစ်ဦးဦးမှာ အတုဖြစ်နေကြောင်း သို့မဟုတ် နှစ်ဦးစလုံးမှာ အတုဖြစ်နိုင်ကြောင်း သံသယပွားစရာဖြစ်လာပြီး လူသိန်းချီ၏ ယုံကြည်ကိုးစားမှု များကို လုံးဝ ပြိုလဲပျက်စီးသွားစေနိုင်သည်။
လက်ရှိတွင် မိုကျင်းမြို့သားတို့သည် စိတ်အားအထက်သန်ဆုံးအခြေအနေ၌ ရှိနေသကဲ့သို့ တစ်ဖက်တွင် လည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ အလွန်ထိခိုက်လွယ်သည့်အချိန်သို့ ရောက်ရှိနေသေး၏။
အကြောင်းမှာ ရှမ့်လန်အပေါ် ထားရှိသည့် ကိုးကွယ်မှုများနှင့် ယုံကြည်မှုအားလုံးမှာ ဂိုဏ်းချုပ်ကျိုးရှီနှင့် အခြားသူများက ပုံဖော် တည်ဆောက်ပေးထားခြင်းသာ ဖြစ်ပြီး၊ ရှမ့်လန်ကိုယ်တိုင်ကမူ ထိုလူထုရှေ့မှောက်၌ မိမိ၏စစ်မှန်မှုကို လက်တွေ့ကျကျ သက်သေပြနိုင်ခြင်း မရှိသေးသောကြောင့်ပင်။
ထို့ကြောင့် ထိုလူများ၏ စိတ်ထဲ၌ သံသယဝင်သွားသည်နှင့်တပြိုင်နက် ခိုင်မာသော ယုံကြည်မှုဟူသည့် တံတိုင်းကြီးမှာ ပြိုလဲသွားပေလိမ့်မည်။ ထိုအရာကို ပြန်လည်ကုစားရန်မှာ မဖြစ်နိုင်သလောက် ခက်ခဲပေလိမ့်မည်။
ပို၍ တည့်တိုးဆိုရလျှင် မိုကျင်းမြို့တော်ရှိ သိန်းချီသောလူထုကြီးမှာ စိတ်ဝေဒနာ ခံစားနေရသူများနှင့် တူနေပြီ ဖြစ်သည်။ သူတို့သည် ဦးနှောက်ဆေးကြောခံထားရပြီး မိမိကိုယ်မိမိ လှည့်စားခြင်းဟူသည့် စိတ်ကူးယဉ်အိပ်မက်ထဲမှ နိုးထလိုစိတ် မရှိကြပေ။
အကယ်၍ ရှမ့်လန်နှစ်ယောက်သာ တပြိုင်နက်တည်း ပေါ်လာခဲ့ပါက သူတို့၏ အိပ်မက်ကမ္ဘာကြီးကို အစိမ်းလိုက် ဆွဲဖြဲပစ်လိုက်သည်နှင့် တူနေပေလိမ့်မည်။ ထို့ကြောင့် ရှမ့်လန်သည် လူထုကြီး၏ ရှေ့မှောက်သို့ ကြိုတင်ထွက်ပေါ်လာခဲ့ပါက သူနှင့် ကျန်းလီတို့၏ ကစားပွဲသည် မစတင်မီကပင် ပြီးဆုံးသွားရလိမ့်မည်။ သူသည် စစ်မတိုက်မီကပင် ရှုံးနိမ့်သွားရပေလိမ့်မည်။ ယုံကြည်မှု ပြိုလဲသွားသော မိုကျင်းမြို့တော်သည် ဘာတစ်ခုမှ အသုံးဝင်တော့မည် မဟုတ်ပေ။
