ရှမ့်လန်က သဘောတူလိုက်သည်။ “အတိုင်းအတာတစ်ခုအထိ သူ့အတွေးအခေါ်ကို ကျုပ် သဘောတူတယ်။ မဟာနိဗ္ဗာန ပျက်သုန်းခြင်း ကပ်ဘေးကြီး ဖြစ်လာတာဟာ နေမင်းကြီး သေဆုံးတော့မှာမို့လို့ပါ။ ဒီအခြေအနေက အကြိမ်ကြိမ် ဖြစ်လာမှာပါ။ နောက်ဆုံးအကြိမ်ကျရင် နေမင်းကြီး ပေါက်ကွဲသွားလိမ့်မယ်။ ဒါပေမဲ့ သူက လုံလောက်အောင် မကြီးမားသေးတဲ့အတွက် သေးငယ်တဲ့ ကြယ်ဖြူလေးအဖြစ် ပြိုကျသွား ပါလိမ့်မယ်။ ဒါကြောင့် လောကပျက်စီးခြင်း ဖြစ်တန်စွမ်း နဲ့ ပတ်သက်ရင် ကျန်းလီ ပြောတာ မှန်တယ်လို့ ကျုပ် ထင်တယ်။”
ထို့နောက် ရှမ့်လန်က မေးလိုက်၏။ “အဲဒီ ရှမ့်လန်အတုက မှန် မဟုတ်လား။ ကျုပ်က ကျန်းလီ စေလွှတ်လိုက်တဲ့ အယောင်ဆောင်သူလျှိုလို့ ထင်ပြီး မိုကျင်းကိုကာကွယ်ဖို့ သရုပ်ဆောင်ပြခဲ့တာ မဟုတ်လား။”
ကျိုးရှီ ခေါင်းညိတ်ပြီး ဝန်ခံလိုက်သည်။ “ဟုတ်ပါတယ်။ အဲဒါမှပဲ အပြစ်အနာအဆာ ကင်းစင်မှာပါ။ ဒါပေမဲ့ အဲဒီအချိန်တုန်းက လူအများစုရဲ့ ရင်ထဲမှာတော့ ခင်ဗျားကို အရှင်ရှမ့်လန်အစစ် ဖြစ်စေချင်ခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ လုံးဝ မပြောင်းလဲတဲ့ အရှင်ရှမ့်လန်ကို ဘယ်သူမှ မတွေ့ချင်ကြလို့ပါ။
ခင်ဗျား ပြောင်းလဲသွားမှသာ လူတိုင်းရဲ့ မျှော်လင့်ချက်နဲ့ ကိုက်ညီမှာပါ။ ဆယ်စုနှစ်ချီ ပျောက်ဆုံးသွားပြီး တဲ့နောက် ခင်ဗျား နိဗ္ဗာန ရောက်ရှိပြီး ပိုစွမ်းအားကြီးလာလိမ့်မယ်လို့ လူတိုင်း စိတ်ကူးထားကြတာလေ။”
ကျိုးရှီ၏ စကားသည် လူတိုင်း၏ ရင်ကို ထိမှန်စေခဲ့သည်။ လူတိုင်းသည် ရှမ့်လန် ပြောင်းလဲသွားသည်ကို မြင်တွေ့လိုကြသည်။ မည်သို့ပင် ပြောင်းလဲပါစေ မပြောင်းလဲဘဲ နေသည်ထက် ပိုကောင်းသည် မဟုတ်ပါလား။
ကျိုးရှီသည် လည်ပင်းကို နောက်တစ်ကြိမ် ဆန့်ထုတ်လိုက်၏။ “အရှင်ရှမ့်လန်... လုပ်လိုက်ပါ။ ကျုပ်ကို သတ်လိုက်ပါ။”
