ရှမ့်လန်က မေးလိုက်သည်။ “ရန်သူ့လက်တံတွေ မိုကျင်းကို ရောက်လာခဲ့ရင် ကျုပ်တို့ရဲ့ စွမ်းအင်နဲ့ဆို နိုင်ခြေ ဘယ်လောက်ရှိမလဲ။”
စွမ်းအင်သက်ရှိက ဖြေလိုက်၏။ “သုညပါ။”
ရှမ့်လန် မင်သက်သွားသည်။ “အဲဒီလောက်တောင် သေချာနေတာလား။”
စွမ်းအင်သက်ရှိက ရှင်းပြလိုက်၏။ “မြေအောက်က စွမ်းအင်တွေ အကုန်လုံး ကုန်ခန်းသွားပါပြီ။၊ စတုရန်းကီလိုမီတာ ၁,၃၀၀,၀၀၀ ကျယ်ဝန်းတဲ့ နဝမမြောက်မြို့ပြနိုင်ငံမှာ စတုရန်း ကီလိုမီတာ ၃၉,၀၀၀ လောက်ပဲ ကျန်ပါတော့တယ်။၊ ဒီမြေနေရာရဲ့ စွမ်းအင်က နဝမမြောက် မြို့ပြနိုင်ငံ လည်ပတ်နိုင်ရုံလောက်ပဲ ရှိတာပါ။၊
ရန်သူ့ဆီမှာက လောကထက်ဝက်နီးပါး ရှိနေပြီး စတုရန်းကီလိုမီတာ သန်း ၂၀၀ လောက်ရှိတဲ့ မြေစွမ်းအင်ကို ပိုင်ဆိုင်ထားပါတယ်။၊ ပြောရရင် ကျွန်မတို့ထက် အဆပေါင်း ၁၀,၀၀၀ လောက် များနေတဲ့အတွက် နိုင်ခြေ မရှိပါဘူး။”
ဤစကားထဲတွင် အချက်အလက်များစွာ ပါဝင်နေသည်။
ရှမ့်လန်က ပြောလိုက်၏။ “နဝမမြောက် မြို့ပြနိုင်ငံရဲ့ လည်ပတ်ပုံ နည်းစနစ်ကို ခွဲခြမ်းစိတ်ဖြာ ပြပါအုံး။”
ခဏအကြာတွင် ရှမ့်လန်သည် မိုကျင်း၏ လည်ပတ်ပုံ မူဘောင်ကို မြင်တွေ့လိုက်ရ၏။ တကယ်ကို ရင်းနှီးနေသည်။ အသေးစိတ်ပုံစံကို ကြည့်ရုံဖြင့် အင်ပါယာကျန်းလီ၏ အမိုးခုံးမြို့တော်နှင့် တစ်ပုံစံတည်း နီးပါး တူညီနေသည်။
ဤပိရမစ်ကြီးသည် တောင်တစ်လုံးထက် ပို၍ မြင့်မားသော်လည်း အပြင်ဘက်သို့ ထွက်နေသော အစိတ်အပိုင်းမှာ ရေခဲတောင်ထိပ်ဖျား အပိုင်းလောက်သာ ရှိသည်။ ၎င်းသည် မြေအောက်သို့ ပို၍ နက်ရှိုင်းစွာ ထိုးဆင်းသွားပြီး ကမ္ဘာ့မြေထုလွှာ အတွင်းပိုင်းအထိ ရောက်ရှိနေသည်။ ရေတွက်၍ မရနိုင်သော စွမ်းအင်လက်တံများ သည် ဂြိုလ်အူတိုင် အတွင်းပိုင်းအထိ ဖြာဆင်းထား၏။