ကြီးကျယ်ခမ်းနားသော လူထုအစည်းအဝေးပွဲကြီးမှာ နာရီပေါင်းများစွာ ကြာမြင့်ခဲ့သည်။ မိုကျင်း မြို့တော်ရှိ သိန်းချီသော လူထုကြီးမှာလည်း နာရီပေါင်းများစွာတိုင်အောင် ဆုတောင်းမှုများ ပြုလုပ်ခဲ့ ကြ၏။
အားလုံးက ‘အင်ပါယာ သက်တော်ရာကျော် ရှည်ပါစေ။’ ၊ ‘တော်ဝင်ချန်အင်ပါယာ သက်တော်ရာကျော် ရှည်ပါစေ။’ ၊ ‘အရှင်ရှမ့်လန် သက်တော်ရာကျော် ရှည်ပါစေ။’ ဟူ၍ မမောနိုင်မပန်းနိုင် အော်ဟစ်ခဲ့ကြသည်။ သူတို့၏လည်ချောင်းသံများ အက်ကွဲ၍ အသံဝင်သွားသည်အထိ ဆက်လက်အော်ဟစ်နေခဲ့ကြသည်။
ည ၁၁ နာရီ အချိန်သို့ ရောက်ရှိလာခဲ့သည်။ တော်ဝင်ချန်အင်ပါယာ၏ ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသော နန်းဆောင်သခင်ကျိုးရှီက လူအားလုံးကို နေအိမ်များသို့ ပြန်လည်အနားယူရန် အမိန့်ပေး လိုက်သည်။ သူတို့သည် နောက်တစ်နေ့ နံနက် ၆ နာရီတွင် အချိန်မှန် နိုးထကြရမည် ဖြစ်ပြီး အလုပ်တာဝန်နှင့် ရုန်းကန်လှုပ်ရှားမှုအတွက် နေ့ရက်သစ်ကို ဆက်လက်ဖြတ်သန်းကြရမည်။
မပြန်လိုသောအကြည့်များစွာဖြင့် သိန်းချီသော လူထုကြီးသည် ရေလှိုင်းတံပိုးသဖွယ် နောက်သို့ဆုတ်ခွာကာ နေအိမ်အသီးသီးသို့ ပြန်သွားခဲ့ကြသည်။ သေချာသည်မှာ သူတို့၏သွေးများ ဆူပွက်နေဆဲ ဖြစ်သောကြောင့် ယခုည၌ အိပ်ပျော်နိုင်မည် မဟုတ်ပေ။
ည ၁၁ နာရီ အချိန်အတိအကျတွင် ရှေးဟောင်းရုပ်တုကြီး၏ မီးအလင်းရောင်မှာ ငြိမ်းသွားခဲ့၏။ မိုကျင်း တစ်မြို့တော်လုံး အမှောင်ထုထဲသို့ ကျရောက်သွားခဲ့သည်။
ကျူးဟုန်ရွှဲ့က မေးမြန်းလိုက်၏။ “အရှင်... ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ။”
ရှမ့်လန်က ပြန်ဖြေလိုက်၏။ “မလောနဲ့။ ပွဲက မကြာခင် စတော့မှာပါ။ ပြီးတော့ ဒါက ကျုပ်တို့ရဲ့ အိမ်ကွင်းလေ။”
ထိုအချိန်၌ မင်းသမီးလေးရှမ့်မီမှာ နိုးထနေပြီ ဖြစ်သည်။ သူမသည် အမှောင်ထုထဲ၌ ရပ်တန့်ရင်း ရှမ့်လန်ကို ကြည့်နေခဲ့၏။ သူမက လေသံတိုးတိုးဖြင့် မေးလိုက်သည်။ “ဖေဖေ... သမီးလည်း လိုက်လို့ ရမလားဟင်။”
ရှမ့်လန်က ငြင်းဆိုလိုက်၏။ “မလိုဘူး။ သမီးက အိမ်မှာပဲ အေးအေးဆေးဆေး အိပ်နေလိုက်ပါ။”