ယခုအချိန်တွင် သူသည် နောက်ထပ် ၁၅ မိနစ်ခန့်ပင် အသက်မရှင်ချင်တော့ပေ။ သူ့အတွက် သေခြင်းတရား သည် လွတ်မြောက်မှု တစ်မျိုး ဖြစ်သလို ထွက်ပြေးခြင်းတစ်မျိုးလည်း ဖြစ်သည်။ ကျူးဟုန်ရွှဲ့၊ နင်ဟန်နှင့် ကောင်းကင်ပင်လယ်နန်းဆောင်မှ လူတိုင်းကို ကာကွယ်ရန် ဖြစ်သော်လည်း သစ္စာဖောက်ခြင်းသည် သစ္စာဖောက်ခြင်း သာ ဖြစ်သည်။ သူ့ဂုဏ်သိက္ခာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
ရှမ့်လန်သည် ဓားကို မြှောက်ကာ ကျိုးရှီ၏ လည်ပင်းပေါ် တင်ပြီး ဖြည်းညင်းစွာ ပြောလိုက်၏။ “နန်းဆောင်သခင်ကျိုးရှီ... ခင်ဗျား အခုထိ ကျုပ်နိုင်မယ်လို့ မထင်သေးဘူးမလား။ ကျုပ် သေချာပေါက် ရှုံးနိမ့်မယ်လို့ ထင်နေတုန်းပဲလား။”
ကျိုးရှီ ခေါင်းညိတ်ပြီး အတည်ပြုလိုက်သည်။ “ခင်ဗျားမှာ အားနည်းချက်တွေ များလွန်းတယ်။ ခံစားချက်တွေ များလွန်းတယ်။ ခင်ဗျား ကျန်းလီကို အနိုင်ယူပြီး လောကကြီးကို ကယ်တင်နိုင်မှာ မဟုတ်ပါဘူး။ ကြည့်လေ... ခင်ဗျား အခု ကျုပ်ကိုတောင် မသတ်နိုင်ဘူး။ အနာဂတ်မှာ တခြားလူတွေကို သတ်ဖို့ လိုအပ်ရင်ရော ခင်ဗျား သတ်နိုင်ပါ့မလား။
လောကကြီးကို ကယ်တင်ဖို့အတွက် လူသန်းပေါင်းများစွာ၊ ဆယ်သန်းပေါင်းများစွာကို သတ်ဖို့ လိုအပ်ရင်ရော ခင်ဗျား သတ်နိုင်ပါ့မလား။ လူသန်းပေါင်းတစ်ရာကို သတ်မှ လူတစ်သန်းကို ကယ်တင်နိုင်မယ်ဆိုရင် ခင်ဗျား သတ်နိုင်ပါ့မလား။ ခင်ဗျား ဒါတွေအကုန် မလုပ်နိုင်ပါဘူး။ ကျန်းလီကသာ မျက်တောင်မခတ်ဘဲ လုပ်နိုင်မှာပါ။”
ရှမ့်လန် သက်ပြင်းချလိုက်ပြီး ပြော၏။ “နန်းဆောင်သခင် ကျိုးရှီ... ခင်ဗျား ပြောတာ မှန်ပါတယ်။ ခင်ဗျား ပြောသမျှ အကုန် မှန်ပါတယ်။”
သူသည် အနည်းငယ်တွေးကာ ဆက်ပြောလိုက်သည်။ “ပြတ်သားမှုနဲ့ ရက်စက်မှုမှာ ကျန်းလီက ကျုပ်ထက် အဆတစ်ရာ သာပါတယ်။ ကျုပ်နဲ့သူ ဘယ်သူက နောက်ဆုံးမှာ နိုင်မလဲဆိုတာ ပြောဖို့ တော်တော်ခက် ပါတယ်။ ကျုပ်နဲ့သူ ဘယ်သူက မှန်ကန်ပြီး ဘယ်သူက လောကကြီးကို ကယ်တင်နိုင်မလဲ ဆိုတာလည်း ပြောဖို့ ခက်ပါတယ်။
အရှင် ကျန်းလီက သူ့လမ်းကြောင်း လုံးဝ မှန်ကန်တယ်လို့ထင်နေပြီး မှန်ကန်ပုံလည်း ရပါတယ်။ ဒါပေမဲ့ ကျုပ်လျှောက်နေတဲ့ လမ်းကတော့ အကွေ့အကောက်တွေ များလွန်းပါတယ်။ ကျုပ်မှာ ရှင်းလင်းတဲ့ လမ်းညွှန်မှု အာရုံခံစားမှုမရှိသလို တိကျတဲ့ ရည်မှန်းချက်လည်း မရှိဘူး။