ဤပိရမစ်ကြီးသည်လည်း ဂြိုလ်အူတိုင်နှင့် မြေထုလွှာမှ စွမ်းအင်များကို ဝါးမျိုနေခြင်း ဖြစ်သည်။ တူညီသော မကောင်းဆိုးဝါး၊ တူညီသော သက်စောင့်ဓာတ်ကို အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်းပင်။ သဲကန္တာရကြီး လုံးဝ သေဆုံးသွားရခြင်းမှာ မဆန်းပေ။ ၎င်း၏ သက်စောင့်ဓာတ်များ၊ စွမ်းအင်များ အားလုံး ဝါးမျိုခံလိုက်ရသဖြင့် လုံးဝ သေမင်းတမန် နယ်မြေတစ်ခု ဖြစ်လာခဲ့ရခြင်း ဖြစ်သည်။
ရှေးဟောင်းအင်ပါယာ၏ နဝမမြောက် မြို့ပြနိုင်ငံ ဖြစ်သော ဤမိုကျင်းသည် သေမင်းတံခါးဝတွင် ရုန်းကန်နေရသည်ဟု ဆိုနိုင်ပေ၏။
အင်ပါယာကျန်းလီ၏ မြို့တော်များ လည်ပတ်ပုံသည် ရှေးဟောင်းအင်ပါယာကို အခြေခံထားခြင်း ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ၎င်း၏ အဓိကစွမ်းအင်မှာ ငရဲသလင်းကျောက် ဖြစ်သဖြင့် လောကတစ်ခုလုံး ရေခဲရိုက်ပြီး အပြာရောင် ပြောင်းလဲနေခြင်း ဖြစ်သည်။
ရှမ့်လန်က မေးလိုက်၏။ “မင်းတို့က ကမ္ဘာကြီးရဲ့ သက်စောင့်ဓာတ်တွေ အကုန်လုံးကို ဝါးမျိုလိုက်လို့ အင်ပါယာ တစ်ခုလုံး ပျက်စီးသွားရတာပဲ။၊ ဒီမြေကြီးကို လုံးဝ သေဆုံးသွားစေခဲ့တယ်။ ဘာလို့လဲ။”
သဲကန္တာရကြီးသည် အင်္ဂါဂြိုဟ်၏ မျက်နှာပြင်နှင့် တူသည်ဟု ရှမ့်လန် ထင်မြင်မိခြင်းမှာ မဆန်းပေ။ ၎င်းသည် နီညိုရောင်သမ်းနေပြီး အင်္ဂါဂြိုဟ်ကပင် ပို၍ ပြည့်စုံနေသေးသည်။ အနည်းဆုံးတော့ အင်္ဂါဂြိုဟ်၌ တောင်များနှင့် တောင်ကြားများ ရှိသေးသည်။ အင်္ဂါဂြိုဟ်သည် ကမ္ဘာပျက်ကပ် ကြုံပြီးနောက် ဖြစ်ပေါ်လာသော ပုံသဏ္ဍာန်ဖြစ်ပြီး သဲကန္တာရကြီးသည် ဤကမ္ဘာကြီး သေဆုံးသွားပြီးနောက် ဖြစ်ပေါ်လာမည့် ပုံသဏ္ဍာန် ဖြစ်သည်။
ထို့ကြောင့် ဤလောကကြီးသည် အလွန် သရော်ချင်စရာ ကောင်းနေ၏။ မျှော်လင့်ချက် နယ်မြေ၊ အလင်းရောင် နယ်မြေဟု တင်စားထားသော နေရာသည် တကယ်တမ်းတွင် လုံးဝ သေဆုံးနေသော နေရာတစ်ခု ဖြစ်နေသည်။ အင်ပါယာ ကျန်းလီသည် သေဆုံးခြင်းသို့ ဦးတည်နေသော်လည်း အနည်းဆုံးတော့ လုံးဝ သေဆုံးသွားခြင်း မရှိသေးပေ။