မင်းသမီး ရှမ့်မီက ထပ်ပြောလိုက်သည်။ “သမီး ဖေဖေနဲ့ လိုက်ချင်တယ်။ တစ်ခုခု အသုံးဝင်မလားလို့ပါ။”
ရှမ့်လန်က ရှင်းပြ၏။ “အဲဒါ မလိုပါဘူး သမီးရယ်။ ဒီနေ့ပွဲက တို့သားအဖနှစ်ယောက်တည်းရဲ့ ကိစ္စမဟုတ်ဘူး။ လွန်ခဲ့တဲ့ ၂၉ နှစ်က ဘာဖြစ်ခဲ့လဲဆိုတာ သမီး မှတ်မိသေးတယ် မဟုတ်လား။”
မင်းသမီးလေး ရှမ့်မီက ပြန်ဖြေသည်။ “မှတ်မိပါတယ်။ အပြင်မှာ ဘာတွေပဲဖြစ်နေပါစေ။ သမီးရဲ့ လေ့ကျိုးကျွန်း စံအိမ်ကြီးကတော့ ဘာမှမဖြစ်ခဲ့သလိုမျိုး ပျော်ရွှင်အေးချမ်းနေခဲ့တာလေ။”
ရှမ့်လန်က ပြောလိုက်၏။ “အဲဒါကြောင့် ပြန်အိပ်လိုက်တော့နော်။”
“ဟုတ်ကဲ့ပါ။” မင်းသမီးလေးရှမ့်မီသည် သူမ၏အိပ်ခန်းထဲသို့ ပြန်ဝင်သွားပြီး စောင်ခေါင်းမြီးခြုံကာ မျက်လုံးများကို မှိတ်၍ အိပ်စက်လိုက်သည်။
ရှမ့်လန်နှင့် ကျူးဟုန်ရွှဲ့တို့သည် အမှောင်ထုထဲ၌ ငြိမ်သက်စွာ ရပ်တန့်ကျန်ရစ်ခဲ့ကြ၏။
တစ်နာရီခန့် အကြာတွင် မင်းသမီး နင်ဟန် ဝင်ရောက်လာခဲ့သည်။
သူမသည် စကားပြောရန် ပြင်လိုက်သော်လည်း အိပ်ပျော်နေသောရှမ့်မီကို ငဲ့ညှာသောအားဖြင့် အသံကို တိုးလိုက်၏။ “ကျေးဇူးပြုပြီး ကျွန်မနောက်ကို လိုက်ခဲ့ပေးပါ။”
မင်းသမီးနင်ဟန် ပြောင်းလဲသွားပြီဟု ဆိုရမည်လား။ ယခင်က သူမသည် အေးစက်သူ ဖြစ်ပြီး လူသားအားလုံး ကို ပုရွက်ဆိတ်များသဖွယ် သဘောထားခဲ့သူ ဖြစ်သည်။ သူမ၏ မောင်အရင်းဖြစ်သူ နင်ကျန်း၏ အသက်ကိုပင် ဂရုမစိုက်ခဲ့ပေ။ ထိုနည်းတူစွာပင် ယခုတစ်ကြိမ်တွင်၌ သူမသည် သူ့ကို အရှင်ဟု မခေါ်ဆိုဘဲ မျက်နှာသေဖြင့်သာ ဆက်ဆံနေခဲ့သည်။
ရှမ့်လန်နှင့် ကျူးဟုန်ရွှဲ့တို့သည် နင်ဟန်၏ နောက်သို့လိုက်ကာ ပျံသန်းသော သားရဲကြီးများအား စီးနင်း၍ နန်းတော်သို့ ထွက်ခွာလာခဲ့ကြ၏။
လေထဲ၌ပျံသန်းနေစဉ် ကျူးဟုန်ရွှဲ့က လေသံတိုးတိုးဖြင့် သတိပေးလိုက်သည်။ “နင်ဟန်... မင်းရဲ့ ရပ်တည်ချက်ကို သတိရပါ။ ကျုပ်တို့ဘေးနားက လူကသာ တကယ့် အရှင်ရှမ့်လန် အစစ်နော်။”
မင်းသမီးနင်ဟန်သည် မည်သို့မှ ပြန်လည်ပြောကြားခြင်း မရှိပေ။
..........
***