ဒါပေမဲ့ လောကကြီးကို ကယ်တင်ဖို့ တစ်ယောက်ယောက်က တခြားလမ်းကနေ လျှောက်ရမယ် မဟုတ်လား။ အကယ်၍ ကျန်းလီရဲ့လမ်းကြောင်းက အလုပ်မဖြစ်ရင် တခြားလမ်းကြောင်း ရှိရမယ် မဟုတ်လား။”
ဤအချိန်တွင် ရှမ့်လန်သည် စိတ်ထဲရှိရာ ပြောလိုက်ခြင်း ဖြစ်၏။
ကျူးဟုန်ရွှဲ့က ထောက်ခံလိုက်သည်။ “အရှင်ရဲ့လမ်းကြောင်းကို လျှောက်လို့ရတယ်လို့ ကျုပ် လုံးဝ ယုံကြည်ပါတယ်။ အရှင်ရဲ့ လောကကယ်တင်မယ့် လမ်းကြောင်းကသာ စစ်မှန်တဲ့ လမ်းကြောင်းပါ။ နျူကလီးယား ပေါင်းစည်းခြင်းဆိုတာ ဘာလဲ၊ နေမင်းကြီးဆီက သင်ယူပြီး နေမင်းကြီးကို အနိုင်ယူတယ် ဆိုတာ ဘာလဲ ကျုပ် နားမလည်ပေမဲ့ပေါ့။”
ရှမ့်လန်က ရှင်းပြလိုက်၏။ “ကျန်းလီနဲ့ ကျုပ် လျှောက်ချင်တဲ့ လမ်းကြောင်း နှစ်ခုစလုံးက ပွင့်လင်းမြင်သာမှု ရှိပါတယ်။ သူ လျှောက်ချင်တဲ့ လမ်းကြောင်းက လောကဂြိုဟ်တစ်ခုလုံးရဲ့ စွမ်းအင်နဲ့ သက်စောင့်ဓာတ် အားလုံးကို ဝါးမျိုပြီး မကြုံစဖူး ကြီးမားတဲ့ အာကာသယာဉ်ကြီး တစ်စင်း တည်ဆောက်မယ်။
လူသိန်းချီတဲ့ ဝိညာဉ်တွေကို ခေါ်ဆောင်ပြီး ဒီကြယ်အဖွဲ့အစည်းနဲ့ ဝေးရာကို သွားမယ်။ အဆုံးအစမဲ့ ဝေးကွာတဲ့ ကြယ်အဖွဲ့အစည်းကို သွားမယ်။ အခြေချဖို့ တခြားဂြိုဟ်တစ်ခုကို ရှာမယ်။ အဲဒီက နေမင်းကြီးမှာ နှစ်ပေါင်း ဘီလီယံချီတဲ့ လှပတဲ့ နှစ်ကာလတွေ ကျန်နေသေးသလို ဂြိုဟ်ကလည်း သက်စောင့်ဓာတ်တွေ ပြည့်ဝနေမှာပါ။
ကျုပ် လျှောက်ချင်တဲ့ လမ်းကြောင်းကတော့ ရှေးဟောင်းယဉ်ကျေးမှုကို နည်းပညာ ယဉ်ကျေးမှုနဲ့ ပေါင်းစပ်ပြီး ထိန်းချုပ်နိုင်တဲ့ နျူကလီးယား ပေါင်းစည်းခြင်းကို အောင်မြင်စွာ ဖော်ထုတ်မယ်။ အဲဒီအခါမှ အဆုံးအစမဲ့ စွမ်းအင် ထောက်ပံ့မှုကို ရရှိနိုင်မှာ။
နောက်ပြီး မဟာနိဗ္ဗာန ပျက်သုန်းခြင်း ကပ်ဘေးကြီးဖြစ်ရတဲ့ ပိုမိုနက်ရှိုင်းတဲ့ အကြောင်းရင်းကို နားလည်ချင် တယ်။ နေမင်းကြီး မသေဆုံးမီ ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေကို နားလည်ချင်တယ်။ အာကာသထဲမှာ ကာကွယ်လို့ ရမလား။ ဒီနေမင်းကြီးက သေဆုံးနေတာ မှန်ပေမဲ့ လုံးဝ ပေါက်ကွဲသွားဖို့ အချိန်အများကြီး လိုပါသေးတယ်။