စွမ်းအင်သက်ရှိက ရှင်းပြ၏။ “ကျွန်မတို့ရဲ့ လောကမြေ ဖွံ့ဖြိုးတိုးတက်မှုဟာ မူလက မျှတတဲ့ အခြေအနေမှာ ရှိခဲ့ပါတယ်။၊ အလွန်အကျွံ ထုတ်ယူသုံးစွဲခဲ့ရင်တောင် လောကဆွဲငင်အားနဲ့ နေမုန်တိုင်းကို အသုံးပြုပြီး ပြန်လည် ဖြည့်တင်းနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ကြီးမားတဲ့ မဟာနိဗ္ဗာန ပျက်သုန်းခြင်း ကပ်ဘေးကြီး ရောက်လာတဲ့အတွက် မကြုံစဖူး စွမ်းအင်ဒိုင်းကြီးကို မဖြစ်မနေ တည်ဆောက်ခဲ့ရပါတယ်။ နေမင်းရဲ့ တန်ပြန်တိုက်ခိုက်မှုကို ကာကွယ်ဖို့ ကြိုးစားခဲ့ကြတာပါ။၊ ဒါပေမဲ့ ကျွန်မတို့ ကျရှုံးခဲ့ပါတယ်။ လုံးဝ မကာကွယ်နိုင်ခဲ့ပါဘူး။၊ စတုရန်းကီလိုမီတာ ၁.၃ သန်း ရှိတဲ့ မြေကြီးရဲ့ သက်စောင့်စွမ်းအင်တွေကို အသုံးပြုပြီး တည်ဆောက်ထားတဲ့ စွမ်းအင်ဒိုင်းကြီးက ချက်ချင်း ပျက်စီးသွားခဲ့ပါတယ်။”
စွမ်းအင်ဒိုင်းကြီး ပျက်စီးသွားသဖြင့် အတွင်း၌ရှိနေသော ရှေးဟောင်းအင်ပါယာ လူသားများလည်း သေဆုံးသွားခဲ့ကြသည်။ သူတို့၏ မြို့ပြနိုင်ငံအများစုသည်လည်း မဟာနိဗ္ဗာန ပျက်သုန်းခြင်း ကပ်ဘေးကြီးအတွင်း ပျက်စီးသွားခဲ့ကြပြီး ကျန်ရှိနေသော အစိတ်အပိုင်းများမှာ အချိန်ကာလ၏ တိုက်စားမှုကြောင့် သဲမှုန့်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့ကြသည်။
ထို့ဆိုလျှင် နဝမမြောက် မြို့ပြနိုင်ငံသည် ယခုအချိန်ထိ မည်သို့ အသက်ရှင် ကျန်ရစ်ခဲ့သနည်း။ ရှေးဟောင်း အင်ပါယာ ပျက်သုဉ်းခြင်းသည် ကျန်းလီအတွက် လုံးဝ အဆိုးဘက် ရောက်သော သင်ခန်းစာတစ်ခု ဖြစ်ကောင်း ဖြစ်နိုင်သည်။ နေမင်း၏ တိုက်ခိုက်မှုကို ကာကွယ်ရန် စွမ်းအင်ဒိုင်းကို အသုံးပြုခြင်းမှာ လုံးဝ မဖြစ်နိုင်ပေ။ ထို့ကြောင့် သူ့တွင် အတွေးတစ်ခုသာ ရှိခဲ့သည်။ ထိုအရာမှာ ကမ္ဘာကြီးတစ်ခုလုံး၏ စွမ်းအင်ကို ဝါးမျိုပြီး အသက်ရှင်ကျန်ရစ်သော ဝိညာဉ်များကို ခေါ်ဆောင်ကာ ဤကမ္ဘာမှ ထွက်ခွာသွားရန်ပင် ဖြစ်မည်။
ရှမ့်လန်က မေးလိုက်၏။ “ကျုပ်ဆီမှာ လုပ်ပိုင်ခွင့်အာဏာ ၉၉ ခု ကျန်နေသေးတယ်မလား။ အဲဒါတွေကို ဖွင့်လို့မရဘူးလား။”
“ဟုတ်ကဲ့... မရပါဘူး။” စွမ်းအင်သက်ရှိက ဖြေသည်။