ကျုပ် လျှောက်ချင်တဲ့ လမ်းကြောင်းက လူတိုင်းကို စည်းလုံးစေမယ်။ လူတိုင်းရဲ့ ဉာဏ်ပညာကို စုစည်းမယ်။ စွမ်းအားကြီးတဲ့ ယဉ်ကျေးမှုတစ်ခုကို တည်ဆောက်မယ်။ လူသန်းပေါင်း ရာချီ စိတ်တူကိုယ်တူ ပေါင်းစည်းပြီး ခံတပ်တစ်ခုလို ဖြစ်လာရင် နှစ်ကိုးဆယ်အတွင်း ဖြစ်လာမယ့် ပျက်စီးခြင်း အန္တရာယ်ကို တားဆီးနိုင်မှာပါ။ ကျုပ်တို့က လူအမြောက်အမြားကို စွန့်လွှတ်မှာမဟုတ်သလို လောကဂြိုဟ်တစ်ခုလုံးကိုလည်း လုံးဝ စွန့်လွှတ်မှာ မဟုတ်ဘူး။
အရှင်ကျန်းလီ ပြောတာ မှန်ပါတယ်။ အနာဂတ်မှာ တခြား ကြယ်အဖွဲ့အစည်းတွေကို နယ်မြေချဲ့ထွင်တဲ့အခါ လူသားယဉ်ကျေးမှု လက်ထဲမှာ ဂြိုဟ်တွေ အများကြီး ရှိလာမှာပါ။ ဂြိုဟ်တစ်လုံး ပျက်စီးသွားတော့ ဘာဖြစ်လဲပေါ့။ ဒါပေမဲ့ ဒါက ယုတ္တိမတန်ပါဘူး။ လက်ထဲမှာ ငွေဒင်္ဂါးတစ်ပြားပဲ ရှိတဲ့ ဆင်းရဲသား တစ်ယောက်လိုပေါ့။ အနာဂတ်မှာ ချမ်းသာလာမယ်။ ရွှေဒင်္ဂါး သန်းချီ ပိုင်ဆိုင်လာမယ်လို့ သူ ထင်နေတယ်။ ငွေဒင်္ဂါးတစ်ပြားလောက် သုံးလိုက်တော့ ဘာဖြစ်လဲပေါ့။ အဲဒါနဲ့ သူ ငွေဒင်္ဂါးကို ယူပြီး အရက်သောက် လိုက်တယ်။ ဒီနေ့တော့ မူးသွားပြီ။ ဒါပေမဲ့ မနက်ဖြန်ကျတော့ စားစရာ မရှိတော့ဘူး။
ဟုတ်တယ်။ လောကကြီးကို ကယ်တင်မယ့် ကျန်းလီရဲ့ ရည်မှန်းချက်က အရမ်း ရှင်းလင်းတယ်။ ဒါပေမဲ့ ကျုပ်ရဲ့ မဟာဗျူဟာလမ်းကြောင်းက အရမ်း ဝါးတားတား ဖြစ်နေတယ်။ ကျုပ်မှာ ပြီးပြည့်စုံတဲ့ အတွေးအခေါ်တောင် မရှိသေးသလို အောင်မြင်မဲ့ မျှော်လင့်ချက်ကိုလည်း မမြင်ရသေးပါဘူး။ ဒါပေမဲ့ တစ်ယောက်ယောက် က တခြားလမ်းကနေ လျှောက်ရမယ် မဟုတ်လား။
ဒါကြောင့် ဒီမှာလူတိုင်း ရှိနေတုန်း ကျုပ် ရှင်းရှင်းလင်းလင်း ပြောပါ့မယ်။ ကျုပ်မှာ အနာဂတ်အတွက် ဦးတည်ချက်ရှိပေမဲ့ ယုံကြည်မှုတော့ မရှိပါဘူး။ လူသန်းပေါင်းများစွာ၊ သန်းဆယ်ပေါင်းများစွာ၊ သန်းရာချီရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အားကိုးဖို့ လိုအပ်ပါတယ်။ ကျုပ်နောက်ကို လိုက်ချင်ရင် လိုက်ခဲ့ကြပါ။ မလိုက်ချင်ရင် ကျန်းလီဆီ သွားလို့ ရတယ်။ အနာဂတ်မှာ သူ့သင်္ဘောပေါ်မှာ ခင်ဗျားတို့အတွက် လက်မှတ်တစ်စောင် ရှိလိမ့်မယ်လို့ ကျုပ် ယုံကြည်ပါတယ်။”
ထိုစကားပြောလိုက်သည်နှင့် တပြိုင်နက် ကျူးဟုန်ရွှဲ့က ဒူးထောက်၍ ဦးတိုက်လိုက်သည်။ “ကျုပ် အရှင့် နောက်ကို လိုက်ပါ့မယ်။ အရိုးကြေမွသွားရင်တောင် ရေထဲမီးထဲ ဆင်းရမယ်ဆိုရင်တောင် တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။”
ထို့နောက် မင်းသမီး နင်ဟန်လည်း ဒူးထောက်၍ ဦးတိုက်လိုက်၏။ “ကျွန်မ အရှင့်နောက်ကို လိုက်ပါ့မယ်။ အနာဂတ်မှာ ဘာပဲဖြစ်လာပါစေ။ အရိုးကြေမွသွားသည် ဖြစ်စေ၊ မကြေမွသည် ဖြစ်စေပါ။”
ခဏအကြာတွင် လူတစ်ယောက် ဒယိမ်းဒယိုင် ဝင်ရောက်လာခဲ့သည်။ သူသည် ရှမ့်လန်၏ ကိုယ်စားလှယ် မှန် ဖြစ်သည်။ သူ ရှမ့်လန် ရှေ့မှောက်တွင် ဒူးထောက်လိုက်သည်။ “ကျုပ်... ကျုပ် ဘာလုပ်ပေးနိုင်မလဲ မသိပေမဲ့ အရှင်နောက်ကို လိုက်ပါ့မယ်။ ရေထဲမီးထဲ ဆင်းရမယ်ဆိုရင်တောင် တွန့်ဆုတ်မှာ မဟုတ်ပါဘူး။”
လူတိုင်း သူ့ကို မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားကြသည်။ သူသည် တစ်ပုံစံတည်း တူညီနေသည်။ ရှေးဟောင်းဘုရင် လက်စွပ်၊ နဂါးနှလုံးသားကို ဝတ်ဆင်ထားပြီး နဂါးဓားကို ကိုင်ဆောင်ထား၏။
ကျိုးရှီက ရှင်းပြသည်။ “ဒီပစ္စည်းတွေကို ကျုပ် မှန်ကို ပေးခဲ့တာပါ။ အမှောင်ဧကရာဇ် ကျန်းလီက တော်ဝင်ချန်အင်ပါယာရဲ့ နောက်ဆုံး သန့်စင်သော နယ်မြေကို လုယူဖို့ မိုကျင်းထဲကို အယောင်ဆောင်သူလျှို လွှတ်လိုက်တယ်လို့ ကျုပ် သူ့ကို ပြောခဲ့တယ်။ ဒါကြောင့် သူ ကျုပ်နောက် လိုက်ခဲ့တာပါ။ သူက အရှင်ရှမ့်လန် အနေနဲ့ အစွမ်းကုန် သရုပ်ဆောင်ပေးခဲ့တာပါ။”
မှန်က ဝန်ခံလိုက်၏။ “ဘာလို့လဲတော့ ကျုပ်လည်း မသိဘူး။ စိတ်ကူးလိုက်တာနဲ့ စွမ်းအင်ဝဲကတော့ ထွက်လာတာပဲ။ ဒါပေမဲ့ စွမ်းအင်ဝဲကတော့ရဲ့ ဖော်မြူလာကို စီစဉ်နိုင်တဲ့ စွမ်းရည်တော့ ကျုပ်မှာ မရှိပါဘူး။”