ရှမ့်လန်က ထပ်မေးလိုက်၏။ “ဒါဆို ကျုပ်စိတ်ဝင်စားလောက်မယ့် လုပ်ပိုင်ခွင့်တစ်ခုလောက် ခင်ဗျား စဉ်းစားမိတာရှိလား။”
စွမ်းအင်သက်ရှိက ဖြေလိုက်သည်။ “အသက်ဓာတ်ပြုပြင်ပြောင်းလဲခြင်း... ဇီဝဗေဒဆိုင်ရာ ပြုပြင် ပြောင်းလဲခြင်းပါ။”
ရှမ့်လန်က မေးလိုက်၏။ “ဒါဆို ဒီပိရမစ်ကြီးမှာရှိတဲ့ အမြင့်ဆုံး လုပ်ပိုင်ခွင့်အာဏာက ဘာလဲ။”
စွမ်းအင်သက်ရှိက ဖြေလိုက်သည်။ “နတ်ဘုရား အကြည့်ပါ။”
ရှမ့်လန်က မေးလိုက်၏။ “ဒါက ဘာအဓိပ္ပာယ်လဲ။”
စွမ်းအင်သက်ရှိက ရှင်းပြလိုက်သည်။ “ရုပ်တုကြီးရဲ့ မျက်လုံးတွေကို ထိန်းချုပ်နိုင်တာပါ။၊ တစ်ချက် ကြည့်လိုက်တာနဲ့ သက်ရှိအားလုံး ကျောက်ရုပ် ဖြစ်သွားပါလိမ့်မယ်။”
ဤအရာက ဘုရင်မမီဒူဆာ၏ အဆုံးစွန် စွမ်းရည်၊ သူမ ပိုင်ဆိုင်ထားသော ဘုရားသခင်အဆင့် ဝိညာဉ် နည်းစနစ်ပင် ဖြစ်သည်။ သို့သော်ငြား ဤအံ့ဖွယ်ဝိညာဉ်နည်းစနစ်ကို နောက်ပိုင်းတွင် ကျန်းရှဲ့ ခိုးယူသွားခဲ့၏။
ဤပိရမစ်ကြီးအတွင်း၌ ဤမျှ စွမ်းအားကြီးသော ဝိညာဉ်နည်းစနစ် ရှိနေလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ပေ။ တွေးကြည့်၍ပင် မရနိုင်အောင်ပင်။ အင်ပါယာကျန်းလီ၏ တပ်တော် တိုက်ခိုက်လာသည်နှင့် တပြိုင်နက် ရှမ့်လန် တစ်ချက်ကြည့်လိုက်ရုံဖြင့် အားလုံး ကျောက်ရုပ် ဖြစ်သွားမည်ဆိုပါက မည်မျှ ထိတ်လန့်စရာ ကောင်းလိုက်မည်နည်း။
ရှမ့်လန်က မေးလိုက်သည်။ “ဒါဆို လောလောဆယ် ကျုပ် အသုံးပြုနိုင်တဲ့ အမြင့်ဆုံးလုပ်ပိုင်ခွင့်နဲ့ လက်နက်က ဘာလဲ။”
စွမ်းအင်သက်ရှိက ဖြေလိုက်၏။ “စွမ်းအင် နဂါးအမြောက်ပါ။”
စွမ်းအင်နဂါးအမြောက် ဆိုသည်မှာ အဘယ်နည်း။ ရှမ့်လန်၏ ရှေ့မှောက်တွင် ဧရာမ ရုပ်တုကြီးတစ်ခု ချက်ချင်း ပေါ်လာခဲ့သည်။ ၎င်းသည် ရှေးဟောင်းအမြောက် တစ်လက် ဖြစ်သော်လည်း နဂါးပုံသဏ္ဍာန် ထုလုပ်ထားခြင်း ဖြစ်သည်။ ပွင့်ဟနေသော ပါးစပ်သည် အမြောက်ဝ ဖြစ်နေ၏။ ဤအရာက ရှေးဟောင်းအင်ပါယာ၏ အထူးလက်နက် ဖြစ်ဟန်တူသည်။