ဤအရာက လုံးဝ မခက်ခဲပေ။ အဘယ်ကြောင့်ဆိုသော် နဂါးနှလုံးသားနှင့် နဂါးဓားကို ကျန်းလီ ဖန်တီးခဲ့ သောကြောင့် ဖြစ်သည်။ သူသည် ဤကိရိယာ အစုံအလင်၏ ပိုင်ရှင်အစစ် ဖြစ်သည်။
ထိုအချိန်တွင် ကျူးဟုန်ရွှဲ့၏ ဦးဆောင်မှုဖြင့် သားရဲကြီး တချောင် ဝင်ရောက် လာခဲ့သည်။ ထို့နောက် ၎င်းသည် ချက်ချင်း ကြောင်အသွားခဲ့သည်။
‘ဘာဖြစ်တာလဲ။ ပိုင်ရှင် နှစ်ယောက် ဖြစ်နေပါလား။ ဒါဆို ဘယ်သူ့ဆီ ခုန်အုပ်ရမှာလဲ။’
တချောင်သည် မှန်ဆီသို့ နောက်တစ်ကြိမ် ခုန်အုပ်ချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ့လက်တွင် ရှေးဟောင်းဘုရင်လက်စွပ် ရှိနေသဖြင့် ထိုအရာကို အားကိုးပြီး ခွဲခြားရသောကြောင့် ဖြစ်သည်။ သို့သော်ငြား လူတိုင်း၏ မျက်နှာထား မမှန်ကန်ကြောင်း တွေ့ရှိလိုက်ရသည်။ ထို့ကြောင့် ၎င်းသည် ရှမ့်လန်ကို ခဏကြည့်၊ မှန်ကို ခဏကြည့်ပြီး ဝမ်းနည်းစွာ အော်မြည်လိုက်သည်။
‘ကျုပ်က သားရဲလေး တစ်ကောင်ပါ။ ခင်ဗျားတို့ လူတွေတောင် မခွဲခြားနိုင်တာကို ကျုပ်ကို ဘာလို့ အခက်တွေ့အောင် လုပ်နေတာလဲ။ ကျုပ်က ခင်ဗျား တို့ထက် ပိုဉာဏ်ကောင်းတယ်လို့ ထင်နေတာလား။’
ကျိုးရှီ နောက်တစ်ကြိမ် ဒူးထောက်ပြီး ဦးတိုက်လိုက်သည်။ “အရှင်... ကျုပ်ကို သတ်လိုက်ပါ။ ဒီလောကမှာ ဆက်လက်ရှင်သန်ဖို့ မျက်နှာမရှိတော့ပါဘူး။ အရှင်... ကျုပ်ဆန္ဒ ပြည့်ဝအောင် လုပ်ပေးပြီး ကျုပ်အသက်ကို အဆုံးသတ်ပေးပါ။”
လူတိုင်း၏အကြည့်များသည် သူ့ထံသို့ နောက်တစ်ကြိမ် ကျရောက်လာခဲ့သည်။ ထို့နောက် ရှမ့်လန်ကို ပြန်ကြည့် လိုက်ကြ၏။
ကျိုးရှီကို သတ်သင့်သည်လား။ အမှန်အတိုင်း ပြောရလျှင် ကျိုးရှီကို သတ်လိုက်ခြင်းသည် ရှမ့်လန်အတွက် စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုး သိပ်မရှိလှပေ။ သူနှင့် ကျိုးရှီ ဆက်ဆံရေးသည် ထိုမျှလောက် ရင်းနှီးသည်ဟု မဆိုနိုင်ပေ။ ထို့အပြင် ကျိုးရှီသည် ကြီးလေးသော အမှားတစ်ခုကို ကျူးလွန်ခဲ့သည်။ ကြောက်မက်ဖွယ်ရာ အကျိုးဆက်များ မဖြစ်ပေါ်ခဲ့သော်လည်း အမှားသည် အမှားပင် ဖြစ်သည်။
ယခု အဓိက ပြဿနာမှာ ကျိုးရှီသည် ရှမ့်လန်၏ လက်အောက်တွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်နေခြင်းပင်။ ထို့အပြင် သူသည် ရှမ့်လန်ကို ပုဂ္ဂိုလ်ရေးအရ သစ္စာရှိသည်။ အနာဂတ်အတွက် မျှော်လင့်ချက် မရှိဟု ခံစားနေရခြင်းသာ ဖြစ်၏။
အကယ်၍ သူ့ကို သတ်လိုက်ပါက အနာဂတ်တွင် စစ်သူကြီးကောင်း တစ်ဦး ဆုံးရှုံးလိုက်ရခြင်း ဖြစ်ပေ လိမ့်မည်။ အနာဂတ်တွင် ကျိုးရှီ အသုံးဝင်နိုင်မည်လား။ ထို့အပြင် ရှမ့်လန်၏ လုပ်ပိုင်ခွင့် အာဏာဖြင့် မိုကျင်း စွမ်းအင် ထိန်းချုပ်ရေး ဗဟိုချက်နှင့်အညီ သွေးမျိုးဆက် ပြုပြင်ခြင်း၊ ခန္ဓာကိုယ် ပြုပြင်ခြင်းနှင့် စွမ်းအင် ပြုပြင်ခြင်းများကို လုပ်ဆောင်နိုင်သည်။
ကျိုးရှီ၏ သိုင်းပညာသည် အလွန် အားကောင်းသဖြင့် အကောင်းဆုံး ကိုယ်စားလှယ်လောင်းများထဲမှ တစ်ဦး ဖြစ်သည်။ ထို့အပြင် သူသည် သေလိုစိတ် ပြင်းပြနေပြီ ဖြစ်သည်။ ထိုကဲ့သို့သော လူတစ်ယောက်ကို ပြုပြင် ပြောင်းလဲလိုက်ပါက ကြီးမားသော အံ့သြဖွယ်ရာ ဖြစ်လာနိုင်၏။
အချိန်အတော်ကြာပြီးနောက် ရှမ့်လန်က အမိန့်ပေးလိုက်သည်။ “သေဒဏ်ကနေ ကင်းလွတ်ခွင့်ပေးမယ်။ ဒါပေမဲ့ ပြစ်ဒဏ်ကနေတော့ မလွတ်နိုင်ဘူး။ ထောင်ထဲသွားပြီး ပြစ်ဒဏ်ကို စောင့်နေပါ။ အရေးကြီးတဲ့ အချိန်ကျရင် တော်ဝင်ချန်အင်ပါယာအတွက် ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ရမယ်။”
ထိုစကားကို ကြားချိန်မှာတော့ နန်းဆောင်သခင် ကျိုးရှီ ဝမ်းမသာဘဲ ပို၍ပင် နာကျင်သွားခဲ့သည်။ ထို့နောက် သူ ခေါင်းကို ကြမ်းပြင်နှင့် ဆောင့်လိုက်သည်။ မာကျောသော ကြမ်းပြင်နှင့် မျက်နှာကို တိုက်ရိုက် ဆောင့်လိုက်သဖြင့် ချက်ချင်း ရုပ်ပျက်ဆင်းပျက် ဖြစ်သွားခဲ့သည်။ မျက်နှာတစ်ခုလုံး သွေးသံရဲရဲ ဖြစ်သွားပြီး မူလရုပ်ရည်ကို လုံးဝ မမှတ်မိနိုင်တော့ပေ။