ရှမ့်လန်က မေးလိုက်၏။ “အမြောက်တစ်ချက် ပစ်လိုက်တိုင်း နဂါးနောင်တ တစ်ခါ ပစ်လွှတ်လိုက်သလိုမျိုး ဖြစ်သွားမှာလား။”
သူက မေးလိုက်ရင်း နဂါးနောင်တ ပေါက်ကွဲသည့် မြင်ကွင်းကို ပြသလိုက်သည်။ ဤသည်မှာ [နဂါးဉာဏ်အလင်း] စာသား၏ အလှတရားပင် ဖြစ်သည်။ စကားလုံး တစ်လုံးတည်းဖြင့် နဂါးနောင်တ၏ ပေါက်ကွဲမှု သီအိုရီနှင့် စွမ်းအားကို အပြည့်အဝ ပြသနိုင်သည်။
“ဟုတ်ပါတယ်... အတော်လေး ဆင်တူပါတယ်။” စွမ်းအင်သက်ရှိက ဖြေလိုက်၏။
ရှမ့်လန်က မေးလိုက်သည်။ “အခုလက်ရှိ နဝမမြောက်မြို့ပြနိုင်ငံဖြစ်တဲ့ မိုကျင်းမှာ နဂါးအမြောက် ဘယ်နှစ်လက် ရှိလဲ။”
စွမ်းအင်သက်ရှိက ဖြေ၏။ “စုစုပေါင်း ကိုးလက် ရှိပါတယ်။ ဒါပေမဲ့ တစ်လက်ပဲ ကျန်ပါတော့တယ်။”
ရှမ့်လန်က မေးလိုက်သည်။ “စွမ်းအင် နဂါးအမြောက်အောက်က လက်နက်တွေ အကုန်လုံးကို ကျုပ် အသုံးပြုလို့ ရမလား။”
စွမ်းအင်သက်ရှိက ပြန်ဖြေလိုက်၏။ “ရပါတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ရင် ကျန်ရှိနေတဲ့ စွမ်းအင် အနည်းငယ်ကို ပိုပြီး ဆုံးရှုံးသွားစေပါလိမ့်မယ်။”
ရှမ့်လန်က မေးလိုက်သည်။ “ဒီ ကောင်းကင်မျှော်ရုပ်တုကြီးရဲ့ အမြင့်ဆုံး လုပ်ပိုင်ခွင့်အာဏာကို ကျုပ် ဘယ်လို ရယူနိုင်မလဲ။ နတ်ဘုရား အကြည့်ကိုလေ။”
စွမ်းအင်သက်ရှိ က ဖြေလိုက်၏။ “အရှင် ပြောပြချက်အရ ဆိုရင်တော့ အဆင့်မြင့် နဂါးဉာဏ်အလင်းကို တတ်မြောက်ဖို့ လိုပါတယ်။”
ရှမ့်လန်က မေးလိုက်သည်။ “ဒါဆို ကျုပ် ဘယ်မှာ သင်ယူနိုင်မလဲ။”
စွမ်းအင်သက်ရှိက ဖြေလိုက်သည်။ “တောင်းပန်ပါတယ်။ ကျွန်မဆီမှာ သက်ဆိုင်ရာ ဗဟုသုတ မရှိပါဘူး။”
ရှမ့်လန်က မေးလိုက်၏။ “ကောင်းကင်မျှော် ရုပ်တုကြီးရဲ့ မျက်လုံးကို ကျုပ် တိုက်ရိုက် ကြည့်လိုက်ရင် အဆင့်မြင့် နဂါးဉာဏ်အလင်းကို ရနိုင်မလား။”
စွမ်းအင်သက်ရှိက ဖြေလိုက်သည်။ “တောင်းပန်ပါတယ်။ ဒီမေးခွန်းက အရှင်ရဲ့လုပ်ပိုင်ခွင့် အာဏာအပြင်ဘက် ရောက်နေသလို ကျွန်မရဲ့ လုပ်ပိုင်ခွင့် အပြင်ဘက်ကိုလည်း ရောက်နေပါတယ်။”