“ကျုပ်မှာ ဘယ်သူ့ကိုမှ ကြည့်စရာ မျက်နှာ မရှိတော့ပါဘူး။ ကျုပ်... ကျုပ် ချက်ချင်း သေသင့်တာပါ။ ဒါပေမဲ့ အရှင်က သေခွင့်မပေးဘူး။ ဒါဆိုရင် ကျုပ် ဆက်ရှင်သန်ပါ့မယ်။”
ရှမ့်လန်က ပြောလိုက်၏ “ကျူးဟုန်ရွှဲ့... ကျိုးရှီကို အကျဉ်းချထားလိုက်၊ ဒီကိစ္စကို လျှို့ဝှက်ထားဖို့နဲ့ မပေါက်ကြားစေဖို့ သတိရပါ။”
ဤကိစ္စ ပေါက်ကြားသွားပါက မိုကျင်း တစ်ခုလုံးရှိ သိန်းချီသော အသက်ရှင်ကျန်ရစ်သူများ၏ စိတ်ဓာတ်နှင့် ယုံကြည်မှုကို သေစေလောက်သော ထိုးနှက်ချက် ဖြစ်သွားပေလိမ့်မည်။
မှန်က ပြောလိုက်သည်။ “ကျုပ်... ကျုပ်လည်း မျက်နှာကို ဖျက်ဆီးပစ်လို့ ရပါတယ်။”
ရှမ့်လန်က တားမြစ်လိုက်၏။ “မင်းကိစ္စ နောက်မှ ပြောမယ်။ မိုင်တစ်သောင်း သဲကန္တာရကြီးကို ဘယ်လို ရောက်လာတာလဲ။ မီးနတ်ဘုရားဂိုဏ်းမှာ ဘာတွေဖြစ်ပျက်ခဲ့တာလဲဆိုတာ နောက်မှ မေးမယ်။ အခု ခန္ဓာကိုယ်ပေါ်က နဂါးနှလုံးသားနဲ့ ရှေးဟောင်းဘုရင်လက်စွပ်ကို ချက်ချင်း ဖယ်လိုက်။ ပြီးတော့ နဂါးဓားကို ငါ့ဆီ ပေး။”
မှန်က ပြန်ဖြေလိုက်သည်။ “ကျုပ် ကြိုးစားပြီးပါပြီ။ ဒါပေမဲ့ လုံးဝ ဖယ်ရှားလို့ မရပါဘူး။ ဒါကြောင့် လိုအပ်မယ်ဆိုရင် ကျုပ်ကို သတ်လိုက်ပါ အရှင်။ ဆယ်စုနှစ်ချီ ကြာပြီးမှ အရှင်ကို ပြန်တွေ့ရတဲ့အတွက် မှန် ပျော်ရွှင်ရပါတယ်။ တောင်းဆိုစရာလည်း မရှိတော့ပါဘူး။ ပြီးတော့ မှန်ရဲ့ တန်ဖိုးလည်း ကုန်ဆုံးလောက်ပါပြီ။ အခု သေရရင်တောင် ဆယ်စုနှစ်ချီ ပိုနေခွင့် ရခဲ့သလိုပါပဲ။”
‘ဖယ်ရှားလို့ မရဘူးလား။’
မှန်သည် ဓားမြှောင်ကို ဆွဲထုတ်ပြီး လက်သူကြွယ်ကို ဖြတ်ချလိုက်သည်။ ရှေးဟောင်းဘုရင်လက်စွပ် ရှိနေသော လက်ချောင်းကို လုံးဝ ဖြတ်တောက်ချင်နေခြင်း ဖြစ်သည်။ အဆုံးတွင် သူ မည်မျှပင် ပြင်းပြင်းထန်ထန် ဖြတ်ပါစေ၊ လေကိုသာ ဖြတ်နေရသကဲ့သို့ ဖြစ်နေသည်။ သူ့လက်ချောင်း မရှိသကဲ့သို့၊ လက်ပေါ်ရှိ ရှေးဟောင်းဘုရင်လက်စွပ် မရှိသကဲ့သို့ ဖြစ်နေ၏။ သို့သော်ငြား လက်စွပ်သည် ထင်ရှားစွာ ရှိနေ၏။
မှန်သည် ရှမ့်လန်ကို ပြုံးပြလိုက်သည်။ “ဒါကြောင့် ဘေးအန္တရာယ် မဖြစ်စေဖို့ ကျုပ်ကို သတ်လိုက်ပါ။”
***