နံနက် ၆ နာရီ ထိုးတော့မည် ဖြစ်ပြီး ညီလာခံ စတင်တော့မည် ဖြစ်၏။ ရှမ့်လန်သည် နဂါးဉာဏ်အလင်း ပွင့်ခြင်း အခြေအနေမှ ထွက်ခွာလိုက်သည်။ သူသည် ပိရမစ်ကြီးအတွင်းရှိ အလင်းနံရံထဲတွင် ရှိနေဆဲ ဖြစ်၏။
သူ့တစ်ကိုယ်လုံး စွမ်းအင်များ ပြည့်ဝနေသည်။ စောစောက ကုန်ဆုံးသွားသော ဝိညာဉ်စွမ်းအားများ အားလုံး ပြန်လည်ပြည့်ဖြိုးလာခဲ့ပြီ ဖြစ်၏။ သူ့အတွက် အကျိုးအမြတ် ကြီးမားသည်ဟု ဆိုနိုင်သည်။ ဆိုလိုသည်မှာ ရှမ့်လန်သည် ဤမြို့တော်၏ လုပ်ပိုင်ခွင့်အာဏာ အားလုံးကို ရရှိထားပြီ ဖြစ်သည်။
ဤရှေးဟောင်းမြို့တော် တည်ရှိနေခြင်းသည် ဂုဏ်ယူစရာမကောင်းသော်လည်း အလွန် စွမ်းအား ကြီးမားသည်မှာ အမှန်ပင်။ ရှမ့်လန်သာ ကောင်းကင်မျှော်ရုပ်တုကြီး၏ အမြင့်ဆုံး အာဏာကို ရရှိခဲ့ပါက သဲကန္တာရကြီး အတွင်း၌ ကျန်းလီကို ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း ရှိလာနိုင်၏။
................
နံနက် ၆ နာရီ ....
နဂါးဝတ်ရုံနှင့် သရဖူကို ဝတ်ဆင်ထားသော ရှမ့်လန်သည် တော်ဝင်နန်းတော်အတွင်း၌ တရားဝင် ထွက်ပေါ်လာခဲ့သည်။ ရာချီသော အရာရှိကြီးများက တညီတညွတ်တည်း ဦးတိုက်လိုက်ကြ၏။ အပြင်ဘက်ရှိ သိန်းချီသော ပြည်သူများသည်လည်း ဒူးထောက်၍ ဦးတိုက်လိုက်ကြသည်။
သူတို့သည် ယနေ့အတွက် တစ်ညလုံး အိပ်စက်ခြင်း မရှိခဲ့ကြပေ။ ၂၉ နှစ်တိုင်တိုင် စောင့်ဆိုင်းခဲ့ပြီးနောက် ဤနေ့ရက်သို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ အံ့ဖွယ်အမှုများကို ဖန်တီးခဲ့သော ပြိုင်ဘက်ကင်း အင်ပါယာဘုရင် ရှမ့်လန်သည် နောက်ဆုံးတွင် ပြန်လာခဲ့ပြီ ဖြစ်၏။
နောက်ဆုံးတွင် စိတ်ပျက်အားငယ်စရာ မလိုတော့ပေ။ မှောင်မိုက်နေသော ကောင်းကင်ယံ၌ အလင်းရောင် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ ကောင်းကင်ကြီး လင်းလက်လာတော့မည်။
“အရှင်... သက်တော်ရာကျော် ရှည်ပါစေ။ သက်တော်ရာကျော် ရှည်ပါစေ။ သက်တော်ရာကျော် ရှည်ပါစေ။”
ဩဘာပေးသံများအကြားတွင် ရှမ့်လန်သည် နန်းပလ္လင်ထက်သို့ တက်ရောက်သွားခဲ့သည်။ တိုင်းပြည်ကို တော်ဝင်ချန်အင်ပါယာဟု ခေါ်ဆိုဆဲ ဖြစ်သော်လည်း ကျန်းမင်းဆက် မဟုတ်တော့ပေ။ ရှမ့်မင်းဆက် ဖြစ်သွားခဲ့သည်။
ဤအခိုက်အတန့်သည် နှစ်ပေါင်း ၃၀ တိတိ နောက်ကျခဲ့သည်။ ရှမ့်လန်သည် တော်ဝင်ရန်အင်ပါယာဘုရင်ကို အနိုင်ယူစဉ်တည်းက နန်းတက်ခဲ့သင့်သည်။ သို့သော်ငြား သူ မတက်ခဲ့ပေ။ ထိုစဉ်က အင်ပါယာသည် ကျန်းမျိုးနွယ်စု ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။ ကျန်းလီထံမှ ဆက်ခံခဲ့ခြင်း ဖြစ်၏။ ယခု ရှမ့်လန် လုံးဝ မလိုချင်သော်လည်း တော်ဝင်ချန်အင်ပါယာသည် ရှမ့်လန်အပိုင် ဖြစ်သွားခဲ့၏။
သိန်းချီသော ပြည်သူလူထုက လိုအပ်နေသည်။ တကယ်တော့ ဤအရာသည် သူတို့ အသက်ရှင်သန်ရခြင်း၏ တစ်ခုတည်းသော ရည်ရွယ်ချက် ဖြစ်နေသည်။
နန်းတက်ပွဲ အခမ်းအနား တစ်ခုလုံးသည် ကြီးကျယ်ခမ်းနားပြီး လေးနက်လှသည်။ စုစုပေါင်း ခြောက်နာရီကြာမြင့်ခဲ့၏။
အခမ်းအနားသည် သမိုင်းစာအုပ်များပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အလွန် စနစ်ကျခဲ့သည်။ ဤကဲ့သို့သောအချိန်မျိုးတွင် အခမ်းအနား သဘောတရား ရှိရန်မှာ ပို၍ အရေးကြီးသည်။ သို့သော်ငြား ဤနေရာတွင် အားလုံးကို ထည့်သွင်း မဖော်ပြတော့ပေ။
..........
နေ့လယ်ခင်း၌ မင်းသမီး နင်ဟန်သည် ရှမ့်လန်၏ အခန်းရှေ့သို့ နောက်တစ်ကြိမ် ရောက်ရှိလာခဲ့ပြန်သည်။
နင်ဟန်က မေးလိုက်၏။ “အရှင်... အရှင်ပြောတဲ့ ပြဇာတ် ပြီးသွားပြီလား။”
သူမက ဆက်မေးသည်။ “အရှင် နိုင်သွားပြီလား။”
ကျန်းလီက သုံးရက်ဟု ပြောခဲ့သည်။ အချိန်ထက်ဝက်သာ ကုန်ဆုံးသေးသော်လည်း ရှမ့်လန်နှင့် ကျန်းလီတို့၏ ကစားပွဲသည် ပြီးဆုံးသွားသည့်ပုံ ပေါက်နေ၏။ ရှမ့်လန် နိုင်သွားပြီဟု ထင်ရသည်။ ခိုးဝင်လာသော အယောင်ဆောင်သူကို ဖမ်းမိထားပြီ ဖြစ်၏။
ရှမ့်လန်က ပြန်ဖြေလိုက်သည်။ “မပြီးသေးဘူး။ ပြဇာတ်က တစ်ဝက်ပဲ ရှိသေးတယ်။၊ ကျုပ် နိုင်မယ်လို့ ခံစားရပေမဲ့ အခုထိ မနိုင်သေးဘူး။”
***